**ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာ ..ဒေးဗစ်ဆေးဗားကို အပြိုင်စိတ်ဝင်စား**
(မန်ချက်စတာ၊ နိုဝင်ဘာ ၆)
မန်စီးတီးစတား ဒေးဗစ်ဆေးဗားကို စပိန်ထိပ်သီးအသင်းကြီးများဖြစ်သည့် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့က အပြိုင်အဆိုင်ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိသော်လည်း ဆေးဗားက မန်စီးတီးအသင်းတွင်သာ ဆက်လက်ကစားလိုကြောင်း ထုတ်ဖော်ပြောလိုက်သည်။ အသက် (၂၅) နှစ်ရှိ စပိန်နိုင်ငံသားဒေးဗစ်ဆေးဗားသည် ယခုနှစ်ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် ဒုတိယနေရာမှ မန်ယူအသင်းကို ငါးမှတ်အသာဖြင့် မန်စီးတီးအသင်းကဦးဆောင်နိုင်ခဲ့ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ (The Sun)
**တရုတ်ရုပ်ရှင်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်မည့် ကိုရီးယားမင်းသမီး ဂျန်နာရာ**
ဂျန်နာရာ၏ အနုပညာရေးရာ တာဝန်ရှိသူတစ်ဦးက Flying With you အမည်ရှိ တရုတ်ရုပ်ရှင်ကားတွင် ဂျန်နာရာက တရုတ်(တိုင်ပေ) မင်းသားဂျင်မီလင်း၏ သမီးအဖြစ် သရုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည်သီတင်းပတ်က ဤဇာတ်ကားနှင့် ပတ်သတ်၍ ပေကျင်းမြို့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲသို့လည်း ဂျန်နာရာ တက်ရောက်ခဲ့ပြီး ယင်းဇာတ်ကားရိုက်ကူးရန် ယခုနှစ်အကုန်ထိ တရုတ်နိုင်ငံတွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

Flying with you အမည်ရှိဇာတ်ကားသည် ၁၉၈၀ ခုနှစ်များတွင် ကမ္ဘာ့လေထီးခုန်ပြိုင်ပွဲတွင် ပါဝင်ခဲ့သည့် လူငယ်တစ်စု၏ အကြောင်းကိုတရုတ်ဒါရိုက်တာ ကျန်းလီးက ပုံဖော်ရိုက်ကူးတင်ပြသွားမည်ဖြစ်သည်။ ဤဇာတ်ကားတွင် မင်းသားဂျင်မီလင်းက အထူးတပ်ဖွဲ့တစ်ဖွဲ့မှ လေထီးခုန်နည်းပြအငြိမ်းစားတစ်ဦးအဖြစ် သရုပ်ဆောင်မည်ဖြစ်ပြီး ဂျန်နာရာက ဖခင်၏ အရိုက်အရာကို ဆက်ခံမည့်သမီးအဖြစ် သရုပ်ဆောင်သွားမည်ဖြစ်သည်။ ဤဇာတ်ကားကို ၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ဖြန့်ချိပြသွားရန် စီစဉ်ထားသကဲ့သို့ တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ သံတမန်ဆက်ဆံမှု နှစ်(၂၀)မြောက်အထိမ်းအမှတ်အဖြစ် ပြသသွားရန်လည်း ရည်ရွယ်ထားသည်။ ကိုရီးယားကြယ်ပွင့် ဂျန်နာရာ(Jang Nara)သည် အနုပညာလောကသို့ ၂၀၀၁ ခုနှစ်မှ စ၍ အဆိုတော်တစ်ဦးအနေဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး Bratty Princess၊ Babyfaced Beauty ရုပ်သံဇာတ်လမ်းတွဲအများအပြားတွင် ပါဝင်သရုပ်ဆောင်ခဲ့သကဲ့သို့ တရုတ်ဘာသာဖြင့်လည်း တေးအယ်လ်ဘမ်များထုတ်ဝေဖြန့်ချိခဲ့သည်။ (အင်တာနက်)
**အာဆင်နယ်နှင့် ၀ဲလ်ကော့ စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေး**
(လန်ဒန်၊ နိုဝင်ဘာ)
အာဆင်နယ်အသင်းသည် နောက်ခံကစားသမား သောမတ်စ်ဗာမေလန်နှင့် ၂၀၁၅ ခုနှစ်အထိ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုပြီးနောက် အာဆင်နယ်နည်းပြအင်ဆင်ဝင်းဂါးသည် အသက်(၂၂)နှစ်သာရှိသေးသည့် အင်္ဂလန်လူငယ် သီယိုဝဲလ်ကော့ကိုပစ်မှတ်ထားလာခြင်းဖြစ်သည်။

လန်ဒန်အခြေစိုက် အာဆင်နယ်အသင်းသည် အင်္ဂလန်စတား ၀ဲလ်ကော့ကို တစ်ပတ်လုပ်ခလစာ ပေါင်ခြောက်သောင်းဖြင့် လာမည့်နှစ်ပတ်အတွင်း အပြီးသတ်စာချုပ်ချုပ်နိုင်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ အင်စင်ဝင်းဂါးသည် အခြားအာဆင်နယ်ကစားသမားများဖြစ်သည့် အသင်းခေါင်းဆောင် ရော်ဘင်ဗန်ပါစီ၊ ဂျွန်ဂျိုရူးနှင့် အာရှာဗင်တို့ကိုလည် စာချုပ်သစ်များ ချုပ်ဆိုနိုင်ရန် စီစဉ်လျက်ရှိသည်။ (The Sun)
စုစည်းဘာသာပြန်- အေ၀မ်းစိုး

No comments:
Post a Comment