အမေရိကန်စစ္စတမ် ဆိုတာကို လေ့လာချင်ပါတယ်။ဒီနေ့တော့ အမေရိကန်စစ္စတမ်ပဲ။ ကိုယ်စားတာ ကိုယ်ရှင်း၊ လကုန်ရက်ဟေ့ .. လို့ လဘက်ရည်ဆိုင်မှာ ကြေငြာလိုက်ပါတယ်။ ကြေငြာတဲ့ကြားက ဒကာခံမဲလူ ပေါ်လာတတ်ပါတယ်။ မြန်မာစစ္စတမ်က ပိုကောင်းသလိုပါ။
ကျွန်တော်တို့ ငယ်စဉ် တက္ကသိုလ်ကျောင်းသားဘ၀က မိဘပေးတဲ့ငွေကလေးနဲ့ ကျောင်းတက်၊ စားသောက်၊ ပျော်ရွှင်နေချိန်ပေါ့။ ကျွန်တော်တို့က နယ်ကကျောင်းသားတွေ၊ ရန်ကုန်မြို့ကြီးသားကျောင်းသားတွေကတော့ စားသောက်ဆိုင်၊ လဘက်ရည်ဆိုင်ထိုင်ရင် အမေရိကန်စစ္စတမ်ကို အလိုအလျှောက်ကျင့်သုံးကြတယ်။ ကိုယ်စားသောက်တဲ့တန်ဘိုး ကိုယ့်ပဲပေးရင်း၊ ဒိုင်လုပ်တဲ့လူတယောက်က ပေါင်းပြီး ရှင်းပေးလိုက်တယ်။
ကျွန်တော်တို့ ပြည်နယ်နဲ့တိုင်းက လာတဲ့ကျောင်းသားများက မြန်မာစနစ်ကိုပဲ ကျင့်သုံးချင်တယ်။ ကိုယ့်မှာပိုက်ဆံရှိရင် အားလုံးကိုယ်စား ကိုယ်တယောက်တည်းက ရှင်းပေးလိုက်တာမျိုးပေါ့။ ဒီနေ့ မောင်လှ ငွေရောက်လာလို့ကျွေးတာကွ .. ဖဲနိုင်လို့ကျွေးတယ်။ ရီးစားဆီက အဖြေရလို့ကျွေးတယ်၊မွေးနေ့မို့လို့ ကျွေးတယ်.. စသဖြင့် အကြောင်းပြချက်တခုခုနဲ့ တယောက်ကို ဒိုင်ခံကျွေးမွေးတာကို မြန်မာစစ္စတမ်ပေါ့။
ဒီလိုနဲ့ သူငယ်ချင်းတွေ နိုင်ငံခြား အလုပ်လုပ်ကိုင်ဖို့ ရောက်လာလည်း ပြည်နယ်၊တိုင်းက သူငယ်ချင်းများ မြန်မာစစ္စတမ်ကို ခုံမင်စွာကျင့်သုံးကြပါတယ်။ ရန်ကုန်သားများကတော့ အလိုက်ထိုက်ကျင့်ကြံနေထိုင်ကြပါတယ်။ မြို့ကြိးသားများကတော့ အမေရိကန်စစ္စတမ်ကို ပိုကြိုက်ကြပါတယ်။
တနေ့တော့ တကယ့်အမေရိကန်နိုင်ငံကို ရောက်သွားပါတယ်။ ရန်ကုန်သား မြန်မာသူငယ်ချင်းတွေက အမေရိကန်ရောက်ချိန်မှ မြန်မာစစ္စတမ်ကို ခုံမင်စွာကျင့်သုံးကြပြန်တယ်။ ခင်ဗျားက ဧည့်သည်။ ကျွန်တော်က အိမ်ရှင်ဆိုတော့ ကျွန်တော်ကျွေးမယ်ဗျာ .. ပြောတယ်။ ကောင်းတာပေါ့။ တစ်ခါ၊ နှစ်ခါတော့ ကျွေးပေမဲ့ ကြာလာတော့ အမေရိကန်စစ္စတမ်အတိုင်း ကိုယ်စားတာ ကိုယ်ရှင်းကပဲ ပိုကောင်းသလို ဖြစ်လာတယ်။
အမေရိကန်စစ္စတမ် - ကိုယ်စားတာကိုယ်ရှင်း ပါစင်နယ်ဝင်မရှုပ်ခြင်းလောက်ပဲ ပတမထင်ခဲ့မိပါတယ်။ တကယ်တော့ ဒီထက်အများကြိးနက်နဲ သိမ်မွေ့ပါတယ်။ ဘာကြောင့် အမေရိကန်နိုင်ငံကြီး ကမ္ဘာ့ထိပ်တန်းနိုင်ငံရောက်လာသလဲ ..မေးခွန်းအဖြေကတော့ အမေရိကန်စစ္စတမ်ကြောင့်ဆိုတာ မငြင်းနိုင်ပါ။ ၁၈ရာစု အမေရိကန်များဟု ဥရောပတိုက်က ဆင်းရဲသားတွေချည်းပါပဲ။ ဘုရားကိုပဲ အားကိုးပြီး In God We Trust ကြ်ုးစားရင်း အခုလို အဆင့်ရောက်လာတာပါ။
ပိုမိုနက်နဲတဲ့ အမေရိကန်စစ္စတမ်ကို လေ့လာကြည့်ပါမယ်။
**ကိုယ့်အားကိုယ်ကိုးခြင်း**
အမေရိကန်များ သူများအားမကိုးတဲ့ စိတ်ဓါတ်ဖြစ်ပါတယ်။ ခရီးသွားမယ်ဆိုရင် လာကြို၊ လိုက်ပို့အလုပ်ကို လောကွတ်လုပ်ပြီး မလုပ်ကြပါဘူး။ လုပ်ရင်လဲ မကြိုက်ကြပါဘူး။ အဖိုးကြီး ယီးတီးယိုင်တိုင် ဖြစ်နေလည်း လေဆိပ်၊ ဘတ်စကားဂိတ်ကို ကိုယ့်ဖာသာသွားပါတယ်။ လမ်းမလျှောက်နိုင်ရင်လည်း ၀ီးလ်ချဲယား Wheel Chair နဲ့ ကိုယ့်ဖာသာသာ စီးသွားပါတယ်။ လမ်းဖြေးဖြေးလျှောက်တဲ့ အဖိုး၊အဖွားကို သွားပြီးကူညီဖေးမ လုပ်ရင် လုယက်ဖို့လာတယ်လို့ပဲ ယူဆပါမယ်။ မျက်နှာမရပဲ ခြေတောက်ပဲရဖို့ လမ်းများပါတယ်။ မိမိကိုယ်ကိုယ် အားကိုးတဲ့ ကောင်းမြတ်တဲ့ စိတ်ထားပါ။
**အိမ်ငှားအိမ်ရှင်**
၂၀၁၀လောက်မှာတော့ မြန်မာမြောက်များစွာ သိန်းဂဏန်းထိအောင် အမေရိကားတခွင်ရောက်ရှိနေပါပြီ။ အမေရိကန်အစိုးရရဲ့ နေထိုင်ခွင့် Refugee အစီအစဉ်ကြောင့် မြန်မာနယ်စပ်များက ဒုက္ခသည်များစွာကို လက်ခံပါတယ်။ တခြားနည်းနဲ့ အမေရိကားရောက်လာသူများလည်း အမေရိကန်မှာနေထိုင်ခွင့် ရထားကြပါတယ်။ မြန်မာများဟာ မြို့ကြီးတွေမှာပဲ နေချင်ကြတော့ အိမ်ငှားနေရပါတယ်။ အမေရိကန်အိမ်ကြီးတွေက အကြီးကြီးတွေဆိုတော့ ၂ထပ်ဆို အပေါ်ထပ်၊ အောက်ထပ် ၂ဦးငှားနေရတယ်။ အိမ်တထပ်မှာလည်း အိပ်ခန်း ၃ခန်းလောက်ပါတော့ အခန်းလည်း ထပ်ငှားရတယ်။ ဒီတော့ မြန်မာတွေ အိမ်ငှားနေထိုင်တဲ့အခါ တဦးနဲ့တဦး ပရိုက်ဗီစီ Privacy ဆိုတဲ့ နားလည်မှုရှိဖို့ အထူးလိုအပ်လာပါတယ်။ ရေမီး၊ အပူးပေးစက်များသုံးတဲ့နေရာ၊ ထမင်းချက်တဲ့နေရာ၊ တီဗွီ၊ ဗွီဒီယိုဖွင့်နားတောင်တဲ့နေရာတွေမှာ နားလည်မှုနဲ့ နေထိုင်ရတဲ့အခါ အမေရိကန်စစ္စတမ် နဲ့ အတူနေထိုင်ရပါတယ်။ ကိုယ့်လုပ်ရပ်များကြောင့် အတူနေထိုင်တဲ့လူများကို စိတ်အနှောက်အရှက်မဖြစ်အောင် နေထိုင်၊သွားလာ၊ ချက်ပြုတ်၊ စားသောက်ခြင်းပါ။

လွန်ခဲ့တဲ့ နှစ်၃၀လောက်က မြန်မာများ အမေရိကန်လာရောက်နေထိုင်ဖို့ စိတ်မကူးကြပါဘူး။ မြန်မာပြည်က နေထိုင်၊လုပ်ကိုင်လို့ ကောင်းတဲ့ ခေတ်ကာလကိုး။ ပညာသင်တွေတော့ အများကြီး အမေရိကားလာကြတယ်။ ကိုလှကြည် တစ်ယောက်လည်း မိုးလေ၀သဌာနက ၂နှစ်ပညာတော်သင် အမေရိကားကို လွှတ်တော့၊ အိမ်ခန်းလိုက်ငှားရတယ်။ အမေရိကန် လူဖြူအမျိုးသမီးကြီး တဦးအိမ်မှာ အခန်းငှားနေတယ်။ လူပျိုငယ်ရွယ်၊ သဘောကောင်းသူ ကိုလှကြည်နဲ့ လူဖြူအမျိုးသမီးတို့ အိမ်ရှင်၊အိမ်ငှား နှစ်ချီနေထိုင်ခဲ့ပါတယ်။ ကိုလှကြည်အတွက် စားသောက်စရာတွေ ခဏခဏပေးတယ်။ ကိုလှကြည်ကလည်း လျှပ်စစ်အင်ဂျင်နီယာဆိုတော့ အိမ်အတွက်လိုအပ်တဲ့ လျှပ်စစ်၊ စက်ပစ္စည်းတွေ တန်ဖိုးမကြိးရင် ကိုယ့်ဖာသာဝယ်ပြီး ပြင်ဆင်၊ တပ်ဆင်၊ လဲလှယ်ပေးပါတယ်။ မိသားစုလိုပဲ နေထိုင်ကြပါတယ်။ အဖြူမကြီးက သူ့အိမ်တွင်း ဘာပစ္စည်း အသစ်လဲပေးတာ၊ မီးလုံးပြောင်းသွားတာတွေ အကုန်သိပါတယ်။ မေးပါတယ်။ ဘယ်လောက်လဲ ဆိုပေမဲ့ ကိုလှကြည်က လက်မခံတော့ မပေးဖြစ်ပါဘူး။
နောက်ဆုံး မြန်မာပြည်ပြန်တော့မယ်ဆိုတဲ့အချိန် နှုတ်ဆက်၊ ငွေရှင်းပါတယ်။ အဖြူမကြိးက စာအုပ်ကလေးတစ်အုပ် ထုတ်လာပြီး ကိုလှကြည် အိတ်စိုက်လုပ်ကိုင်ပေးထားတဲ့ ပစ္စည်းတွေ၊ တန်ဖိုးကို တွက်ချက်၊ ပေါင်းထားတဲ့ စာရင်းပါ။ အဲဒီ အသေးစိတ် စာရင်းအတိုင်း ဒေါ်လာငွေကို ပြန်ပေးပါတယ်။
အမေရိကန်တွေ သူများပစ္စည်းကို အလကားမယူကြပါဘူး။ အားလည်း မနာကြပါဘူး။
**အားနာခြင်း**
အင်္ဂလိပ်၊ အမေရိကန် စာပေမှာ အားနာခြင်းဆိုတာ မရှိပါဘူး။ တရုပ်၊ဂျပန်စကားမှာတော့ မသိပေမဲ့ အင်္ဂလိပ်စကားပြောတဲ့ စင်ကာပူမှာတောင် အားနာခြင်းကို အင်္ဂလိပ်လို ဘယ်လိုပြောရမှန်းမသိပါဘူး။ တကြိမ်က ကျွန်တော်နဲ့ ကိုပေါ မိုးမခအင်တာနက်မှာ အားနာခြင်းအကြောင်း ရေးသားခဲ့ဖူးပါတယ်။ အားမနာသင့်ပဲ အားနာတဲ့ ဗမာများပါ။ အာနာခြင်းကို အင်္ဂလိပ်ကို ဘာသာပြန်စလုံးများစွာအနက် မြန်မာများနဲ့ ၂၀နှစ်လောက် ဆက်ဆံ၊ ခင်မင်တဲ့ စင်ကပူနိုင်ငံသားတရုပ် Mr. Jee ဆိုသူပြောတဲ့ စကားလုံးကိုတော့ သဘောကျပါတယ်။ Your Burmese are helpful.. ဆိုပဲ။ "Helpful" ဆိုတဲ့စကားလုံးက ယဉ်ကျေးပါတယ်။ နားထောင်လို့ကောင်းပါတယ်။ တိုက်ရိုက်ဘာသာပြန်ရင် ကူညီတတ်တဲ့အမကြီး၊ ကူညီတတ်တဲ့အကိုကြီး ပေါ့။ အမေရိကန်မပြောနဲ့ စင်ကာပူမှာ အလုပ်ထဲ အပိုအလုပ် အကူညီလျှောက်လုပ်ပေးသူကို ဘယ်လုပ်ငန်းရှင်မှ မကြိုက်ပါဘူး။
သို့သော်လည်း မြန်မာပြည်မှာ လမ်းမသိလို့မေးရင် လူတိုင်း၊ ရှည်လျှားထွေဖြားစွာ ရှင်းပြကြပါတယ်။ ကူညီိတတ်ကြပါတယ်။ ကောင်းသောအကျင့်ပါပဲ။ အမေရိကန်စစ္စတမ်မှာတော့ There is no helpful အားမနာပါဘူး။ စကားပဲ အပြောချိုဖို့လိုပါတယ်။
အားနာခြင်းရဲ့ တဖက်မှာ သူများပါစင်နယ်ကို ၀င်မရှုပ်ခြင်းပါ။ တခါက လိုချင်တာကို မရရအောင် ဇွတ်တောင်းတတ်တဲ့ ကျွန်တော် မြန်မာပြည်က၊ အမေရိကား အလယ်အပတ် ရောက်လာစ တုန်းကပါ။ အမေရိကားရောက်မှ ရင်းနှီးသွားသူတဦးနဲ့ စကားကောင်းရင်း၊ အမေရိကားရောက် သူငယ်ချင်းနာမည်တခု ကြားလိုက်ပါတယ်။ စကားပြောရင်း ဒီသူငယ်ချင်းဟာ ကျွန်တော်တို့၂ယောက်စလုံးနဲ့ အရမ်းရင်းနှီးကြောင်းသိသွားတော့ တယ်လီဖုန်းနံပါတ်တောင်းထားလိုက်ပါတယ်။ သူနဲ့ခွဲခွာပြီးမှ ခေါ်ကြည့်တော့ ဖုန်းနံပါတ်တော့မှန်တယ်။ မြန်မာမဟုတ်တဲ့ အခြားတဦးက ဖြေလို့ Sorry Wrong Number ပြောလိုက်ရတယ်။ နောက်တဖန် ဒီလူနဲ့ပြန်တွေ့မှ တယ်လီဖုန်းပြန်တောင်းတော့မှ အိုကေသွားတယ်။ တယ်လီဖုန်းနံပါတ်တောင်းရင်း အလယ်ကတလုံးလွဲနေတာ မကြာခဏကြုံတော့ သဘောပေါက်လာတယ်။ ကိုယ်နဲ့သိပ်မရင်းနှီးရင် တယ်လီဖုန်းနံပါတ် မပေးချင်ပါဘူး။ အတင်းတောင်းလာရင်လဲ တချို လယ်ဝယ်သူများက နံပါတ်တလုံးလွှဲပြီး ပေးလိုက်ပါတယ်။ တယ်လီဖုန်းနံပါတ်ဟာ ကိုယ်ရေးကိုယ်တာ အချက်အလက်တခုလို့ သဘောထားပါတယ်။ အတင်းတောင်တတ်သူရဲ့ အမှားလို့ပဲ ပြောရပါမယ်။
အလားတူပဲ သူများအိမ် ဖုန်းမဆက်ပဲ အလယ်မသွားခြင်း၊ မဖိတ်ကြားပဲ သွားမလည်ခြင်းများဟာ အမေရိကန်စစ္စတမ်လို့ ပြောချင်ရပါတယ်။ သူများကိုယ်ရေးကိုယ်တာကို ၀င်မစွတ်ခြင်းပါပဲ။
**ကပ်စေးနည်းခြင်း**
စင်ကာပူရောက် မြန်မာများ အလုပ်ရှာရင် တရုပ်ကုလားပိုင်တဲ့ ကုမ္ပဏီများကို မလုပ်ချင်ပါဘူး။ ဂျပန်၊အမေရိကန်ကုမ္ပဏီများဆို မဆိုဘူးထင်ပေမဲ့ ဂျပန်၊အမေရိကန်များဟာ ကပ်စေးနဲပါတယ်။ ကိုယ့်ပိုက်ဆံလို သဘောထားတဲ့အတွက် ကုမ္မဏီကိစ္စ သုံးစွဲတာတောင် အသေးသုံးမှာ ကပ်စေးနည်းပါတယ်။ အကောင်းဆုံးကတော့ ဥရောပ၊ နော်ဝေး၊ ဒိန်းမတ် ကုမ္မဏီတွေမှာ အလုပ်ရဖို့ အလုပ်ရှာစေချင်တယ်။ ဒါကြောင့် အမေရိကန်စစ္စတမ် လို့ပြောရင် ကပ်စေးနည်းခြင်းလို့ ပြောရမလိုဖြစ်ပါတယ်။
တခါက အမေရိကန်နိုင်ငံသားဖြစ်သွားတဲ့ ကိုကကြီး ဇနီးမောင်နှံ၊ မြန်မာပြည် အလယ်၂ပတ်လောက် သွားကြတယ်။ လမ်းလျှောက်သွားရင် ၁၅မိနစ်လောက်ဝေးတဲ့ လမ်းမကြီးပေါ်မှာ တက်ကစီကားတွေအများကြိးရှိတယ်။ အဲဒီလမ်းမထိသွားပြီး တက်ကစီငှားရင် မြို့ထဲကို ကျပ်ငါးရာလောက်နဲ့ ရပါတယ်။ အမေရိကန်သားမြန်မာကြီးက နေပူထဲ ၁၅မိနစ်လမ်းလျှောက်ရသက်သာချင်တော့ အနီးနားမှာ တက်ကစီတစီး ရပ်ပြီး၊ ခရိးသယ်စောင့်နေတာကို တွေ့ရတယ်။ မြို့ထဲဘယ်လောက်လဲလို့ မေးတော့ ကျပ်တစ်ထောင် လို့ပြန်ပြောတယ်။ ငါးရာနဲ့ဈေးဆစ်တာလဲမရဘူး။ နောက်ဆုံး ကျပ်ရှစ်ရာပေးမယ်ဆိုလဲ တက်ကစိဒရိုင်ဘာက မလှုပ်ဘူး။ တစ်ထောင်ပေးမှ လိုက်မယ် တင်းခံနေတယ်။ စကားနာထိုးတတ်တဲ့ အကျင့်နဲ့ အမေရိကန်မြန်မာကြီးက ပြောတယ်။ ဟိုး.. လမ်းမပေါ်မှာ တက်ကစီတွေအများကြီးပဲ၊ အဲဒီထိလမ်းလျှောက်သွားရင် ငါးရာနဲ့ရတယ်။ ဒီတော့ ရှစ်ရာပေးတာ လိုက်ဖို့ ပြောတယ်။ တက်ကစီဒရိုက်ဘာက တခွန်းဖြေလိုက်တာနဲ့ အမေရိကန်မြန်မာကြီးက ဒေါသနဲ့လှလှပပ ၀တ်စားထားတဲ့ မိန်းမကို လက်ဆွဲပြီး၊ နေပူထဲ ၁၅မိနစ်လမ်းလျှောက်သွားလိုက်ရတယ်။
တက်ကစီဒရိုင်ဘာရဲ့ အဖြေကတော့ "အိမ်း... ဒါဆိုလဲ လမ်းမကြီးထိ လမ်းလျှောက်သွားလေ .." တဲ့။
**လုပ်စရာအလုပ်ပဲလုပ်ပြီး၊ လေမပေါခြင်း**
Action Speaks Louder

အမေရိကန်စစ္စတမ်ရဲ့ အကောင်းဆုံးအချက်ကတော့ အပြောထက်၊အလုပ်ကပဲ သက်သေပြခြင်းပါ။ အလုပ်ခွင်ရောက်ရင် လုပ်စရာအလုပ်ကို အသေးစိတ်၊ အကောင်းဆုံး လုပ်ကိုင်ပါတယ်။ အလုပ်သမား၊ ဓါတ်ဆီပန့်သမား၊ ဆူရှီုဆိုင်အလုပ်သမ၊ ကုန်စုံဆိုင်ငွေကိုင်စာရေး၊ ဆောက်လုပ်ရေးအလုပ်သမားများလည်း အလုပ်ချိန်မှာ တယ်လီဖုန်းမပြောပါဘူး။

အားလုံးရဲ့ မိုဘိုင်းဖုန်းများဟာ အလုပ်ချိန် နေ့ခင်းမှာ ပိတ်ထားပါတယ်။ Voice Message ပဲ ချန်ထားလို့ရပါတယ်။ နေ့ခင်းအချိန်တွေမှာ မိုဘိုင်းဖုန်းတွေက Incoming, Outgoing ၂မျိုးစလုံးကို ဈေးကြီးကြိးပေးရပါတယ်။ အဲ .. စကားပြောချိန်ဆိုပြီး ညကိုးနာရီ After 9pm, ရုံးပိတ်ရက်များ Weekends & Holidays ဆိုရင် မိုဘိုင်းဖုန်းတွေက အခမဲ့ပြောလို့ရသွားပါတယ်။ ရုံးမှာလုပ်တဲ့လူတွေလည်း နေခင်းဆိုရင် ရုံးဖုန်းသုံးပြီး မိတ်ဆွေများကို စကားပြောကြတယ်။
**နိဂုံး**
အမေရိကန်စစ္စတမ်အကြောင်း ရေးစရာတွေအများကြီးပေမဲ့ အနည်းအကျဉ်းပဲ ရေးလိုက်ပါတယ်။ အမေရိကန်ရောက် ကွဲကွာသွားတဲ့ သူငယ်ချင်းမိတ်ဆွေများကို အောက်မေ့သတိရမိပါတယ်။
.................................................................
**၀တ်မှုန် (စင်ကာပူ)**
**From-M. Zaw Aung**

No comments:
Post a Comment