(ယခုရေးသားထားသောစာများမှာ ဆရာအတ္တကျော်၏ အမောပြေပုံတိုပတ်စများ (၃)
မှကောက်နုတ်ချက်များဖြစ်ပါကြောင်းဦးစွာပထမဝန်ခံပါသည်။လူတိုင်းလူတိုင်း
မိမိတို့ဘဝမှာတန်ဖိုးထားတဲ့အရာတွေကိုယ်စီရှိကြမှာပါ။ ဒီစာလေးကိုဖတ်ပြီးကိုယ်တန်ဖိုးအထားဆုံးအရာက
ဘယ်ဟာဖြစ်သလဲဆိုတာ သိရှိနိုင်ကြပါစေ...)
ဖိုးဝနဲ့ မယ်ခတို့ဟာတစ်ယောက်ကိုတစ်ယောက် အသည်းပေါက်မတတ်ချစ်ကြတဲ့ချစ်သူနှစ်ဦးပါ။ တစ်နေ့မှာတော့ဘယ်လိုက ဘယ်လိုဖြစ်တယ်မသိဘူး သူတို့နှစ်ယောက်ကြားမှာ မြစ်ကြီးတစ်စင်းကခြားပြီး ချစ်သူနှစ်ဦးကကွဲနေပါလေရော။ မြစ်ကြီးကရေစီးကလည်းသန်၊ နက်ကလည်းနက်၊ ကျယ်ကလည်းကျယ်လွန်းတာမို့ လှေနဲ့မှတပါး တခြားဖြတ်ကူးစရာနည်းလမ်းကမရှိဘူး။ အဲ…ဖြစ်ချင်တော့ မယ်ခရှိတဲ့ဘက်ခြမ်းမှာ လှေတစ်စင်းကရှိနေတယ် လှေသမားနာမည်က မောင်ပွားတဲ့..။
မောင်ပွားကဖိုးဝနဲ့မယ်ခတို့နှစ်ယောက်ရဲ့ဇာတ်လမ်းကို အတွင်းသိ အစင်းသိ သိတဲ့လူ။ သူတို့နှစ်ယောက်ဟာတကယ့် ကိန္နရီမောင်နှံလို တစ်ညဝေးရုံနဲ့ နှစ်ပေါင်းခုနှစ်ရာဆွေးကြလောက်အောင် ဆွေးကြမယ့်သူတွေဆိုတာကို သိနေတဲ့မောင်ပွားပါ။
မယ်ခကသူ့ကို ဟိုဘက်ကမ်းပို့ပေးဖို့ပြောတော့ မောင်ပွားကဘယ်နှယ့်ပြောတယ်မှတ်လဲ။ ငွေနှစ်ထောင်ရမှပို့နိုင်မယ်တဲ့။ ဈေးမှန်ကသည်ခရီးနဲ့သည်ခရီး အလွန်ဆုံးရှိလှမှတစ်ထောင်လောက်တန်တာ။ အဲဒါကိုပုံမှန်ထက် နှစ်ဆတောင်းချလိုက်တယ်။ မယ်ခမှာပိုက်ဆံကတစ်ပြားဆိုတစ်ပြားမှ မရှိဘူး။ ဖိုးဝရှိရာကိုလည်းသွားချင်လှပြီ ဖိုးဝကိုလွမ်း လည်းလွမ်းလှပြီ။လွမ်းတဲ့စိတ်နဲ့တင် ရင်ကွဲနာကျနေရတာများ အသက်တောင် ထွက်တော့မတတ်။
ဒီနေရာမှာဇာတ်ကောင်တစ်ကောင်ကထပ်ပေါ်လာတယ်။ အဲဒါက ကိုရွှေရ။ ကိုရွှေရကမယ်ခဖြစ်အင်ကိုမြင်တယ်။ ဒီအခါမှာမယ်ခရယ် နင်လိုတဲ့ပိုက်ဆံနှစ်ထောင် ငါပေးပါ့မယ်ဟာ ငါနဲ့ခဏလိုက်အိပ်ပါလို့ပြောလိုက်တယ်။ မယ်ခမှာရင်ကွဲနာနဲ့သေမတက်ဖြစ်နေတဲ့ အတူတူ ကိုရွှေရရဲ့အလိုကိုလိုက်ပြီး ပိုက်ဆံနှစ်ထောင်ကို ယူလိုက်တယ်။ ပိုက်ဆံရတာနဲ့ တစ်ချိုးတည်း လှေသမားမောင်ပွားလက်ထဲထည့်ပြီး တစ်ဖက်ကမ်းကိုပျော်ရွှင်စွာ ကူးသွားတယ်။ ဟိုဖက်ကမ်းရောက်တော့ သူ့ချစ်သူဖိုးဝနဲ့ ရွှေလက်တွဲပြီး ပျော်ပွဲဝင်တယ်။
အမှန်ကပုံပြင်က ဒီနားတင်အဆုံးသတ်ရမှာ မဟုတ်ဘူးလား ချစ်သူနှစ်ဦးပျော်ရွှင်စွာညားကြလေသတည်းဆိုတာမျိုးနဲ့ဆုံးရ မှာလေ။ ဒါပေမယ့်မဆုံးသေးဘူးခင်ဗျ။ ဖိုးဆွေဆိုတဲ့ဇာတ်လိုက်တစ်ယောက်က တစ်နေ့မှာပေါ်လာတယ်။ ဖိုးဆွေဆိုတာ ဖိုးဝရဲ့ ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်တဲ့အပြင် ရွှေရနဲ့လည်းအတွင်းသိ အစင်းသိ။ ဖိုးဆွေက ကိုရွှေရနဲ့ မယ်ခ အဖြစ်ကိုသိလည်းသွားရော တစ်ခါတည်း ဖိုးဝဆီပြေးလာပြီး အကြောင်စုံကိုပြောချလိုက်ပါလေရောလား။
ဖိုးဝလည်း မယ်ခကိုချက်ချင်းခေါ်ပြီး သူနဲ့မယ်ခတို့ရဲ့ဇာတ်လမ်းဟာ ညောင်ညိုပင်စခန်းစီကိုရောက်ခဲ့ပြီမို့ လမ်းခွဲစကားကို တစ်ခါတည်းဆိုတယ်။ မယ်ခမျက်နှာလည်းမကြည့်ချင်တော့ဘူး အသံကိုလည်းမကြားချင်တော့ဘူး အို…မယ်ခဆိုတဲ့အရိပ် ကိုတောင် မမြင်ချင်တော့ဘူး။
ဇာတ်လမ်းကအဲဒီမှာဆုံးပါပြီ
ချစ်လှစွာသောစာဖတ်သူလူကြီးမင်းများခင်ဗျား။ ဆရာတို့လုပ်ကြရမယ့် အလုပ်လေးက ဒီပုံပြင်နောက်မှာကပ်ပါနေပါတယ်။
အဲဒါကတော့ ဖိုးဝရယ်၊ မယ်ခရယ်၊ မောင်ပွားရယ်၊ ကိုရွှေရရယ်၊ ဖိုးဆွေရယ်ဆိုတဲ့ လူ၅ယောက်ကိုအဆင့်သတ်မှတ်ပေးဖို့ ပါပဲ။ ဘယ်သူကအကောင်းဆုံး ဘယ်သူကအဆိုးဆုံးဆိုတာ သတ်မှတ်ပေးတော်မူကြပါနော်။ အကောင်းဆုံးလူကို နံပါတ်တစ်ပေါ့ဗျာ။ အဆိုးဆုံးလူကိုနံပါတ်ငါးပေါ့။ ကိုယ်စိတ်ထဲမှာ တစ်စက်ကလေးမှ မကြိုက်မိတဲ့သူလဲပါမှာပါ။ ဒါပေမယ့်ဘယ်သူ့ကိုမှ ချန်မထားခဲ့ပါနဲ့။ ၁၂၃၄၅ အားလုံးကို အဆင့်သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ စာအုပ်ပါရင်စာအုပ်မှာချရေးကြည့်လိုက်ပေါ့နော်..ဒါကိုမဖြည့်သေးဘဲနဲ့ အဖြေကိုကျော်ဖတ်လိုက်မယ်ဆိုရင် ကျွန်တော်ပြောချင်တာကို စာဖတ်သူလူကြီးမင်းတို့ ဘယ်လိုမှရနိုင်မှာမဟုတ်တော့ဘူး
ပြီးပြီဆိုရင်အဖြေကို အောက်မှာကြည့်ရှုနိုင်ပါပြီ
သည်လူငါးယောက်အပေါ် စာဖတ်သူလူကြီးမင်းများရဲ့ အဆင့်သတ်မှတ်ချက်ဟာ ဘဝမှာလူကြီးမင်းတို့ ဘာတွေကို တန်ဖိုးအထားဆုံးလဲ ဆိုတာကိုဖော်ပြလို့နေပါတယ်ခင်ဗျား။ နံပါတ်တစ်က လူကြီးမင်းတန်ဖိုးအထားဆုံး အရာဖြစ်ပြီး နံပါတ်ငါးကတော့ လူကြီးမင်း တန်ဖိုးမထားဆုံးအရာပေါ့ခင်ဗျာ။
ဖိုးဝက “လူ့ကျင့်ဝတ်” ကိုကိုယ်စားပြုပါတယ်။
မယ်ခက “အချစ်ကို ကိုယ်စားပြုပါတယ်”။
မောင်ပွားက “စီးပွားရေးပါ”။
ကိုရွှေရက “ရမ္မက်” ပါ။
ဖိုးဆွေက “မိတ်ဆွေ” ပါ ခင်ဗျား။
ဘယ်နှယ်တုန်းစာဖတ်သူလူကြီးမင်း။ ဘဝမှာကိုယ်တန်ဖိုးအထားဆုံး အရာတွေကိုမြင်ရပြီ မဟုတ်ပါလားခင်ဗျာ။
--
thuzar kyaw
/span>

No comments:
Post a Comment