လက်ဆေးပါ
အချစ်ရေ လက်ဆေးပါ
ဝက်တုပ်ကွေးပိုးတွေက ပျံ့နှံ့နေလို့
လက်ဆေးပါ
ဆေးဖိုးဝါးခ မတတ်နိုင်လို့
လက်ဆေးပါ
ဆောင်းတွင်းရဲ့ ဒုတိယလှိုင်း ရောဂါကပ်မှာ
လူ့အသက်တွေ နှင်းလိုမကြွေအောင်
လက်ဆေးပါ
ညစ်ပေမှုတွေအတွက်ရော
ညစ်ပတ်မှုတွေအတွက်ပါ
လက်ဆေးပါ
စွန်းထင်းမှုတွေအတွက်ရော
အစွန်းတွေအတွက်ပါ
လက်ဆေးပါ
မိတ်ဆွေသူငယ်ချင်းတွေကြား
မသင်္ကာမှုပိုးမွှားတွေလည်း ထကြွနေလို့
လက်ဆေးပါ
ချစ်… ရွှင်… သနား ဘာညာသာရကာများ
နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်းဒီဂရီ တိမ်းစောင်းနေလို့
လက်ဆေးပါ
မဟာပထ၀ီမြေထုထဲ
ခေါင်းကနေ ဆွဲနှစ်ခံထားရတဲ့ ငရဲသားတွေက
အကျိုးစီးပွား အကျိုးစီးပွားလို့
ဘွားကနဲ ဘွားကနဲ ထထအော်လို့
လက်ဆေးပါ
ကျန်စစ်သားကို စောလူးမင်းက ဆေးလိပ်ဖွာမပျက်ဘဲ
ကိုယ့်ဘ၀နဲ့ ကိုယ့်အကြောင်းပေါ့ လို့ပြောလိုက်မှတော့
လက်ဆေးပါ
ပြီးခဲ့တာတွေလည်း ပြီးပြီ
မပြီးနိုင်တာတွေလည်း လက်စသတ်ဖို့
လက်ဆေးပါ
လောကဓံကို ကုပ်ခွစီးရင်း
သီချင်းလေး တညည်းညည်းနဲ့
လက်ကိုဆေးပါ
လက်တွေကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောပါ
လက်ခုံ လက်ဖမိုး လက်ဖ၀ါး
လက်ဖျားထိပ် လက်ခွကြား လက်ဖနောင့် မကျန်အောင်
အရေပြား အသွေးအသား အရိုးအကြော အဆီအရွတ် မကျန်အောင်
လက်ဆေးပါ
ဖိနပ်တိုက်တဲ့ လက်တွေလည်း လက်ဆေးပါ
သေနတ်ပိုက်တဲ့ လက်တွေလည်း လက်ဆေးပါ
အကြံပိုင်တဲ့ လက်တွေလည်း လက်ဆေးပါ
အလံကိုင်တဲ့ လက်တွေလည်း လက်ဆေးပါ
လမ်းထိပ်မှာ အမှိုက်ပုံဖွနေတဲ့ ဂျလေဘီလေး လက်ဆေးပါ
ဗိုလ်ချုပ်ဈေးထဲက မုန့်လက်ဆောင်းသည် အဒေါ်ကြီး လက်ဆေးပါ
ဗိုက်ထဲမှာ မမွေးရသေးတဲ့ ငါ့တူမကလေး လက်ဆေးပါ
မိုင်ရာထောင်ချီ အကွာအဝေးက ငါမမြင်ဖူးတဲ့ သူငယ်ချင်းများ လက်ဆေးပါ
သမ္မတကြီး အိုဘားမား ခင်ဗျားလည်း လက်ဆေးပါ
အချစ်ရေ လက်တွေကို ဆေးကြောပါ
စင်ကြယ်တဲ့ လက်တွေကို ရှိုက်နမ်းလာမယ့်
ကမ္ဘာမြေရဲ့ ပလေတိုးနစ် မေတ္တာကို စောင့်ရင်း
လက်ဆေးပါ။
**ပန်ဒိုရာ**
(ဟူး... မောလိုက်တာ..
ပန်ဒိုရာလည်း ကဗျာရေးတဲ့လက်တွေ သန့်စင်အောင် ဆေးကြောဖို့ လိုနေသေးတယ်။ Alright! See you.)

No comments:
Post a Comment