အမေရိကားမှာ နေနေတဲ့ အိမ်ထောင်ရှိ လူကုံထံတစ်ယောက်ဟာ အီတလီ အမျိုးသမီးငယ် တစ်ယောက်နဲ့ တိတ်တိတ်ပုန်း ချစ်ကြိုက်နေကြတာ နှစ်အနည်းငယ် ကြာသွားပြီ ဖြစ်တယ်။
တစ်ညမှာတော့ သူတို့ ချိန်းတွေ့နေကြ နေရာမှာ ဆုံကြတဲ့အခိုက် အမျိုးသမီးက
“ကျွန်မမှာ ရှင်နဲ့ရတဲ့ ကိုယ်ဝန်တော့ရှိနေပြီ၊ ဒီကလေးကို ရှင်ဘယ်လို တာဝန်ယူပေးမလဲ”
လို့ အမျိုးသားကို ဖွင့်ပြောပြရင်း မေးလိုက်တယ်။ အမျိုးသားဖြစ်သူက သူ့ရဲ့ ဂုဏ်သိက္ခာကျမှာကိုရော၊ သူ့ရဲ့ အိမ်ထောင်ရေး ပျက်စီးမှာကိုရော စိုးရိမ်ပြီး..
“ အကယ်၍ မင်းသာ ဒီကလေးကို အီတလီမှာ သွားမွေးပေးမယ်ဆိုရင် ကိုယ် မင်းကို ငွေတွေ တစ်ပုံကြီးပေးမယ်၊ အီတလီမှာပဲ ဆက်ပြီး နေသွားဦးမယ် ဆိုရင်တော့ မွေးလာတဲ့ ကလေးနဲ့ မင်းကို လိုလေးသေးမရှိအောင် ထောက်ပံ့ သွားမယ်”
… လို့ အမျိုးသားက ပြောတယ်။ အဲ့ဒီတော့ အမျိုးသမီးကလည်း သဘောတူတယ်။
“ ဒါဆို ကျွန်မ ဒီကလေးကို အီတလီပြန်မွေးမယ်၊ ကလေးမွေးပြီးရင် ရှင် သိရအောင် ကျွန်မက ဘယ်လို အကြောင်းကြားရမလဲ”
…လို့ မေးကြည့်မိတယ်။ အဲ့ဒီအခါ အမျိုးသားက -
“ ဒီကိစ္စဟာ သိုသိုသိပ်သိပ်ရှိရမယ်၊ ကိုယ့်ကို စာတိုက်ကနေ ပို့စ်ကဒ်တစ်ခု ပို့လိုက်ပြီး ကဒ်ရဲ့ နောက်ကျောဘက်မှာ “ အီတာလျှံခေါက်ဆွဲ ” လို့သာ စကားဝှက် ရေးပေးလိုက်၊ ဒါဆို မင်း ကလေးမွေးပြီးပြီဆိုတာ ကိုယ်သိပြီး ကလေးအတွက် လိုအပ်တဲ့ စရိတ်စကတွေ တစ်သက်စာ ထောက်ပံ့ဖို့ပေး စီစဉ်ပေးသွားမယ် ”
…လို့ ပြောတယ်။
—–@@@—–
ဒီလိုနဲ့ ကိုးလခန့် ကြာပြီး တစ်နေ့မှာတော့ အဲ့ဒီအမျိုးသား အိမ်ပြန်လာတဲ့အခါ စိတ်ရှုပ်နေတဲ့ ပုံစံပေါက်နေတဲ့ သူ့ရဲ့ မိန်းမကို တွေ့လိုက်ရတယ်။
“ အစ်ကိုရေ… ဒီမှာ အစ်ကို့ နာမည်နဲ့ အရမ်းကို ထူးဆန်းတဲ့ ပို့စ်ကဒ် တစ်စောင် ရောက်လာတယ် ”
အမျိုးသားလည်း အီတလီအမျိုးသမီး ပို့လိုက်ပြီဆိုတာ သိလို့…
“ ဟေ… ဟုတ်လား၊ ဒီကိုပေး…၊ နောက်မှ ကိုယ်.. မင်းကို ရှင်းပြတော့မယ် ”
လို့ အမျိုးသားလုပ်သူက အလောသုံးဆယ် ပြောလိုက်တယ်။ မိန်းမလုပ်သူက ပို့စ်ကဒ်ကို လှမ်းပေးလိုက်တယ်။ ပြီးတော့ သူ့ယောကျာ်း ဖတ်နေတာကို စောင့်ကြည့်နေတော့တာပေါ့။ ပို့စ်ကဒ်ကို ဖတ်ပြီးတာနဲ့ အမျိုးသားခမျာ ““ ဟိုက်”” ခနဲ အော်မိလျှက်က မျက်စေ့မျက်နှာပျက်လာပြီး ခေါင်းထဲမူးဝေကာ ယိုင်လဲမလိုဖြစ်သွားရတယ်။ ပို့စ်ကဒ်ထဲမှာ ရေးထားတာကတော့…
“ အီတာလျှံခေါက်ဆွဲ ” “အီတာလျှံခေါက်ဆွဲ ” “အီတာလျှံခေါက်ဆွဲ ”
“ အသားလုံးနဲ့နှစ်ပွဲ၊ အသားလုံး မပါတာက တစ်ပွဲ ”
( Crime Journal အမှတ်စဉ် ၁၃၁ ဘာသာပြိုင်ပွဲမှ Spaghetti ကို နှစ်သက် တာမို့ ဆီလျော်အောင် ပြန်ဆိုထားတာပါ။ ပို့စ်အဟောင်းလေး ဆားပြန်ချက်တာဆိုလည်း မမှားပါဘူးရှင် )
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
**မြသွေးနီ **

No comments:
Post a Comment