** အမေရိကန်၌ ဓာတုစက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပွား **
(ဒါးလက်စ်၊ အောက်တိုဘာလ ၄ ရက်)
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့တောင်ပိုင်းရှိ ဓာတုစက်ရုံတစ်ရုံ၌ အောက်တိုဘာလ ၃ ရက်နေ့က မီးလောင်မှုဖြစ်ပွားရာ အနီးဝန်းကျင်နေထိုင်သူ ၁၀၀၀ ခန့်အား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့မှ အောက်တိုဘာလ ၄ ရက်နေ့တွင် ပြောကြားသည်။ အဆိုပါ စက်ရုံမှာ ဒါးလက်စ်မြို့တောင်ဘက် မိုင် ၃၀ ခန့်အကွာ ၀ါဆာဟာချီအရပ်၌ တည်ရှိနေသော စက်ရုံဖြစ်ပြီး ယင်းနေ့နံနက် ၁၁ နာရီခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးငြှိမ်းသတ်ရန်အတွက် အနီးဝန်းကျင်မြို့များမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်များ လာရောက်ကာ ၀ိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရသည်။ စက်ရုံအတွင်း၌ သိုလှောင်ထားသော ဓာတုကုန်ကြမ်းပစ္စည်းများမှ တစ်ဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်။ စက်ရုံမီးလောင်မှုကို အချိန်မီထိန်းသိမ်းနိုင်ခဲ့သဖြင့် အနီးဝန်ကျင်သို့ မီးကူးစက်လောင်ကျွမ်းမှု မဖြစ်ပွားခဲ့ကြောင်း သတင်း၌ဖော်ပြသည်။ (အင်တာနက်)
** တရုတ်နိုင်ငံ၌ ကျောက်မီးသွေးတွင်းပြိုကျ **(ဂိုင်ယန်၊ အောင်တိုဘာ ၄ ရက်)
တရုတ်နိုင်ငံ ကွမ်ကျို့ပြည်နယ် အနောက်တောင်ပိုင်းတွင် အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၇ နာရီခန့်က ကျောက်မီးသွေးတွင်းပြိုကျမှု ဖြစ်ပွားခဲ့ရာ မိုင်းလုပ်သား ၁၅ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဒေသတာဝန်ရှိသူများက ပြောကြားသည်။ ၄င်းမိုင်းတွင်းမှာ လီဟွာမြို့နယ် လီဘိုစီရင်စုရှိ အင်ပင်းအမည်ရှိ ကျောက်မီးသွေးမိုင်းတွင်းဖြစ်ပြီး မတော်တဆ ဖြစ်ရပ်ကြောင့် မိုင်းတွင်းပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မိုင်းတွင်း မြေအောက်၌ မိုင်းလုပ်သား ၂၈ ဦး လုပ်ငန်းခွင်ဝင်ရောက်နေစဉ် မတော်တဆပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မိုင်းလုပ်သား ၁၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်လူများကို ကယ်ဆယ်နိုင်ရန် ရှာဖွေလျက်ရှိသည်။ ပျောက်ဆုံးနေသော မိုင်းလုပ်သားများကို ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်နိုင်ရန် အမြန်ဆုံး ဆောက်ရွက်လျက်ရှိကြောင်း ၄င်းတို့က ပြောကြားသည်။ (ဆင်ဟွာ)
** ဆိုမာလီတောင်ပိုင်း၌ အမေရိကန်မောင်းသူမဲ့လေယာဉ် ပျက်ကျ **
(အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့် ဆိုမာလီနိုင်ငံ တောင်ပိုင်းတွင် နောက်ထပ်အမေရိကန်မောင်းသူမဲ့လေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြသည်။ ဆိုမာလီအစိုးရအရာရှိများ၏ ပြောပြချက်အရ အမေရိကန်မောင်းသူမဲ့လေယာဉ်မှာ ဆိုမာလီနနိုင်ငံတောင်ပိုင်း ကစ်စမာယိုမြို့တွင်း၌ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက်တစ်ဦးက အောက်တိုဘာလ ၃ ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
** တူရကီနိုင်ငံ၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ **
တူရကီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၃ ရက်နေ့က တူရကီနိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်း စစ်ဆင်ရေးနှစ်ရပ်တွင် မူးယစ်ဆေးဝါး ၁၇၃ ဒသမ ၂ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း အစိုးရအာဘော် တစ်ပိုင်းဖြစ်သည့် အင်နာတိုလီယာသတင်းဌာနက ထုတ်ပြန်သည်။ တူရကီ တပ်ဖွဲ့ဝင်များသည် စမန်ဒတ်မြို့ ကားတစ်စီးပေါ်မှ မူးယစ်ဆေးဝါး ၃၇ ဒသမ ၇ ကီလိုဂရမ်နှင့် ကားသမားကို ဖမ်းဆီးခဲ့ပြီး အခြားတစ်ခုမှာ ရဲတပ်ဖွဲ့ဝင်များက အီလာဇစ်ပြည်နယ်အရှေ့ပိုင်း အီလာဇစ်- မလာတေ အဝေးပြေး ကားလမ်းရှိ မီနီဘတ်စ်ကားတစ်စီးပေါ်မှ မူးယစ်ဆေးဝါး ၁၃၅ ဒသမ ၅ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- တင်မောင်လွင် **

** တရုတ်နိုင်ငံ၌ ကျောက်မီးသွေးတွင်းပြိုကျ **
(ဂိုင်ယန်၊ အောင်တိုဘာ ၄ ရက်)

No comments:
Post a Comment