(Nine killed in Nevada air race show)
**နီဗားဒါးပြည်နယ်၌ ကျင်းပသော လေကြောင်းပြပွဲတစ်ရပ်၌သရုပ်ပြလေယာဉ်တစ်စင်း ပျက်ကျ၊ ၉ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ**
(လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၁၇)
အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်၌ စက်တင်ဘာ ၁၆ ရက်က လေကြောင်းပြပွဲတစ်ရပ်ကျင်းပစဉ် အထူးတန်းပွဲကြည့်စင်ပေါ်သို့ လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ ၉ဦးထက်မနည်းသေဆုံးပြီး လူ ၅၀ ကျော်ဒဏ်ရာရရှိကြောင်း ဒေသဆိုင်ရာရုပ်မြင်သံကြား ဌာနများက စက်တင်ဘာ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။ လေယာဉ်ပျက်ကျမှုဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူ ၅၄ ဦးကို ဆေးရုံသို့တင်ပို့ပေးလိုက်ရကြောင်း ရီနိုလေကြောင်းပြပွဲ ကျင်းပရေးအဖွဲ့ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် မိုက်ဟပ်ဖတန်က ပြောကြားသည်။ စုံစမ်းစစ်ဆေးမှုပြုလုပ်နေချိန်အတွင်း ရီနိုလေဆိပ်ကိုပိတ်ထားကြောင်း ကေအာအင်န်ဗွီရုပ်မြင်သံကြားဌာနက သတင်းထုတ်လွှင့်သည်။ ရီနီုလေကြောင်းပြပွဲ၌ ပွဲကြည့်ပရိတ်သတ်ရှေ့မှောက်တွင် သရုပ်ပြနေသောလေယာဉ်တစ်စင်းပျက်ကျခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ၄င်းကပြောကြားသည်။ အထူးတန်းပွဲကြည့်စင်မှ ပရိသတ် ၁၀၀၀၀ ဆံ့ပြီးပြည်သူ ၇၅၀၀ ခန့်က လေကြောင်းပြပွဲ၌ ကြည့်ရှုနေခဲ့ချိန်အတွင်း လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်။ (ဆင်ဟွာ)
**၀မ်းဗိုက်အတွင်း ကိုကင်းတွေ့ရှိ၍ အိုင်းရစ်တစ်ဦးကို ဘရာဇီးရဲတပ်ဖွဲ့ဖမ်းဆီး**
(ရီယိုဒီဂျနေရို၊ စက်တင်ဘာ ၁၇)
ဘရာဇီးရဲတပ်ဖွဲ့က ၀မ်းဗိုက်အတွင်း၌ ကိုကင်းနှင့် နီးဝါတွေ့ရှိရသည့် အိုင်းရစ်အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက စနေနေ့တွင် ဖော်ပြသည်။ ဆော်ပေါ်လိုလေဆိပ်၌ ဘရပ်ဆဲလ်သို့ထွက်ခွာမည့် လေယာဉ်ပေါ်သို့တက်ရောက်ရန်ကြိုးစားနေဆဲတွင် ၄င်းအမျိုးသားအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၄င်း၏ အသွင်သဏ္ဍန်သည် စိတ်လှုပ်ရှား၍ကြောက်ရွံ့နေဟန်ပေါ်နေသဖြင့် တာဝန်ရှိသူများက သံသယရှိသောကြောင့် ခေါ်ယူစမ်းဆေးမေးမြန်းရာ ကိုကင်းထည့်ထားသည့်ဆေးတောင့်များကို မျိုချထားကြောင်း ၀န်ခံခဲ့သည်။ ဆေးရုံသို့ခေါ်ဆောင်၍ ၀မ်းဗိုက်အတွင်းမှ အလေးချိန် ၁ ဒသမ ၈ ပေါင် (၈၃၀ ဂရမ်)ရှိ ကိုကင်းအတောင့်ပေါင်း ၇၂ တောင့်ကို ထုတ်ယူရရှိသည်။ ကိုးကင်းဆေးတောင့်များဖြစ်ပြည့်နေသော ၄င်း၏၀မ်းဗိုက်ပုံကိုပြသသည့်စီတီးစကင်ကို ဆေးရုံမှထုတ်ပေးသည်။ နိုင်ငံတကာ မူးထစ်ဆေးဝါးမှောင်ခိုရောင်းဝယ်သူဟု မသင်္ကာမှုဖြင့် ၄င်းအိုင်းရစ်ကို ဖမ်းဆီးထားပြီး အပြစ်ရှိကြောင်းတွေ့ရှိလျှင် ထောင်ဒဏ် ၅ နှစ်မှ ၁၅ နှစ်အထိ ကျခံရဖွယ်ရှိသည်။ (အေပီ)
**ထိုင်းနယ်စပ်မြို့ နာရာသီဝပ်၌ ကားဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲ**
(ဗန်ကောက်၊ စက်တင်ဘာ ၁၇)
ထိုင်းနှင့်မလေးရှားနိုင်ငံထိစပ်နေသော ထိုင်းနယ်စပ်မြို့တစ်မြို့တွင် စက်တင်ဘာ ၁၆ ရက်က ကားဗုံးပေါက်ကွဲမှု သုံးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ရာ မလေးရှားသုံးဦးအပါအ၀င် လေးဦးသေဆုံးပြီး ၁၁၈ ဦးဒဏ်ရာရရှိကြောင်း ဗန်ကောက်စီးပွားရေးသတင်းအမည်ရှိ အင်တာနက်ဝက်ဆ်တွင်ဖော်ပြသည်။ ထိုင်းနယ်စပ်မြို့ဖြစ်သော နာရာသီဝပ်၌ စက်တင်ဘာ ၁၆ ရက်ညနေပိုင်းက ကားဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့သည်။ အဆိုပါမြို့သည် ကမ္ဘာလှည့်ခရီးသွားများအပန်းဖြေရာမြို့တစ်မြို့ဖြစ်ပြီး ညကပွဲရုံများဖြင့်စည်ကားသည်။ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများတွင် အသက်သုံးနှစ်အရွယ် ယောင်္ကျားလေးတစ်ဦးပါဝင်သည်။ နာရာသီဝပ်မြို့ရှိ ဘီယာဆိုင်တစ်ဆိုင် အပြင်ဘက်တွင် ညနေ ၆ နာရီ ၅၅ မိနစ်တွင် ပထမဆုံးသော ကားဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ယင်းဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စုံစမ်းစစ်ဆေးနိုင်ရန်ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ကြောင်း၊ ယင်းနေရာမှ မီတာ ၃၀၀ ခန့်အကွာတွင် ဒုတိယမြောက် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တတိယမြောက်ဗုံးမှာ အစောပိုင်းဗုံးပေါက်ကွဲရာနေရာမှမဝေးသောစားသောက်ဆိုင်တစ်ဆိုင်ပြင်ပ၌ ပေါက်ကွဲခဲ့သည်။ (ဆင်ဟွာ)
စုစည်းဘာသာပြန် - ဟန်သစ်

No comments:
Post a Comment