**မျောက်ခေါင်းကြီး (Monkey Editor’s Note)**
လုပ်သားမျောက်ထုလစဉ်သတင်းစာ၏ မူဝါဒများ၊ မဒမတိုင် (Backbone) များအား နောက်များမှ ၀ါးတားတား ချမှတ်ပါမည်။ ရေးချင်ရာရေးပြီးသော် မူဝါဒတစ်ရပ် တဖြည်းဖြည်းနှင့်အလိုလို ပေါ်ထွက်လာလိမ့်မည်ဟု ကျွန်ုပ် မြေကြီးခေါင်းစိုက်မလွဲ ယုံကြည်ယူဆသည်။ မပြောင်းလဲနိုင်သော အခြေခံသဘောတရားမှာ လုပ်သားမျောက်ထုလစဉ်သည် အခြေခံမျောက်တန်းစား၊ မျောက်ထုကြီးဘက်မှသာ ရပ်တည်မည် ဖြစ်သည်။ သို့မှသာ ရောင်းအားလည်း တက်မည် မဟုတ်ပါလား။ ယခုအခါ အယ်ဒီတာအလုပ်မှ ပြာတာအလုပ်အထိ ကျွန်ုပ်တစ်ကောင်ထဲ တာဝန်ယူသောက်စားမူးလဲ နေရသောကြောင့် အချိန်နှင့်တစ်ပြေးညီ လစဉ်သာ ထွက်ရှိနိုင်မည်ဖြစ်သည်။ `အလုပ်သင်,သတင်းမျောက်´ (Apprentice Monkey) [အရာမျောက်အောင် အင်္ဂလိပ်လိုလေးပါ အဘိဓာန်ထဲက တပင်တပန်းရှာပြီး ထည့်ထားတာ၊ အမှန်က ဇာတ်ကြောဖြေခိုင်းမလို့ ] ရာထူးအတွက် ဂျနီဖှာလိုပက်ဇ်ဆန်သော မျောက်မလေးများ မဟားဒယား ဆက်သွယ်နိုင်သည်။
ဦးနှောက်ပါစရာ လုံးဝ (လုံးဝ) မလိုပါ။ နောင်အခါ ကျွန်ုပ်သတင်းစာ၏ အနာဂတ် ဦးမော့လာခဲ့သော် တစ်နာရီခြားလည်း ထွက်ချင်ထွက်လာနိုင်သည်။ အေဘီစီဒီ အစအဆုံး အလွတ်ရပြီးလျှင် အင်္ဂလိရှ်ဘာသာဖြင့်ပါ ထုတ်ဝေလိုသည်။ ကြော်ငြာရှင်များ လုံးဝ မျောက်နှာချိုလာသွေးစရာ မလို။ ပထမဦးဆုံး ထုတ်ဝေသော ပရီအိုးဓာတ်ခဲ (Periodical) [သတိ။ Period နှင့် မရွေးထွေးစေချင်] ဖြစ်သဖြင့် ကွာလတီသိပ်မြင့်နေလျှင် ခွင့်လွှတ်ကြစေချင်သည်။ ခြေကုပ်ရပြီးသော် မသိမသာ (သို့) သိသိသာသာ ရေသာခိုသွားပါမည်။ ကျေးဇူးတင်ပါ၏။
(စာတည်းမူးလဲ)
.........................................................................
**တေဇာ (လရောင်လမ်း)**

No comments:
Post a Comment