သူ့နာမည်က ဟူဂီ။
ဟူဂီက လူပုံက ချောချော၊ စတိုင်ကျကျ နေထိုင်တတ်ယုံမကဘူး။ ပြောတတ်ဆိုတတ်သူဆိုတော့ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ သူ့ကို မိတ်ဆွေတွေက တော်တော်ခင်မင်ကြတယ်။ ဒါပေမယ့် သူက ဘယ်လောက်ပဲ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ ဆရာကြီးဖြစ်နေပေမယ့် စီးပွားရေး နယ်ပယ်မှာတော့ သုညပါဘဲ။ ဘယ်အလုပ်ကိုလုပ်လုပ် အဆင်မပြေဘူး။ အရှုံးနဲ့ ရင်ဆိုင်နေရတာချည်းဘဲ။
ဟူဂီမှာ အဲ့ဒါထက် ပိုအရေးကြီးတာက သူ့ယောက်ခမလောင်းကြီးက စီးပွားရေး အဆင်မပြေတဲ့ သူ့ကို သမီးဖြစ်သူ လော်ရာနဲ့ သဘောမတူတဲ့ ပြသနာပါဘဲ။ ဟူဂီက လော်ရာ့ကို အရမ်း မြတ်နိုးတယ်။ လက်ထပ်ယူချင်တယ်။ ယောက်ခမလောင်းကြီးက ဘ၀င်ကိုင်မယ်ဆိုလည်း ကိုင်လောက်တယ်။ သူကိုယ်တိုင်က လေတပ်က ဗိုလ်မှူးကြီး။ သမီးဖြစ်သူကလည်း ဘွဲ့ရပညာ တတ်။ ရုပ်ချော၊ ဥစ္စာပေါ။ ဒီတော့ ဟူဂီခမျာ လော်ရာသာ သူ့ ဘက်က မရပ်တည်ခဲ့ရင် မလွယ်တဲ့ အနေအထား။ လော်ရာကလည်း ဟူဂီကို ချစ်ရှာပါ တယ်။ ဒါပေမယ့် အဖေဖြစ်သူက ပေါင်တစ်သောင်း တင်တောင်းနိုင်မှ လက်ထပ်ပေးမယ်လို့ ရာဇသံထုတ်ထားတော့ နှစ်ယောက် သား အခက်တွေ့ နေကြတယ်။
တစ်နေ့ ဟူဂီတစ်ယောက် လော်ရာနဲ့ ချိန်းထားရာကို မသွားခင် မြို့ထဲက သူငယ်ချင်းဖြစ်သူ ပန်းချီဆရာထရီဗာရဲ့ စတူရီယိုကို လမ်းကြုံဝင်ခဲ့တယ်။ ထရီဗာဟာ သူတို့မြို့ရဲ့ တန်းဝင် ပန်းချီဆရာတစ်ယောက်ပါ။ ဟူဂီရောက်သွားချိန်မှာ ထရီဗာဟာ လူတစ်ယောက်အရွယ်အစား လောက်ရှိတဲ့ ပန်းချီကားတစ်ကားကို ရေးဆွဲနေချိန်ဖြစ်တယ်။
စတူဒီယိုထဲမှာ ထရီဗာ့ရဲ့ ပန်းချီကားအတွက် သရုပ်ပြပေးနေတဲ့ မိုဒယ်ကို ကြည့်ပြီး ဟူဂီစိတ်ဝင် စားမိသွားတယ်။ ကြည့်စမ်း.. ဒီငနဲက ရှုခင်းလှလှ ဒါမှမဟုတ် ကောင်မလေးလှလှတွေကို မော်ဒယ်လုပ်မဆွဲပဲ ဒီလောက်ညစ်ပတ်နံစော် စုတ်ပြတ်နေတဲ့ သူတောင်းစားကြီးကိုမှ တခုတ် တရ ပန်းချီရေးဆွဲနေတယ်။ သူတောင်းစားကြီးကိုလည်း ကြည့်ဦး။ အသက်က ၇၀လောက်။ မျက်နှာက အရေးအကြောင်းတွေက စက္ကူတစ်ရွက်ကို လုံးချေထားသလို အစင်းကြောင်းဗရပွနဲ့။ ဖာရာချုပ်ရာတွေ အထပ်ထပ်နဲ့။ ကုတ်အင်္ကျီက ပုံမကျ ပန်းမကျနဲ့။ လက်တစ်ဖက်က တောင်ဝှေးအိုတစ်ချောင်းနဲ့။ ကျန်လက်တစ်ဖက်က ဦးထုပ် အစုတ်တစ်လုံးကို ပိုက်ဆံတောင်းဖို့ ပက် လက်ကလေး ကိုင်ထားဟန်နဲ့။ အလို.. သူ့မျက်လုံးတွေ ကလည်း ထိခိုက်ကြေကွဲ ၀မ်းနည်း နေလို့ပါ လား။
သရုပ်ပြပေးနေတဲ့ သူတောင်းစားကြီးကို ဟူဂီစိတ်ဝင်စားသွားတယ်။ တစ်ချိန်ထဲမှာ သနားကြင်နာ စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာတယ်။ ဒါနဲ့ ထရီဗာ့ကို လှမ်းပြောလိုက်မိတယ်။
“ အဖိုးကြီးက သနားစရာကွာ။ ညောင်းညာနေရှာမှာဘဲ။ နောက်သူ့မျက်နှာက ၀မ်းနည်းကြေကွဲနေတော့ ပန်းချီကား ကြည့်ရသူတွေ ဘယ်လိုလုပ် စိတ်ချမ်းသာနိုင်ပါ့မလဲ။ မင်းမို့လို့ ဒီအဖိုးကြီးပုံကို ဆွဲတယ်ကွာ”
“ ဒီမှာ ဟူဂီ.. အနုပညာသမား တစ်ယောက်ရဲ့ ခံစားချက်ကို မင်းနားမလည်ပါဘူး။ ငါရေးဆွဲနေ တာ သူတောင်းစား တစ်ယောက်ရဲ့ ပုံကွ။ မြင်သူ သနားရမယ်လေ။ ပျော်ရွှင်နေတဲ့ သူတောင်းစား မျက်နှာကို မင်းမြင်ဘူးလို့လားကွ ဟေ..”

ဟူဂီလည်း ထရီဗာပြောတာနဲ့ သူတောင်းစားကြီး မျက်နှာကို ထပ်ပြီးကြည့်လိုက်မိတယ်။ ဟုတ်ပ။ ကြည့်ရင်း ကြည့်ရင်းနဲ့ အဖိုးကြီးကို ဟူဂီ သနားသည်ထက် သနားလာမိတယ်။ အဖိုးကြီးကတော့ မလှုပ်မယှက်နဲ့ သူ့တာဝန်ကို ကျေပွန်စွာ ထမ်းရွက်လို့။
“ ဒီအဖိုးကြီး ကိုယ်ဟန်ပြဖို့အတွက် မင်းသူ့ကို ကိုယ်ဟန်ပြခ ဘယ်လောက်ပေးရသလည်း ထရီဗာ ”
ထရီဗာက ခဏစဉ်းစားလိုက်ပြီး..
“ တစ်နာရီကို တစ်သျှီလင် ”
“ မင်း ဒီပန်းချီကားကြီးကို ရောင်းလိုက်ရင် ဘယ်လောက်ရနိုင်မလည်း ”
” ပေါင်နှစ်ထောင်တော့ အသာလေးပဲ ကိုယ့်လူရေ ”
“ ဟေ.. ပေါင်နှစ်ထောင်.. ဟုတ်လား။ ထရီဗာ.. ဒါဆို မင်းပေးတာ မနည်းလွန်းဘူးလားကွာ။ အနည်းဆုံး တစ်ရာခိုင်နှုန်းလောက်တော့ မင်းပေးသင့်တာပေါ့ ”
“ ဟာကွာ ဟူဂီ။ မင်း.. ပါးစပ်ပိတ်ပြီင်္း အေးအေးထိုင်နေစမ်းပါကွာ။ ပန်းချီကားတစ်ချပ်ဖြစ်ဖို့ ဆေးတွေ၊ စုတ်တံတွေ၊ ကင်းဗတ်စတွေရှိတိုင်း ဆွဲလို့ရတယ် မထင်နဲ့ကွ။ အတွေ့အကြုံ၊ အတွေးအခေါ်နဲ့ ရင်ထဲက အနုပညာ လိုသေးတယ်ကွ ။ စိတ်ရောကိုယ်ပါ ဘယ်လောက်တောင် ပင်ပန်းတယ်ဆိုတာ မင်းမသိပါဘူးကွာ။ မင်းကိုရှင်းပြရတာ မောလှတယ်ကွာ ”
ဟူဂီလည်း ထရီဗာမကြိုက်ဘူးထင်လို့ ထပ်မပြောပြတော့ပါဘူး။ ထရီဗာရဲ့ စုတ်ချက်တွေကို ကြည့်လိုက်၊ သနားစရာ အဖိုးကြီးရဲ့ မျက်နှာကို ကြည့်လိုက်နဲ့သာ နေလိုက်ပါတယ်။ ဒါပေမယ့် ထရီဗာ ခဏနားနေချိန်မှာတော့ ဟူဂီမနေနိုင်တော့ပဲ အဖိုးကြီးရဲ့အနား ချဉ်းကပ်လိုက်တယ်။ ထိုင်ပြီး အညောင်းဖြေဖို့လည်း ခုံတစ်လုံးရွှေ့ပေးလိုက်မိတယ်။
နောက်.. ဟူဂီလက်က သူ့အိတ်ကပ်ထဲက ရွှေဒင်္ဂါးပြားတစ်စေ့နဲ့ ပဲနီစေ့နှစ်စေ့ကို ထုတ်ယူလိုက်တယ်။ ဒီဒင်္ဂါးပြားဟာ ဒီတစ်လအတွက် သူလကုန်အထိ ကားစီးဖို့ နောက်ဆုံး လက်ကျန်ငွေ အကုန်ပါဘဲ။ ဒါပေမယ့် ဟူဂီဆုံးဖြတ်ချက်ချလိုက်တယ်။ ကြေကွဲဝမ်းနည်းနေတဲ့ အဖိုးကြီးရဲ့ ဒုက္ခက ငါခြေလျှင်လျှောက်ရတဲ့ ဒုက္ခထက် ပိုမကြီးနိုင်ပါဘူး ။ ဒါနဲ့ပဲ ဒင်္ဂါးပြားကို ကိုယ်ဟန်ပြ အဖိုးကြီး လက်ထဲ ထည့်ပေးလိုက်ပြီး အဖိုးကြီးရဲ့ မျက်နှာကို အကဲခတ် ကြည့်ရှုနေမိတယ်။
“ ဒီသူတောင်းစားကြီးကလဲ အဆန်းပါလား။ ပိုက်ဆံရတာ ၀မ်းသာအားရလည်းမရှိဘူး။ မယုံသလိုလို.. အံ့သြသလိုလိုနဲ့ ”
သူရဲ့အတွေးကို သိသလားမသိ။ “ ကျေးဇူးတင်ပါတယ်မောင်ရင်ရယ်။ ကျေးဇူးပါဘဲ ” လို့ အဖိုးကြီးက လှမ်းပြောလေတယ်။ ထရီဗာပြန်ရောက်လာတော့ ဟူဂီက နှစ်ယောက်လုံးကို နှုတ်ဆက်ပြီး စတူဒီယိုက ထွက်ခွာခဲ့တယ်။ လော်ရာဆီ ရောက်တော့ သူဘာကြောင့် နောက်ကျ ရတယ်ဆိုတာကို ပြောပြတော့ လော်ရာက ၀မ်းသာစွာနဲ့ ချီးကျူးလေတယ်။ “ရှင့်ရဲ့ သဒ္ဓါတရား ကိုပဲ ချီးကျုးရမလား။ ဒါမှမဟုတ် ငွေတန်ဘိုးကို မသိတဲ့သူလို့ပဲ ထောပနာပြုရမလား။ ကွဲကွဲပြားပြား စဉ်းစားကြည့်ဦးမှပဲ ” လို့ ပြောလေတယ်။
နောက်တစ်နေ့ သူ့ဆီ ထရီဗာက ဖုန်းဆက်တယ်။
“ ဟူဂီ.. မင်းမနေ့က ကိုယ်ဟန်ပြ အဖိုးကြီးကို ဘယ်လို စည်းရုံးလိုက်လဲကွ။ မင်းလည်း ပြန်သွားရော သူက မင်းအကြောင်းတွေ ငါ့ကိုမေးလေရဲ့။ ငါလည်း မင်းအကြောင်း သိသမျှ အကုန်ပြောပြလိုက်တယ်။
“ ဘာရယ် ထရီဗာ.. ငါက အဖိုးကြီးကို စကားတစ်ခွန်းတောင် မဟခဲ့ရပါလားကွာ။ မင်းလုပ်ပုံက အဖိုးကြီးကို ပြောင်လှောင်စရာလို့ သဘောထား နေတာလားကွ။ ခုလောက်ပေရေ စုတ်ပြတ်နေတဲ့ အဖိုးကြီးကို ဘယ်သူမဆို သနားမိမှာ အမှန်ပါပဲကွာ။ မင်းတို့ အနု ပညာသမားဆိုသူတွေက လူတစ်ယောက်ရဲ့ ဒုက္ခကို ကြည့်ပြီး အနုပညာရသ ဖော်ထုတ်နိုင်တာ အံ့သြပါရဲ့ကွာ ”
“ ဟား..ဟား ..ဟူဂီ..။ ငါက ပန်းချီဆရာလေ။ သူတောင်းစားကို သူတောင်းစားနဲ့ တူအောင် ဆွဲရတာ ငါ့အလုပ်လေ။ သူတောင်း စားကို သူဌေး ဖြစ်အောင် လုပ်ပေးလို့မှမရတာ။ ဒါနဲ့ မင်းနဲ့ လော်ရာတို့ အခြေအနေရော..။ ငါတောင် မင်းတို့ရဲ့ ပေါင်တစ်သောင်းဇာတ်လမ်းကို သူတောင်း စား အဖိုးကြီးကို ပြောပြလိုက်မိသေးတယ် ”
“ မင်းလွန်နေပြီ ထရီဗာ။ သူတောင်းစားတစ်ယောက်ကိုမှ ငါ့အကြောင်း လျှောက်ပြော တယ် လို့ကွာ ”
“ တယ်ခက်တဲ့ ဟူဂီပဲ။ အဖိုးကြီးက ငါ့ကို နှုတ်ပိတ်သွားပေမယ့် မင်းဖြစ်နေပုံကို ကြည့်ပြီး ငါမနေနိုင်တော့ဘူး။ မင်းကို ငါပြောပြမယ် ”
ထရီဗာ့ စကားကြောင့် ဟူဂီနားမလည်နိုင်ဖြစ်သွားရတယ်။
“ ဒီလိုကွ။ အဲ့ဒီ အဖိုးကြီးက သူတောင်းစားမဟုတ်ဘူးကွ။ ငမွဲငတေ မဟုတ်ဘူး။ ဟောဒီ လန်ဒန်မြို့တစ်မြို့လုံး ကိုတောင် ၀ယ်ယူ နိုင်လောက်အောင် ချမ်းသာတဲ့ နယ်စားကြီး ဟော့စဗတ် ကွ။ မင်းလည်းကြားဘူးမှာပေါ့ ”
ဟူဂီလည်း အံ့သြသင့်ပြီး “ ဘုရားရေ..” လို့အော်လိုက်မိတယ်။
“ ဟုတ်တယ်။ အဲ့ဒီ သူဌေးကြီး ဟော့စဗတ်က သူတောင်းစားပုံစံမျိုးနဲ့ သူ့ပုံတူ ပန်းချီဆွဲတာခံချင်ပါတယ်ဆိုလို့ ငါဆွဲပေးရတာကွ ”
“ အလိုလေး.. တော်တော်ရူးသွပ်တဲ့ သူဌေး ဟော့စဗတ်ဘဲ။ ငါလိုကောင်ကလဲ သူကြွယ်သူဌေး ကိုမှ ရှိစုမဲ့စုလေး စွန့်ကြဲမိတယ် ”
“ အေး.. မင်းရဲ့ ကြင်နာမှုကိုတော့ ငါလေးစားမိတယ်။ ဒါပေမယ့် မင်း လူအကဲခတ်တော့ ညံ့လွန်းတယ်။ မင်းက သူတောင်းစားနဲ့ တူအောင် ပြုပြင်ပေးထားတဲ့ အပေါ်ယံ အ၀တ်အစားနဲ့ အသုံးအဆောင်တွေကိုပဲ အကဲခတ်တာကို။ ခြေမွှေးလက်မွှေး မီးမလောင်ခဲ့ရလို့ ဖောင်းပြည့် နေတဲ့ သူ့ရဲ့သန့်ရှင်းသပ်ရပ်တဲ့ ခြေချောင်းလက်ချောင်းလေးတွေကိုမှ သေသေချာချာ မကြည့်ခဲ့တာ ”
“ အေးကွာ.. ငါတကယ်ကို မထင်မိဘူး။ ငါ့ကိုတော့ သူဌေးကြီးက တော်တော်နုံတဲ့ ကောင်ဆိုပြီး ထင်သွားမှာ မလွဲပါဘူးကွာ ”
နောက်တစ်နေ့ ဟူဂီ အိမ်မှာရှိနေတုန်း ဟူဂီမသိတဲ့ ထည်ထည်ဝါ၀ါ ၀တ်ဆင်ထားတဲ့ လူတစ်ယောက် အိမ်ကိုရောက် လာခဲ့တယ်။
“ မစ္စတာ ဟူဂီကို တွေ့ချင်လို့ပါ။ နယ်စားကြီး ဟော့စဗတ် တာဝန်ပေးချက်အရ လာခဲ့ရတာပါ ”
ဟူဂီ တကိုယ်လုံး ဟော့စဗတ် အသံကြားတာနဲ့ ဆတ်ကနဲ တုန်သွားရတယ်။ သူ့မျက်နှာကလည်း ရှက်လွန်းလို့ နီမြန်းသွားတယ်။
“ နယ်စားကြီးက မစ္စတာဟူဂီအတွက် ဒီစာအိတ်ကို ပေးခိုင်းလိုက်ပါတယ် ”
ဟူဂီက လှမ်းပေးတဲ့ စာအိတ်ကို လက်နှစ်ဘက်နဲ့ လှမ်းယူလိုက်ပါတယ်။ စာအိတ်ပေါ်မှာ ရေးထားတာကတော့..
……မစ္စတာဟူဂီနဲ့ မစ္စလော်ရာတို့အတွက် မင်္ဂလာ လက်ဖွဲ့ငွေ……
စာအိတ်ထဲမှာကတော့ ပေါင်တစ်သောင်းတန် ချက်လက်မှတ်တစ်စောင်။ ပေါင်တစ်သောင်းထက် တန်ဖိုးရှိတဲ့ အောက်ပါစကားကို ပြောအပြီးမှာတော့ နယ်စားကြီးစေလွှတ်လိုက်သူက ဟူဂီကို နှုတ်ဆက်ပြီး ထွက်ခွာသွားပါတော့တယ်။
“ စေတနာဆိုတာ တိုင်းတာလို့ မရစကောင်းပါဘူး။ မေထ္ထာဆိုတာဟာ တကယ့်ကို ရောင်ပြန် ဟတ်တတ်တဲ့ သဘောရှိပါတယ်။ ကိုယ့်စေတနာ ကိုယ်အကျိုးပေးတာပေါ့။ စေတနာကောင်းရင် ကံကောင်းတယ်ဆိုတာ ငြင်းလို့ မရပါဘူး.. ”
< Oscar Wilde ရဲ့ The Model Millionaire ကို မြသွေးနီ ဆီလျှော်အောင် ပြန်ဆိုထားပါတယ်။ ဟူဂီ တကယ်ရ လိုက် တာက ပေါင်ငွေ တစ်သောင်းပါပဲ။ ဒါပေမယ့် သူ့ရဲ့ စိတ်ထားကတော့ ပေါင်တစ်သန်းလောက် ထိုက်တန်နေလို့ ” တစ်သန်းတန်တဲ့သူ ” လို့ ခေါင်းစဉ်လေးပေးမိပါတယ်ရှင်။ >
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
**မြသွေးနီ **

No comments:
Post a Comment