ဘူတာကြီး စင်္ကြံ ပလက်ဖောင်းပေါ် ရောက်ရောက်ချင်းပဲ ရထား ဥသြဆွဲသံ ကြားလိုက်ရတယ်။ တွဲ ၃ လို့ မြေဖြူခဲနဲ့ ခပ်ကြီးကြီး ရေးထားတဲ့ တွဲတစ်တွဲရဲ့ အလယ်ပေါက် ဆီကို ကမန်းကတန်း ပြေးတက်လိုက် ရပေါ့။လက်တစ်ဖက်မှာ ပစ္စည်းအပြည့် ပါတဲ့ကြိမ်ခြင်း၊ ကျန်တစ်ဖက်မှာ စည်းနှောင်ထားတဲ့ စက္ကူထုပ်နဲ့ ကိုယ်ပေါ်မှာတော့ ဆောင်နေကျ လွယ်အိတ်ကို စလွယ်သိုင်းပြီး လွယ်ထားတယ်။ တွဲပေါက်ဝ ခြေတက်ခုံ အထိ အပြည့် နေရာ ယူထားကြတဲ့ လူတွေကို တိုးဝှေ့ပြီး တွဲပေါ်တက် လိုက်တယ်။ ခရီးသည် တွေလည်း ရသလောက်တော့ ပူးကပ်ပြီး နေရာပေး ကြပါရဲ့။
ဒါပေမဲ့ နေရာနဲ့ လူက မမျှလေတော့ တွဲပေါ်မှာ အိတ်ချစရာ နေရာ တစ်ကွက် ကလေးတောင် မတွေ့ရဘူး။ ကံအား လျော်စွာပဲ အလယ်ပေါက် ကြီးရဲ့ ဘေးကပ်ရက် ခုံအောက်မှာ စက္ကူထုပ်နဲ့ ခြင်းတောင်းကို တွန်းထိုးပြီး နေရာချလို့ ရသွားတယ်။ ဒါတောင် အသားမည်းမည်း၊ မျက်လုံး ပြူးပြူးနဲ့ ခပ်နွမ်းနွမ်း လူတစ်ယောက်က စိတ်လိုလက်ရ ကူညီပေး လို့သာ။ ဒုက္ခရောက် နေချိန်မှာ ကူညီပေးတဲ့ အဲဒီလူကို ကျေးဇူးတင် နေမိတယ်။ ပစ္စည်းကိစ္စ အေးပြီ။ အင်း- လူကတော့။ လူက အဲဒီ ခုံနံဘေး ခြေတစ်ဖက်စာ နေရာလွတ် ကလေးမှာ ခြေတစ်ပေါင်ကျိုး ထောက်လို့ ခုံတန်းကို အားပြုပြီး မတ်တတ်ရပ် နေရတယ်။
နွေညနေခင်း ဆိုတော့ ပူပြီပေါ့။ တွဲပေါ်မှာ လူငွေ့၊ ကုန်ပစ္စည်း အငွေ့တွေရော ပေါင်းပြီးမွှန်ထူ၊ မွန်းကျပ်၊ အိုက်စပ်၊ နံစော် နေပုံက တစ်ခါတစ်ခါ အသက်ရှူတောင် ရပ်သွားမလား ထင်ရရဲ့။ တချို့ လူတွေက ယပ်ခတ် နေကြတယ်။ ဒါပေမဲ့ ခတ်လိုက်တဲ့ လေက လေသန့်သန့် မဟုတ်တော့ ပူလောင်နံစော် နေတဲ့လေကို နေရာပြောင်းပေး နေသလို ပါပဲ။
တွဲထဲက အမျိုးသား တော်တော် များများဟာ အပေါ်အင်္ကျီ ချွတ်ထားပြီး စွပ်ကျယ် ချိုင်းပြတ်နဲ့ နေကြတယ်။ တချို့များ အင်္ကျီတုံးလုံး။ တချို့က လုံချည်ကို ပေါင်ရင်းထိ လှန်ထားကြတယ်။ အမျိုးသမီး တွေကတော့ ပါးလှပ်တဲ့ အင်္ကျီကို ၀တ်ထားကြပြီး တချို့အဘွား ကြီးတွေများ အတွင်းခံ ရှင်မီး အင်္ကျီနဲ့ ယပ်တောင် တဖျပ်ဖျပ် ခတ်လို့။
လူတွေဟာ တွဲထဲမှာ ဟိုကသည်က ကူးသန်းကြ၊ စကားလှမ်း ပြောကြ၊ ပစ္စည်းရွှေ့ကြ၊ ရန်ဖြစ်ကြ၊ ကလေးငိုသံ၊ အော်ခေါ်သံ၊ ရယ်မောသံ၊ ဈေးရောင်းသံ တွေနဲ့ ပျားပန်းခပ် ရှုပ်ထွေးနေ တော့တယ်။
မန္တလေး-မြစ်ကြီးနား အထူးအမြန် ရထားကြီးရဲ့ ခေါင်းတွဲဆီက ဥသြသံပေး ထားပြီး ဘာကြောင့် မထွက် သေးသလဲ။ ဒါကိုလည်း အားလုံးက အထူးအဆန်း လုပ်မနေကြ တော့ပါဘူး။ သူ့ သဘောသူ ဆောင်နေတဲ့ လောကကြီးမှာ သူ့အရပ်နဲ့ သူ့ဇာတ် ဟပ်အောင် နေနေကြတဲ့ သဘောလား။
ရထား ဥသြဆွဲသံ ကြားလာရ ပြန်တယ်။ နာရီကို ကြည့်လိုက်တော့ ၃ နာရီနဲ့ ၂၅ မိနစ်။ ဒီအချိန် မှာပဲ ရထားကြီး စပြီး ငြိမ့်ပါပြီ။ တရွေ့ရွေ့ ထွက်ခွာစ ပြုနေပြီ။ ရုတ်တရက် တွဲပေါက်ဆီက ဟေးခနဲ အော်သံတွေ ကြားလိုက်ရ။ ကြည့်လိုက်တော့ ခြင်းတောင်းတစ်ဖက်၊ ချာလီထီးကောက် တစ်ဖက် ကိုင်ဆွဲလို့ ခပ်၀၀ အမျိုးသမီး တစ်ယောက် ဒီတွဲရဲ့အလယ်ပေါက်ဆီ ပြေးတက် လာနေတယ်။ သူ့မျက်နှာမှာ သနပ်ခါး အဖွေးသားနဲ့ ပျာယီးပျာယာ အူးယားဖားယား။ ရထားက ထွက်စအရှိန် မရသေးလို့ တော်သေးတာပေါ့။ လူတွေက အပေါက်ဝ ကနေ သူ့ကို တွဲပေါ်ဆွဲတင် လိုက်ကြတယ်။ အဲဒီ မိန်းမဟာ ခြေတက်ခုံမှာ ရပ်မနေ ပါဘူး။ မျက်လုံးတွေ ကတွဲအတွင်း ဘက်ဆီ တမျှော်မျှော်နဲ့ “ဖယ်ပါဦး” “နည်းနည်းလောက်” စတဲ့ စကားတွေ လှိုင်လှိုင်သုံးလို့ ခရီးသည်တွေ၊ ပစ္စည်းတွေ အကြားထဲ အတင်းတိုးဝင် သွားနေတော့တယ်။
အတိုးခံရတဲ့ မိန်းမ တစ်ယောက်က-
“ဘာလို့ ဒီလောက် တိုးနေရတာလဲ၊ လူလည်း ရထားပေါ် ရောက်နေပါပြီ၊ တကတဲ”
လို့ အော်တယ်။ မိန်းမ ကြီးကလည်း-
“နေရာ ရှိတယ်၊ နေရာကို သွားမလို့”
ဆိုပြီး ခုံနံပါတ်တွေကို ဖတ်ရင်း ရှေ့ဆက်တိုးနေတယ်။ တစ်နေရာမှာ သူ့ထီး ကောက်ကြီးက လူတစ် ယောက်ရဲ့ ဘေးလွယ်အိတ် ကြီးနဲ့ ချိတ်မိသွားတော့ အဲဒီလူက အိတ်ကြိုးကို ဆွဲဖြုတ်ရင်း မျက်မှောင်ကြုတ် ကြည့်တယ်။ မိန်းမကြီးရဲ့ ခြင်းတောင်းကြီးက ခေါင်းပေါင်းကြီး တစ်ခုကို ၀င်အောင်းပြန်တယ်။ အောက်က အဘိုးကြီးက-
“ဟဲ့- ဖြည်းဖြည်းလုပ် ပါကွယ်၊ အောက်မှာ လူရှိပါတယ်”
လို့ ပြောလိုက်တော့-
“ဆောရီးနော် အဘ၊ မတော်လို့ပါ”
လို့ ပြန်ပြောတယ်။
လူသွားလမ်းမှာ သိပ်ထားတဲ့ ကလေးငယ်နား မိန်းမကြီး ရောက်သွားချိန်မှာ ကလေးက ၀ါးခနဲ ငိုလိုက်တယ်။ ကလေး မအေက မော့တဲ့ပြီး-
“ကလေးခြေထောက် တက်နင်းတယ်၊ သေပါပြီတော်၊ ဘယ့်နှာတုံး သရဲမရဲများ စီးလာသလား မသိပေါင်တော်”
လို့ နင်းတဲ့ ခြေထောက်ကို လက်နဲ့ ကိုင်မရင်း အော်တယ်။
“ဟဲ့ - မမြင်လို့ပါ ကောင်မရယ်၊ ခြေဖျားလေး နင်းမိတာပါ၊ ကလေး သိပ်နာ သွားသလား”
လို့ မျက်နှာချို အသွေးမှာ ကလေး အမေက မျက်စောင်းထိုး ပစ်လိုက်တယ်။ ပါးစပ်ကလည်း ပွစိ ပွစိနဲ့။
ခုံနံပါတ် တွေကိုရှာဖွေ ဖတ်ရှုရင်း ခဲရာခဲဆစ် တိုးဝင်လာတဲ့ မိန်းမကြီး ဟာတွဲ တစ်ဖက်ခြမ်းဆီ ရောက်လာတယ်။ ဒီမှာတင် သူ့လိုပဲ တခြားတွဲ ပေါက်ဆီက တက်လာဟန် တူတဲ့ မိန်းမ နှစ်ယောက်နဲ့ ဆုံမိကြတယ်။ မိန်းမကြီးက သူတို့ကို တွေ့တွေ့ချင်း လက်ညှိုးငေါက် ငေါက်ထိုးလို့-
“ညည်းတို့ ခုမှဒီကို ရောက်သလား၊ ဒီလောက်များ ကြာနေရအောင် အံ့ပါရဲ့အေ”
လို့ ကြိမ်းမောင်း လိုက်တော့တယ်။
မိန်းမကြီးဟာ ဟိုနှစ် ယောက်ဆီက ရထားလက် မှတ်တွေကို လှမ်းယူကြည့် လိုက်ပြီး-
“၃၄၊ ၃၅၊ ၃၆၊ ဟို ဘက်ခုံပဲ တွေ့လား”
လို့ ရေရွတ် လိုက်တယ်။ သူ ညွှန်ပြလိုက်တဲ့ ခုံမှာတော့ ပစ်္စည်းအပြည့် လူအပြည့်။ မိန်းမကြီးက ထိုင်နေသူ တွေကို လက်မှတ်တွေ ထိုးပြရင်း-
“ဖယ်ပေးကြပါ၊ အလိုက်သိပါ”
လို့ ပြောလိုက်တယ်။ ဒီမှာတင် ခုံမှာ ထိုင်နေတဲ့ အမျိုးသမီး တစ်ယောက်က ခပ်တည်တည်နဲ့ သူ့လက်ကိုင် အိတ်ထဲက လက်မှတ် နှစ်စောင်ကို ထုတ်ပြလိုက်တယ်။ ဟုတ်တယ်၊ တွဲ ၃၊ ခုံနံပါတ် ၃၄၊ ၃၅ နှစ်စောင်။ ရက်စွဲ၊ မှတ်ပုံတင် အမှတ်ပါ ပူးတွဲ ရေးထားတဲ့ လက်မှတ်တွေ။ သူတို့ဆီက လက်မှတ် နှစ်စောင်နဲ့ မိန်းမကြီး ဆီကလက်မှတ် နှစ်စောင်တို့ဟာ အတူတူဖြစ် နေပေါ့။ ခုံနံပါတ် ထပ်တဲ့ကိစ္စ။ ဒီကိစ္စ မျိုးဟာရထား မထွက်သေးရင် သက်ဆိုင်ရာနဲ့ ဖြေရှင်းလို့ ရတတ်ပေမယ့် ခုဟာက ရထားက ထွက်ခဲ့ပြီလေ။ ခုံနေရာမှာ လက်ရှိထိုင် နေတဲ့ သူနဲ့သာ ဆိုင်တော့တဲ့ သဘော။
မိန်းမကြီး မျက်မှောင် ကြုတ်သွားတယ်။ သနပ်ခါး ဖွေးနေတဲ့ မျက်နှာကြီးမှာ ပန်းဆီ ရောင်သန်း လာတယ်။ စဉ်းစားရ ကျပ်ဟန် ခေါင်းကုတ်တယ်။ ပြီးမှဘေးက သူ့ဟာ နှစ်ယောက်ဘက် လှည့်လို့ “ညည်းတို့ အသုံးမကျ လို့ဒီလို ဖြစ်ရတာ၊ အချိန်မီ လာပါတော့လား၊ ဒီရထား သုံးနာရီ ထွက်နေကျ ဆိုတာ မသိတာလည်း မဟုတ်ဘူး၊ ဒီခရီး သွားခဲ့တာလည်း ခြေတိုနေပြီ၊ ငါက အလုပ်ကိစ္စ ရှိလို့နောက်ကျ မယ်ပြောထား ပြီးသား၊ သူတို့များ အားကိုး ရမလားလို့ လက်မှတ်တွေ ပေးနှင့်လိုက်တာ အလကားပဲ၊ ဒါနဲ့ နေပါဦး၊ ဒီကိုဘာနဲ့ လာခဲ့ကြ တာလဲ”
လို့ မေးလိုက်တော့ ကျောက်ပေါက် မာစစနဲ့ အမျိုး သမီးက- “လိုင်းကားစီး လာခဲ့တာ”
လို့ ဖြေတယ်။ ဒီမှာပဲ ဒေါ်ဒေါသက-
“လိုင်းကားစီး လာမှတော့ မကြာဘဲ နေမလားအေ့၊ သုံးဘီး၊ ဆိုက်ကားငှား စီးခဲ့ရောပေါ့၊ ပိုက်ဆံပေးရင် ပါးတောင်ရိုက်လို့ ရတယ်”
လို့ မဆီမဆိုင် တွေပါ ရမ်းကားပြောဆို နေတော့တယ်။
မိန်းမ ကြမ်းကြီးရဲ့ စကားမြား ဦးဟာ ထိုင်ခုံလက်မှတ် ထုတ်ပြတဲ့ မိန်းမဆီ လှည့်လာပြန်တယ်။
“ဒီလက်မှတ်တွေက ဒီစီကိုကို ၀ယ်ပေးတာ၊ အလကား ကလေကချေ ကုန်တင် ကုန်ချတွေ ၀ယ်ပေးတာ မဟုတ်ဘူး”တဲ့။
အသွား မလွတ်အနှောင့် မလွတ်စကား။ ထိုင်နေတဲ့ မိန်းမကလည်း အကျောမခံ ပြန်ပြောတယ်။
“ဒီလက်မှတ် ကလည်း မနက် စောစောကြီး ကတည်းက လက်မှတ်ရောင်း စိုးဝင်း ၀ယ်ပေးတာ၊ ကလေကချေ မဟုတ်ဘူး၊ ကုန်တင်ကုန်ချ တွေတော့ ကိုယ် ၀ယ်ခိုင်းဖူးရင် သိမှာပဲ၊ ကျွန်မနဲ့ ဘာမှ မဆိုင်ဘူး၊ ရှင် စကားကို ကြည့်ပြောနော်” လို့ပြောပြီး-
“ကိုယ့်နေရာ ကိုယ်ထိုင်တာပဲ ပြဿနာ လာရှာ နေပြန်ပြီ”
လို့ သူ့ဘေးက အဖော်ကို ပြောရင်း စိတ်ပျက် ဟန်ပြတယ်။
ဒီမှာပဲ မိန်းမကြီးဟာ ကျန်လက်မှတ် တစ်စောင်ရဲ့ ခုံနေရာကို မဲတင်းပြန်တယ်။
“၃၄၊ ၃၅ က ဟုတ်ပါ ပြီ၊ ဒီ ၃၆ ကကော” တဲ့။ ဒီတော့ ခုံနံပါတ် ၃၆ မှာ ထိုင်နေတဲ့ မိန်းမက “ကျွန်မက လမ်းဆင်းပါ၊ ခုံလွတ်နေလို့ ခဏ၀င် ထိုင်ခဲ့တာ”
လို့ ခပ်တိုးတိုး ပြောနေသံ ကြားရတယ်။
“ဒါဖြင့် ဖယ်ပေးပါ၊ ဒီမှာ ပြဿနာတွေ ဖြစ်နေတာလည်း အသိသားနဲ့” လို့ ပြောပြီး မျက်စောင်းခဲ လိုက်တယ်။ ဟိုမိန်းမ အထမှာ-
“ညည်း ဒီ ၀င်ထိုင်”
လို့ ပြောပြောဆိုဆို သူ့လူ တစ်ယောက်ကို ဆွဲထိုင်ခိုင်းတယ်။
မိန်းမကြီးက ခုံဘေးမှာ မတ်တတ် ရပ်နေရင်း-
“ညည်းတို့ ညံ့ဖျင်း လွန်းလို့ ငါက ကြမ်းနေရတာ၊ တို့က မတရားတာဆို ဘာတစ်ခုမှ မလုပ်ဘူး။ ခင်မမတဲ့၊ ကိုယ့်အပေါ် မတရား လုပ်ရင်လည်း တစ်စက် ကလေးမှသည်း မခံနိုင်ဘူး”
လို့ ကိုယ်ရည်သွေး စကားဆိုတယ်။ သူ့ရဲ့အခဲ မကျေတဲ့ မျက်နှာမှာလည်း ဒေါသငွေ့တွေ ဟုန်းဟုန်းထလို့။
“သေခြင်းဆိုးနဲ့ သေမယ့်၊ ကာလနာ တိုက်မယ့်ကောင်တွေ။ သူတို့လက်မှတ် မှောင်ခို ထုတ်ရောင်းလို့ ဒီလို ဖြစ်ရတာ၊ ဒီကိစ္စ တိုင်ကို တိုင်ရမယ်၊ စစ်ကိုင်းရောက်ရင် လက်မှတ် စစ်တွေနဲ့ တွေ့ရမယ်။ အထက်ထိ တက်တိုင်မယ်၊ ဘယ့်နှယ်တော်- တစ်ရက်လည်း ကြိုပြီး ၀ယ်ရသေး၊ ကိုယ့်ခုံလည်း ကိုယ်မထိုင်ရ၊ စကားလည်း များရနဲ့။ အောက်တန်းစားတွေ၊ အကြောင်းသိမယ်၊ စစ်ကိုင်းရောက်ရင် ဒီကိစ္စကို ရှင်းရမယ်။ သေခြင်းဆိုး ကာလနာတွေ”
(မှတ်ချက်- အခု အခါမှာ ရထား လက်မှတ်ရောင်း စနစ်များ ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်။)
ရထားကြီး ကတော့ တာဝန်မပျက် ဆက်လက်ရွေ့လျား နေပါတယ်။ ပက်ပ်စီ၊ ဘီအီးဘီယာ၊ နို့အေးချောင်း၊ အချဉ်ပေါင်း၊ ကွမ်းယာ၊ ဆေးလိပ် ရောင်းကြတဲ့ ရွေ့လျား ဈေးသည်တွေဟာ ထိုင်ခုံတွေ အပေါ် တလွှားလွှား ကျော်လို့ အော်ဟစ် ဈေးရောင်း နေကြတယ်။ ပုဆိုးနဲ့ လူက ပုဆိုးတို တိုတင်းတင်း ၀တ်လို့၊ တချို့ က တရုတ်စက ဘောင်းဘီနဲ့၊ မိန်းမ ဈေးသည်တွေလည်း ပါတယ်။ အားလုံးဟာ ဖိနပ်တွေကို ခါးကြားထိုးထား ကြတယ်။ သူတို့ ကြည့်ရတာ မျောက်တွေ သစ်ကိုင်း ကူးနေ ကြသလိုပါပဲ။
မကြာလိုက် ပါဘူး။ ဘီအီး ဘီယာသည်နဲ့ စောစောက မိန်းမကြီးတို့ တွေ့ကြတယ်။“ဒီလောက် ကျပ်နေတာ သိသားနဲ့ ဇွတ်တိုး ရသလား၊ နင့်ခါးကြားက ဖိနပ်ကြီးက ငါ့ခေါင်းကို လာခိုက်တယ်၊ အတော် မိုက်ရိုင်းတဲ့ကောင်”
လို့ ပြောတော့ ဈေး သည်က-
“ဟာ... ဆောရီး အဒေါ်၊ မတော်လို့ပါ စိတ်မရှိ ပါနဲ့”တဲ့။
အရက်သည် ကောင်လေးက ပြောရင်းဆိုရင်း ဟိုခုံသည်ခုံ ဆက်ကူးသွားတယ်။ ပါးစပ်ကလည်း-
“ပူမနေနဲ့၊ ရင်ပူရင် ဘီယာ အေးအေးလေး သောက်လိုက်၊ တစ်ခါတည်း ပျောက်သွားရမယ်၊ လာထားလာထား”တဲ့။
ပါးစပ်က လာထားလို့ ခေါ်ရင်းလူက သွားနေတယ်။
ခဏ အကြာမှာ ရထားတွဲ အ၀င်အထွက် ပေါက်ဆီက ချွင်ခနဲ စည်းရိုက်သံ လွင်လွင်ကလေး ကြားလိုက်ရတယ်။ တစ်ဆက်တည်း-
“သနားကြပါရှင်”
အစချီတဲ့ ငွေကြေး အသနား ခံတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတယ်။ ရှိလှ အသက်နှစ်ဆယ် အစိတ်ပါပဲ။ အမျိုး သမီးဟာ သူ့ရင်ခွင် ကြားမှာ အ၀တ် တဘက်နဲ့ ကလေးငယ်ကို သိုင်းချည်ထားပြီး ဒန်ခွက် တစ်လုံးကို ကိုင်ထားတယ်။ ကလေးရဲ့ မျက်နှာက တစ်ဝက်တစ်ပျက် သာပေါ်နေပြီး ဖြူဖြူကစ်ကစ် လက်ကလေး တစ်ချောင်းက အ၀တ်သိုင်းရဲ့အပြင်ဘက်ကို ထွက်ကျနေတယ်။ ကလေးဟာ အမိ ရင်ခွင်မှာ နို့စို့ရင်း မှိန်းလိုက်နေဟန် တူရဲ့။ သူတောင်းစားမ ကလေးဟာ ကလေးမအေ ဆိုပေမယ့် ငယ်ဂုဏ်ငယ်သွေး မပျက်သေးဘူး။ ညှိုးနွမ်းတဲ့ အ၀တ် အစားတွေ အောက်က သားကောင်းမိခင် တစ်ဦးရဲ့ အသွင် သဏ္ဌာန်က ထင်ရှား နေတုန်းပဲ။ နေလောင်ထားတဲ့ အ၀တ်စ တစ်ခုကို သူ့ခေါင်းမှာ ဆီးထားပြီး သူ့ဘယ်လက်မှာ ကိုင်ထားတဲ့ စည်းကို ပီပီသသ တီးခတ်နေတယ်။ ဒန်ခွက် ကိုင်ထားတဲ့ လက်မှာ ၀ါးကို ညှပ်ကိုင်ထားရဲ့။ သူ တေးဆိုဖို့ အစ ပျိုးနေပြီ။
“ဆို x x ကြ x x ပါ စို့ x x ခွဲ x x ရသည်က ခဏတာ x x x မေ့အဖို့ တော့ x x တစ်ဘ၀တစ် ကမ္ဘာ x x x ရွှေဝါမြေမှာ ကြဲတော့ x x x မေကလျာ အခြေကမွဲပေါ့ x x x မေနဲ့ မောင်လွဲရရွှေဖူးစာ x x x အကြောင်းထွေထူး x x x တပေါင်းလေရူး x x မြူး ဆော့သောအခါ x x x မျက် ပြူးဆန်ပျာ x x ရိုးတံညှာတို့ x x x”
တောင်းစားတဲ့ အမျိုး သမီးငယ်ရဲ့ နှုတ်ဖျားက တေးသံတွေ စီးထွက်လာတယ်။ မထင်မှတ်ဘဲ နရီစီးချက်၊ ၀ါးချက် မှန်မှန်နဲ့ အသံလုံး အားကောင်းကောင်း၊ ကြောင်ခြင်း တိမ်ခြင်းမရှိ၊ ကွက်တိကျအောင် ဆိုနိုင်တဲ့ တေးသံရှင် တစ်ဦးဖြစ်နေ ပါကောလား။ မြန်မာဂန္ထ၀င် ကဝေ အဆိုတော် ကြီးရဲ့ ဆယ်မိုး ဆယ်နွေ မျှော်လေလေဝေး သီချင်း။ ငါးကြင်းခေါင်း ကိုမှ ကိုင်လိုက်တဲ့ မိန်းမ။ ဒီလို တောင်းစားသူ အများစုဟာ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် တာဝန်ကျေ အသနားခံ သီဆိုတောင်းစား နေကြတာက များသမို့ ဒီမိန်းမ ကိုလည်း အဲဒီ အစားတွေထဲကလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ အဲဒီအထင် မှားခဲ့ရပြီ။
ရထား ခုတ်မောင်းသံ တွေကို လွှမ်းသွားအောင် ဟစ်ကြွေးသီဆို နေရပေမယ့် သူ့မှာ အပန်းကြီးဟန် မပြ။ သူ တောင်းစားဆိုတဲ့ စကားက သူနဲ့ မတန်ပါဘူး။ သူက တေးဆိုပြီး ၀မ်းစာရှာဖွေ သူပါ။ အသားလွတ် လိုက်လံ တောင်းရမ်းစား နေသူတော့ မဟုတ်။
ဇာတ်ကြမ်းတိုက် နေတဲ့ မိန်းမကြီးနဲ့ ခုံကျော် ဈေးသည်တွေ၊ ကိုယ့်အစု နဲ့ကိုယ် ရောက်တတ်ရာရာ လေပစ်နေသူ တွေဟာ တဖြည်းဖြည်း ငြိမ်ကျသွားတယ်။ သာယာတဲ့ တေးသံနောက် မျောပါ သွားကြပေါ့။ အဆိုတော်မ ကလေးက အားလုံးကို ဖမ်းစားသွားပြီ။ အစက မမြန်တဲ့ ရထားကြီးတောင် ပိုနှေးလာ သလိုပဲ။
ဟိုးအဝေး ဆီမှာ မင်းဝံ တောင်တန်းကြီးက မြူမှုန် တွေအကြား လဲလျောင်းလို့။ ရိုးပြတ်လယ်ကွင်း၊ တောရိပ်တောတန်း၊ နဘူးချုံ၊ မြက်ရိုင်းတော၊ ထနောင်းပင်အုပ်၊ ကန္တာရ ဆူးပင်တွေဟာ ဝေးရာက နီးလာ၊ ပြီးတော့ ချာလ ပတ်ဝေ့လို့ နောက်ဘက်ဆီ ကျန်ရစ်ကြတယ်။ နွေညနေထဲ ငြိမ်သက်နေတဲ့ ရွာငယ်ကလေး တွေကို တစ်ခါတစ်ခါ လှမ်းမြင် နေရတယ်။
အဆိုတော် မလေးရဲ့ တေးတစ်ပုဒ် ဖျော်ဖြေ အပြီးမှာ တစ်ရာတန်၊ နှစ်ရာတန်တွေ သူ့ဒန်ခွက်ထဲ ကျလာတယ်။ လေးငါးဆယ်ရွက်။ အလို- ကျားသားမိုးကြိုး။ စောစောက မိန်းမကြမ်းကြီး ဟာ သူ့အဖော် မိန်းမဆီက ပိုက်ဆံအိတ် လှမ်းတောင်းနေတာ မြင်ရတယ်။ အညိုရောင် ခပ်သန့်သန့် အိတ်ကလေး။ သူက အိတ်ထဲက ငါးရာတန် တစ်ရွက်ထုတ်လို့ ဒန်ခွက်ထဲ လှမ်းထည့်လိုက်တယ်။ “တစ်ပုဒ် ထပ်ဆိုပါဦး” တဲ့။ သီချင်းတောင်း နေတယ်။ ပြီးတော့ သူ့ကိုယ်သူ ပြောတာလိုလို တခြားတစ် ယောက်ကိုပြော သလိုလိုနဲ့-
“စိတ်တို စိတ်ပျက်တာတွေ အခုမှပဲ ပျောက်သွားတော့တယ်” တဲ့။
ရေရွတ်လိုက် သေးရဲ့။ ဂီတကြောင့် နူးညံ့သွားတဲ့ သဘော။
အဆိုတော်မ လေးကတော့ သူ့ရဲ့တစ်ကိုယ်တော် (တစ်ကိုယ်တော် စစ်စစ်ပါ၊ စည်းနဲ့ဝါးက လွဲလို့ တခြား ပံ့ပိုးမှု မပါဘူး) ဖျော်ဖြေပွဲ ကလေးကို ဆက်လိုက်တယ်။ လာပြီ စည်းနဲ့ဝါး။ နည်းနည်းနောနော လေ့ကျင့်မှုနဲ့ စည်းနဲ့ဝါးကို ဒီလောက် အသံကျအောင် မတီးခတ် နိုင်ပါဘူး။ ဂီတနား မဝေးသူတိုင်း သိနိုင်ပါတယ်။
“မချစ်ပြင်ပြင် x x မကြင်နာလေသူမို့ x x...” လို့ စလိုက် ကတည်းက အရင် သီချင်းကို ဆိုခဲ့တဲ့ ခေတ်ဟောင်း အဆိုတော်ကြီးရဲ့ ငယ်မူတေး တစ်ပုဒ် “မေ့ကွက် ကိုရှာ” ဆိုတာ ဒက်ခနဲ သိလိုက်ရတယ်။
“ x x မေ x x ဘယ်သူ့ကိုမှ x အပြစ်လည်း မတင်လိုပေ x x ချစ်ပရိယာယ်ကို သိသ လိုလိုနဲ့ x x ချစ်စရာ x x ကဗျာတစ်ပုဒ် အလား x x နှစ်သက်ယုံစား မိခဲ့လို့လေ x x မေ့အဖြစ်နဲ့ မေသာ ရှိပါစေတော့ မောင်ရေ x x မေ့အဖြစ်နဲ့ မေသာ x x ရှိပါစေတော့ မောင်ရေ x x မောင် x x ရေ x x x မေ့ကွက်ကိုရှာ x x ရှာသူမောင်ရေ x x...”
မကြားဖူးသူရော ကြားဖူးသူရော အားလုံး အလွမ်းလှိုင်းထဲ နစ်ကုန်ကြ။ ငြိမ်လို့။ ဒေါ်ဂျမ်းဒေါဆီ လှမ်းကြည့် လိုက်တော့ သနပ်ခါး ဖွေးဖွေး မျက်နှာမှာ အလွမ်းရိပ်တွေ သန်းလို့။ တေးသံအပေါ် ကျေနပ်ဘ၀င် ခွေ့နေဟန်။ လူက ခုံဘေးမှာ မတ်တတ်ရပ်လို့။
ဂန္ထ၀င်တေး နှစ်ပုဒ် သီဆိုပြီးသွား ချိန်မှာ အလွမ်းတေးသည် မလေးရဲ့ မျက်နှာမှာ ချွေးစ ကလေးတွေ သီးလာတယ်။ သူ့ကို ဘေးတစ်ခုံက ရေသန့်ဘူး လှမ်းပေးနေတာ တွေ့လိုက်ရတယ်။ သူ့ ရင်ခွင်ထဲက ကလေးကတော့ တုတ်တုတ်မှ မလှုပ်ဘူး။ အဆိုတော် မလေးက သူ့ဒန်ခွက် ထဲက ငွေတွေကို ယူပြီး ဘေးလွယ်အိတ်ထဲ ထည့်လိုက်တယ်။ ပြီးတော့ ခုံတွေ၊ လူတွေကြား တိုးဝှေ့ပြီး တရွေ့ရွေ့ ထွက်ခွာသွားပေါ့။ အနုပညာ ဂီတနဲ့ ၀မ်းစာ ရှာစားသူ တွေရဲ့ စာရင်းထဲမှာ သူ့ကိုလည်း ထည့်သွင်းရ ပေလိမ့်မယ်။ စည်းနဲ့ဝါး ပိုင်တဲ့ ကဗျာလွတ် တေးသံရှင်တစ် ယောက်ပါပဲ။
ထူးခြားတာက စစ်ကိုင်း ဘူတာမှာ ရထားရပ်တော့ “စစ်ကိုင်းရောက်ရင် လက်မှတ် စစ်တွေနဲ့ တွေ့မယ်၊ တိုင်မယ်”လို့ မောင်းတင်ထားတဲ့ မိန်းမကြီး ဘာမှလှုပ် ရှားတာ မတွေ့ရဘူး။ တွဲ အောက်တောင် မဆင်းဘူး။ သူ့ရဲ့ ဒေါသတွေ ပြေပျောက်သွား ပြီထင်ရဲ့။
ဝက်လက် ဘူတာမှာ ရထားဆိုက်တော့ ခရီးသည် တွေဟာ အဆင်းထက် အတက်က များနေတယ်။ ငွေရေး ကြေးရေးအရ၊ လမ်းပန်း ဆက်သွယ်ရေး အရအဆင် ပြေဆုံးက ဒီရထားပဲ ရှိတာမို့ လူတွေဟာ ရထားကိုပဲ အားကိုးနေကြ ရဟန်တူတယ်။ တချို့များ တွဲခေါင်မိုးပေါ် အထိတက်ပြီး စီးကြတယ်။ တစ်ခါတစ်ခါ မိန်းမနဲ့ ကလေးတွေပါ ရထား ကျပ်လွန်းရင် တွဲခေါင်မိုးပေါ် ရောက်ကုန်ကြ သတဲ့။
စောစောက ခုံနံပါတ် ထပ်ပြဿနာ ဖြစ်ခဲ့တဲ့ မိန်းမနှစ်ယောက် ၀က်လက် ဘူတာမှာ ဆင်းသွားကြလို့ မိန်းမ ကြမ်းအုပ်စုလည်း နေရာတကျ ဖြစ်လို့ နေပါပြီ။ ၀က်လက်မှာ ရထားကြာကြာ မရပ်ဘူး။ ၀မ်းဗိုက်ပြည့်ဖောင်း အန်ထွက်နေတဲ့ သတ္တ၀ါ တစ်ကောင်လို ရထားကြီးဟာ မြောက်ဘက် အရပ်ဆီ ဦးတည်လို့ တရွေ့ရွေ့ ချီတက် နေပြန်တယ်။
အနောက်ဘက် မြင်ကွင်းမှာ ဆည်းဆာ ကောင်းကင်ရဲ့တိမ်ရောင်စုံ အလှကို ငေးမောခံစား နိုင်ပါတယ်။ စိတ်ကူးသလို အရုပ်မျိုးစုံ ဖြစ်နိုင်တဲ့ တိမ်တောင်တိမ်လိပ် တွေဟာ နေ့တစ်နေ့ကို အလှပြ နှုတ်ဆက်နေကြ သလိုပါပဲ။
တတိယ မြန်မာနိုင်ငံတော်ရဲ့အဦးအစ မြို့ဟောင်း ရတနာသိင်္ဃ ပြည်ရွှေဘိုကို လှမ်းမြင်နေရ ချိန်မှာ ဆည်းဆာဟာ ဖျော့ရီမှေးမှိန် လို့လာ နေပါပြီ။ အိပ်တန်းပြန် ဗျိုင်းငှက်တွေက ဟိုအဝေးဆီ တရွေ့ရွေ့ ပျံသန်းထွက်ခွာ နေကြရဲ့။
ရွှေဘို ဘူတာက မီးမျက်တောင် တဖျပ်ဖျပ် ခတ်လို့ အမြန် ရထားကြီးကို ကြိုဆို နေတယ်။ ရထားအရှိန် ကောင်းကောင်း မသတ်ခင် ကတည်းက နေရာလုဖို့ ပြေးတက်လိုက်ပါ လာကြတဲ့ ကုန်သည် လက်ထောက်တွေဟာ တွဲပေါက်တွေမှာ တရုန်းရုန်း ဖြစ်နေကြတယ်။ ပြီးတော့ ရထားမရပ် သေးခင်မှာဘဲ သူတို့ပစ်္စည်း တွေကို ပြတင်းပေါက် တွေကနေ အဓမ်္မပစ် တင်လိုက်ကြတယ်။
တကယ်တော့ ရွှေဘို ဘူတာမှာ ရထားဟာ ကြာကြာ ရပ်ပေးပါတယ်။ ရထားနောက်ပိုင်း ကုန်တွဲတွေပေါ် ရွှေဘိုကုန်တွေ တင်နေတာလည်း အကြာကြီး။ အားမပြည့်တဲ့ မီးမှိန်မှိန် အောက်က ဘူတာ အဆောက်အအုံ ထဲမှာလူတွေ လှုပ်ရွရှုပ်ထွေး နေတယ်။ ခွံစိမ်း ငှက်ပျောသီး၊ ဒံပေါက်ထုပ်၊ ထမင်းထုပ်၊ အသားကင်၊ အကြော်စုံ၊ ဆီထမင်း၊ ရေသန့်ဘူး၊ အချိုရည်ဘူး၊ ဖယောင်းတိုင်၊ မီးခြစ်၊ ကွမ်းယာ၊ ဆေးလိပ်ဈေးသည် တွေဟာ ဘူတာဇာတ်ခုံ ပေါ်က အမြဲတမ်း ဇာတ်ကောင် တွေပါပဲ။ ရွှေဘို ဘူတာမှာလည်း ခရီးသည်က အဆင်းထက် အတက်က များနေ တုန်းပါပဲ။ ရထားထွက် ဥသြသံ ပေးလိုက်တော့ လူတွေပိုပြီး ဆူညံလှုပ်ရှား လာတယ်။ ပြေးသူ၊ နှုတ်ဆက်သူ၊ ကမန်းကတန်း တက်လာသူ တွေဟာ ပုရွက်ဆိတ်အုံ တုတ်နဲ့ ထိုးဆွ လိုက်သလိုပဲ။ စားပိုးနင့် နေတဲ့ မြွေကြီးတစ်ကောင် တွားသွားသလို ရထားကြီး တရွေ့ရွေ့ စထွက်လိုက် ပြန်တယ်။
တွဲအတွင်းမှာတော့ လူနဲ့ပစ္စည်း တွေဟာ ပြည့်ရုံမက လျှံထွက် နေပါပြီ။ ဘူတာ နယ်နိမိတ် လွန်တော့ တွဲထဲမှာ မှောင်လာတယ်။ တွဲခေါင်မိုး အလယ်လောက်မှာ ကပ်ထွန်းထားတဲ့ ၀ပ်အားနည်း မီးလုံး မှိန်လဲ့လဲ့ ကလေးက တစ်တွဲလုံးကို ဘယ်လိုအလင်း ဆောင်နိုင်ရှာ မှာလဲ။ တချို့ခုံတွေ မှာတော့ ဖယောင်းတိုင် ကလေးတွေ လေကွယ်ပြီး ထွန်းထားကြတယ်။ မွိန္ပ်ပ် ပါပဲ။
ရွှေဘို ဘူတာက ရထား ထွက်လာလို့ ဆယ်မိနစ် လောက်အကြာမှာ တွဲအလယ် ပိုင်းဆီက လူသံ ဆူသံတချို့ ကြားလိုက်ရတယ်။ ဘာဖြစ်တာလဲ။ ပြဿနာ တစ်ခုခု ဖြစ်နေဟန် တူရဲ့။ အဲဒီ အချိန်မှာပဲ တရုတ်ဖြစ် လက်နှိပ် ဓာတ်မီးရောင်တွေ တွဲထဲဟိုက သည်က လင်းလက်လာတယ်။
ထိုင်ခုံတွေကြား လူသွားလမ်း တစ်နေရာမှာ လူတစ်ယောက်ကို လက်နှိပ်မီး တွေနဲ့ ၀ိုင်းထိုးထား ကြပေါ့။ အကယ်ဒမီ ဆုရှင်ကို မီးဆလိုက် တွေနဲ့ ၀ိုင်းထိုးထား တာတော့ မဟုတ်တာ သေချာပါတယ်။ တစ်ယောက်တစ်ပေါက် ပြောသံ အရတော့ သူခိုးဆိုပဲ။ အဲဒီလူဟာ လူသွားလမ်း ပစ္စည်းတွေ အကြားမှာ မှင်သေသေနဲ့ လှဲနေတယ်။ မီးရောင်တွေကို လက်နဲ့ကာလို့ နားမလည်တဲ့ မျက်နှာနဲ့ လူတွေကို မော့ကြည့်နေတယ်။ သူခိုးဆို သူကို လူတွေကြား တိုးဝှေ့ပြီး သေချာကြည့် လိုက်တော့၊ ဟာ- စောစောက ကိုယ့်ခြင်းတောင်းကို ခုံအောက်မှာ နေရာချ ပေးခဲ့တဲ့ လူပဲ။ အသားမည်းမည်း၊ မျက်လုံးပြူးပြူး၊ ဆံပင် တိုတိုနဲ့ အင်္ကျီနှစ်ထပ် ၀တ်ထားတယ်။ အတွင်းက အနက်၊ အပြင်က မွဲပြာရောင်။ နှစ်ထည်လုံး အပေါ်ကြယ်သီး တွေသာ တပ်ထားလို့ သူ့ဝမ်းဗိုက်က ဟောင်းလောင်း ဖြစ်နေတယ်။ သေချာပါတယ်၊ ဒီလူပဲ။ ဒါပေမဲ့ ဒီအချိန်မှာ ကိုယ်ကသူ့ကို ကယ်တင်ဖို့ ဆိုတာ မလွယ်တဲ့ ကိစ္စ။
သူ့လက် နှစ်ဖက်က ဟန်းဘက်အိတ်နဲ့ ရေအိုးကြီး တစ်လုံးကို ကိုင်ထားတယ်။ သူ့ဘေးခုံ ကလူက
“ဟေ့ကောင် ထစမ်းဆို၊ ခုနက မင်းဘာ လုပ်တာလဲ”လို့ ငေါက်မေးမေး လိုက်တော့။ သူက
“ဘာမှ မလုပ်ရ ပါဘူးဗျာ၊ ကျုပ်ရေအိုး ကွဲမှာစိုးလို့ စမ်းကြည့်တာပါ၊ ဘုရားစူး” လို့ ပြန်ပြောတယ်။
“သူ့အိတ်ထဲ ရှာကြည့်”တဲ့။ အသံတစ်သံ။ ဒီမှာတင် စောစောက လူက သူ့အိတ်ကို ပိုင်စိုးပိုင်နင်း ဆွဲယူပြီး ဇစ်ပျက်နေတဲ့ မည်းစုတ်စုတ် အိတ်ကြီးထဲ မွှေနှောက်ရှာဖွေ လိုက်တယ်။ အိတ်မွှေတဲ့ လူက အိတ်ထဲက တစ်စုံ တစ်ခုက ဆွဲထုတ်လို့-
“ဒါဘာလဲ ခွေးမသား” ဆိုပြီး ရှည်မျောမျော အိတ်ငယ်နဲ့ အဲဒီလူရဲ့ မျက်နှာဆီ ဖြတ်ရိုက်ချ လိုက်တယ်။ အိတ်က အနက်ရောင် သားရေပိုက် ဆံအိတ်။ ပြီးတော့ အိတ်ပိုင်ရှင် ဆိုသူက တတွတ်တွတ် ဆက်ပြောနေတယ်။
“ငါ အိပ်ပျော် လုလု မှေးခနဲ ဖြစ်သွားတုန်း ငါ့အိတ်ကို လှမ်းကိုင်လိုက်သံ ကြားပြီး နိုးသွားတယ်။ မနိုး ရှိမလား၊ အိတ်ကို ခေါင်းနဲ့ ဖိထားတာပဲ။ ပြီးတော့ အောက်က ခြင်းတောင်းထဲ နှိုက်သံလိုလို ကြားရတယ်၊ မသင်္ကာတာနဲ့ ထရှာလိုက်တော့ ခြင်းထဲက ပိုက်ဆံအိတ် မရှိတော့ဘူး။ အိတ်ကို ခြင်းထဲမှာ သေချာ ထည့်ထားတာပဲ။ ဒီနားမှာပဲ လူစိမ်းဆိုလို့ ဒီလူပဲ ရှိတာ၊ တော်တော်ယုတ် တဲ့ကောင်”လို့ ပြောနေတုန်း မှာပဲ အသံ တစ်သံက-
“နောက်ထပ် ဘာတွေ တိုထားသေးလဲ မသိဘူး၊ သူ့ အိတ်ကို စစ်ကြည့်ရမယ်။ ဟေ့ကောင်၊ မင်း အိတ်ထဲက ပစ္စည်းတွေ ထုတ်ပြစမ်း”တဲ့။
သူခိုးဟာ အသံလာ ရာကို မော့ကြည့်လိုက်တယ်။ အများဝိုင်းရံ ထားတဲ့အောက်မှာ ရောက်နေတဲ့ သူခိုးဟာ သူ့အိတ်ထဲ လက်နှိုက်လို့ စိတ်မပါဘဲ ပစ္စည်းတွေ တစ်ခုချင်း ထုတ်ပြ နေရပေါ့။
ခပ်နွမ်းနွမ်း မျက်နှာ သုတ်ပ၀ါ တစ်ထည်၊ ပုဆိုး ဟောင်းတစ်ကွင်း၊ စောင်တစ်ထည်၊ ဇွန်းတစ်ချောင်း၊ တီရှပ်နှစ်ထည်၊ ရှာထိုးဦးထုပ်၊ ပေါင်ဒါဘူး၊ လက်ပတ် နာရီတစ်လုံး၊ ပိုက်ဆံအိတ် တစ်အိတ်၊ ဒီမှာပဲ လူအုပ် ထဲက အသံတစ်သံ ထွက်လာတယ်။
“အဲဒါ ကျွန်မ ပိုက်ဆံအိတ်ပါ၊ ညနေကတောင် ကိုင်ခဲ့သေးတယ်၊ ပျောက်သွားပေမယ့် ကိုယ့်ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရတာမို့ အသာ ငြိမ်နေခဲ့ ရတာ၊ ကြည့်စမ်း သူခိုးစုတ်၊ လူယုတ်မာ ခွေး သူတောင်းစား”
အသံကြားရာ ကြည့်လိုက်တော့ တွဲ ၃ ရဲ့ ဇာတ်လိုက်ကျော် မိန်းမကြမ်းကြီး ဖြစ်နေတော့တယ်။ လူတွေရဲ့ မျက်နှာမှာ ပြုံးစစ ဖြစ်သွား ကြပေါ့။ ဘေးလူ တချို့က-
“ဟုတ်တာပေါ့၊ သူ့ အိတ်ဟုတ်တယ်၊ ဟိုသီချင်း ဆိုတဲ့ ကောင်မလေးရဲ့ ခွက်ထဲ ငွေထည့်တုန်းက သူကိုင်ထားတဲ့ အညိုရောင် အိတ်ပဲ၊ ဟိတ်ကောင် ပြန်ပေးလိုက်” လို့ အော်ပြော နေကြတယ်။ သူ့အပေးတောင် မစောင့်ပါဘူး။ မိန်းမကြီးက ရုတ်တရက် တိုးဝှေ့ပြီး သူ့အိတ်ကို ဆွဲယူလိုက် တော့တယ်။
လူတစ်ယောက်က-
“ဒီကောင့် အိတ်ထဲမှာရော အိုးကြီး ထဲမှာပါ ပစ္စည်းတွေ အများကြီး ရှိသေးတယ် ထုတ်ပြီး သေချာကြည့်ကြ'' လို့အော်တယ်။ ဒါနဲ့ လူတစ်ယောက်က အိုးကြီးထဲ လက်နှိုက်ပြီး ပစ္စည်းတွေ တစ်ခုချင်း ဆွဲထုတ်လိုက်တယ်။
ပလတ်စတစ် ရေခွက်၊ ရေသန့်ဘူးခွံ၊ အိမ်သာသုံး စက္ကူလိပ်၊ ဘီစကွတ် မုန့်ထုပ်၊ ပန်းသီးနှစ်လုံး၊ ထိုးမုန့်ထုပ်၊ အိုးထဲက ပစ္စည်း မကုန်ခင် သူခိုးက ထအော်တယ်။
“ဒါ ငါ့ပစ္စည်း တွေကွ၊ ငါ့သားသမီးတွေ အတွက် ၀ယ်လာတာ၊ မင်းတို့နဲ့ မဆိုင်ဘူး၊ ငါ့ပိုက်ဆံ နဲ့ငါ ၀ယ်ခဲ့တာ၊ ထုတ်ပြစရာ မလိုဘူး။ ငါသူခိုး မဟုတ်ဘူး၊ သွားကြ”တဲ့။
ဒီမှာပဲ ပိုက်ဆံအိတ် အနှိုက်ခံ ရတဲ့လူက သူခိုးရဲ့ ဦးခေါင်းကို လက်သီးနဲ့ လှမ်းထိုးပြီး-
“မအေ x x ရဲ့၊ မင်းခိုးတာ မဟုတ်လို့ ဘာလဲ၊ အထုပ်နဲ့ အထည်နဲ့ မိနေတာတောင် ငြင်းချင်သေးတယ်။ ရှေ့ဘူတာ ရောက်ရင် မင်းကိုရဲလက် အပ်ရမယ်၊ ခွေးမသား”
လို့ ပြောရင်း ဆဲလိုက်တယ်။ သူခိုးဟာ နေရာက ရုန်းထဖို့ ကြိုးစားတယ်။ ဒါပေမဲ့ မရဘူး။ တွဲလယ် ကောင်ပစ္စည်းတွေ၊ လူတွေ အကြားက သူ ထွက်ပြေးဖို့တော့ မလွယ်ပါဘူး။ အခြေ အနေအရ သူခိုးဟာ ချောင် ပိတ်မိနေတဲ့ ခွေးတစ်ကောင်လို ဖြစ်နေပြီ။ သူခိုးရဲ့မျက်လုံးတွေဟာ ၀င်းဝင်းတောက်နေ ပြီး သူ့အင်္ကျီနှစ် ထပ်ကြား လက်လျှိုလို့ ခါးကြားဆီ စမ်းနှိုက်နေတယ်။ အားလုံးကလည်း သူ့လှုပ်ရှားမှု ကိုပဲ သတိနဲ့ ကြည့်နေကြတယ်။
ရုတ်တရက်ပဲ တရုတ် ဖြစ်မောင်းပြန် ဓားတစ်လက် သူခိုးရဲ့ ညာလက်ဖျားမှာ ပါလာတယ်။ အသွားက ၀င်းလက်လို့။ တချို့လူတွေ ဟင်ဟာ ဖြစ်သွားပြီး ဘေးရှဲသွား ကြပေါ့။ ရထားကြီးဟာ လျှပ်စစ်မီး ရတဲ့ လက်ပန်လှ ရွာကို ကျော်လာခဲ့ပြီ။ မကြာခင် ခင်ဦး ဘူတာကို ဆိုက်တော့မယ်။ ဥသြသံ တစ်ချက် ကြားရတယ်။ သူခိုးဟာ လွတ်နေတဲ့ လက်နဲ့ အပြင်ထုတ်ထားတဲ့ ပစ္စည်းတွေကို အိတ်ထဲတချို့၊ အိုးကြီးထဲတချို့ ထိုးထည့်နေတယ်။ မောင်းပြန်ဓားကိုတော့ ညာလက်က မလွှတ်ဘူး။ ရုတ်တရက် လက်နှိပ် မီးတွေ အကုန်မှိတ် သွားပြီး ခွပ်ခနဲ အသံ ကြားလိုက်ရတယ်။ မီးတွေ ပြန်လင်းလာတော့ သူခိုးရဲ့ ညာဘက်လက်က ဓားမရှိတော့ သလို သူခိုးရဲ့ ဦးခေါင်းမှာ သွေးတွေ ရဲနေတော့တယ်။
စုတ်သပ်ကြ၊ အော်ဟစ်ကြ၊ မိန်းမတွေရဲ့ အသံ။ လူ တစ်ယောက်ရဲ့ လက်ဖျံမှာလည်း သူခိုးရဲ့ဓားနဲ့ ရှပ်ထိ သွားသတဲ့။ သူခိုးဟာ နေရာက ရုန်းထရင်း နွားမူးဆူးတိုး၊ သွေးရူးသွေးတန်း အော်ဟစ်နေတယ်။
“မင်းတို့ ငါ့ကိုအနိုင် မကျင့်ကြနဲ့၊ ငါ သူခိုး မဟုတ်ဘူး၊ မင်းတို့ သိပ်လွန်နေပြီ၊ ဟေ့ကောင်တွေ ဟီး အီး”
ဆိုပြီး သူ့ပစ္စည်းတွေ ဆွဲယူရင်း မတ်တတ် ရပ်လိုက်တယ်။ ပြီးတော့ လူတွေကြား ဒယိမ်းဒယိုင် တိုးဝှေ့လို့ ရထားတွဲ အလယ်ပေါက်ကြီး နားရောက်လာတယ်။ မိန်းမ တချို့ရဲ့ ကြောက်လန့်တကြား အော်သံကြားရ။ လူတွေက သူခိုးကို လမ်းဖယ် ပေးကြတယ်။
သူခိုးဟာ ကျောပိုး အိတ်ကြီးနဲ့ ရေအိုးကြီးကို ပွေ့ပိုက်လို့ အလယ်ပေါက်ခြေ တက်ခုံဆီ ရောက်သွားတယ်။ သူ့ခေါင်း ဒဏ်ရာက သွေးတွေဟာ ခေါင်းတစ်ခြမ်းနဲ့ ပခုံး တစ်ဖက်မှာ စိုရွှဲနေတယ်။ ရထားကြီး ကတော့ ခင်ဦးမြို့ နယ်နိမိတ်ကို ၀င်ရောက်လာလို့ ဘူတာဆီ လမ်းရှင်းတောင်း ဥသြဆွဲ နေပါပြီ။ အရှိန်ကတော့ သိပ်မလျော့ သေးပါဘူး။ ဒီအချိန်မှာပဲ သူခိုးဟာ ရထားတွဲ အလယ်ပေါက် ခြေတက်ခုံကနေ အောက်ကို ခုန်ဆင်း သွားတော့တယ်။ ဘယ်သက်သာ လိမ့်မလဲ။ အိတ် မည်းမည်းကြီးနဲ့ ရေအိုးကြီးကို ပွေ့လိုက်လို့ ရထားပေါ်က ကျသွားတဲ့ လူတစ်ယောက်ကို လက်နှိပ်မီးတွေ ထိုးပြီး တအံ့တသြ လှမ်းကြည့် အရသာခံ သူတွေကတော့ အများကြီး ပါပဲ။ တကယ်တော့ သူခိုးဟာ ခုန်ဆင်းတာလား၊ လိမ့်ကျ တာလားတောင် မသေချာ ပါဘူး။
မန္တလေး မြစ်ကြီးနား အဆန် အမြန်ရထား ကြီးကတော့ ဘာမှမဆန်း သလိုပါဘဲ။ တရှူးရှူး၊ တဟီးဟီး၊ တဂျိန်းဂျိန်း အော်မြည်ရင်း ခင်ဦးဘူတာ အတွင်းဆီ ပြေးဝင်လာခဲ့ တော့တယ်။ မြင်ကွင်းထဲ မှာတော့ ရထား စောင့်ကြတဲ့ ခရီးသည်တွေ၊ ရထားတင်ဖို့ စီချထားတဲ့ ပစ္စည်း ထုပ်တွေ၊ အရှင်လတ်လတ် ကြိုးတုပ်ထားတဲ့ ၀က်တွေ၊ ကြက်ခြင်းတွေနဲ့ ခေါ်သံ အော်သံတွေ။
ဘူတာ ပလက်ဖောင်းပေါ် ရောက်မှ ကိုယ့်ပစ္စည်းတွေကို စစ်ကြည့်လိုက်တော့ အမေ့ဖို့ မန္တလေးက ၀ယ်ခဲ့တဲ့ လှကလေးစိန် ထိုးမုန့်ထုပ် ကလေး ခြင်းထဲမှာ မပါလာတော့ဘူး။ အသားက မည်းမည်း၊ မျက်လုံးပြူးပြူး၊ ဆံပင်တိုတိုနဲ့ ဟိုလူကို သတိရ လိုက်မိတယ်။
**မောင်နေသစ်(ခင်ဦး)**
(ရွှေအမြုတေ မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၁)
http://www.shweamyutay.com/index.php?option=com_content&view=article&id=3541%3A2011-10-11-03-04-02&catid=92%3A2008-06-08-19-55-48&Itemid=684
**From-Htar Htar**
ဘူတာကြီး စင်္ကြံ ပလက်ဖောင်းပေါ် ရောက်ရောက်ချင်းပဲ ရထား ဥသြဆွဲသံ ကြားလိုက်ရတယ်။ တွဲ ၃ လို့ မြေဖြူခဲနဲ့ ခပ်ကြီးကြီး ရေးထားတဲ့ တွဲတစ်တွဲရဲ့ အလယ်ပေါက် ဆီကို ကမန်းကတန်း ပြေးတက်လိုက် ရပေါ့။
လက်တစ်ဖက်မှာ ပစ္စည်းအပြည့် ပါတဲ့ကြိမ်ခြင်း၊ ကျန်တစ်ဖက်မှာ စည်းနှောင်ထားတဲ့ စက္ကူထုပ်နဲ့ ကိုယ်ပေါ်မှာတော့ ဆောင်နေကျ လွယ်အိတ်ကို စလွယ်သိုင်းပြီး လွယ်ထားတယ်။ တွဲပေါက်ဝ ခြေတက်ခုံ အထိ အပြည့် နေရာ ယူထားကြတဲ့ လူတွေကို တိုးဝှေ့ပြီး တွဲပေါ်တက် လိုက်တယ်။ ခရီးသည် တွေလည်း ရသလောက်တော့ ပူးကပ်ပြီး နေရာပေး ကြပါရဲ့။

No comments:
Post a Comment