ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 9, 2011

နေလောင်ပန်းတစ်ပွင့်ရှိုက်သံ

>
“ဒီနေ့ သမီးတို့ ကျောင်းမှာ ဆုပေးပွဲရှိတယ်။ သမီးလည်း ဆုယူရမှာ၊ မေမေ လိုက်ခဲ့ပါနော်”

ခရီး ရောက်မဆိုက် ပြောလိုက်မိတဲ့ စကားကြောင့် မေမေက စိတ်ရှုပ် သွားသလို “ကျွတ်”ခနဲ တစ်ချက် အသံ ထွက်လာတယ်။ စလင်းဘက်ကို စားပွဲပေါ် ပစ်တင် လိုက်သံကလည်း လိုတာထက် ပိုကျယ်နေသလိုလို။ ဘာဖြစ်လို့လဲ မေမေရယ်။ မလိုက်ချင်ဘူးလား။ သမီးကို မေမေ အချိန် မပေးနိုင်ဘူးလား။ ဆုယူရမယ့် နေ့ကို အတန်းထဲမှာ ဆရာမက ကြေညာတော့ အိမ်မှာ မေမေ မရှိတာမို့ သမီး ၀မ်းနည်းသွားခဲ့ရတာ။ မိဘတွေ အစုံအလင်နဲ့ ပျော်တပြုံးပြုံး ဆုလာယူကြမယ့် သူငယ်ချင်းတွေ ကြားမှာ သမီး မျက်နှာ ငယ်ရမှာ စိုးလို့ပါ။ ခု အချိန်မီ မေမေ ပြန်ရောက်လာတော့ သမီး ၀မ်းသာအားရ ပူဆာမိတာ၊ မေမေ စိတ်ညစ် သွားပြီလား။

“မေမေ ပင်ပန်းလာတယ် သမီးရယ်။ မလိုက်ချင်တော့ဘူး။ ဘွားဘွားကိုပဲ ခေါ်သွားလိုက် တော့နော်”

မေမေ ဘယ်တွေသွားပြီး ဘာတွေ လုပ်လာလို့ ပင်ပန်းတာလဲ မေမေရယ်။ သမီးထက် အရေးကြီးတဲ့ ကိစ္စတွေ မေမေ့မှာ ရှိနေပြီလား။ ထွေးငယ် ပါးစပ်က မမေးရဲပေမယ့် ရင်ထဲမှာ မေးခွန်းတွေ ပလုံ စီနေပြီ။ ရပါတယ်လေ။ ဆုပေးပွဲတိုင်း ဘွားဘွားနဲ့ပဲ သွားခဲ့ရတာ၊ ထွေးငယ်အတွက် ရိုးသွားပါပြီ။ ဘွားဘွားက မေမေ့ကို စိတ်ဆိုးပြီး စကား မပြောတာ ကြာပြီ ဆိုပေမယ့် ထွေးငယ်ကိုတော့ သနားလို့တဲ့၊ ဆုပေးပွဲတိုင်း အ၀တ်အစား အသစ်တွေနဲ့ လက်ဝတ် လက်စားတွေ ထုတ်ဆင်ပြီး ပြည့်ပြည့်စုံစုံ စီစဉ် ပေးရှာပါတယ်။ ဒါပေမယ့် သမီး ရင်ထဲက ဟာနေတဲ့ ကွက်လပ်တွေက ဘွားဘွားဖြည့်လို့ မပြည့်နိုင်တာ မေမေမှ မသိဘဲနော်။ ဟိုး လွန်ခဲ့တဲ့ နှစ်တွေက ထွေးငယ် ကျောင်းစ တက်တော့ ဖေဖေနဲ့ မေမေ အတူ ကျောင်းလိုက်ပို့ကြတာ မှတ်မိသေးတယ်။ အတွေ့အကြုံ သစ်မို့ သမီးက အေး စက်နေတဲ့ လက်ဖျားလေး တွေနဲ့ ဖေဖေ့လက်ကို တစ်ဖက်၊ မေမေ့လက်ကို တစ်ဖက် ဆုပ်ကိုင်ထားတော့ ဖေဖေရော၊ မေမေရော သမီး လက်ကလေးတွေကို တင်း တင်းဆုပ်ထားပြီး...

“ကြောက်စရာ မဟုတ်ဘူး သမီး။ သူငယ်ချင်းတွေ အများကြီး တွေ့ရတော့မှာ၊ ပျော်စရာကြီး”
တဲ့။ ဖေဖေက အားပေးသလို ပြောတော့ မေမေကလည်း ပြုံးပြီး ခေါင်းညိတ် ပြတယ်။

ကျောင်းခန်းထဲ အ၀င်မှာ ဆုပ်ကိုင် ထားခဲ့တဲ့ ဖေဖေနဲ့ မေမေ့ရဲ့ လက်တွေကို လွှတ်လိုက်ရတဲ့ အချိန်၊ ထွေး ငယ်ရင်ထဲက အားငယ် လစ်ဟာသွားတဲ့ ၀မ်းနည်းစိတ်ဟာ တဒင်္ဂရယ်ပါ။ ကျောင်းစာတွေ သင်အံရင်း၊ သူငယ်ချင်းတွေနဲ့ ဆော့ကစားရင်း နေသား ကျသွားတဲ့ အချိန်မှာ မေ့ပျောက် သွားခဲ့တယ်။ ဒါပေမယ့် ထွေးငယ် ဆုပ်ကိုင် ထားခဲ့တဲ့ ဖေဖေနဲ့ မေမေ့ရဲ့ လက်တွေဟာ တစ်ဘ၀စာ ဖမ်းမမိနိုင်အောင် ဝေးကွာ သွားရပြီ ဆိုကတည်းက ဘယ်တော့မှ မမေ့ ပျောက်နိုင်မယ့် နှလုံးသားက ဒဏ်ရာကတော့ တစ်သက်လုံး အတွက် နာကြည်းစရာပါ။

ဖေဖေနဲ့ မေမေ အရင်လို ပြန်မချစ်နိုင် ကြတော့တာ ဘာကြောင့်လဲ။ သမီး နောက်ကွယ်မှာ တိုးတိုးတိတ်တိတ် ရန်ဖြစ် နေကြပေမယ့် သမီး ရှေ့ကျ ဟန်ဆောင် အပြုံးတွေ မျက်နှာမှာ ချိတ်ဆွဲ ထားကြတာ အချိန်အတိုင်း အတာ တစ်ခု အထိပဲ ခံခဲ့ပါတယ်။ တိုးတိုးတိတ်တိတ် ရန်ဖြစ်သံဟာ တဖြည်းဖြည်း ကျယ်လာ တယ်။ ဟန်ဆောင် အပြုံးတွေဟာ တစ်လွှာချင်း ကွာကျလာတယ်။ ဒီ့ထက်ဆိုးပြီး အော်ဟစ် ပေါက်ကွဲ လာကြပေမယ့် သမီးက ငယ်သေး တော့ ရေရေရာရာ နားမလည် ခဲ့ပါဘူး။ သမီး မသိအောင် အချိန် တော်တော်ကြာကြာ ဖုံးကွယ် ထားကြတဲ့ မြုံနေတဲ့ ပြဿနာရဲ့ စနက်တံကို မီးရှို့ခဲ့တဲ့ သူက မေမေတဲ့လေ။ ဘွားဘွားကလည်း မေမေ့ကို “မိုက်လိုက်တဲ့ ကောင်မ၊ တံလျှပ်ကို ရေထင်တဲ့ မိန်းမ” တဲ့။ ဖေဖေကလည်း ပါးကြောကြီး ထောင်ပြီး မျက်ထောက်နီ ကြီးနဲ့။ ဘဘလေး က “လာ သမီးလေး၊ ကာတွန်းကား အသစ် သွားကြည့်ကြမယ်” တဲ့။

“ဟင့်အင်း၊ မကြည့်ချင်ဘူး။ ဖေဖေနဲ့ မေမေ ဘာဖြစ် နေကြတာလဲ”

ထွေးငယ် ကိုယ်လုံး သေးသေးလေးက ဘဘလေး ပွေ့ချီမှု အောက်မှာ ယက်ကန် ယက်ကန်နဲ့ ပါသွားသလို ထွေးငယ် မေးခွန်းတွေ၊ အခြေအနေ ရှုပ်ထွေးမှုကြား မှာ နစ်မြုပ် ပျောက်ကွယ် သွားရပြီ။ ဘဘလေးက တီဗွီသံကို အကျယ်ကြီး ဖွင့်ထားပေမယ့် အောက်ထပ်က ဖေဖေ၊ မေမေနဲ့ ဘွားဘွားတို့ အသံတွေက တစ်ချက်၊ တစ်ချက် စူးခနဲ ဖောက်ထွက်လာတယ်။

“ဖြန်း”ခနဲ ရိုက်သံနဲ့ မရှေးမနှောင်းမှာ မေမေရဲ့ အသံ
“မိထွေးဆိုတော့ သမီး ဘက်က မပါဘဲ သူစိမ်းဘက် ကပေါ့လေ”
တဲ့။ ဗလုံးဗထွေး ငိုသံကြီးနဲ့။ အရမ်း စိတ်ပူသွားတဲ့ ထွေးငယ်၊ ၀ရန်တာကို ပြေးထွက်ကြည့်တော့ ဖေဖေက လေးပင်တဲ့ ခြေလှမ်းတွေနဲ့ ကျောခိုင်း လျှောက်ထွက်သွားပြီ။

“ဖေဖေ”

သမီး အော်ခေါ်သံကြောင့် လှည့်ကြည့်လိုက်တဲ့ ဖေဖေ့ မျက်နှာပေါ်မှာ မျက်ရည်တွေနဲ့။ ကြောက်စရာ နီရဲ အိုမင်း နေလိုက်တာ။ မသွားပါနဲ့ ဖေဖေ။ သမီးဆီကနေ ဘယ်မှ မသွားပါနဲ့။ သမီး ဖေဖေနဲ့ မေမေ့ကို ချစ်တယ်။ သမီး ရင်ထဲက အော်ဟစ်နေတဲ့ စကားလုံးတွေ အပြင်ကို
ရောက်မလာခင်မှာဘဲ ဖေဖေက လေးတိလေးကန် လှည့်ပြီး ဆက်လျှောက်သွားတော့ သမီးလည်း ဆို့နင့် တင်းကျပ်ပြီး မှောင်အတိ ကျသွားတော့တယ်။
အဲဒါ ထွေးငယ် အသည်း ကွဲခဲ့ရတဲ့ တတိယတန်း တက်နေတဲ့ နှစ်ပေါ့။

ဖေဖေ၊ မေမေနဲ့ အတူ ဆုပေးပွဲ တက်ခဲ့ရတဲ့ အကြိမ်ဟာ ထွေးငယ် ဘ၀မှာ နှစ်ကြိမ်ပဲ ရှိခဲ့တယ်။ သမီးက စာမတော်ခဲ့ရင်လည်း အကောင်းသားနော်။ ဆုပေးပွဲ ဆိုတာ မိဘတွေက ပီတိအပြုံး ကိုယ်စီနဲ့ ကျေနပ်ဂုဏ်ယူပြီး တက်ချင် ကြတာပါ။ သူငယ်တန်းနဲ့ ပထမတန်း ဆုတွေကို မိဘစုံညီနဲ့ အပူအပင် ကင်းကင်း တက်ယူခွင့် ပေးခဲ့တဲ့ အတွက် ဖေဖေနဲ့ မေမေကို ကျေးဇူး တင်ပါတယ်။ နောက်နှစ်တွေလည်း ဆက်တိုက် ဆုတွေရတဲ့ သမီးနောက်ကို ဘွားဘွားက လိုက်ပေးပေမယ့် ပြည့်စုံမှုကို ခံစားရဖူးတဲ့ သမီးက မပြည့်စုံမှုကိုလည်း ခံစား တတ်ခဲ့တယ်။ ဖေဖေနဲ့ မေမေ့ရဲ့ လက်တစ်ဖက် တစ်ချက်ကို ကိုင်ဆွဲရတဲ့ ပြည့်စုံမှုကို ပြန်တမ်းတ မိခဲ့တယ်။

ဒီလက်နှစ်ဖက်ရဲ့ ဝေးကွာမှုဟာ သမီးနှလုံးသား အတွက် အေးစက်မှုနဲ့ တိုက်ရိုက် အချိုးကျပါတယ် မေမေရယ်။
“ဒီခေတ်ကြီးထဲမှာ ကဗျာလေး ချောက်ချီးချောက်ချက် ရေးပြီး ဘယ်လိုလုပ် ကြီးပွားမလဲ ကိုမင်းမောင်။ မိဘ လက်ငုတ်လက်ရင်း အရောင်းအ၀ယ် ကျတော့ ဘူဇွာ မဖြစ်ပါရစေနဲ့တဲ့။ ယောက္ခမပိုင် ဆီစက် ကျတော့လည်း မန်နေဂျာ အလုပ် တောင်နိုင်နင်းအောင် မလုပ်တတ်လို့ သူများကို ငှားထား ရတယ်။ ရှင်ဒီလို အသုံး မကျပုံ၊ အပုံနဲ့ ကျွန်မတို့ သားအမိ လူမွေးလူတောင် ဘယ်တော့မှ ပြောင်မှာလဲ”

မေမေ ဘာပြောပြော ခွန်းတုံ့ မပြန်ဘဲ ဆေးပေါ့လိပ်ပဲ တွင်တွင် ထိုင်ဖွာ နေတတ်တာ ဖေဖေ့ အကျင့်ပါ။
“ရှင်နေရာ မယူတတ်လို့ ဘေးလူလက်ထဲ လုပ်ပိုင်ခွင့်တွေ ရောက်ကုန်ရတာ။ အမှန်က ဒီဆီစက်က ကျွန်မ အဖေ ပိုင်တဲ့ လုပ်ငန်း။ အခု ဖေဖေ မရှိရင် ဦးစီး ဦးဆောင်ဟာ သူ့ သမက်နဲ့ သူ့သမီးပဲ ဖြစ်ရမှာ။ ဘာဆိုင်လဲ။ ခုတော့ မိထွေး ရဲ့မောင်က မန်နေဂျာ ဖြစ်နေတာ”

မေမေ ဘယ်လောက် ပေါက်ကွဲပေမယ့် ဖေဖေက ခေါင်းကြီးငုံ့ပြီး သက်ပြင်း ရှိုက်နေတုန်းပဲ။ ထွေးငယ် နားမလည်တာတွေ မေးလိုက်ချင်ပေမယ့် ဘယ်သူ့ကို မေးရ မလဲ။ ခေါင်းငိုက်စိုက်နဲ့ စိတ်ထိခိုက်နေတဲ့ ဖေဖေ့ကိုလည်း သနားလွန်းလို့ သမီး ရူးတော့မယ်။ အော်ဟစ် ပေါက်ကွဲနေတဲ့ မေမေကလည်း ကြောက်ဖို့ ကောင်းလိုက်တာ။

ဘွားဘွားက မေမေ့ မိထွေး ဆိုပေမယ့် အဒေါ် အရင်းဆို။ ဘွားဘွားကြီး ဆုံးပြီးမှ ယူကြတာဆို။ ဒီတော့ မန်နေဂျာ လုပ်နေတဲ့ ဘဘ လေးက မေမေ့ဦးလေး အရင်း ပဲပေါ့။ သူစိမ်း ဘယ်ဟုတ်မလဲ။ ဘဘလေးရဲ့ မိန်းမ ဘွားလေးကြည်က ပြောတယ်။ မေမေက သိပ်ဆိုးတာတဲ့။ ဘိုးဘိုးကြီးက ဘွားဘွားကို ယူရ ကောင်းလားလို့ အားလုံးကို ရန်လုပ် နေတာတဲ့။ ဘွားဘွားက သားသမီး ထပ်မယူဘဲ မေမေ့ကို သိပ်ချစ်ခဲ့တာတဲ့။ ဖေဖေနဲ့ မရခင်ကလည်း ရည်းစားတွေ အများကြီး ထားသတဲ့။ လူကြီးတွေကို အမြဲ ရွဲ့စောင်းပြီး ခွတိုက်နေတာတဲ့။ အမျိုးမျိုး ဒုက္ခ ပေးနေတဲ့ မိန်းမဆိုး တဲ့။

ဖေဖေနဲ့ ရခါစက လိမ္မာ သွားသလိုလိုနဲ့ သမီး မွေးပြီး တော်တော်ကြာတဲ့ အထိ အကောင်းတဲ့။ နောက် ပိုင်းကျမှ မေမေ့ ရည်းစားဟောင်း သင်္ဘောသားက နိုင်ငံခြားက ပြန်ရောက်လာ ပြီး ကားတ၀ီဝီနဲ့ ကြီးပွားနေ တာမြင်ရမှ ဗွေပြန် ဖောက်လာတာတဲ့။ ဖေဖေ့ကို အပြစ် အမျိုးမျိုး ရှာတာတဲ့။ ဟိုလူကြီးကလည်း မယားကြီး ရှိရက်နဲ့ မေမေ့ဆီ ခဏခဏ အလည်လာပြီး လက်ဆောင်တွေ ပေးသတဲ့။သူများ သုံးနိုင် ဖြုန်းနိုင်သလို မသုံးဖြုန်းနိုင်လို့ မေမေက ဖေဖေ့ကို စိတ်ဆိုး နေတာတဲ့။ ဘွားဘွားကို
“ဘွားလေးကြည် ပြောတာတွေ ဟုတ်လား” လို့မေးတော့ ဘွားဘွားက
“ကလေးကို ဘာတွေ လျှောက်ပြော နေတာလဲ မကြည်ရယ်” တဲ့။ ဒါပေမယ့် မေမေ က သမီးကိုတော့ သိပ်ချစ်ပါတယ်။ သမီး သိတာပေါ့။ သမီး ဘာလိုချင်လဲ၊ သမီး ဘာစားချင်လဲ။ ဘယ်တော့မဆို မပူဆာရခင် မေမေက ဖြည့်ဆည်းခဲ့တာချည်းပဲ။ လွယ်အိတ်၊ ဖိနပ်၊ အ၀တ် အစား၊ အရုပ် အားလုံး နောက်ဆုံးပေါ် အကုန် သမီးပူဆာ စရာမလိုဘဲ ၀ယ်ပေးတာ ချည်းပဲ။

အတန်းထဲက သူငယ်ချင်းတွေ ကြားမှာ စုထွေးငယ်က ကွန်ပါဘူး အဆန်းလေးတွေ၊ အ၀တ်အစား အမိုက်စားလေးတွေနဲ့ မုန့်အကောင်း စားတွေ စားနိုင်လို့ မျက်နှာ ပွင့်လန်းသူပေါ့။ ကျောင်း အလှူငွေနဲ့ ကျောင်းကိစ္စတိုင်းမှာ လက်မနှေးသူမို့လည်း ဆရာ၊ ဆရာမတွေက မျက်နှာသာ ပေးခံရသူပေါ့။

ဒါပေမယ့် ဒီပြည့်စုံမှု တွေကို ဖြည့်ဆည်းနိုင်ဖို့ ဘယ်လို လိုအပ်ချက်တွေ ရှိတယ်ဆိုတာ သမီးက မသိ ခဲ့ဘူးလေ။ မေမေ လိုချင်တဲ့ ပြည့်စုံမှုတွေကို မဖြည့်ဆည်း နိုင်တဲ့ ဖေဖေ့ရဲ့ လိုအပ်ချက်တွေကို သမီးကတော့ နားမလည်ခဲ့ပါဘူး။ မေမေ လိုချင်တဲ့ ပြည့်စုံမှုတွေနဲ့ ဖေဖေ့ရဲ့ မဖြည့်ဆည်း နိုင်မှုတွေ ကြားမှာ စုထွေးငယ်ရဲ့ နှလုံး သားလေး ဓားစာခံ ဖြစ်ပြီး လိုအပ်ချက်များစွာ အောက်မှာ စတေး ခံလိုက်ရတယ်။ သမီး လိုချင်တာ ဖေဖေနဲ့ မေမေ့ရဲ့ လက်တစ်ဖက်စီကို သမီး လက်ကလေးနဲ့ တစ်ဖက် တစ်ချက်စီ ပြိုင်တူ ဆုပ်ကိုင် နိုင်ခွင့်ပါ မေမေရယ်။ ကျန်တာ ဘာမှ မလိုချင်ပါဘူး။

အချိန် ကြာလာတာနဲ့ အမျှ ရင့်ကျက် လာတတ်တဲ့ အရာတွေထဲမှာ သမီး နှလုံးသားထဲက ဒဏ်ရာတော့ မပါဘူး မေမေ။ အဝေး ရောက်သွားတဲ့ ဖေဖေ့ကို လွမ်းစိတ်နဲ့၊ အတူတူ နေရပေမယ့် ဝေးကွာ နေရတဲ့ မေမေ့ကိုတမ်းတ စိတ်ဟာ မကျက်တဲ့ ဒဏ်ရာဟောင်းကို ထိုးဆွကြတဲ့ အပ်ကလေးတွေလိုပဲ။ အချိန် ကြာတာနဲ့အမျှ ပိုပြီးနက်ရှိုင်း နာကျင်လာတယ်။

မေမေကလည်း သမီး နားက ခဏခဏ ပျောက်သွားတတ်တယ်။ ခရီးတွေ ထွက်နေရတာတဲ့။
“ဘာတွေ လုပ်နေတာ လဲ မေမေရယ်”
လို့ သမီးကမေးတော့
“အရောင်းအ၀ယ်ပေါ့။ မေမေ့ သမီးလေး လိုချင်တာ မှန်သမျှ ၀ယ်ပေးနိုင်အောင် မေမေ ငွေရှာနေတာပေါ့ သမီးရယ်”

“ဟင့်အင်း ငွေမလိုချင်ဘူး။ သမီး ဖေဖေ့ကိုပဲ ပြန်လိုချင်တယ်”

“တော်စမ်း သမီး။ ငါ့ သမီး ငယ်သေးတယ်။ ယောက်ျား တစ်ယောက်ရဲ့ ညံ့ဖျင်းမှုကို ဘယ်အတိုင်းအတာ အထိ မိန်းမ တစ်ယောက်က သည်းခံနိုင်မယ် ဆိုတာ သမီး နားမလည်နိုင်သေးဘူး”

ပြတ်ရှတဲ့ မေမေ့ စကားလုံးတွေက ထွေးငယ်ရဲ့ မ၀ံ့မရဲ မျှော်လင့်ချက် အိပ်မက်လေးကို အပိုင်းပိုင်း မွှဖြတ်လိုက်တဲ့ ဓားတစ်လက်လိုပဲ။ သမီး တကယ် နားမလည်ပါဘူး မေမေရယ်။ သမီးကို သိပ်ချစ်တဲ့ မေမေဟာ သမီး ဘာကို တကယ် လိုအပ်တယ် ဆိုတာ မသိတာကိုရော။ မေမေ ဘာတွေ လုပ်နေတယ် ဆိုတာကိုရော။ သူငယ်ချင်းတွေက ပြောတယ် မေမေ။

“နင်ပြောတော့ နင့် မေမေက ခရီး သွားတယ်ဆို။ ဟိုတစ်နေ့က ကျူရှင်သွားရင်း မြို့ထဲက ဟိုတယ် တစ်ခုရှေ့မှာ လူကြီး တစ်ယောက်နဲ့ ရပ်စကား ပြောနေတာ တွေ့ခဲ့တယ်” တဲ့။ အလယ်တန်း ကျောင်းသူ ဖြစ်လာတဲ့ ထွေးငယ်ကို မေမေက ဘယ်ကိုမှ ထွက်ပြီး ကျူရှင် မတက်ရအောင် အိမ်မှာပဲ လိုလေသေး မရှိ စီစဉ်ပေးထားတယ်လေ။ ဒီတော့ အိမ်နဲ့ နှစ်လမ်းဖြတ် လောက်ဝေးတဲ့ ကျောင်းကိုပဲ သွားရတဲ့ သမီးမှာ ပတ်ဝန်းကျင် လေ့လာမှုက သူငယ်ချင်းတွေလောက် မရှိတာ အမှန်ပါ။ သူငယ်ချင်းရဲ့ အပြောကို ရုတ်တရက် နားမလည်နိုင်လို့ ပြန်ထပ် မေးမိတာကလည်း သမီးရဲ့ အမှား ပါပဲလေ။
“နင်ပြောတာ ငါ နားမလည်ဘူး”

“သြော် နင်ကလည်း ဟာ၊ နင့်အမေက နင့်ကို ခရီး ထွက်မယ်လို့ ညာပြောပြီး ဟိုတယ် တစ်ခုမှာ တခြား တစ်ယောက်နဲ့”

“ဘာ ဘာ ဘာပြောတယ်”

သူငယ်ချင်းရဲ့ စကား တစ်ဝက် တစ်ပျက်မှာ ထွေးငယ် မတွေးရဲတဲ့ အဓိပ္ပာယ် တစ်ခုကို ဖျတ်ခနဲ လှပ်ပြ လိုက်သလို၊ လန့်အော်မိတဲ့ ထွေးငယ်ကို သူငယ်ချင်းက လည်း လန့်သွားတယ်။ ဒီ့ထက် လန့်ဖို့ ကောင်းတာက ကျောင်းတက်နေတဲ့ အချိန်မှာ စာသင်ခန်းကနေ အိမ်ကို ဘယ်လိုပြန်ရောက် လာမှန်း မသိတာပါပဲ။ ထွေးငယ် သတိရတော့ ဘွားလေးကြည်က တစ်ကိုယ်လုံး မျက်ရည်တွေ၊ ချွေးတွေနဲ့ အေးစက် တုန်ယင်နေတဲ့ သမီးကို ပွေ့ဖက်ထားပြီး
“သနားစရာကောင်း လိုက်တဲ့ ကလေးရယ်” လို့ ရေရွတ် နေတာပါပဲ။

တိုင်တည်စရာ ဘွားဘွားကလည်း တရားစခန်း ၀င်နေတယ်တဲ့။ ခုတစ်လော ဘွားဘွားနဲ့ မေမေ ခဏခဏ ကြိတ်ပြီး ရန်ဖြစ် အော်ဟစ် နေကြတာလည်း မေမေ့ လုပ်ရပ်တွေကို ဘွားဘွားက တားမရလို့ များလား။ ဘွားဘွားလည်း မေမေဆိုးလွန်းလို့ စိတ်ညစ်ပြီး လတိုင်း တရား စခန်းမှာပဲ အနေများတာလို့ ဘွားလေးကြည်က ပြောတယ်။ သမီးက ငယ်သေးပေမယ့် အကောင်းအဆိုးတော့ ခွဲခြားတတ်ပါပြီ။ ဘာဆိုတာ တိတိကျကျ မသိပေမယ့် မကောင်းဘူးဆိုတာ တော့ သမီးသိတယ်။

မေမေနဲ့ သမီးမှာ သမီးက သမီးဆိုတော့ သူငယ်ချင်း ပြောပြတဲ့ ဟိုတယ်ကြီး ဆီလိုက်သွားပြီး မေမေ့ကို တွေ့အောင်ရှာ၊ တွေ့ရင် အတင်းဖက်တွယ် ဆွဲငင်ပြီး ပြန်ခေါ်လာလို့လည်း မရဘူး ပေါ့နော်။ သမီး ဘာလုပ်ရ မလဲ မေမေ၊ သမီး ဘာလုပ် ရမလဲ။ သူငယ်ချင်း ပြောတာကရော အမှန် ဖြစ်နိုင်ပါ့ မလား။ လူမှားတာရော မဖြစ်နိုင်ဘူးလား။ မေမေက သမီးကို သိပ်ချစ်တာ၊ အကြွင်းမဲ့ ယုံကြည်နေတုန်းပဲ မေမေရယ်။

ခေတ်ပေါ်အသုံး အဆောင်တွေ အကုန်လုံး တခြား သူငယ်ချင်းတွေထက် နောက်မကျဘဲ သမီးကို ၀ယ်ပေးတာ၊ ကျောင်းကိစ္စတွေ အားလုံး မငြိုမငြင် လိုသမျှ ငွေထုတ်ပေးတာ၊ ဘာသာရပ် အစုံ အိမ်မှာ လိုလေသေး မရှိ ခေါ်သင် စေခဲ့တာ၊ သမီး လိုချင်တာ မှန်သမျှ ဖေဖေက လွဲပြီး အားလုံး ပြည့်စုံအောင် ဖြည့်ဆည်း ပေးနိုင်ခဲ့တာ။ ဒါပေမယ့် မေမေရယ်။ သမီး လိုချင်တယ်ဆိုတဲ့ ဖေဖေဟာ နောက်ထပ် အဖေသစ် တစ်ယောက်တော့ မဟုတ်ဘူး ဆိုတာ မေမေ့ကို သိအောင် အမြန် ပြောပြချင် လိုက်တာ။

ညက အိပ်မက်ထဲမှာ ထွေးငယ် ဖေဖေနဲ့ တွေ့ရတယ်။ ဖေဖေ ရှိနေတဲ့ တောင်တန်း ပြာပြာတွေ နောက်ခံ ထားတဲ့ စိမ်းညို့ညို့ စိုက်ခင်း တွေကြားကို မေမေနဲ့သမီး အတူ သွားကြတာတဲ့။ ဖေဖေနဲ့ မေမေက ရုပ်ရှင်ကား တွေထဲက မင်းသားနဲ့ မင်းသမီးလို ၀မ်းသာအားရ ပြေးဖက်ကြတော့ သမီးက လက်ခုပ် လက်ဝါးတီးပြီး အော်ဟစ် ပျော်ရွှင် နေတာပေါ့။ သမီး ညာလက်ကလေးက ဖေဖေ့ ဘယ်ဘက် လက်ဖ၀ါးကြမ်း ကြီးကို ဆုပ်လို့။ သမီး ဘယ်ဘက်လက်က မေမေ့ ညာ ဘက်လက်နုနုလေးကို ဆုပ်လို့။

“ဟင် ဖေဖေ့လက်ကြီး ကလည်း ကြမ်းလိုက်တာ” လို့ သမီးက ပြောမိတယ်။

“ဟုတ်တယ်လေ။ သမီး မေမေက ကဗျာရေးတဲ့ လက်ကို မကြိုက်တော့ ပိုက်ဆံရမယ့် အပင်တွေ စိုက်ပြီး ဖေဖေ့လက်တွေ ကြမ်းလာတာပေါ့”

“ဖေဖေက ဘာအပင် တွေ စိုက်တာလဲ”

“ပဒေသာပင်”

“ဟင် ဘာ ပင်”

“လိုချင်တာ အကုန်ရတဲ့ ပဒေသာပင်”

ဖေဖေ့ အပြောကို သမီးနဲ့ မေမေက အံ့သြနေတုန်းမှာပဲ နွေးနေတဲ့ သမီး လက်ကလေး တွေဟာ အိပ်မက်ထဲမှာ ကျန်ခဲ့ပြီမှန်း သိလိုက်ရတယ်။ ဖေဖေနဲ့ မေမေက ဘယ်ရောက်သွားပြီလဲ။ အေးစက်နေတဲ့ သမီး လက်နှစ်ဖက်နားမှာ ဖေဖေရော၊ မေမေရော မရှိကြပါဘူး။ အိပ်ရာထဲမှာ သမီးက တစ်ယောက်တည်းရယ်။ ညက အိပ်ရာ မ၀င်ခင် ရေးနေခဲ့တဲ့ စာစီစာကုံးလေးက စာကြည့် စားပွဲပေါ်မှာ ဖွင့်လျက် သားလေး။

ဒီတစ်ခါ စာစီစာကုံး ပြိုင်ပွဲမှာလည်း သမီး ဆုရဦးမယ် ထင်ပါတယ် မေမေရယ်။ အတန်းထဲက စာမေးပွဲတိုင်း၊ ကျောင်းက စာစီစာကုံး ပြိုင်ပွဲတိုင်း သမီးက ဆုရ နေကျလေ။ ဒီတစ်ခါ ဆုရရင် ရော၊ ဆုပေးပွဲမှာ မေမေလိုက် နိုင်ပါ့မလား။ အိပ်မက်ထဲကလို ဖေဖေပါ အနားမှာ ရှိနေရင် ဘယ်လောက် ကောင်းလိုက်မလဲ။ သမီးရဲ့ ငယ်အိပ်မက်လေး ကို တစ်ခါပြန် မက်ခွင့် ပေးပါဦးလား မေမေရယ်။ သမီး ရေးထားတဲ့ စာစီ စာကုံးလေးကိုလည်း ဖတ်ကြည့်ပါဦး။ ပြိုင်ပွဲမှာ သေချာပေါက် ဆုရမယ့် စာစီ စာကုံးလေးပါ။ ခေါင်းစဉ်လေးက “မေမေ့ဆီက အလိုချင်ဆုံး လက်ဆောင်”တဲ့ မေမေ။

**ဝေ(စီးပွားရေးတက္ကသိုလ်)**
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)