မိတ်ဆွေများ သိကြတဲ့အတိုင်း ထိုင်းတစ်နိုင်ငံလုံးရေတွေကြီးနေကြတဲ့ အထဲမှာ ကျနော်တို့၊ မဲဆောက်တို့၊ ဖုတ်ဖရတို့ ၊ မယ်ရမတ်တို့ စတဲ့ ထိုင်း - မြန်မာနယ်စပ်မြို့တွေမှာလည်း “အခုနေခါ…မိုးထပ်မရွာပါစေနဲ့” လို့ ဘုရားတနေရတာပါပဲ။ ဟုတ်တယ်လေဗျာ။ မနေ့က မဲဆောက်မြို့ပေါ်ရော၊ ရပ်ရွာတွေမှာပါရေကြီးခဲ့ပြီးတော့ညပိုင်းမှာရေက ပြန်ကျသွားတယ်။ ဒီကနေ့ကျတော့ မိုးက သည်းသည်းမဲမဲ မနေ့ကလိုမရွာလို့သာပေါ့။ ဒါပေမယ့် သောင်ရင်းမြစ်ကမ်းနဖူးဒေသ(၀ါ)ဝှေ့မုတ်ရွာ၊ ၀မ်းစကင်းရွာတို့ဘက်က အမှတ်(၁)ကုတို့ဆိပ်၊ အမှတ်(၂)ကုတို့ဆိပ်စတဲ့ ကုတို့ဆိပ်တွေမှာ ရေကခါးလောက်ရှိနေဆဲမို့ ဒိုရာသန်းအေး(ခေါ်)ဘိလပ်ပြန်သန်းသီဆိုခဲ့တဲ့ “ လှေကလေးကိုလှော်မည် ** ဘေးမသန်းတဲ့ ** အေးချမ်းတော့မည် ** သောင်ကမ်းခြေဆီ ** စိမ်းလဲ့လဲကြည် **” ဆိုသလိုပါပဲ။ စိမ်းလဲ့လဲ့ကြည်မနေတဲ့ သောင်ရင်းမြစ်ရေကြောင့် အဲ့ဒီသောင်ရင်းမြစ်ကမ်းနဖူးက အလုပ်သမားတဲအိမ်တွေ၊ အိမ်တွေ ရေ မြုပ်ပါရောလား။
**မိုးကုတ်ဂိတ်အနီး စက်ရုံအလုပ်ရုံ ၆ ရုံရှိရာ အလုပ်သမားတန်းလျားများကြားရေကြီးနေပုံ**
**ကုတို့ဆိပ် ၁ ဂိတ်အလုပ်သမားတန်းလျားများကြားရေကြီးနေပုံ**
**ကုတို့ဆိပ် ၂ ဂိတ်အလုပ်သမားတန်းလျားများကြားရေကြီးနေပုံ**
ဒီလိုရေကြီးတာကြောင့် မနေ့ကနဲ့ဒီနေ့မှာ အိမ်ရုံ (ခေါ်) အိမ်တွင်းမှုလုပ်ငန်းအလုပ်ရုံအချို့နဲ့ စက်ရုံအချို့တို့ဟာအလုပ်ပိတ်ပေးခဲ့ရပါတယ်။ ဒါ့အပြင် နေ့သစ်အလကကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားအများစုဟာအဲဒီ ကုတို့ဆိပ် ၁ ဂိတ်ကနေ ၁၉ ဂိတ်အထိ ရှိကြတာမို့ သူတို့ရဲ့မိဘအလုပ်သမားတွေဟာ ရေဘေးကြောင့်လွှတ်ရာကျွတ်ရာရှောင်ပြေးနေရတာမို့ကျောင်းမတက်နိုင်ကြပါဘူး။

**သတင်း၊ဓါတ်ပုံ- သောင်ရင်းနဂါး (မြန်မာပြည်သား)**
**အမှတ်(၄) ကုတို့ဆိပ် (ခေါ်) မိုးကုတ်ဂိတ်အနီး စက်ရုံအလုပ်ရုံ ၆ ရုံရှိရာ အလုပ်သမားတန်းလျားများကြားရေကြီးနေပုံ**

No comments:
Post a Comment