(2 Americans among 19 dead as Everest flightseeing plane crashes in Nepal )
**နီပေါနိုင်ငံတွင် လေယာဉ်ပျက်ကျ၊လိုက်ပါလာသူ ၁၉ ဦးစလုံး သေဆုံး**
(ခတ္တမန္ဒူ၊ စက်တင်ဘာ ၂၅)
နီပေါနိုင်ငံတွင် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက ကမ္ဘာလှည့်ခရီးသည် လေယာဉ်တစ်စင်း ပျက်ကျရာ လိုက်ပါလာသူ ခရီးသည်နှင့် အမှုထမ်း ၁၉ ဦးစလုံးသေဆုံးခဲ့သည်ဟု ရဲဌာနက ပြောကြားသည်။ ထိုနိုင်ငံခြားသား ခရီးသည်များ တင်ဆောင်လာသော လေယာဉ်ငယ်သည် ဧ၀ရတ်တောင် အလည်အပတ်ခရီးမှ အပြန် လာမာတာကောဒန်နယ်ဘက်ရှိ ဘာလီတီပါရွာအနီး၌ ပျက်ကျခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသားနှင့် ဥရောပဘက်မှ ခရီးသည် ၁၆ ဦးနှင့် လေယာဉ်အမှုအထမ်း နီပေါအမျိုးသားသုံးဦး လေယာဉ်ပေါ် လိုက်ခဲ့ကြောင်း သိရသည်။
လေယာဉ်ပျက်ကျသည့် နေရာသို့ ကယ်ဆယ်ရေးအဖွဲ့ ရောက်သွားချိန်တွင် တစ်ဦးသာ အသက်ရှင်လျက်တွေ့ရှိပြီး သေလုမြောပါး အခြေအနေကြောင့် ဆေးရုံသို့ အရေးပေါ်တင်ပို့ပြီး ကုသမှုပြုလုပ်နေစဉ် ၄င်းပဂ္ဂိုလ်လည်း သေဆုံးသွားခဲ့သည်။ (အင်တာနက်)

**တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ကျောက်မီးသွေးမိုင်းတွင်းပြိုကျ၊ ငါးဦးသေဆုံး**
(ကူမင်း၊ စက်တင်ဘာ ၂၅)
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ကျောက်မီးသွေး မိုင်းတွင်းတစ်တွင်း၌ ဥမင်ပြိုကျဖြစ်ပွားရာ ငါးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသဆိုင်ရာ အစိုးရက စက်တင်ဘာ ၂၅ ရက်၌ အတည်ပြုပြောကြားသည်။ ယင်းမိုင်းတွင်းဥမင်မှာ စက်တင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၁၉ မိနစ်က ပြိုကျခဲ့ခြင်းဖြစ်သည်။ ကျင်လင်းခရိုင်း ချီကျင်းမြို့တွင် ရုံစိုက်သည့်ယူနန်ကျောက်မီးသွေး ဓာတုဗေဒ စက်မှုလုပ်ငန်းအစုရှင် ကုမ္ပဏီလီမီတက်မှ ယန်ဝေအဖွဲ့ပိုင် ကျောက်မီးသွေးမိုင်းတွင်းဖြစ်သည်။ မြေအောက်၌ပိတ်မိနေသူ မိုင်းလုပ်သမားခုနှစ်ဦး ရှိနေသေးကြောင်း မိုင်းတွင်းပြိုကျချိန်၌ ထွက်ပြေးလွတ်မြောက်ခဲ့သူ ၁၆ ဦးရှိကြောင်း ကွီလင်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ (အင်တာနက်)
**မူးယစ်ဆေးဝါးမှောင်ခို ရေငုပ်သင်္ဘော ကိုလံဘီယာရဲများ ဖမ်းဆီးရမိ**
(ဗြူနာဗန်တူရာ စက်တင်ဘာ ၂၅)
ကိုလံဘီယာနိုင်ငံ ရဲတပ်ဖွဲ့များသည် မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးနေသည့် ဖားစ်သူပုန်များပိုင်ရေငုပ်သင်္ဘောတစ်စင်းကို မူးယစ်ဆေးဝါးများ ခုနစ်တန်ကျော် နှင့်အတူ စက်တင်ဘာ ၂၅ ရက်က လက်ရဖမ်းဆီးနိုင်ခဲ့သည်။ ခေတ်မီစက်ကိရိယာနှင့် စနစ်များ တပ်ဆင်ထားသည့် ၁၆ မီတာရှည်သည့် ယင်းရေငုပ်သင်္ဘောကို ပစိဖိတ်ဆိပ်ကမ်းမြို့ဗြူနာဗန်တူရာ အနီး၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ယခု ရငုပ်သင်္ဘောမှာ ပထမဆုံးအကြိမ် မူးယစ်မှောင်ခို ကူးသန်းသည့် ခရီးစဉ်တွင် ဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်း၊ အလယ် အမေရိကန်ဒေသသို့ မှောင်ခိုကုန်ကူးရန် သွာရောက်သည်မှာ ဖြစ်နိုင်ကြောင်း ရဲဝန်ထမ်းများက ပြောကြားသည်။ (အင်တာနက်)
**ရှန်ဟိုင်းနှင့် အမေရိကန်နိုင်ငံ ပထမဆုံး ကုန်တင်လေကြောင်းလိုင်း ဖွင့်လှစ်**
(စိန့်လူဝီ၊ စက်တင်ဘာ ၂၅)
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ထွက်ခွာသည့် ပထမဆုံး တရုတ်ကုန်တင်လေယာဉ်သည် အမေရကန်နိုင်ငံ မစ်ဆူရီပြည်နယ်စိန့်လူလမ်ဘတ် နိုင်ငံတကာလေဆိပ်သို့ စက်တင်ဘာ ၂၃ ရက်က ဆိုက်ရောက်လာရာ အဆိုပါလေဆိပ်မှ တာဝန်ရှီသူများက ကြိုဆိုခဲ့ကြသည်။ တရုတ်ကုန်တင်လေယာဉ် ဘိုးရင်း - ၇၇၇ သည် စိန့်လူဝီလမ်ဘတ် နိုင်ငံတကာလေဆိပ်သို့ စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီ ၅၅ မိနစ်တွင် ဆိုက်ရောက်လာရာ တရုတ်ပြည်မကြီး၏ ဘဏ္ဍာရေးအချက်အချာဒေသနှင့် အမေရိကန်အချက်အချာဒေသများအကြား အဆက်အသွယ် ထူထောင်လိုကသည့် လက္ခဏာဖြစ်သည်။ အဆိုပါ ကြိုဆိုပွဲ အခမ်းအနားသို့ တရုတ်ကောင်စစ်ဝန်ချုပ်ယန်၊ စိန့်လူဝီမြို့တော်ဝန် ဖရန်စစ်အပါအ၀င် နှစ်နိုင်ငံထင်ရှားသည့် ပုဂ္ဂိုလ်များတက်ရောက်ကြပြီး ဤလေကြောင်းလိုင်း ဆက်သွယ်မှုအသစ်ကြောင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမည်ဟု ယုံကြည်ကြောင်း နှစ်နိုင်ငံစလုံးက ကြေညာသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment