ငြင်းဆန်ခံလိုက်ရတဲ့ ညင်သာပျော့ပြောင်းစဲ
သံတမန်ဆံဆံ လိမ္မာ ပါးနပ်မှုများ
အကျည်းတန် သင့်မြတ်ခြင်း နဲ့ခက်ထန်မာကြော လိမ်ညာခါးသက်ခြင်းများ ဖုံးအုပ်
ကံကြမ္မာလမ်းထက်မှာ ဒဏ်ရာဝမ်းဆက်နဲ့ စက်တင်ဘာ.......။
လူသူကင်းဝေး တောခေါင်ခေါင်လို မြို့တော်မှာ
လူမဆန်တဲ့ အတ္တစိတ်များ ခမ်းနားသေးသိမ် လျို့ဝှက် ပေါက်ကြား
ခေါင်းပေါင်းဝတ် အနုတ်လက္ခဏာကို စစ်ပျားရည်နဲ့ဝမ်းချ
ဖယောင်းတိုင်နဲ့ လက်နှိပ်ဓာတ်မီးရောင်အောက်မှာ
သူယောင်မယ်များ ယမင်းရုပ်လို ဟန်ဆောင်လှပနေတယ်..။
သေတမ်းစာဖတ်နေတဲ့ ချို့တဲ့ ခြောက်သွေ့မြစ်တစ်စင်းထဲ
အမြဲမဟောင်းမဲ့ သွေးချောင်းတွေကာလ အတန်ကြာ လှုပ်ရှားစီးဝင်
နာကျင်ခြင်းကို မေ့လျော့နေတဲ့ အိပ်မွေ့ချခံ ဘ၀များ
အညစ်အကြေးတွေ ရစ်ပတ်နှောင်ဖွဲ့ မွန်းကြပ် တွေဝေနေတယ်...။

ပြာကျနေတဲ့ အမွှေးတိုင်နဲ့လဲပြိုနေခဲ့ ဘုရားပန်းအိုးများ
သခင်နဲ့ဝေးလွင့်လို့ ပင့်ကူမျှင်တွေ အိမ်ဖွဲ့နေတဲ့ ဖုံတက်ဖိုင်တွဲ ကျမ်းကန်စာအုပ်များ
သံချေးတက်နေတဲ့ သော့ခတ် အလုံပိတ်တံခါးများ
အတွေ့အကြုံနဲ့သင်ခန်းစာတွေက တစ်လှေကြီး
ဘယ်တော့မှဝေးမသွားတဲ့ ဝေဒနာ အမာရွတ်များ ကမ္ဘာ့ရွာ တခုစာ
ငါတို့ကိုယ်တိုင်က စိတ္တဇပန်းချီကားထဲ ပြေးဝင်ခိုလှုံ
အဆိုးအမှားတွေ မမြင်တဲ့ ဘုရားသခင်ကို မျက်မှန်လက်ဆောင်ပေးရဦးမယ်...။
လောင်းရိပ်မိ နှစ်ပေါင်းများစွာကို အရိပ်တကြည့်ကြည့် ကြည့်ရှုလာလို့
ဒဏ်ရာရ ပရိသတ်တွေက ပိတ်ပင်ခံထား ကစားသမား နည်းပြအဆင့် အတွေးအခေါ်များ မြင့်မားလာ
ဒီကစားကွင်းမှာ အမှန်တရားက အနီကဒ်ထိ
မကြည့်ပဲ မြင်နေရတဲ့ ပုံပျက်ပန်းပျက် အနာဂတ် ခရီး
စတင်တာထွက်ခွင့်မပေးလို့ လွတ်လပ်ခြင်းများ ငတ်မွတ်နေကြတယ်.
နေလောင်တိုက်စားသွားတဲ့ ရွှေဝါရောင်အတိတ်နေ့များခေါက်သိမ်းမထားပဲ
ရင်နာစွာ ပြန်လည်ဖြန့်ကျက်လှမ်းလိုက်ပါ ရင်ကွဲ စက်တင်ဘာ....။
**အောင်ခိုင်မြင့်**

No comments:
Post a Comment