တစ်ခါတုန်းက ဘုရင်တပါးဟာ သူ့ရဲ့မူးမတ်ပညာရှိတွေကိုခေါ်ပြီး အခြေအနေအမျိုးမျိုး၊ အချိန်အခါအမျိုးမျိုးနဲ့ နေရာအမျိုမျိုးတိုင်းမှာ အမြဲတမ်းမှန်ကန်နေမယ့် စာသား ဒါမှမဟုတ် ဆောင်ပုဒ် ရှိသလားလို့မေးမြန်းပါတယ်။ ပျော်ရွှင်တဲ့အချိန်၊ ၀မ်းနည်းတဲ့အချိန်၊ အောင်မြင်တဲ့အချိန်နဲ့ ဆုံးရှုံးတဲ့အချိန်တွေအားလုံးအတွက် အမြဲမှန်ကန်နေမယ့် အဖြေကိုလိုချင်တာပါ။
ဘုရင်ကြီးရဲ့မေးခွန်းဟာ ပညာရှိအမတ်များအတွက် အလွန်ခက်ခဲတဲ့ပဟေဋ္ဌိတစ်ခုလိုဖြစ်နေပါတော့တယ်။ ပညာရှိများ ဟာစဉ်းစားတိုင်ပင်ကြရင်းနဲ့ နောက်ဆုံးအများသဘောတူတဲ့အဖြေတစ်ခုကိုရရှိသွားပါတယ်။ နောက်တစ်နေ့မှာပဲ ပညာရှိတွေဟာ အဖြေရေးထားတဲ့ စာရွက်ကလေးကို ဘုရင်ကြီးကိုဆက်သလိုက်ပါတယ်။ ဒါပေမယ့် ပညာရှိများက ဘုရင်ကြီးလိုက်နာရမယ့် စည်းကမ်းတစ်ချက်ကိုတော့ သတ်မှတ်ထားကြပါတယ်။
ဘုရင်ကြီးလိုက်နာရတဲ့ စည်းကမ်းကတော့ စာကို အလွန်ကြီးမားတဲ့ ဘေးအန္တရာယ်ကြုံတွေ့ရလို့ ကျော်လွန်စရာ အခြားနည်းလမ်းမရှိတော့တဲ့အခြေအနေမှာမှ ဖွင့်ကြည့်ရပါမယ်။ အဲဒါကြောင့် ဘုရင်ကြီးဟာ စာကို မဖတ်သေးပဲသူ့စိန်လက်စွပ်ရဲ့အံဝှက်ထဲမှာထည့်ပြီးသိမ်းထားလိုက်ပါတယ်။
များမကြာမီအချိန်မှာ ဘုရင်ကြီးရဲ့တိုင်းပြည်ကို အိမ်နီးချင်းနိုင်ငံတွေကလာရောက်ပြီးတိုက်ခိုက်ကြပါတယ်။ ဘုရင်ကြီးနဲ့သူ့ရဲ့တပ်များက ရွပ်ရွပ်ချွံချွံခုခံပေမယ့် စစ်ရှုံးပြီး ဆုတ်ခွာထွက်ပြေးရပါတယ်။ ရန်သူတပ်တွေဟာ မြင်းစီးပြီးထွက်ပြေးတဲ့ဘုရင်ကြီးနောက်ကို ထပ်ကြပ်မကွာလိုက်ရာမှာ တဖြည်းဖြည်းနဲ့ မီလုမီခင်ဖြစ်လာပါတယ်။ နောက်ဆုံးပြေးရင်းပြေးရင်းနဲ့ဘုရင်ကြီးဟာဘယ်ကိုမှဆက်ပြေးလို့ မရတော့တဲ့ တောင်ကြားထဲကလမ်းဆုံးကိုရောက်သွားပါတော့တယ်။ နံဘေးကိုကြည့်တော့လဲ ပေတစ်ထောင်လောက်နက်တဲ့ လျိုမြောင်ကမ်းပါးတွေက ၀န်းရံနေပါတယ်။ ဆက်သွားရင်ချောက်ထဲကျမှာဖြစ်ပြီး နောက်ပြန်ဆုတ်ဖို့ကလည်း လမ်းက ကျဉ်းမြောင်းတဲ့အပြင် အနောက်ကလိုက်လာတဲ့ ရန်သူ့မြင်းခွာသံတွေက တဖြည်းဖြည်းနီးလာပါတယ်။ လွတ်လမ်းမရှိတော့တဲ့ အတွက်ဘုရင်ကြီးဟာ တုန်လှုပ်ခြောက်ခြားလာပါတယ်။ အဲဒီအချိန်မှာ သူဝတ်ဆင်ထားတဲ့ စိန်လက်စွပ်ဟာ နေရောင်ကြောင့် လက်ကနဲဖြစ်သွားကိုသတိထားမိလိုက်ပြီး လက်စွပ်ထဲမှာ စာထည့်ထားတာကို သတိရသွားတာနဲ့ချက်ချင်းပဲ လက်စွပ်ထဲက စာကိုဖွင့်ဖတ်ကြည့်လိုက်ပါတယ်။ သူတွေ့လိုက်ရတာကတော့ “ကျော်လွန်သွားပေဦးမည်” လို့ရေးထားတာပါပဲ။ `
ဘုရင်ကြီးဟာ အဲဒီစာသားလေးကို အခေါက်ခေါက်အခါခါ ဖတ်ကြည့်နေရင်းနဲ့ “အင်း ဟုတ်တာပဲ အခုငါတွေ့ကြုံနေရတဲ့ အကျပ်အတည်းဟာ မကြာခင်မှာပဲပြီးဆုံးသွားဦးမှာပဲ” “မကြာသေးခင်ကပဲ ငါဟာ မင်းစည်းစိမ်အပြည့်နဲ့နေခဲ့ရတယ်၊ ပြီးတော့ ငါ့တိုင်းပြည်ဟာ အင်အားအတောင့်တင်းဆုံးဖြစ်ခဲ့တယ်၊ ဒါပေမယ့် ဒီနေ့မှာတော့ တိုင်းပြည်ကြီးနဲ့ မင်းစည်းစိမ်တွေအကုန်လုံးကိုဆုံးရှုံးလိုက်ရပြီး ရန်သူတွေလက်ထဲကနေ အသက်လုပြီးပြေးနေရတယ်။ စည်းစိမ်အပြည့်နဲ့နေ့တွေ ကုန်ဆုံးသွားခဲ့သလို အန္တရာယ်အပြည့်နဲ့ နေ့ရက်တွေဟာလဲမကြာခင်ကုန်သွားဦးမှာပဲ” လို့တွေးမိပြီး တဖြည်းဖြည်းနဲ့ စိတ်တည်ငြိမ်အေးချမ်းလာပါတယ်။ သူဟာစဉ်းစားနေရင်း သူရောက်နေတဲ့နေရာလေးက သဘာဝအလှအပရှုခင်းတွေဟာ အလွန်သာယာလှပတာကိုသတိထားမိပြီး သူ့တိုင်းပြည်ထဲမှာ ဒီလိုလှပတဲ့နေရာရှိတာပဲလို့တွေးမိပြီး ရှုခင်းကိုခံစားနေပါတယ်။
လက်စွပ်ထဲက စာသားလေးက အကျိုးသက်ရောက်မှုတော်တော်ရှိပါတယ်။ ဘုရင်ကြီးဟာ သက်တောင့်သက်သာဖြစ်လာပြီး သူ့နောက်မှာ ရန်သူများလိုက်နေတာကိုတောင် မေ့သွားပါတယ်။ မကြာခင်မှာ ရန်သူများရဲ့မြင်းခွာသံများက တဖြည်းဖြည်းနဲ့ဝေးကွာသွားပြီး သူနဲ့ဝေးရာ တောင်များဘက်ဆီကိုထွက်သွားပါတယ်။
ဘုရင်ကြီးဟာ ရဲဝံ့တဲ့သူတစ်ဦးဖြစ်တာနဲ့အလျောက် သူ့ရဲ့တပ်ကိုပြန်လည်ဖွဲ့စည်းပြီး ရန်သူတွေကိုပြန်လည်တိုက်ခိုက်ပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ရန်သူ့တပ်တွေကို အောင်နိုင်ပြီး သူရဲ့တိုင်းပြည်ကိုပြန်လည်ရရှိပါတော့တယ်။ အောင်ပွဲနဲ့အတူပြန်လာတဲ့ဘုရင်ကြီးကို တိုင်းသူပြည်သားများက သောင်းသောင်းဖျဖျနဲ့ အိမ်တိုင်း၊ လမ်းတိုင်း၊ နေရာတိုင်းက ဘုရင်ကြီးပေါ်ကို ပန်းတွေကြဲပြီးကြိုဆိုကြပါတယ်။ မြို့တော်တစ်ခုလုံးမှာလဲ ဘုရင်ကြီးရဲ့အောင်ပွဲအတွက် ပျော်ပွဲရွှင်ပွဲတွေကို ကျင်းပပြီး အောင်ပွဲခံကြပါတယ်။ တိုင်းသူပြည်သားများကလဲ ကခုန်ကြ သီချင်းဆိုကြနဲ့ ပျော်ရွှင်နေကြပါတယ်။ ဘုရင်ကြီးဟာ သူရဲ့အောင်ပွဲတွေ၊ ပြည်သူတွေရဲ့ ကြိုဆိုမှုတွေကိုကြည့်ပြီး မာနထောင်လွှားစိတ်ဖြစ်လာပြီး “ ငါဟာ အရဲရင့်ဆုံးနဲ့ အကြီးမြတ်ဆုံးဘုရင်တစ်ယောက်ဖြစ်တယ်” လို့ကြုံးဝါးလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ သူ့ရဲ့စိန်လက်စွပ်ဟာနေရောင်ကြောင့် လက်သွားပြီး သူ့ကို သတိပေးလိုက်သလိုဖြစ်သွားတဲ့အတွက် စာကိုထုတ်ပြီးဖတ်ကြည့်ပြန်ပါတယ်။
“ကျော်လွန်သွားပေဦးမည်”
စာကိုဖတ်လိုက်ပြီး ဘုရင်ကြီးဟာ ချက်ချင်းနှုတ်ဆိတ်သွားပါတယ်။ သူရဲ့ မျက်နှာအမူအရာဟာလဲ မာနထောင်လွှားခြင်း ကနေချက်ချင်း နှိမ့်ချခြင်းအသွင်ကိုပြောင်းလဲသွားပါတယ်။
ဒီအချိန်ခဏလေးဟာ ကုန်လွန်သွားမှာဖြစ်တဲ့အတွက် ဒါဟာ သင်ပိုင်ဆိုင်တဲ့အရာ မဟုတ်ပါဘူး။ သင့်ရဲ့ဆုံးရှုံးခြင်းနဲ့ အောင်မြင်ခြင်းများကိုလဲ သင်မပိုင်ဆိုင်ပါဘူး။ အရာအားလုံးဟာ အမြဲပြောင်းလဲနေပြီး သင်ဟာဘေးမှ ကြည့်ရှုနေသူ ပရိသတ်တစ်ယောက်သာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ ဒီပြောင်းလဲကုန်လွန်ခြင်းများအတွက် သက်သေခံများသာဖြစ်ကြပါတယ်။ အသက်တာတွေဟာ လာပြီးတော့ ပြန်သွားကြပါတယ်။ ၀မ်းသာပျော်ရွှင်ခြင်းများလဲ လာပြီးတော့ပြန်သွားကြပါတယ်။ ကြေကွဲဝမ်းနည်းရခြင်းတွေလဲ လာရောက်ပြီး ပြန်ထွက်သွားကြပါတယ်။
ယခုသင် ဒီဇာတ်လမ်းလေးကိုဖတ်ပြီးသွားတဲ့အခါမှာ၊ တိတ်ဆိတ်စွာထိုင်ပြီး မိမိအသက်တာကို ပြန်ပြီးသုံးသပ်ကြည့်ပါ။ သင့်ရဲ့အောင်မြင်ခဲ့တဲ့အချိန်များနဲ့ ပျော်ရွှင်ခဲ့တဲ့အချိန်တွေကို ပြန်ပြီးစဉ်းစားကြည့်ပါ။ သင့်ရဲ့ ရှုံးနိမ့်ခဲ့ရတဲ့အချိန်တွေနဲ့ ကြေကွဲဝမ်းနည်းခဲ့ရတဲ့အချိန်တွေကို ပြန်စဉ်းစားကြည့်ပါ။ အဲဒီအချိန်တွေက အမြဲတမ်းတည်မြဲနေတာလား။ အဖြေကတော့ “အရာအားလုံးဟာ ကုန်ဆုံးကျော်လွန်သွားကြပါတယ်။”
ဘ၀အသက်တာတွေဆိုတာဟာ အမြဲတမ်းပြောင်းလဲနေပါတယ်။ ဒီလောကကြီးမှာ ဘယ်အရာမှမတည်မြဲပါဘူး။ ပြောင်းလဲခြင်းဆိုတဲ့နိယာမသဘောတရားတစ်ခုကလွဲလို့ အရာအားလုံးဟာပြောင်းလဲနေပါတယ်။ ဒီအကြောင်းတွေကို သင့်ရဲ့ရှုထောင့်ကမြင်ကြည့်လျှင်သင်ဟာ ပြောင်းလဲမှုများကို မြင်တွေ့ပြီးဖြစ်ပါမယ်။ သင်ဟာ အခက်အခဲအတားအဆီးတွေ၊ ဆုံးရှုံးမှုတွေနဲ့ ၀မ်းနည်းမှုတွေ အားလုံးကိုကျော်လွန်ပြီး ဆက်လက်ရှင်သန်နေတာဖြစ်ပါတယ်။ အားလုံးဟာပြီးဆုံးသွားခဲ့ပါပြီ။ အခုတွေ့ကြုံနေရတဲ့ အခက်အခဲ၊ ပြဿနာတွေဟာလဲ မကြာခင်ကျော်လွန်ပြီးဆုံးသွားဦးမှာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရာအားလုံးဟာ ထာဝရမတည်မြဲပါဘူး။ ပျော်ရွှင်ရခြင်းနဲ့ ၀မ်းနည်းကြေကွဲရခြင်းတွေ အားလုံးဟာ ဒင်္ဂါးတစ်ခုတည်းက ခေါင်းနဲ့ပန်းလို အမြဲယှဉ်တွဲနေပါတယ်။ အဲဒီနှစ်ခုလုံးဟာလဲ မကြာခင်ကျော်လွန်သွားဦးမှာပါပဲ။
သင်ဟာ ပြောင်းလဲခြင်းများရဲ့ သက်သေခံတစ်ဦးပါ။ ဒီပြောင်းလဲခြင်းတွေကို တွေ့ကြုံခံစားပါ၊ နားလည်အောင်ကြိုးစားပါ ၊ နောက်ပြီး သင့်ရဲ့ လက်ရှိပိုင်ဆိုင်တဲ့အချိန်ကိုတန်ဖိုးထား မြတ်နိုးပါ။ ဘာကြောင့်လဲဆိုတော့ ဒီအခိုက်အတန့် အချိန်ကလေးဟာလဲ ကျော်လွန်သွားဦးမှာ ဖြစ်လို့ပါပဲ။
(“This too shall pass” article အားဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။)
ကြိုးစားနေဦးမည့်
telos.purple@gmail.com

No comments:
Post a Comment