တန်ဖိုးရှိတဲ့ အလကားအချိန်တွေအတွက် နှမြောတမ်းတ ငေးမိ
ပြန်ကြိုးညှိရမဲ့ ရွေ့ရှားအတွေး တိမ်များ လွင့်မျောဝေးသွားကြတယ်...။
ဆင်းရဲ မွဲတေမှုကို တိုက်ဖျက်ဖို့
စစ်လက်နက်တွေ ၀ယ်နေကြတယ် ...
ဝါးလုံးခေါင်းထဲက အမြင်ကျဉ်းမြောင်းမှုကို ဖောက်ထွက်ဖို့
တသက်လုံး အတွေးအခေါ်များ ပင်လယ်လို ကျယ်ပြောရမယ်..။
အကျင့်ပျက် ခြစားတဲ့ ယန္တယားကို
ဦးခေါင်းမဲ့ ပုခုံးနဲ့ ထမ်းပိုးသူတွေ
လေသံကျယ်ကျယ် မဟ၀ံ့တဲ့အတိုး အလျော့ ၊ အပျော့အတင်း
ကိုယ့်ဇာတ်ကို ကိုယ်ပြန်မကြိုက်တဲ့ လူကြိုက်နည်းတဲ့ နိုင်ငံရေး ဆပ်ကပ်...။
မင်းညစ်တွေက ဘ၀ကို တင်းနစ်လိုရိုက်တယ်
သဘာဝဘေး အန္တရာယ်ကိုတော့ နယ်ခြားစောင့်တပ်လို ထိမ်းချုပ်လို့မရ ၊
လောကအလယ် လောဘကို မြွေပွေးလို ခါးပိုက်ပိုက်ကြတော့
သောက ရက်ရှည် ၊ မျက်ရည်နဲ့ အခက်ပွေသူများ များလာတယ်....
ကျယ်ကျယ်လောင်လောင် ကြားနေရတဲ့ ပြုပြင်ပြောင်းလဲရေး
မဖီးမသင်ထားတဲ့ အရူးမ ဆံပင်လို ရှုတ်ထွေး ညစ်ပတ်နေတယ်..။
ခွင့်လွှတ်ခြင်း မေတ္တာတရားကို စွန်တစ်ကောင်လို လေမှာ ပျံဝဲလည်း
စစ်လေနီကြမ်းက လက်ကြမ်းကြမ်းနဲ့ ငြိမ်းချမ်းရေးလေတံခွန်ကို ဒုက္ခမြေပြင်ပေါ် ဖြတ်ချတယ်...။
အလိမ်ပေါ်မှာစိုးလို့ မတရား ဆင်ခြင်တွေနဲ့ မနူးမနပ်ဖြေရှင်းကာမှ
ခါချဉ်လို ကြမ္မာဆိုးကို ဘုရားရင်ပြင်ပေါ် ဖိနပ်စီးတက်သလို ရှင်းရှင်းမြင်ရတယ်..။
အရင်တုန်းက နား မျက်စိပိတ်တယ်...၊
အခု အမှောင်ထဲမှာ ပစ်ထားတယ်........၊
ပြောင်းလဲခြင်းလို့ သင် သတ်မှတ်လိုက သတ်မှတ်နိုင်တယ်.....
သင့်လွတ်လပ်ခွင့်ကို စစ်က ဧည့်စာရင်း လာစစ်မှာ မဟုတ်ဘူး...။
**အောင်ခိုင်မြင့်**

No comments:
Post a Comment