ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 27, 2011

မျှော်လင့်ခြင်းကို မျှားတဲ့ညနေ

>
အုံ့ဆိုင်းနေသော မိုးသားတိမ်လိပ်များကြောင့် မကြာခင် မိုးရွာနိင်သည်ဟု ခန့်မှန်းလိုက်မိသည်။ နေ့လည်ခင်း ကတည်းက တူးထားသော တီကောင်ဗူး ကို လွယ်အိတ်ထဲ ထည့်နေချိန် သားအငယ်တွေ့မြင်သွား၏။

“ဖေဖေ သားလည်းလိုက်ခဲ့မယ်”
“မိုးရွာလိမ့်မယ်သားရဲ့ အိမ်မှာပဲ ဆော့ရင်း နေခဲ့နော်”
“သားလိုက်ချင်တယ်ဖေဖေ”

ငိုမဲ့မဲ့ မျက်နာဖြင့် ပြောလိုက်သော သားငယ်၏ ဟန်ပန်ကြောင့် သူဆက်ပြီး မတားမြစ်ချင်တော့ပေ။

“ကဲ ဒါဆိုလည်း လိုက်တော်မူပါဗျာ”

အလိုပြည့်သွားသဖြင့် ပြုံးရွှင်သွားသော မျက်နာသည် သူအမြဲမြင်ချင်သော မြင်ကွင်းသာ ဖြစ်သည်။
သားသမီးများနှင့် ပါတ်သက်လျင် အလွယ်တကူ အလိုလိုက်မိတတ်သည်မှာ သူ၏ အားနည်းချက်လည်း ဖြစ်၏။ ထို့ကြောင့်လည်း သားသမီးများသည် သူ့ကိုသာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ပူဆာလေ့ရှိသည်။ တစ်ခုခု ပူဆာတိုင်းလည်း မဖြည့်ဆည်းပေးနိင်မချင်း သူစိတ်ထဲမှာ မည်သို့ ဖြည့်ဆည်းပေးရမလဲဆိုပြီး အချိန်တိုင်း အမြဲတွေး နေတတ်ခဲ့၏။

လိုအပ်သောပစ္စည်းများကို လွယ်အိတ်ထဲ ထည့်နေချိန် သားငယ်က သူကျန်ခဲ့မှာ စိုးရိမ်နေဟန်ဖြင့် အနားကမခွာတော့ပေ။ သားငယ်အတွက် မိုးကာအင်္ကျီ တစ်ထည်ကိုပါ ထည့်လိုက်၏။ ကွမ်းရွက်၊ ထုံးနှင့်ဗမာဆေး ထည့်ထားသော ကွမ်းထုပ်ထည့်ပြီးချိန်တွင် လိုအပ်သော ပစ္စည်းများ စုံသွားလေပြီ။ အနက်ရောင်ထီးအရှည်ကို လက်တစ်ဖက်က ကိုင်ကာ သားငယ်ကို လက်တွဲရင်း အိမ်မှ ထွက်လာခဲ့သည်။

ကတ္တီရာ လမ်းမကြီးအတိုင်း လျှောက်လာရင်း ရပ်ကွက်အဆုံးတွင် လမ်းဘေးဘယ်ဘက်ကိုချိုးကွေ့ကာ မြေလမ်းလေး အတိုင်း လျှောက်ဝင်လာခဲ့သည်။ ထိုလမ်းသည် သန်လျင်ဘီအိုစီ ရေနံချက်စက်ရုံ၏ ရေကန်ကြီးတွေရှိရာသို့ သွားသော လမ်းကလေးဖြစ်၏။ ဤလမ်းသွယ်ထဲတွင် မောင်ထွန်း၏ အိမ်ရှိသည်။ မောင်ထွန်းတို့ အိမ်ရှေ့အရောက်တွင် ခြံဝမှ လှမ်းပြီးအသံပြုလိုက်သည်။

“မောင်ထွန်းရေ.. မောင်ထွန်း”

ခဏအကြာတွင် အိမ်အတွင်းပိုင်းမှ မောင်ထွန်းထွက်လာသည်။

“ဆရာပါလား ငါးသွားမျှား မလို့လား”
“အေးကွ ပျင်းတာနဲ့ ထွက်လာတာ”
“ထိုင်အုံးမလား ဆရာ”
“မထိုင်တော့ပါဘူး ငါးမျှားတံတွေ ဝင်ယူတာ”
“ဟုတ်ကဲ့ဆရာ.. ကျနော် သွားယူပေးမယ်”

မောင်ထွန်း အိမ်အတွင်းပိုင်း ပြန်ဝင်သွားပြီး တာလပါတ်စကို အိတ်ချုပ်ကာ ထည့်ထားသော ငါးမျှားတံများ ယူလာပေးသည်။ မောင်ထွန်း၏ အိမ်သည် ကတ္တရာလမ်းမမှ ချိုးဝင်ကာစနေရာတွင် ရှိသည့်အပြင် ရေကန်တွေဆီ သွားသည့်လမ်းပေါ်တွင် ရှိတာကြောင့် ငါးမျှားတံများကို မောင်ထွန်း အိမ်တွင်သာ အပ်ထားလေ့ ရှိ၏။ ထို့ကြောင့် ယခု ဝင်ယူခြင်းဖြစ်သည်။ မောင်ထွန်းမှ သားငယ်၏ ပါး ကို လိမ်ဆွဲရင်း...

“ငါ့ကောင်ကြီးရော ငါးလိုက်မျှားတာလားကွ”
“ဟုတ်ဘူး သားက ဖေဖေ့ကို ငါးလိုက်သယ်ပေးတာ”

သားငယ်ရဲ့ အဖြေစကားကြောင့် ရယ်ကြရသည်။

“ဆရာ့သားကတော့ အားကိုးရပြီပဲဗျ”

မောင်ထွန်းစကားကြောင့် သူပြုံးလိုက်မိသည်။

“ကဲ သွားပြီဟေ့ ညနေမှပဲ အပြန်ဝင်ထားတော့မယ်”
“ဟုတ်ကဲ့ဆရာ”

ငါးမျှားတံအိတ်ကို ပုခုံးပေါ်ထမ်းရင်း ထွက်လာခဲ့သည်။ တကယ်တော့ မောင်ထွန်းကို ပြောခဲ့သလို အပျင်းပြေ ငါးမျှားထွက်လာခြင်းမဟုတ်။ ဒီရက်ပိုင်းတွင် ငွေဝင်နိင်မည့် အလုပ်တခုခု မလုပ်နိင်သည့်အတွက် ဟင်းစားရလို ရငြား ထွက်လာခြင်းဖြစ်သည်။ ငွေဝင်နိင်သည့် အလုပ်တခုခု ရှာမရချိန်တိုင်း အိမ်အတွက် တစ်ဖက်တလမ်းက အဆင်ပြေစေရန် ငါးလာမျှားလေ့ရှိ၏။ သူက ရရာအလုပ်မျိုးစုံ လုပ်ကာ ဘဝတလျှောက်လုံး မိသားစုကိုရှာဖွေ ကျွေးမွေးခဲ့သူ ဖြစ်သည်။

သားသမီးတွေ ငယ်စဉ်တုန်းကတော့ သူအဆင်ပြေခဲ့ဖူး၏။ သန်လျင်မြို့တွင် သူ့လ္ဘက်ရည်ဆိုင် အအောင်မြင်ဆုံး အရောင်းရဆုံး ဖြစ်ခဲ့သည်။ ထိုအချိန်ကတော့ တပည့်တပန်းများလည်း စည်စည်ကားကားဖြစ်သည်။ မောင်ထွန်းက သူ့ဆိုင်၏ နံပြားဖုတ်သမား ဖြစ်သည်။ သို့သော် လောကဓံ အတက်အကျတွေကြောင့် သူ့ဆိုင် ယိုင်သထက် ယိုင်လာသည်။ ရောင်းအားကျလာချိန်မှာ လူတစ်အုပ်တစ်မကြီးရဲ့ စားစရိတ်က သိသိသာသာ ဖိစီးလာ သော်လည်း သူအပြုံးမပျက်အောင် ဟန်ဆောင်ထားခဲ့သေးသည်။ သို့သော် ဆိုင်ကရောင်းအားကျလာပြီး နောက်ဆုံးတွင် သူဆိုင်ပိတ်လိုက်ရတော့သည်။

သို့သော် သူမမှုခဲ့။ ကြုံရာအလုပ်ကို ရှာဖွေ လုပ်ကိုင်ကာ ဇနီးနှင့် သားသမီးများကို ဝမ်းဝစေခဲ့သည်။ ငယ်စဉ်ထဲက အဖေမဲ့သူ ဖြစ်ခဲ့ရတာ ကြောင့် သူ့သားသမီးများအလှည့်မှာ ဘာမဆို အလိုလိုက်ချင်စိတ် အမြဲ ရှိနေခဲ့သည်။ တခြားအလုပ်ရှာမရလို့ ငါးမျှားထွက်ခဲ့ ရပေမယ့် သူ့သားသမီးများ အားငယ်မှာ စိုးတာကြောင့် မောင်ထွန်းအိမ်တွင်သာ ငါးမျှားတံတွေ သိမ်းထားလေ့ရှိ၏။ အိမ်အထိ ပြန်သယ်သွားလေ့မရှိ။ အရွယ်ရောက်နေသော သူ့သားသမီးများ ရှက်ရွံ့အားငယ်မှာကို မလိုလားပေ။ သဲလမ်းလေးအတိုင်း လျှောက်လာရင်း မုန့်ဆိုင်လေးကို မြင်သဖြင့် သားငယ်က သူ့ကိုမော့ကြည့်သည်။

“ သားဘာစားချင်လို့လဲ ”

သူ့အမေးကြောင့် သားငယ် မျက်လုံးလေး အရောင်လက်သွားသည်။

“ဇီးထုပ် စားမယ် ဖေဖေ”
“ အင်း.. ဒါဆို.. သားစားချင်တဲ့ ဇီးထုပ်ရွေးပေတော့ ”

သားငယ်လက်ကို ဆွဲရင်း အိမ်ဆိုင်လေးရှေ့တွင် ရပ်လိုက်သည်။ သားငယ်ကတော့ သူစားချင်သော ဇီးထုပ်များ ရွေးနေချိန် သူက ဆေးပေါ့လိပ် ၃ လိပ်ကို သေသေချာချာ ရွေးလိုက်သည်။ ငါးမျှားရင်း ဆေးလိပ်လေး ဖွာရသည်မှာ စိတ်ကူးအသစ်လေးတွေ ထွက်လာသလို နောက်တစ်နေ့အတွက် ဘယ်လို ငွေရပေါက် ရလမ်းများ ရှိလာနိင်မှာကို တွေးလို့ကောင်းသည်။ အချိန်တိုင်း နာရီတိုင်း မိသားစု စားဝတ်နေရေးအတွက် သူအမြဲ တွေးနေရသည်။

သူ့လက်ကို ဆွဲကိုင်းရင်း ဝယ်လာသော ဇီးထုပ်လေးကိုကြည့်ကာ သားငယ် ရွှင်မြူးနေသည်။

“ ဖေဖေ ဖောက်ပေးရမလား ”
“ ဟိုရောက်မှ စားမယ် ”
“ အေး..အေး ”

မကြာခင်မှာပဲ ရေကန်ကြီးဆီ ရောက်လာသဖြင့် ကန်စောင်းတစ်နေရာတွင် နေရာယူလိုက်သည်။ ဒီကန်မှာက နှစ်ချို့ငါးတွေ ရှိသည်။ ရေကန်တွေကလည်း အင်္ဂလိပ်ခေတ်ကတည်းက တူးထားသည့် ကန်တွေ ဖြစ်တာကြောင့် ရေမှော်များ၊ ဒိုက်များ၊ ကြာပင်များဖြင့် ကန်ရေပြင်က စိမ်းမှောင်နေ၏။ လွယ်အိတ်ထဲ ထည့်လာသည့် ပလပ်စတစ် အခင်းလေးကို ခင်းကာ တုတ်တိုတစ်ချောင်း စိုက်ပြီး ထီးကို ချည်ထားလိုက်သည်။ သားငယ်ကတော့ ထီးရိပ်ထဲထိုင်ကာ သူ့ဇီးထုပ်ကို စဖောက်နေပြီ။

လွယ်အိတ်ထဲမှ တီကောင်ဗူးကို ထုတ်ပြီး ငါးမျှားချိတ်တွင် တီတစ်ပိုင်း တပ်လိုက်သည်။ အချိန်မရတာကြောင့် ပိုးဟပ်တော့ သူမဖမ်းနိင်ခဲ့။ ပိုးဟပ်နှင့် မျှားလျင်တော့ ငါးဖယ် တွေ အကြိုက်ဖြစ်သည်။ တီကောင်ကိုတော့ ငါးတော်တော်များများ ကြိုက်သည်။ အဓိကက တီလားဗီးယား ငါးတွေ နှစ်သက်ကြ၏။ ဒီကန်ထဲမှာ တီလားဗီးယား နှစ်ချို့ငါးတွေ ရှိသည်။ တော်ရုံလူ လာမျှားလေ့မရှိတာကြောင့် ငါးတွေက ပွားများနေသည်။ သို့သော် ကန်က ကျယ်လွန်းတာကြောင့် အချိန်မြန်မြန်နှင့်တော့ သူငါးရဖို့ မသေချာ။

အိတ်ထဲမှ နောက်ထပ် ငါးမျှားတံ အသေးတစ်ချောင်း ထပ်ထုတ်ကာ ငါးစာတပ်လိုက်သည်။ ဒီအသေးကတော့ ငါးဖျင်းသလပ်များ ငါးပဲဖြူများလို ငါအသေးလေးတွေ အတွက်ဖြစ်သည်။ ထိုငါးလေးတွေကို ကြော်လိုက်လျင် ဟင်းတခွက်ဖြစ်တာကြောင့် ငါးမျှားတံကိုင်း အသေးလေး အပိုဆောင်ထားခြင်းဖြစ်သည်။ ငါးမျှားတံ ထိပ်ဖျားဖြင့် ရေထဲမှ ဒိုက်နှင့် ကြာဖက် အနည်းငယ်ကို ဖယ်လိုက်သည်။ ကွက်လပ်ဖြစ်သွားသော ထိုနေရာကို ငါးမျှားကြိုး ချလိုက်၏။ ငါးမျှားတံ အရင်းပိုင်းကိုတော့ သူ့ဘေးနားက မြေကြီးတွင် စိုက်ကာ ရေပေါ် ပေါ်နေသော ဖော့တံလေးကို ကြည့်နေလိုက်သည်။ မကြာမကြာ လိုက်လာဖူးသည့် သားငယ်ကလည်း ဖော့တံများကို ဝိုင်းကြည့်ပေးနေသည်။ ငါးမျှားတံများ နေရာတကျ ရှိပြီးသွားသဖြင့် အိတ်ထဲမှ ကွမ်းထုပ်ကို ထုတ်ပြီး တစ်ယာ ယာ စားလိုက်သည်။

“ဖေဖေ ဇီးထုပ်စားမလား ”
“ ကွမ်းစားနေပြီကွ မစားတော့ဘူး ”

ကွမ်းနှစ်ယာနှင့် ဆေးလိပ်တစ်လိပ် ကုန်ပြီးချိန်အထိ ကိုင်းတံအသေးမှ ငါးအသေးလေးများသာ ရသေးသည်။ ခုထိ ငါးအကြီး တစ်ကောင်မှ မမိသေး။ သားငယ်ကတော့ သူ့ပေါင်ကို ခေါင်းအုံးကာ အိပ်ပျော်နေပြီ။ ငါးမျှားလိုက်လာတိုင်းလည်း ခဏလောက်ပဲ သားငယ်က နေနိင်သည်။ ငြိမ်ငြိမ်တိတ်တိတ်ဖြင့် နေရတာကြောင့် ပျင်းပြီး အရိပ်ထဲတွင် အိပ်သွားတတ်သည်မှာ ညနေပြန်ခါနီး နှိုးမှ ထလာမြဲ ဖြစ်၏။ ကိုင်းတံအသေးမှ ငါးဖျင်းသလပ် ၃ ကောင် ရပြီးချိန်တွင် မိုးစက်များကျလာတာကြောင့်သားငယ်ကို နှိုးပြီး မိုးကာ ဝတ်ပေးလိုက်သည်။

မိုးစိုသော်လည်း ငါးမျှားနေချိန် မိုးရွာလာလျင် သူကျေနပ်သည်။ မိုးသံ မိုးနံ့ ကြောင့် ငါးများ ကမ်းစပ်ကို ရောက်လာတတ်၏။ ဒီအချိန်က ငါးမျှား၍ အကောင်းဆုံး အချိန်ဖြစ်သည်။ မိုးက တဖြည်းဖြည်း သဲလာသည့်အတွက်သားငယ်ကို ထီးအောက်တွင် လုံလုံခြုံခြုံ ထားလိုက်ရတာကြောင့် သူ့ကိုယ်တစ်ခြမ်း ရွှဲရွှဲစိုလာသော်လည်း သူ့မျက်လုံးကို ဖော့တံမှ မဖယ်ရှားဝံ့ စူးစိုက်ပြီး ကြည့်နေရသည်။

ကိုင်းတံကို ရုတ်ခနဲ အသုတ်မှာ ငါးတစ်ကောင်ပါလာတိုင်း သူ့သား၏ ပျော်ရွှင်စွာ ဟေးခနဲ အော်သံသည် သူ့အပေါ်ထားသည့် ယုံကြည်ကိုးစားမှုဖြစ်သည်။ သားငယ်ပါလာသည့်နေ့တိုင်း အရင်ထက် သူ ငါးပိုရချင်သည်။ သားသမီးတွေအတွက် ဘာမှ မလုပ်ပေးနိင်ရင်တောင် ယုံကြည်အားကိုမှုတော့ သူပေးနိင်ချင်သည်။ ထို့ခံစားချက်ကြောင့် ငါးမျှားတံကို စူးစူးစိုက်စိုက်ကြည့်နေရ၏။

မိုးရေစက်များကြောင့် ကိုင်းတံတွေကို လက်ထဲသို့ ပြောင်းကိုင်ထားလိုက်သည်။ သို့မှ ငါးတွတ်လျင် သူချက်ချင်းသိနိင်မည်။ သည်းသည်းထန်ထန် မိုးရွာသွန်းနေတာကြောင့် ငါးများမြူးတူးကာ ကန်ထဲတွင် ဟိုမှာ ဒီမှာ ထခုန်နေကြသည်။ သို့သော် သူ့ကိုင်းတံကိုတော့ လာမဆွဲကြသေး။ ကမ်းစပ်ကို ကပ်လာသော ငါးသေးသေးလေးများသာ တစ်ကောင်ပြီး တစ်ကောင်ရနေခဲ့သည်။ သားငယ်ကတော့ အကြီးအသေး မခွဲဘဲ ငါးတစ်ကောင်ရတိုင်း ပျော်ရွှင်နေသဖြင့် အသေးတွေပဲ ရသော်လည်း သူကျေနပ်ရသည်။ မိုးရွာနေသဖြင့် ညနေခင်းသည် စောစီးစွာ မှောင်စ ပြုနေပြီ။

ထိုအချိန်တွင် ကိုင်ထားသော ကိုင်းတံ အကြီးမှ ဆတ်ခနဲဆတ်ခနဲ လှုပ်ရှားမှုကို ခံစားရသဖြင့် သူ အသက်ကိုမျှင်းရှူကာ အာရုံစိုက်နေလိုက်၏။ ငါးတော့သေချာသည်။ သို့သော် သွေးတိုးစမ်း နေသေးဟန်တူသည်။ ထိခနန်း ဆိတ်ခနန်းသာ ရှိသေး၏။ ငါးမျှားချိတ်ကို လာမဟပ်သေး။ သူစိတ်ရှည်ရှည်ဖြင့် စောင့်နေလိုက်၏။ ဒီလိုအချိန်မှာ စိတ်ရှည်မှ ဖြစ်မှာကို သူသိသည်။ သူ့ဘက်က မလှုပ်ဘဲ ငြိမ်နေလိုက်တာကြောင့် ရေထဲမှ ငါးက ငါးစာကို သဘာဝအစာ မှတ်ကာ ဆွဲဟပ်လိုက်သည်။ တင်းခနဲ ဖြစ်သွားသော ငါးမျှားကြိုးကြောင့် ဒီငါး အကောင်ကြီးနိင်သည်ကို တွက်မိ၏။

ငါးမျှားချိတ် ချိတ်မိသွားသဖြင့် ငါးက အတင်းရုန်းကန်နေတာကြောင့် ငါးမောအောင် သူအလိုက်သင့် လျှော့ပေးလိုက်သည်။ သူဆွဲကိုယ်ဆွဲ ဆိုလျင် ကြိုးပြတ်သွားနိင်သည်။ သူ့ ကိုင်းတံက သာမန်ဝါးချောင်းသာ ဖြစ်တာကြောင့် ကြိုးကို အလျော့အတင်း လုပ်စရာ ဘီးလုံးမပါပေ။ ထို့ကြောင့် သူ ထိုင်ရာမှ ခပ်မြန်မြန်ထကာ ကိုင်းတံကို ကိုင်ထားရင်း ရှေ့သို့ လိုက်တိုးပေးရသည်။ ငါးကလည်း နောက်ကို လှည့်ကာ အားအင်ကုန်သုံး၍ ရုန်းကန်နေ၏။ ဒီငါးမိဖို့ အရေးကြီးသည်။ အကောင်ကြီးနိင်တာကြောင့် အိမ်ပြန်မျက်နာပန်းလှသလို ဟင်းစား တစ်နှပ် နှစ်နှပ်စာလောက် လည်း ဖူလုံသွားနိင်သည်။

“ ဖေဖေ ငါးကြီးမိပြီကွ... ဟေးး ဖေဖေငါးကြီးမိပြီ ”

ကန်စပ်အထိသူဆင်းသွားတာကြောင့် သားငယ်က သဘောပေါက်ပြီး ပျော်ရွှင်နေသည်။ သားငယ်၏ ဝမ်းသာ တက်ကြွသံ ကြားသဖြင့် ဒီငါးကို မရ ရအောင် ဖမ်းရတော့မည်ဆိုတာ သူ သဘောပေါက်သည်။ ငါးကလည်း သေဘေးကြောင့် အတင်းရုန်းကန်နေ၏။ ကြိုးပြတ်သွားမှာ စိုးတာကြောင့် ငါးခေါ်ရာ နောက်ကို သူလိုက်နေရသည်မှာ ရေထဲသို့ ဒူးတဝက်ပင် မြုပ်နေပြီ။ သူ့အာရုံတစ်ခုလုံး ဒီငါးရဖို့ပဲ အာရုံစိုက်ထားသည်။ ဒါဟာ ငါးတကောင်ထက် ပိုသည်။ သူ့သားရဲ့ ယုံကြည်မျှော်လင့်ချက်ကို အပျက်စီးမခံနိင်။ ကိုယ့်ဘက်ကို နဲနဲ ပြန်ဆွဲလိုက် ငါးရုန်းတာကို လျှော့ပေးလိုက်ဖြင့် ငါးမောအောင် သူကြိုးစားနေသည်။ အကောင်ကြီးသည့် ငါးဖြစ်တာကြောင့် ခုထိ မမောသေးတာ ဖြစ်မည်။

သူစိတ်ရှည်ရှည်ပဲ ရေကန်ထဲသို့ တရွေ့ရွေ့တိုးရင်း ငါးဆွဲရာ နောက်ကို လိုက်နေရသည်။ မကြာခင်မှာ ဒီငါး ရုန်းရတာ မောသွားတော့မည်။ ထိုအချိန်ရောက်မှ တဖြေးဖြေး ဆွဲတင်လိုက်ရင် ထိုငါးကြီး ကုန်းပေါ် ရောက်လာမည်။ ရေအနက်က သူ့ပေါင်ရင်းလောက် အထိ ရောက်နေသော်လည်း ငါးက ရုန်းကန်နေတုန်းပဲ ဖြစ်သည်။ ကြာလျင် သူပါရေထဲ မြုပ်သွားနိင်တာကြောင့် စွန့်စားသည့် အနေဖြင့် ကိုင်းတံကို မလျော့မတင်းဆုပ်ကိုင်ကာ သူ့ဘက်ကို ကြိုးနဲနဲ ပြန်ဆွဲလိုက်သည်။
ငါးမောသွားပြီ ထင်၏။ သူပြန်ဆွဲခေါ်ရာ လိုက်လာသည်။ သူ့စိတ်အာရုံတစ်ခုလုံး ကိုင်းတံပေါ်မှာ တည်မှီနေသည်။ သတိထားပြီး ဖြေးညင်းစွာ မသိမသာ ဆွဲနေလိုက်၏။ ထိုအချိန်မှာပဲ ငါးက ဖြုန်းခနဲ အတင်းရုန်းကာ လှည့်ပြေးသည်။ သူ့ဘက်ကို အဆွဲနှင့် ငါးရဲ့ ရုန်းကန်မှုကြောင့် သူ့လက်ထဲက ကိုင်းတံ တင်းခနဲဖြစ်သွားသဖြင့် ကိုင်းတံကို လွှတ်ပေးလိုက်မိ၏။ ထို့နောက် ချက်ချင်းပဲ လွတ်သွားသော ကိုင်းတံကို လှမ်းဆွဲဖို့ ရှေ့ကို အလောတကြီး တိုးလိုက်စဉ် သူ့ခြေဖဝါးတွင် ပူခနဲ ဖြစ်သွားသည်။ အကောင်တခုခု ကိုက်တာလား တခုခုစူးမိတာလား မသိပေမယ့် သူ့ခြေဖဝါးတွင် နာကျင်သွားသည်။

သို့သော် ဘာဖြစ်တာလဲဆိုသည်ကို လောလောဆယ် သတိမထားနိင် လွတ်ထွက်သွားသော ကိုင်းတံကိုသာ ရအောင် လှမ်းဆွဲလိုက်သည်။ ဆွဲယူလိုက်သော ကိုင်းတံက သူ့လက်ထဲကို ပေါ့ပါးစွာ ပါလာသည်။ သူ့ရင်ထဲ ဟာခနဲ ဖြစ်သွား၏။ ကိုင်းတံကို တဖြည်းဖြည်း ဆွဲမလိုက်သည်။ ငါးမျှားကြိုးပြတ်စလေးက လေထဲတွင် တန်းလန်းလွှဲနေသည်။ ငါးတစ်ကောင်နှင့် အားပြိုင်မှုတွင် သူရှုံးသွားခဲ့ရပြီ။

ရင်ထဲတွင် လစ်ဟာသွားသော်လည်း သူ့မျက်နာကို ခပ်ပြုံးပြုံးလုပ်ကာ သားငယ်ဘက်လှည့်လိုက်သည်။

“ ကြိုးပြတ်သွားတယ် သားရဲ့ နောက်တကောင် ထပ်ဖမ်းမယ်ကွာ ဒီတခါ ပိုကြီးတာ ဖမ်းပေးမယ်။”

သားငယ်ကို အာရုံပြောင်းစေရန် ပြောပြီး သူကမ်းပေါ်တက်လာသည်။ သားငယ်ကတော့ ငါးမျှားကြိုးပြတ်စ လေးကိုသာ ငေးကြည့်နေ၏။ မြေကြီးပေါ် ခြေအချမှာပဲ သူ့ခြေထောက် မခံနိင်အောင် နာကျင်သွားသဖြင့် ငုံ့ကြည့် လိုက်သည့်အခါ ညာဘက်ခြေဖဝါးမှ သွေးများ ထွက်နေသည်ကို တွေ့လိုက်၏။ မြေပြင်ပေါ်ထိုင်ပြီး ခြေဖဝါးကို လှန်ကြည့်မှ ခြေဖဝါးတွင် ပြတ်ရှရာကြီးကို တွေ့ရသည်။ ရွာနေသော မိုးနှင့်အပြိုင် သွေးများ ဒလဟော ထွက်လာ၏။

“ ဖေဖေ သွေးတွေ... ဖေဖေ ဘာဖြစ်တာလဲ ”

သားငယ်က ပြောရင်း သူ့အနားကို ရောက်လာသည်။ ခြေဖဝါးမှ မခံမရပ်နိင်အောင် နာကျင်လာသဖြင့် ဒဏ်ရာ ဘေးနားကို လက်ဖြင့်ခပ်တင်းတင်း ဖိထားလိုက်၏။ သွေးများက မနားတမ်း ထွက်နေခဲ့သည်။ ရေကန်ထဲမှ သံပြားပြတ်စ တခုခုကို နင်းမိခဲ့တာ ဖြစ်မည်။ ဘီအိုစီ ရေနံချက်စက်ရုံမှ တူးထားသော နှစ်ချို့ရေကန်ဖြစ်တာကြောင့် ရေထဲတွင် သံပိုက်လုံးအပြတ်များ ရေတိုင်ကီအဆွေးများ ရှိနေသည်ကို သူသိထားလျက်နှင့် ငါးဇောကြောင့် သူသတိတစ်ချက် လွတ်သွားချိန်မှာ ရှသွားခြင်းဖြစ်သည်။

“ အီးး..ဟီးး.. သွေးတွေ အများကြီးပဲ ”

မရပ်မနားထွက်လာသော သွေးများကို မြင်သဖြင့် သားငယ် ငိုလေတော့သည်။ သူနာကျင်မှု ခဏမေ့ကာ

“ သား.. မငိုနဲ့ သေးသေးလေး ရှတာကွ ဘာမှမဖြစ်ဘူး ခဏနေရင် ကောင်းသွားမှာ ”

သားငယ်က ခြေထောက်ကို ကိုင်ကြည့်ပြီး ဆက်တိုက်ထွက်နေသော သွေးများကို မြင်၍ အငိုမတိတ်တော့။ ပုဆိုးအောက်နား ပတ်လည်ကို ဆွဲဖြဲကာ ပတ်တီးအဖြစ် ဒဏ်ရာကို ခပ်တင်းတင်း စည်းနှောင်းလိုက်သည်။ သွေးထွက်လျော့သွားပေမယ့် နာကျင်မှုက ပို၍ပို၍ တိုးလာသည်။ ဒဏ်ရာက ကြီးသည့်အပြင် ရှရာကလည်း နက်မည်ထင်သည်။ သွေးထွက်များနေသဖြင့် အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ ခြေဖျားထောက်ကာ လျှောက်ရင်း ကိုင်းတံတွေကို သိမ်းလိုက်သည်။ ငါးအသေးလေးများ ထည့်ထားသော အိတ်ကို ဟကြည့်လိုက်သည်။ သိပ်တော့မနည်းလှ။ ကြော်လိုက်လျင်တော့ မိသားစု စားလောက်နိင်မည်။ ဒီညအတွက် ဟင်းတစ်နပ်စာရသဖြင့် သူ အနည်းငယ် စိတ်အေးသွားသည်။

“ အရမ်းနာနေလား ဖေဖေ ”
“ မနာပါဘူးသားရယ် ”

သူ့ခြေထောက်ကို ငုံ့ငုံ့ကြည့်ရင်း သားရဲ့ မျက်နှာ နွမ်းနွမ်းလေး ဖြစ်နေ၏။ သူ့လက်ကို တင်းတင်းဆုပ်ကိုင် ထားသော လက်ကလေး အေးစက်နေသည်။ သူနာကျင်နေမည် ထင်ပြီး သူ့မျက်နာကို ခဏခဏ မော့ကြည့်နေသော သားမျက်ဝန်းသည် မျက်ရည်စက်များကြောင့် ရွှန်းလဲ့နေ၏။ သားငယ် စိတ်မကောင်းဖြစ်မှာ စိုး၍ ခြေဖဝါးမှ တစစ်စစ်ကိုက်လာသော ဒဏ်ရာကို အားတင်းကာ ခြေဖျားထောက်ပြီး လျှောက်လာခဲ့သည်။

တကယ်တော့ သူနာကျင်နေပါသည်။ ပြတ်ရှဒဏ်ရာမှ နာကျင်ခြင်းထက်ပိုသော နာကျင်မှုသည် ရင်ထဲမှာ ဖြစ်ပေါ်နေ၏။ သားသမီးရဲ့ အားငယ်နေရခြင်းကို ကောင်းစွာ မနှစ်သိမ့်နိင်သည့် ဖခင်တစ်ယောက်၏ အဖြစ်သည် သူ့အတွက် ခြေထောက်က ဒဏ်ရာထက်ပို၍ အနာကျင်ရဆုံး ဖြစ်ပါသည်။

မှောင်ရီပျိုးနေသော မြေလမ်းလေးထက်တွင် ကလေးငယ်တစ်ယောက်ကို လက်ဆွဲပြီး ငါးမျှားတံ ပုခုံးပေါ် ထမ်းထားသော လူတစ်ယောက် တရွေ့ရွေ့ဖြင့် လျှောက်နေသည်။ လှုပ်ရမ်းနေသော အိတ်ထဲတွင်တော့ မျှော်လင့်ခြင်းများဖြင့် လဲယူထားရသော ငါးကလေးများရှိနေ၏။ ထို့ပြင် ခြေဖဝါးမှ တစ်စက်စက်ကျကျန်ရစ်သော သွေးစက်အချို့သည်လည်း မြေလမ်းလေးထက်တွင် တစ်စက်ခြင်း ကျကာ ကျန်နေခဲ့၏။ ကလေးငယ်ကတော့ သူ့အဖေ၏ ခြေထောက်က ဒဏ်ရာနှင့် မျက်နှာက နာကျင်ဟန်ကို ညှိုးငယ်နေသော မျက်ဝန်းများဖြင့် တစ်လှည့်စီ မော့ကြည့်နေလေသည်။

။..................................................................................................။

( ရန်ကုန်သန်လျင် တံတားအဆင်း ညာဘက်အခြမ်းတွင် ထိုရေကန်ကြီးများရှိသည်။)

**Posted by မြစ်ကျိုးအင်း **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)