(Robotic Guards Will Soon Patrol South Korean Prison)
**တောင်ကိုရီးယားထောင်တစ်ခု၌ စက်ရုပ်အစောင့်များ အသုံးပြုမည်**
(ဆိုးလ်၊ နိုဝင်ဘာ ၂၆)
တောင်ကိုရီးယားနိုင်ငံရှိ အကျဉ်းထောင်တစ်ခုလုံး၌ စက်ရုပ်များကို လုံခြုံရေးအစောင့်အကြပ်များအဖြစ် အသုံးပြုသွားရန် စီစဉ်လျက်ရှိကြောင်း သိပ္ပံပညာရှင်တစ်ဦးအား ကိုးကားလျက် ဝေါစထရိဂျာနယ်အမည်ရှိ သတင်းစာက နိုဝင်ဘာ ၂၆ ရက်တွင် ရေးသားဖော်ပြသည်။ စက်ရုပ်နည်းပညာကို အားပေးမြှင့်တင်လျက်ရှိသော တောင်ကိုရီးယားနိုင်ငံ၌ စက်ရုပ်များကို လုံခြုံရေးအစောင့်များအဖြစ် အသုံးပြုနိုင်ရန် မိမိတို့တီထွင်ထုတ်လုပ်ထားပြီဖြစ်ကြောင်း ကမ်ကျီးတက္ကသိုလ်မှ ပါမောက္ခ ဘိတ်ချူးလ်က ပြောကြားသည်။၎င်းသည်အကျဉ်းထောင်သုံးစက်ရုပ်ထုတ်လုပ်ရေးစီမံကိန်းခေါင်းဆောင်ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံမြို့တော်ဆိုးလ်၏ အရှေ့တောင်ဘက်ပိုဟန်မြို့ရှိ အကျဉ်းထောင်၌ ၀န်ထမ်းအစောင့်များနှင့်အတူ စက်ရုပ်များကလုံခြုံရေးစောင့်ကြပ်မှုတာဝန်ကို ပူးတွဲထမ်းဆောင်မည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ အကျဉ်းထောင်၌ အသုံးပြုမည့် စက်ရုပ်များကို တစ်လကြာမျှ စမ်းသပ်မှုပြုလုပ်မည်ဖြစ်ပြီး အကယ်၍ စမ်းသပ်ချက်အောင်မြင်ပါက လက်တွေ့အသုံးပြုမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ (အင်တာနက်)

**ဆူဒန်ဒုက္ခသည် တစ်သိန်းပြည့်တော့မည်ဟု ကုလသမဂ္ဂ ပြောကြား**
(ခါတွမ်၊ နိုဝင်ဘာ ၂၆)
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန် အိတ်ခ်ျစီအာ)၏ အဆိုအရ ဘလူးနိုင်းနှင့် တောင်ကော်ဒိုဖန်ဒေသများ၌ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် အီသီယိုးပီးယားနှင့် တောင်ဆူဒန်သို့ ခိုလှုံလာကြသူအရေးအတွက်မှာ သြဂုတ်လကတည်းက ၇၆၀၀၀ ခန့်ရှိနေခဲ့ပြီဖြစ်သည်။ ဆူဒန်နိုင်ငံ၏ ဘလူးနိုင်းပြည်နယ်မှ တောင်ဆူဒန်၏ အပ်ပါးနိုင်းအတွင်းသို့ ထွက်ပြေးလာခဲ့ကြသူ အရေးအတွက်သည် ၁၆၀၀၀ ရှိမည်ဟု ခန့်မှန်းရသည်။ နောက်ထပ်လူဦးရေ ၂၀၀၀၀ သည် တောင်ကော်ဒိုဖန်မှ တောင်ဆူဒန်၏ ယူနီတီပြည်နယ်အတွင်းသို့ ၀င်ရောင်လာခဲ့ကြသည်ဟုဆိုသည်။ ဘလူးနိုင်းနှင့် တောင်ကော်ဒိုဖန်ပြည်နယ်များ၏ ဆူဒန်နိုင်ငံ၏ အာဏာရပါတီ အမျိုးသားကွန်ဂရက်ပါတီသည် ဆယ်စုနှစ်ပေါင်းများစွာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် တောင်ပိုင်းသူပုန်ဟောင်းများနှင့် လက်တွဲခဲ့ကြသည့် ပြည်သူ့စစ်များနှင့် တိုက်ခိုက်လျက်ရှိသည်။ နယ်စပ်ဒေသများတွင် အခြေချလျက်ရှိကြသော စစ်ပြေးဒုက္ခသည်များကို ယူအန်အိတ်ခ်ျစီအာက ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေလျက်ရှိသည်။ (အင်တာနက်)
**ရုရှားမြောက်ပိုင်း၌ လူနေအဆောက်အအုံမီးလောင်.. ခြောက်ဦး သေဆုံး၊ ပိတ်မိနေသူများ ကယ်ထုတ်နိုင်**
(မော်စကို၊ နိုဝင်ဘာ ၂၆)
ယင်းနေ့ နံနက်အစောပိုင်းက ယာမာလိုနီနက်စ်ခရိုင် နာဒမ်မြို့တွင် ရှိသော အခန်း ၁၈ ခန်းပါသည့် လူနေအဆောက်အအုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားစဉ် အဆောက်အအုံအတွင်း ပိတ်မိနေသူ ငါးဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်လူ ၂၀ ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ အဆိုပါ အဆောက်အအုံမှာ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ မီးလောင်ကျွမ်းမှုနှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ (အင်တာနက်)
**အနောက်ဘက်ကမ်းဒေသ၌ နေစွမ်းအင်စခန်းများဖွင့်မည်**
(ဂျေရုဆလင်၊ နိုဝင်ဘာ ၂၆)
အနောက်ဘက်ကမ်းဒေသရှိ အစ္စရေးနှင့် ပါလက်စတိုင်းလူမျိုး ဒေသခံများအသုံးပြုနိုင်ရန် မကြာမီတွင် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစခန်းများကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အစ္စရေးအမျိုးသားအခြေခံအဆောက်အအုံလုပ်ငန်းများဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။ အနောက်ဘက်ကမ်းဒေသ၌ နေစွမ်းအင်စခန်းများ ထူထောင်ရေးစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် လုံခြုံရေးဆိုင်ရာ အနေအထားများကို ထည့်သွင်းစဉ်းစားကြရကြောင်း၊ ယင်းစီမံကိန်းကို အကောင်အထည်ဖော်ရန် အစိုးရက အတည်ပြုနိုင်ခြင်းမရှိမီ အစ္စရေးကြည်းတပ်နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သတ်၍ နှစ်နှင့်ချီကာ ညှိနှိုင်းဆွေးနွေးခဲ့ရကြောင်း၊ အမျိုးသားအခြေခံအဆောက်အအုံလုပ်ငန်းများဝန်ကြီးဌာန၏ သတင်းပြန်ကြားရေး အကြံပေးအရာရှိ ချန်ဘန်လူလူက ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment