အာဏာရှင်တို့ရဲ့ အိပ်မက်မှာတောင်
သွေးပျက်မော်ဖူးခဲ့ရသူကျောင်းသားလေး
အခု
မဟုတ်တာလုပ်သူ့တို့ရဲ့ စိုးထိတ်ရတဲ့ ကျောင်းသားကြီး
ကျွန်တော်တို့အားလုံးရဲ့ စံပြအကိုကြီး
အာဏာရှင်ခေတ်က သူ့ကို နံရံတွေကြားပို့ထားတယ်။
လူငယ်အားလုံးက သူ့ကို အလေးပြုစံထားကြတယ်။
သူ့ရဲ့ ခွပ်ဒေါင်းသစ္စာတရားဟာ
နံရံတွေကြားကနေ ကန်လွင့်တက်လာနေစဲ..
အမေနေကောင်းလားထက်
ဘယ်သူတွေနေကောင်းလား…ဘယ်ညီအကိုတွေလွတ်ပြီလဲ မေးတတ်တဲ့
မိခင်အားလုံးတို့ရဲ့ သားကောင်း..ကျွန်တော်တို့အားလုံးရဲ့ အကို။
အလင်းခေတ်ကို
ရက်ရက်စက်စက်ထုပ်ပိုးသိမ်းဆည်းလိုက်မိတဲ့ အာဏာရှင်ဟာ
သူဆိုတဲ့ ဖီးနစ်ငှက်ကိုတော့
သံမဏိအတောင်တပ်ပေးသလိုဖြစ်ခဲ့ပြီ…
သစ္စာပျက်မိတဲ့ အာဏာရှင်ဘက်တော်သားတွေလည်း
သူဆိုတဲ့ မြွေနဂါးကိုတော့
ခါးပိုက်ပိုက်မိလျက်သားဖြစ်သွားခဲ့ပြီ။
၈၈ မှသည် ၂၀၁၁
မတ်မတ်ရပ်ရာမြေကြီးပေါ်တိုင်းမှာ
အကိုဟာ
လွတ်လပ်ပြီးတရားမျှတမှုကိုစိုက်ပျိုးတယ်….။
ဗမာပီပီ
သစ္စာတရားကို ဗမာတွေချစ်နေသ၍
ဘယ်လိုနံရံကြားရောက်နေနေ
ဘယ်လိုအမှောင်မှာရောက်နေနေ
ငါတို့အကိုဟာ လူတန်းစေ့နေဦးမှာပါ…။
အကိုရေ ခင်ဗျားဟာ
အမှောင်ခေတ်ရဲ့ သားကောင်း
ဂန္တဝင်ခွပ်ဒေါင်းနီ
နံရံတွေ ကျည်ဆန်တွေကို ဆန်ပြီး
တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်ကျိုးစွန့်ခဲ့သူ…
မတရားသူတို့ရဲ့
အညွန့်ချိုးနံရံမှောင်မှောင်တွေကြားမှာ
လင်းထွန်းဝေဖြာနေခဲ့သူ…
သေနတ်မသုံး မာယာမလုံးခဲ့သူ ခင်ဗျားဟာ
ကျောင်းသားတစ်ယောက် သစ္စာကိုအရင်းပြုပြီး
ငြိမ်းချမ်းသောအနာဂတ်ကို အရိုးသားဆုံးပုံဖော်ခဲ့သူ…
အကိုရေ
ကျောင်းနံရံတဝိုက်မှာ
ဒေါင်းအလံတွေပြန်မစိုက်နိုင်သေးပေမယ့်
အကို့နာမည်ဟာ ကျောင်းသားရာဇဝင်မှာ
ခိုင်ခိုင်မတ်မတ်လွင့်နေဦးမှာပါ…။
အကိုရေ
ခင်ဗျားဟာ ငြိမ်းချမ်းရေးအတွက် စံပြကျောင်းသား
ဘယ်တော့မှ အိုမင်းညိုမှောင်မသွားမယ့် ကျောင်းသားပါ။ ။
**စိမ်းခက်စိုး**
(တနင်္ဂနွေ) အောက်တိုဘာ ၁၆၊ ၀၂၁၁
နံနက် - ၀၂း ၂၁ နာရီ
ကျွန်တော်တို့အားလုံး လေးစားရပါသော ၈၈ မျိုးဆက်ကျောင်းသား “ကိုမင်းကိုနိုင်( ခ) ကိုပေါ်ဦး”၏ အောက်တို ဘာ ၁၈ရက်တွင်ကျရောက်သည့် အသက် ၄၉နှစ်ပြည့် မွေးနေ့အတွက် အမှတ်တရရေးဖွဲ့ပါသည်။
--
**မာဃလုလင်**
Admin - mrsorcerer@googlegroups.com

No comments:
Post a Comment