အနာဂတ်မရှိပဲ အတိတ်မှာ လဲလျောင်းနေစဲ ကျေးလက်ဟာ
အမှောင်ထဲ မတ်တပ်ရပ်နေတဲ့ အပျက်မ လို
ခေတ် လမ်းဆုံ လမ်းခွမှာ မမြင်ချင်ယောင်ဆောင်လို့မရ ၊
သူလို ငါလို သောက မြို့ပြ ၊ အငိုမျက်လုံး အပြုံးမျက်နှာနဲ့
မကောင်းမှုတွေ တနင့်တပိုး လက်ယပ်ခေါ်နေတယ်....။
၂၁ ရာစု ကမ္ဘာု့ စီးပွားရေးပျက် ၀ဲဂယက်ထဲ
မ၀ံ့မရဲ နောက်ဖေးပေါက်က တိုးဝင်ဖို့
အကြွေးများနဲ့ ဟန်ရေးပြနေတဲ့ မြို့ပြဟာ နာမည်သစ်ပြောင်းပြီးလဲ
ဒုက္ခဟောင်းနဲ့ဇာတ်ပေါင်းထုတ်ကောင်းတုန်း
သိပ်မရင့်ကျက်သေးတဲ့ ဗေဒင်ဆရာလို
ဟောလိုက်တိုင်း လွဲနေတဲ့ လွှတ်တော် ။
နိုင်ငံတကာ သံတမန်တွေက မြန်မာပြည်ကို လာနေတယ်.....
မြန်မာ ဒုက္ခသည်များ နိုင်ငံတကာ သွားနေတယ်.....
တမြေထဲနေ တိုင်းရင်းသားများ ပြည်တွင်းစစ်နဲ့ နပမ်းလုံးစဲ
နိုင်ငံတကာက မလိုချင်တဲ့ ရိုဟင်ဂျာများ ပြည်တွင်းပြည်ပ စကားစစ်မှာ ထိုးစစ်ဆင်နွှဲ
မလှုပ်မရှား လေးနက်ရှုပ်ထွေးခြင်းကို လေကန်
ကံကို ယုံပြီး တဘ၀လုံး မပေါက်မဲ့ထီကို စမ်းထိုးနေသလိုမျိုး......။

ပြုပြင်ပြောင်းလဲရေး ပိတ်ကားပေါ်မှာ
ကောင်းခန်းရောက်မှ မီးပျက်သလိုမျိုး
အရာအားလုံးကို အကောင်းမြင်ရမဲ့ အချိန်လို့ လူတွေက ပြောကြလွန်းတော့
စိတ်ဖောက်ပြီး ပျောက်နေတယ်လို့ မပြောတော့ပါဘူး.....
ဇာတ်လိုက်လိုလို လူကြမ်းလိုလိုပုဂ္ဂိုလ်ကို
မဗျူးချင် ဗျူးချင် အင်တာဗျူးမှာတွေ့လိုက်တယ်...။
စစ်သေနတ်နဲ့ ပစ်တဲ့သူတွေ စိတ်မပြောင်းဖို့
ပါးစပ်သေနတ်နဲ့အပစ်မကြမ်းကြပါနဲ့တဲ့..
ကလေးကို ဆွဲဆိတ်ပြီး အငိုတိတ်ခိုင်းသလိုမျိုး
ငြိမ်းချမ်းရေးကို ရာဇ၀င် မရိုင်းစေချင်ဘူး ..။
လူမှန်နေရာမှန် ရှိမရှိတော့ မသေမချာ အဖြေရှာ
ဇာတ်အဖွဲ့ထဲမှာ ၀န်ကြီးဖြစ်ရမဲ့လူက လွှတ်တော်မှာ ၀န်ကြီး
ရွေးချယ်တင်မြောက်ခံထားရတဲ့ အဝေးရောက်ဝန်ကြီူးလဲ မတွေ့တာကြာ
ပြည်သူ့မေတ္တာစူးမဲ့ နိုင်ငံရေးလုပ်စားသူများနဲ့
လူထုဒုက္ခတွေကို မသယ်ပဲ ချောင်ထိုးထားကြသူဝန်ကြီးတွေ
ဒုက္ခသည်စခန်းထဲကနေ သူတို့ကို ကြည့်ပြီးသနားတယ်..
ဇာကနာထောင်ထဲကနေ လူတွေကိုကြည့်ပြီး သနားသလိုမျိုး......၊
ဒုက္ခတွေ ဒီလောက်ပေါတဲ့ လောကမှာ
ဒုက္ခကို မမြင်ဘူးတဲ့သူတွေကို သနားတယ်...။
**အောင်ခိုင်မြင့်**

No comments:
Post a Comment