“တက်တူးထိုးချင်လိုက်တာ… ထိုးပြီးရင် ဖျက်မရမှာလည်းစိုးတယ်။ ဖျက်လိုက်ရင်လည်း အရာတွေကျန်ခဲ့ဦးမှာ ဘယ်လိုလုပ်ရင်ကောင်းမလဲ မသိဘူး!” လို့ ကောင်မလေးတစ်ယောက်က ကျွန်မကိုမေးတယ်။
“ဒါက နင့်ကိုနင် စိတ်ရှုပ်ခံနေတာပဲ”
“ဒါပေမဲ့… ငါ့သူငယ်ချင်းတွေ တက်တူးထိုးထားတာ အရမ်းမိုက်တယ်။ သူတို့က အဆူအဆဲခံ၊ အပြောခံရလည်း လက်တွေ့ကို အကောင်အထည်ဖော်လိုက်ကြတာပဲ” လက်ပေါ်မှာ စုံတွဲပုံတက်တူးထိုးထားတဲ့ သူငယ်ချင်းပုံကို ပြရင်း ကျွန်မကို သူကပြောတယ်။
“သူထိုးရဲတိုင်း နင့်က ထိုးရဲလို့လား?”
“အင်း! ငါ့ကိုယ်ငါ ဘာလို့ သတ္တိမရှိတာလဲလို့ ငါစဉ်းစားနေတာ”
“နင်က သတ္တိမရှိတာမဟုတ်ဘူး။ ထိုးပြီး ဖျက်လို့ရ မရဆိုတာကို ကြောက်နေတာမဟုတ်လား?”
“ဟုတ်တယ်” ကျွန်မအမေးကို သူမဆိုင်းမတွ ပြန်ဖြေတယ်။
“ဒါဟာ တက်တူးထိုးပြီးရင်လည်း နင်နောင်တရနိုင်တယ်ဆိုတာကို ပြနေတာပဲ။ နောင်တရစေမယ့်ကိစ္စကို စဉ်းစားချိန်ပေးတာ မမှားပါဘူး။ တချို့ကိစ္စတွေက နောက်ပြန်လှည့်လို့ မရနိုင်ဘူး။ သေချာစဉ်းစားနိုင်တဲ့လူတွေက လူထက်မြက်တွေဖြစ်တယ်။ သူတို့က နောင်ဖြစ်လာမယ့်အရေးကို စဉ်းစားပြီး အချိန်မီ ဘရိတ်အုပ်ကြတယ်”
“တက်တူးထိုးတာနဲ့ပတ်သက်တဲ့ နောင်ရေးကဘာလဲ?” သူတွေးတွေးဆဆပြောရင်း ကျွန်မအမြင်ကို ဆက်မေးတယ်။
“လှတယ် မလှဘူးဆိုတာထက် နင့်စိတ်ထဲမှာ တက်တူးထိုးထားရင် မိုက်တယ်လို့ ခံစားရလား! ရှက်စရာလို့ ခံစားရလား! ဆိုတာပဲ”
“နင်ဆိုရင် ဘယ်လို ခံစားရမလဲ?” သူက ကျွန်မကို မေးခွန်းပြန်ထုတ်တယ်။
“ဒါကို ငါမတွေးခဲ့ဖူးသလို ထိုးဖို့လည်း မစဉ်းစားခဲ့မိဘူး။ ငါစဉ်းစားမိတာက မိဘပေးထားတဲ့ အသားအရေကို ငါဖျက်စီးမိရင် ငါစိတ်ချမ်းသာနိုင်မလား? ငါပျော်နိုင်မလား? တကယ်လို့ ငါအလုပ်သွားရှာတဲ့အခါ အဲဒီမှာ တက်တူးထိုးထားတဲ့လူ တစ်ယောက်မှ ပါမနေခဲ့ဘူးဆိုရင် ငါဟာ သူတို့နဲ့ အသွင်မတူဖြစ်နေမလား? ငါအနေကျပါ့မလား? တက်တူးထိုးထားလို့ ငါ့ကိုမိန်းမဆိုးလို့ လူတွေကဆိုမလား? ဆိုတာပဲ။ ငါက ဒီလိုစဉ်းစားထားရင် ငါတက်တူးသွားမထိုးတော့ဘူး။ ဒီလိုဆိုရင် ငါစိတ်ရှုပ်စရာ မလိုတော့ဘူး။ နင်ရော? နင်က ဘယ်လိုစဉ်းစားထားမိလဲ?”
“ငါလည်း နင့်အတိုင်းပဲ”
“ဒါဆိုရင် နင်တက်တူးထိုးပြီးလည်း စိတ်ထဲမှာ အဲဒီအတွက်နဲ့ ပျော်နေမှာမဟုတ်ဘူး။ မပျော်မယ့်အတူတူ တခြားလူက တက်တူးထိုးဖို့ သတ္တိရှိပြီး ငါက ဘာလို့မရှိတာလဲဆိုတာကို တွေးမနေနဲ့တော့။ သူတို့ကပျော်တယ်။ နင်ကကြောက်တယ်။ တကယ်လို့ နင်က ငါလည်းထိုးရဲတယ်ဆိုပြီး အရွဲ့တိုက် တက်တူးထိုးခဲ့ရင် ရလာမယ့်ရလဒ်က ဘာဖြစ်နိုင်မလဲ? နင်ဘာကို နိုင်သွားသလဲ? နင်ဘာကို ရှုံးသွားသလဲ? နောင်တကို နင်နိုင်ပြီး နင့်ကိုယ်နင် ဆုံးရှုံးသွားတယ်မဟုတ်လား?”
“တခြားလူရဲ့လုပ်ရဲတဲ့သတ္တိကို ငါအမြဲအားကျခဲ့ပေမယ့် ငါကိုယ်တိုင်ကျတော့ လုပ်ရဲတဲ့သတ္တိမရှိခဲ့ဘူး” ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့အရိပ် သူ့မျက်နှာပေါ်မှာ ထင်ဟပ်နေတယ်။
“သတ္တိဆိုတာ ဉာဏ်နဲ့ပူးတွဲပါတယ်လို့ ငါထင်တယ်။ သတ္တိရှိပြီး ဉာဏ်မရှိရင်ခဲ့လည်း အဆိုးဘက်ကို ရောက်သွားစေနိုင်တာပဲ”
သတ္တိရှိတဲ့လူတွေကို ကျွန်မ အားကျနှစ်သက်ပေမယ့် သတ္တိရှိတိုင်း ဉာဏ်ပါတယ်လို့ ကျွန်မ မထင်ပါဘူး။
“နင့်သဘောက ငါ့ကို တက်တူးမထိုးစေချင်ဘူးပေါ့”
“ငါက နင်မဟုတ်ဘူး။ နင့်ကိုယ်နင် ခွင့်ပြုမပြုဆိုတာကိုပဲ နင်ဆုံးဖြတ်သင့်တယ်”
“ငါ ခွင့်မပြုဘူး” သူရယ်ပြီးဖြေတယ်။
“ဘာဖြစ်လို့လဲ” သူ့ကို ကျွန်မပြန်မေးလိုက်တယ်။
“တက်တူးထိုးထားတဲ့ ကောင်မလေးလို့ လူတွေရဲ့အခေါ်ကို မခံချင်လို့” ဘာမှမရှိတော့တဲ့ပုံစံနဲ့ သူရယ်ရင်းဖြေတယ်။
++++++++
သင့်ပုံစံနဲ့သင်နေဖို့ သင်အများကြီး စဉ်းစားရတယ်။ သင်စဉ်းစားတဲ့အရာတွေက တခြားသူရဲ့အမြင်၊ အတွေးတွေ ဖြစ်နေတတ်တယ်။ တခြားသူတွေမှာ အတွေးအမြင်တွေက များလွန်းလှတယ်။ ဥပမာ-- သူ့မိဘတွေက ဘယ်လိုဆုံးမခဲ့လဲ! သူလူကြားထဲ မတိုးဖူးဘူး! သူလုပ်နိုင်စွမ်း မရှိဘူး! စည်းကမ်းမရှိဘူး! မယဉ်ကျေးဘူး! ရုပ်ကိုက ဘယ်လိုကြီးပါလိမ့်! …. စတဲ့ အပြောအဆို၊ အမြင်တွေဖြစ်တယ်။
သင့်အပေါ်ထားတဲ့ လူတွေရဲ့အပြော၊ အမြင်နောက်လိုက်ပြီး သင်ရွေးချယ်ဖြစ်မှာက “ငါ့ကိုယ်ငါ မလုပ်တော့ဘဲ။ တခြားသူဖြစ်ချင်တဲ့ ငါပဲလုပ်တော့မယ်”လို့ဖြစ်တယ်။ အဲဒီလိုရွေးချယ်မှပဲ သင့်ကိုယ်သင်ယုံကြည်မယ်ဆိုရင် သင်ပျော်မှာ၊ စိတ်ချမ်းသာမှာ မဟုတ်ဘူး။ သင်က သင့်ကိုယ်သင်မပိုင်ဘဲ သူတစ်ပါးရဲ့ ပါးစပ်ဖျားနောက်၊ အပြောနောက် လိုက်နေလို့ဖြစ်တယ်။
မပျော်ရွှင်တဲ့ဘဝမှာ ရှင်သန်ရတာ ကြာလာပြီဆိုရင် ဒီလောကကြီးက သင့်အပေါ် မတရားဘူး၊ သင်လုပ်ချင်တာကို လုပ်ပိုင်ခွင့်မပေးဘူး၊ သင့်ကို မပျော်ရွှင်စေဘူးလို့ သင်ထင်လာလိမ့်မယ်။ သူတစ်ပါးရဲ့ မျက်ရိပ်မျက်ခြေအောက်မှာ ရှင်သန်ရတာကို တဖြေးဖြေး သင်ကျင့်သားပါလာလိမ့်မယ်။ တကယ်ဆို သူတစ်ပါးရဲ့ မျက်ရိပ်မျက်ခြေက ရှိချင်မှရှိမယ်။ ဒါပေမဲ့ သင်က ရှိတယ်လို့ပဲ ထင်နေခဲ့လိမ့်မယ်။
“တခြားသူလိုချင်တဲ့ သင့်ပုံစံက ဘယ်လိုရှိသလဲ? ဘယ်လိုပုံစံနဲ့လဲ? အလုံးလား? အပြားလား? လေးထောင့်လား?”
ဒါကို သင်ကိုယ်တိုင်လဲ ကွဲကွဲပြားပြား မသိဘူး။ သင့်ဘာသာသင် “ဒီလိုဆိုရင် နှစ်သက်မယ်”၊ “ဒီလိုဆိုရင် အမြင်ကပ်မယ်”လို့ ထင်နေလိမ့်မယ်။ သင်ထင်မြင်တဲ့ နှစ်သက်မယ်၊ အမြင်ကပ်မယ်ဆိုတဲ့စံနှုန်းက သင့်ကိုယုံကြည်မှု ပေးချင်မှလည်းပေးလိမ့်မယ်။
အဲဒီလိုနဲ့ အခြားသူရဲ့ပါးစပ်ဖျားမှာပဲ သင်လိမ်လိမ်မာမာ ရှင်သန်မယ်၊ ဒါမှမဟုတ် ခိုးခိုးဝှက်ဝှက်နဲ့ သင် ဆန့်ကျင်မယ်။
ဥပမာ-- တက်တူးထိုးတဲ့ကိစ္စကို အနုပညာတစ်ရပ်အဖြစ်နဲ့ သင်ခံစားနိုင်သလို အပို၊ အရှုပ်တွေပါလို့လည်း သင်ထင်မြင်နိုင်တယ်။ သင်ထင်မြင်ခံစားတာကို သင်ရွေးချယ်ပြီးရင် ဘယ်လိုပုံစံနဲ့ သင့်ကိုယ်သင်နေမယ် ဆိုတာကို သင်ဆုံးဖြတ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကြားအလယ်မှာရပ်ပြီး တွေဝေနေရင် သင်ပဲ နာကျင်ရပါလိမ့်မယ်။
ဘဝက ဒီလိုပဲဖြစ်တယ်….
ပျော်ရွှင်တဲ့ဝက်တစ်ကောင်အဖြစ် သင်နေနိုင်သလို
နာကျင်တဲ့လူတစ်ယောက်အဖြစ်နဲ့လည်း သင်နေနိုင်ပါတယ်။
ပျော်ရွှင်တဲ့လူတေလေအဖြစ် သင်နေနိုင်သလို
နာကျင်တဲ့ အနုပညာသမားတစ်ယောက်အဖြစ်နဲ့လည်း သင်နေနိုင်ပါတယ်။
တချို့က လူအမြင်ကပ်ခံရမှာ၊ အပြောခံရမှာကို ကြောက်တယ်။
တချို့က အမြင်ကပ်ခံရ၊ အပြောခံရတာကို ကျင့်သားနေရကြတယ်။
တချို့က မွေးလာတည်းက လူတွေကို အမြင်ကပ်တတ်တဲ့ ပီဇပါလာကြတယ်။
တချို့က အမြင်ကပ်မခံရ၊ အပြောမခံရရင် မနေတတ် မထိုင်တတ်ဖြစ်တတ်တယ်။
ကိုယ်ဘယ်လိုပုံစံနဲ့နေမယ်၊ ကိုယ့်ပုံစံနဲ့ကိုယ်နေတတ်ဖို့က လွယ်ပါတယ်။ တခြားလူရဲ့အမြင်၊ အပြောမှာ ရှင်သန်မနေရင်၊ ဂရုစိုက်မနေရင် ကိုယ့်ပုံစံနဲ့ကိုယ် သတ္တိရှိရှိ၊ ပျော်ပျော်ရွှင်ရွှင် သင် ရှင်သန်နေနိုင်ပါတယ်။
မူရင်းရေးသားသူ-- Hu Shun Cheng
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:
Post a Comment