မေမေ - သားကို သိသလားဟင်။ သားက မေမေ့ကို စိတ်ကူးထဲ ပုံဖော်ကြည့်တော့ တစ်ခါတစ်ရံ ကိုးရီးယား မင်းသမီးလေးတွေလိုပဲ သိပ်ချောတယ်။ တစ်ခါတစ်လေ တီဗွီကြော်ငြာထဲက မင်းသမီးလေးတွေနဲ့ သိပ်တူတာပဲ မေမေရယ်။ ဒါပေမယ့် မေမေဟာ သားနေရတဲ့ မိဘမဲ့စောင့်ရှောက်ရေး ဘုန်းတော်ကြီးကျောင်းကို လာတတ်တဲ့ ကြီးကြီး ၊ ဒေါ်ဒေါ် ၊ အန်တီတွေ နဲ့လည်း တူလိမ့်မယ်လို့ မှန်းဆနေတတ်တယ် မေမေ။
မေမေ - သားတို့ဆီမှာလေ အကြီးတွေက အငယ်တွေကို ပြန်ထိန်း ၊ ထမင်းစားရင်တော့ ကိုယ့်ဖာသာစား ၊ အဝတ်လျှော်လည်း ကိုယ့်ဖာသာလျှော်နဲ့ သားတို့တွေ ကိုယ့်ဒူး ကိုယ်ချွန်တတ်အောင် လေ့ကျင့်ပေးနေတယ်။
မေမေ - သားအသက်က ခုဆို ခုနှစ်နှစ်ထဲ ရောက်နေပြီတဲ့။ ဘုန်းဘုန်းကြီးက သားကို ပြောပြတာ မေမေရဲ့။ သားက ခုနှစ်နှစ်ဆိုပေမယ့် တခြားကလေးတွေထက် သေးတယ်လို့ ဘုန်းဘုန်းကြီးက ပြောသေးတယ်။ သားဘယ်လိုလုပ် ဒီကို ရောက်လာတယ်ဆိုတာ ဒီက ကိုကြီးတွေ ၊ မမကြီးတွေ ပြောပြလို့ သိရပါတယ် မေမေ။ မေမေ က သားကို ပစ်သွားခဲ့လည်း သားကတော့ မေမေ့ကို ချစ်တယ်မေမေ။
မေမေ - ဟိုတစ်နေ့က အကြောင်း ပြောပြရဦးမယ်။ သားတို့ မနက်ဆို အစောကြီး ရေချိုးရတယ်။ ပြီးရင် သနပ်ခါးလိမ်း ၊ အဝတ်လဲပေါ့။ မမကြီးတွေက သားကို ဘောင်းဘီဝတ် မထားပေးဘူးလေ။ သားလဲ ဘောင်းဘီမရှိတာနဲ့ ဒီအတိုင်း ကျောင်းရှေ့မှာထိုင်နေလိုက်တယ်။ အဲဒီအချိန် အန်တီတစ်ယောက် ရောက်လာတယ်။ သားကိုကြည့်ပြီး ဒီကလေး ဘာဖြစ်တာလဲ ၊ ဘယ်လိုဖြစ်တာလဲလို့ မေးတယ်။ ပြီးတော့ ခြေဖျားတွေ အေးလို့ပါလား ဆိုပြီး သားခြေထောက်တွေကို ကိုင်ကြည့်ပြီးပြောတယ်။ မမကြီးတွေ ဖြေတာ သားကြားလိုက်တယ်။ "ပိုလီယို" တဲ့…..။ ဟုတ်လား မေမေ။ ပိုလီယိုဖြစ်ရင် သားလိုပဲ ခြေထောက်လေးတွေ လိန်ကောက်လို့ သားလို ဒရွတ်ဆွဲပြီး သွားရလားဟင်။ တစ်ခါတစ်ရံ သားခြေထောက်တွေ မရပ်နိုင်လို့ ဖင်ဒရွတ်ဆွဲပြီး သွားနေရတယ်။ တခြားကလေးတွေ ကစားရင် သားလည်း ကစားချင်ပေမယ့် ငေးပဲ ငေးကြည့်နေရတယ်လေ။
အဲဒီနောက်တော့ - အဲဒီအန်တီကပဲ သားအတွက် ဘောင်းဘီယူလာပေးတယ်။ သားကို သူကိုယ်တိုင် ဝတ်ပေးပြီး ချီထားပေးတယ်။ သိလားမေမေ။ သားလေ အဲဒီ အန်တီရဲ့ ရင်ဘတ်နားကို သားဦးခေါင်းလေး ကပ်မှီထားကြည့်တော့ နွေးထွေးနူးညံ့မှုတစ်မျိုး ခံစားလိုက်ရတယ်။ သူက သားကို - “သားလေး” လို့ ခေါ်သေးတယ်။ သားကလည်း “အမေ” လို့ ခေါ်ပစ်လိုက်တာပဲ။ သူက ပြောသေးတယ် - ဟိုဖက်က ဘုန်းကြီးကျောင်းမှာ တရားလာထိုင်တာတဲ့။ “အဲဒါ သားအမေလား” လို့ မမကြီးတွေကို မေးတော့ မမကြီး တစ်ယောက်က သားခေါင်းကို ခေါက်ပြီး ဖြေတယ် ။ “အဲဒါ နင့်အမေ မဟုတ်ဘူး။ နင့်အမေက နင့်ကို အမှိုက်ပုံ နားမှာ ပစ်သွားပြီးမှ တော့ နင့်ဆီလာမလားဟဲ့.....” တဲ့။ မကြာခဏ ကြားဖူးနေပေမယ့် ဒီစကားကြားမိတိုင်း သားငိုမိတယ် မေမေ။ အဲဒီ အန်တီကြီးရဲ့ ရင်ခွင်မှာ ခေါင်းလေးကပ်ပြီး နေရတာ သိပ်ကြည်နူးတာပဲ မေမေ။
ခဏကြာတော့ ဟိုဖက်ကျောင်းက ကြေးစည် ခေါက်သံလည်း ကြားရော အဲဒီအန်တီက သားကို ထားသွားတယ်။ “မသွားပါနဲ့ဦး အမေ.....” လို့ သားပြောပေမယ့် အန်တီက သားကို ထားသွားတယ် မေမေရယ်။ သူတရားထိုင်ရတော့မယ်တဲ့။ သူသွားတာနဲ့ သားအရမ်းဝမ်းနည်းလာတော့ အကျယ်ကြီး အော်ငို ပစ်လိုက်တယ်။ သားကို မမကြီးက လှမ်းရိုက်တယ်။ “မငိုနဲ့တော့ ၊ နားညည်းတယ်.....”လို့လဲ ပြောသေးတယ် မေမေ။
သားတို့ကျောင်းမှာ အငယ်တွေက ည ၇ နာရီ ကိုးရီးယားကားကြည့်ပြီး သတင်းလာချိန်ဆို ဘုရားရှိခိုးပြီး အိပ်ရပြီ။ မနက်ဆို အစောကြီး ထရတယ်။ တုံးမောင်းခေါက်ပြီ ဆိုတာနဲ့ အားလုံး လူးလဲ ထကြတော့ တာပဲ။ ထပြီးရင် ဝေယျာဝစ္စ လုပ်နိုင်သူက လုပ် ၊ မလုပ်တဲ့သူက စာအံ ၊ စာကျက်။ ပြီးသွားရင် တချို့က ကျောင်းရှေ့လမ်းပေါ် ထွက်ကစားကြတယ်။ သားတို့ အိပ်ယာတွေက လျှော်ပေးမယ့်လူ မရှိတော့ ညစ်ပတ်နေတယ်။ သားက ညဆို ရှူးပေါက်ချတယ်လေ မေမေရဲ့။ သားအိပ်ယာက သေးနံ့လည်းရတယ်။ ဒါပေမယ့် သားတို့ကတော့ ကျင့်သားရနေပါပြီ။
ပြောရဦးမယ် မေမေရဲ့ - အင်္ဂါနေ့ မနက်တိုင်း သားတို့ကို အရှေ့ဖက် ဘုန်းကြီးကျောင်းက စတုဒိသာ ကျွေးတယ်။ မုန့်ဟင်းခါးတို့ ၊ ကြာဇံတို့ ၊ ကြာဇံကြော်တို့ပေါ့။ သားတို့က အဲဒီကို တန်းစီပြီး သွားရတယ်။ သားက လမ်းသိပ်မလျှောက်နိုင်တော့ သားကို ထုပ်ပြီး ယူလာပေးကြတယ်။ တစ်ခါတစ်လေ သားစားနေရင်းက မေမေကော စားချင်နေမလားလို့ တွေးမိနေသေးတယ် မေမေရဲ့။
သားတို့ ဆီကို ဆံပင်နီနီ ဝါဝါ တွေနဲ့ နိုင်ငံခြားသားတွေ လာတတ်တယ်။ ကားအကြီးကြီးတွေ စီးပြီးလာတာ။ သူတို့ လာရင် သားတို့ကို အရုပ်နဲ့မုန့်တွေ ဝေပေးတယ်။ အင်္ကျီတွေကောပဲ။ အဲဒီနေ့ဆို သားတို့ အရမ်းပျော်တာပဲ။ သူတို့ သား၊သမီးတွေက သားတို့ကို ကြည့်ပြီး ရယ်ကြတယ်။ သားတို့ အားလုံး ခေါင်းတုံး လေးတွေနဲ့ မို့လို့လား မသိဘူးမေမေ။ သားတို့ အားလုံး တန်းစီနေတာ အုန်းသီးလေးတွေ စီချထားသလိုပဲ။ သားတို့ ခေါင်းက ဒက် တွေကို ကြည့်ပြီး သားတို့ကို သနားနေပုံရတယ်။ သားကိုလည်း အားဆေးပုလင်းတွေ ပေးသွားတယ်။ သားလည်း နမ်းကြည့်တော့ မွှေးနေတာပဲ။ နည်းနည်း သောက်ကြည့်တော့ ချိုတယ်မေမေရဲ့။ ဒါနဲ့ သားလည်း အကုန်သောက်ပစ်လိုက်တယ်။ သားက ဆေးဆို လာပေးရင် သောက်ပစ်လိုက်တာပဲ။ မေမေ့သားက သတ္တိရှိတယ်။ ဆေးထိုး တာ၊ ဆေးသောက်တာ မကြောက်ဖူး နော် မေမေ။
တစ်ခါကလည်း - သားကို အလှူရှင်တွေက ဆေး တွေ လာပေးတယ်။ ဘာဆေးမှန်းတော့ သိပါဘူး။ သားကို ည အိပ်ယာဝင်ခါနီးမှစားလို့ ပြောပေမယ့် သား နည်းနည်းလေး လျက်ကြည့်တော့ ချိုတာနဲ့ပဲ တစ်လုံး ငုံထားလိုက်တယ်။ ကုန်သွားတော့ နောက်တစ်လုံး - နောက်တစ်လုံးနဲ့ သားကို ပေးထားတဲ့ ငါးလုံးလား မသိဘူး ကုန်သွားရောပဲ။ နောက်တော့ သား ကိုယ်တွေ ပူလာတယ်။ ဖျားသွားတယ်။ အဆူလည်း ခံရတယ်။
တစ်ခါတစ်လေ သားတို့ ဆီကို ဘုန်းဘုန်းကြီးနဲ့ ရင်းနှီးတဲ့ အလှူရှင်တွေ လာတယ်။ သူတို့က သားတို့ကို ဘာစားချင်လဲလို့ မေးတော့ သားတို့က “ဘဲဥချဉ်ရည်” လို့ ဖြေလိုက်ကြတယ်။ အဲဒီ အိမ်က ဘဲဥချဉ်ရည်လာလှူဖူးတာ အရမ်းစားကောင်းလို့ မေမေရဲ့။ သားတို့ အားလုံး ကြိုက်ကြတယ်။ နောက်နေ့ကျတော့ ဘဲဥချဉ်ရည် အိုး အကြီးကြီးပဲ ယူလာပြီး သားတို့ ထမင်းစားချိန်မှာ ဝေပေးတယ်။ သားတို့ ထမင်းသွားယူရင် တန်းစီရတယ်။
သားတို့ကျောင်းမှာက အလှူရှင် မရှိရင် ဟင်းကောင်းက မပါသလောက်ပဲ မေမေရဲ့။ ဟင်းကတော့ အများအားဖြင့် မုန်ညင်းရွက်ကြော် ၊ ကန်စွန်းရွက်ကြော်နဲ့ တစ်ခါ တစ်လေ အဆီတွေ အများကြီးဖြစ်နေတဲ့ ဝက်သား နဲ့ကြော်ထားတဲ့ ဂေါ်ဖီထုပ်ကြော်လေ။ အဲလို နေ့မျိုးဆို အဆီတုံးတွေ ဟိုလျှောက်ထည့် ဒီလျှောက်ထည့် လုပ်တတ်တဲ့ သူတွေကြောင့် သားတို့ အဆူခံရတယ်။ သား ထမင်းပန်းကန် မှောက်ကျတုန်းကလည်း အားလုံးရောပြီး အဆူခံရတာပါပဲ။
သားတို့ကျောင်းမှာက ကလေးပေါင်း တစ်ရာကျော်ရှိတယ်။ အရွယ်စုံပဲ။ သားတို့ကို ဝေယျာဝစ္စလုပ်ပေးဖို့ ၊ ချက်ပြုတ်ဖို့ လင်မယား နှစ်ယောက် လည်း ရှိသေးတယ်။ ထမင်းဟင်းချက်တာပဲ အဓိကထား လုပ်ပြီး ဘာမှ လုပ်တာတော့ သားမတွေ့ပါဘူး။ ဒါပေမယ့် သားတို့ အားလုံးက မိဘလိုပဲ ဆက်ဆံကြပါတယ်။ သူတို့က သားတို့တွေကို စိတ်လဲ မရှည်ကြဘူး မေမေ။ အဲဒီ အမေကြီးက သားတို့ အပေါ်သိပ်မဆိုးလှပေမယ့် အဖေကြီးကတော့ သားတို့ကို သိပ်ရိုက်တာပဲ မေမေ။ သားဆို အရမ်းကိုကြောက်တာ။ တစ်ခါ တစ်လေ စိတ်မထင်ရင် ကိုင်ဆောင့်တယ် ၊ လွှင့်ပစ်တယ်။ တအားကြီး အော်ငိုရင် ရေကန်ထဲ နှစ်ထားမယ်လို့ ခြောက်သေးတယ်။ ဘုန်းဘုန်းကြီးနဲ့ တခြားလူတွေကို ပြန်ပြောရင် သတ်ပစ်မယ်လို့ ကြိမ်းထားလို့ သားအပါအဝင် မမတွေ ၊ ကိုကိုတွေ အားလုံး ငြိမ်နေကြရတယ်။ အပြစ်ရှာပြီး ဘယ်လောက်ရိုက်ရိုက် ပြန်မတိုင်ရဲကြဘူး မေမေရဲ့။ ဒါနဲ့မေမေ - သားရဲ့ ဖေဖေကကော အဲဒီလို ကြမ်းတမ်း ရက်စက်သလားဟင်။
သားရဲ့ဖေဖေကကော ဘယ်လိုပုံစံရှိသလဲဟင်။ ဖေဖေကကော သားကို ဘာကြောင့် စွန့်ပစ်ခဲ့တာလဲဟင်။ သားက မလှလို့လား။ ဟုတ်မှာပါလေ။ သားရဲ့ ခြေထောက်လေးတွေက ခန္ဓာကိုယ်နဲ့ မလိုက်အောင် သေးသေးလေးတွေ ၊ အသားအရည်ကလည်း ပြာခြောက်ခြောက်နဲ့ ဆိုတော့ ဘယ်သူက လိုချင်ပါ့ မလဲနော်။
တစ်ခါ တစ်ရံ သားတို့ ကျောင်းကို ကလေးမွေးစားဖို့ လာခေါ်တတ်ကြတယ်။ သူတို့က ဟို ဝဝတုတ်တုတ် ချစ်စရာကောင်းတဲ့ ကလေးတွေကို ခေါ်သွားလေ့ရှိတယ်။ အဲဒီနေ့မျိုးဆို သားက စိတ်လှုပ်ရှားလိုက်ရတာ။ သားကို ခေါ်ပါစေလို့ လည်း ဆုတောင်း နေမိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သားက ဖေဖေ ၊ မေမေ လို့ ခေါ်ပြီး နွေးထွေးတဲ့ ဘဝလေး ရချင်လို့လေ။
သားလေ နောက်နှစ်ဆို ကျောင်းတက်ရတော့မယ့် အရွယ်ရောက်ပြီလို့ ဘုန်းဘုန်းကြီးကပြောတယ်....မေမေ။ ကျောင်းဆိုတာက သားတို့ ဘုန်းကြီးကျောင်းနဲ့ မဝေးတဲ့ ကျောင်းသေးသေးလေး တစ်ကျောင်းပေါ့။ အဲဒီမှာ ကိုကိုကြီး ၊ မမကြီးတွေက ကျောင်းတက်ကြတယ်။ အဖြူ အစိမ်းလေးတွေ ဝတ်ပြီး ကျောင်းသွားကြတယ်။ လွယ်အိတ်ကလေးတွေ လွယ်လို့ပေါ့။ သူများ အမြင်မှာ စုတ်ချာနေမလား မသိပေမယ့် သားကတော့ သိပ်အားကျတာပဲ မေမေ။
ညဖက်ဆို မမကြီးတွေ ၊ ကိုကိုကြီးတွေ က စာအံကြတယ်။ ကျောင်းပိတ်ရက်တွေ ဆိုရင် သားတို့ ဆီကို လုပ်အားလာပေးတဲ့ ဆရာ ၊ ဆရာမတွေ ရောက်လာပြီး သားတို့ကို စာသင်ပေးတယ်။ သားတောင် စာနည်းနည်း ရေးတတ် ၊ ဖတ်တတ်နေပြီ။ မေမေကော စာတတ် သလားဟင်။
နောက်ပြီး ပြောရဦးမယ် မေမေရဲ့။ သားတို့ ဆီကို ဘုန်းဘုန်းကြီးရဲ့ ဒကာ ၊ ဒကာမတွေ လာကြပြီး သားတို့ ထဲက သူတို့ ကျွေးမွေးချင်တဲ့ လူ လေးငါးယောက်လောက်ကို ခေါ်သွားလေ့ရှိကြတယ်။ ညနေကျရင် ပြန်ပို့ပေးတယ်လေ။ သားလေ အဲဒီလိုအခါမျိုးကြုံတွေ့ပါစေလို့ မျှော်လင့်ခဲ့ရတယ်။ ဒါပေမယ့် တစ်ခါမှ သူများအိမ်ကို သားမလိုက်ခဲ့ရဘူးလေ။ သားကို ဘာလို့ မခေါ်ကြတာလဲဟင်။
မေမေ ကျတော့ သားကို ထားသွားတယ်။ တခြားလူတွေကျတော့ သားတို့ ဆီက ကလေးတွေကို လာခေါ်ကြတယ်။ တခြားမေမေ တွေကလည်း သားလို ကလေးတွေကို ရက်ရက်စက်စက် ပစ်မသွားကြပါစေနဲ့လို့ သားဆုတောင်းမိတယ်မေမေ။ သူများတွေကို အမြဲ အားကျနေရတဲ့ သားတို့ကို ကိုယ်ချင်း စာပေးပါနော်။ သားတို့ ဘဝက ထွက်ပေါက် မရှိတဲ့ မှောင်မည်းနေတဲ့ ပုလင်းတစ်လုံးထဲ ထည့်သိပ်ထားသလို မွန်းကျပ်မှောင်မည်းလွန်းလို့ ပါ မေမေရယ်။
မေမေ - သားအခုလေ သားထိုင်နေကျ ဘုန်းကြီးကျောင်းကြီးရဲ့ လှေကားအပေါ်ဆင့်လေးမှာ ထိုင်ရင်း သားသူငယ်ချင်းတွေဖြစ်တဲ့ နီတွတ် နဲ့ သာမောင် ကို လာခေါ်သွားတာကို သားထိုင်ငေးနေတာ မေမေ။ သားတော့ အမြဲတမ်း ဒီကျောင်းကြီးမှာပဲ နေရတော့မယ်ထင်ပါရဲ့ မေမေရယ်။ မသန်စွမ်းတဲ့ သားကို ဘယ်သူကမှ မွေးစားချင်မှာမဟုတ်ပါဘူးလေ....။ ဒီကျောင်းကြီးကို မခင်တွယ်လို့ မဟုတ်ပါဘူးမေမေရယ်။ တကယ်တော့သားလေ မွေးစားမေမေကိုပဲ ဖြစ်ဖြစ် မေမေ..... လို့ အားရပါးရ ခေါ်ချင်လို့ပါ။
အခု သားသူငယ်ချင်းတွေ လျော့သွားတော့ သားအားငယ်နေမိတယ်မေမေ။ သားကို မချစ်ရင်နေပါစေ သားကို ခဏလောက် လာကြည့်ပေးပါလားဟင်။ မေမေ့အတွက် သားကို လိုအပ်ပါ့မလားမသိပေမယ့် သားအတွက်တော့ မေမေဟာ မရှိမဖြစ် လိုအပ်ပါတယ်။
ဟုတ်ပါတယ် မေမေ... သား မေမေ့ကို ခဏလေးတွေ့ရရင်ပဲ ဖြစ်ဖြစ် တကယ့်ကို လိုအပ်ပါတယ်မေမေရယ်။ ။
စာဖတ်သူရင်ထဲကို တစ်ခုခုပေးနိုင်မည်ဟု မျှော်လင့်လျက်......
**မေသိမ့်သိမ့် ကျော်**

No comments:
Post a Comment