“ လူ….. လူ…… သူခိုး… ၊ သူခိုး….၊ လုပ်ပါဦး… လုပ်ကြပါဦး ၊ သူခိုးတက်နေလို့ပါ … လုပ်ကြပါဦး”
ရုတ်တရက် စူးစူးဝါးဝါး အော်လိုက်သည့် အသံကြီးက စူးမာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကျဉ်စက်ဖြင့် တို့လိုက်သလို ဆတ်ခနဲ တုန်သွားလျှက် ထိတ်လန့်သွားရ၏။ အော်သံက စူးမာတို့ ခေါင်းရင်းအိမ်က လာခြင်းဖြစ်သည်။ ခေါင်းရင်းအိမ်တွင် ဟိန္ဒူမိသားစု နေထိုင်သည်။ ယခုအော်သံမှာ ထိုအိမ်မှ အကြီးဆုံး အသက်၉၀နီးပါးရှိသည့် အဘွားကြီး အော်သည့်အသံ ဖြစ်သည်။ သူငယ်ပြန်နေသည့် ထိုအဘွားသည် ရံဖန်ရံခါ စကားတွေ ကဘောက်တိကဘောက်ချာ ပြောတတ်သည်။ ယခုလည်း အမှန်တကယ် သူခိုးကို မြင်၍လား၊ သို့တည်းမဟုတ် အချိန်မတော် စိတ်ထဲ ထင်ရာမြင်ရာ ထအော်သည်လားမသိ။
ခွေးဟောင်သံတွေက ပို၍ ကျယ်လောင်လာ၏။ လက်နှိပ်ဓာတ်မီးထိုးလျှက် ထပ်ခိုးရှိ သူ၏အခန်းမှ ကြီးမေတို့ရှိသည့် အောက်ထပ်သို့ ဆင်းခဲ့သည်။ ဖယောင်းတိုင်မီး ဖြာလဲ့နေသည့် အောက်ထပ်ဝရန်တာတွင် ဖြည်ကျနေသည့် ဆံပင်ကို ပြန်ထုံးနေလျှက်က အိမ်ရှေ့သို့ လှမ်းကြည့်နေသည့် ကြီးမေကို တွေ့ရပြီး ကြောက်တတ်သည့် ဒေါ်ကြီးမိုးကိုလည်း ရင်ဘတ်ဖိလျှက် အနားမှာ ရှိနေသည်ကို တွေ့ရ၏။ ခေါင်းရင်းအိမ်ရှေ့ လမ်းမပေါ်တွင် ရပ်ကွက်ထဲမှလူ လေး ငါး ဆယ်ယောက်ခန့်ကို လက်နှိပ်ဓာတ်မီး တ၀င်းဝင်းဖြင့် ဟိုသည်ထိုးလျှက် တွေ့ရ၏။
“ သေချာ မီးထိုးရှာကြည့် .. ”
“ တွေ့တာသေချာလို့လား အဘွားရယ်”
“ အပေါ့ထသွားမလို့ အိပ်ရာခြေရင်းက ဆီးအိုးဆီ အထမှာ လူတစ်ယောက် ဖြတ်ပြေးသွားတာ ”
“ ဘယ်ဘက်ကို ပြေးသွားတာလဲ အဘွား ”
“ အဘွားလဲ မျက်စိစုံမှိတ်ပြီး လန့်အော်လိုက်တာ ဘယ်နေရာက ထွက်ပြေးသွားမှန်း မသိလိုက်ဘူး ”
“ အချိန်မတော်ကြီး၊ မသေမချာနဲ့ ”
“ အသက်ကြီးပေမယ့် ဒီလောက်တော့ သိပါသေးတယ် ”
အိမ်ထဲက လူတွေရော၊ အိမ်အောက်က လူတွေပါ ၀ိုင်းမေးနေသံနှင့် ပြန်ဖြေသံတွေက ညအမှောင်ထဲမှာ တစ်ယောက်တစ်ပေါက် ပေါ်ထွက်လာ၏။
“ မီးပျက်နေတော့ ပါတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေတာ၊ သူခိုးက အမှောင်ထဲ ခိုနေရင် ဘယ်နှယ့် လုပ်မလဲ ”
“ အနီးအနား ကပ်နေတဲ့ အခန်းတွေ ကိုယ့်ဟာကိုယ် စစ်ကြဦး ”
တစ်ယောက်ဝင်ပြောလိုက်သည့် စကားသံကြောင့် စူးမာ၏ ခြေလှမ်းအစုံက အပေါ်ထပ်ခိုးရှိ သူ၏အခန်းသို့ အမြန်တက်လာခဲ့၏။ စူးမာ သရဲတော့ မကြောက်တတ်၊ လူတော့ ကြောက်တတ်သည်။ သူခိုးတက်သည်ဆိုသည့် ခေါင်းရင်းအိမ်၏ ကပ်လျှက် ဘေးနံရံသည် စူးမာတို့ အိမ်ဘေးနံရံနှင့် တစ်ပေပင် မကွာချေ။ သူတို့၏ ဆင်ခြေလျှောသွပ်ခေါင်မိုးသည် စူးမာ၏ ခုတင်ခေါင်းရင်းမှာ ပြူတင်းပေါက်ထက် နိမ့်သဖြင့် တစ်ဘက်အိမ်ခေါင်မိုးကို လှမ်းတို့ထိမည်ဆိုလျှင်ပင် ရနိုင်သည်။ ခေါင်းရင်း ပြူတင်းပေါက်က သံဇကာကွက် အပြည့်ပိတ်ကာထားသော်လည်း ပြူတင်းတံခါး နှစ်ချပ်ကမူ ဖွင့်လျှက်ထားထား မိသည်ကို စူးမာ သတိရလိုက်မိ၍ ယခုလို ထပ်ခိုးရှိ သူ၏အခန်းသို့ အမြန် တက်လာခဲ့ခြင်း ဖြစ်သည်။
အခန်းဝက လှမ်းထိုးလိုက်သည့် စူးမာ၏ လက်နှိပ်ဓာတ်မီးရောင်က အခန်းထဲတွင် ၀င်းခနဲ ၀င်းခနဲဖြင့် လင်းနေ၏။ အခန်းဝမှ နေ၍ အခန်းထဲသို့ ဓာတ်မီးဖြင့် ထိုးကြည့်မိ၏။ စာကြည့်စားပွဲအောက်၊ အ၀တ်ဘီဒိုနောက်၊ မှန်တင်ခုံနဘေး၊ ခုတင်အောက်၊ နေရာလပ်မကျန် သေချာရှာကြည့်မိသည်။ အမှန်တော့ စူးမာ၏ အခန်း ကျဉ်းကျဉ်းလေးက ဤမျှ ရှာဖွေနေရန်ပင် မလို။
စိတ်ထဲ သင်္ကာရှင်းသွားတော့မှ အခန်းထဲ ၀င်လာရင်း ပြူတင်းတံခါးပါ ပိတ်ရန် ခေါင်းရင်းဆီသို့ လျှောက်လာလိုက်သည်။ ပြူတင်းပေါက်မှ တိုးဝင်လာသည့် ညဉ့်လေကြောင့် စူးမာ၏ ဆံစများပင် လွင့်သွားရလေသည်။ ခွေးက တစ်ချက် စွဲစွဲငင်ငင်အူလိုက်သဖြင့် ကျောထဲတွင် စိမ့်သွားရ၏။ သံဇကာကွက်ထဲမှ လက်တစ်ဘက်ထုတ်လျှက် ဘယ်ဘက်တံခါးရွက်ကို လှမ်းပိတ်လိုက်၏။ ညာဘက် တံခါးရွက်ကို ပိတ်ဖို့ လက်လှမ်းလိုက်စဉ် စူးမာတို့ အိမ်နံရံညာဘက်တွင် ကပ်နေသည့် အရိပ်မည်းတစ်ခုကို သတိပြုလိုက်မိ၏။
ကြောက်လန့်လွန်းသည့် စိတ်ဖြင့် အားစေးမိလျှက် မလှုပ်မယှက် နေရာတွင် ရွေ့မရဘဲရှိသော်ငြား လက်ထဲက ဓာတ်မီးဖြင့် အရိပ်မည်းကို ထိုးကြည့်မိလျှက်သား ရှိ၏။ ဓာတ်မီးရောင်အောက်တွင်တော့ မှောင်ရိပ်ခိုကာ ပုန်းနေသည့် သူခိုး၏ မျက်နှာ။ စူးမာ ရင်ထဲ ဆောင့်ခုန်သွား၏။ ချွေးစေးများ ရုတ်ချည်း ပျံလာသည်။ သူခိုးက ခေါင်မိုးပေါ်တွင် ပုန်းမနေပဲ၊ စူးမာတို့ တိုက်၏နံရံမှ အုတ်ကပြင်အစွန်းလေးပေါ်တွင် မှောင်ရိပ်ခိုကာ အပြားလိုက် ကပ်လျှက် ငြိမ်သက်စွာ ပုန်းနေခြင်းပင်။ စူးမာနှင့်သူခိုး တည့်တည့် တိုးမိကြလေပြီ။
စူးမာ အော်ဖို့ရန် ပါးစပ်ဟလိုက်မည်ရှိသေး၊ သူခိုးက ခေါင်းရင်းအိမ် ခေါင်မိုးပေါ်သို့ ခြေသံလုံစွာ ခြေချလျှက်က စူးမာဘက်သို့ လှည့်လိုက်၏။ သူခိုးက စူးမာကို အန္တရာယ်များ ပြုလာမလားဟု ထိတ်လန့်တုန်လှုပ်သွားမိ၏။ သူခိုးထံတွင် အန္တရာယ်ဖြစ်စေနိုင်သည့် လက်နှက်တစ်စုံတစ်ရာများ ရှိနေလေသလား။ စူးမာ ဝေခွဲမရနိုင်ပါ။
မထင်မှတ်သည့် စက္ကန့်ပိုင်းလေးအတွင်း မထင်မှတ်သည့် အဖြစ်အပျက် ဖြစ်သွား၏။ သူခိုးက သူ့လက်ဝါးနှစ်ဘက်ကို ရင်ဘတ်တွင် ပူးကပ်ထားလျှက်က စူးမာကို လှမ်းကြည့်လိုက်၏။ စူးမာ၏ စိတ်ကို ဆွဲနှဲ့ခြင်းခံလိုက်ရသည်က အမှောင်ထဲမှ သူခိုး၏ တောင်းပန်မျက်ဝန်းအစုံ….။ ဖွေးဖွေးဖြူနေသည့် သူ့၏ခေါင်းမှ ဆံပင်များ…။ လက်အုပ်ချီ တောင်းပန်နေသည့် သူ့ဟန်ပန်..။
မနှိုင်းကောင်နှိုင်းကောင်း ကျဉ်းထဲကြပ်ထဲမှာပင် ဖေဖေ့နားသယ်စပ်မှ ဆံစဖြူဖြူများ၊ ဖေဖေ၏ နှုတ်ဆက်ပုံတို့ကို ရုတ်ချည်းပင် စူးမာ သတိရလိုက်မိ၏။ ထမင်းတစ်လုပ်အတွက် မသမာသည့် နည်းဖြင့် သူတစ်ပါးဥစ္စာ ခိုးယူဖို့လာသူမှန်း စူးမာသိနေသည်။ စူးမာရင်တွေ တဒိန်းဒိန်းခုန်လာသည်။ စူးမာအော်ဖို့ ကြိုးစား၏။ သို့သော် စူးမာ၏ နှုတ်ခမ်းအစုံသည် ခွာမရအောင် စေ့စေ့ပူးကပ်လျှက်။
ထိုစဉ်မှာပင် သူခိုးက ခေါင်မိုးမှ အသာအယာ လျှောတိုက်ဆင်းသွားပြီး နောက်ဖေးလမ်းကြားသို့ ခုန်ချလိုက်၏။ “ဖုတ်ခနဲ” ကျသွားသံ ကြားလိုက်ချိန်တွင် နောက်ဖေးလမ်းကြားသို့ ဓာတ်မီးဖြင့် ကပျာကသီ ထိုးကြည့်လိုက်မိ၏။ လူရိပ်တစ်ခု နောက်ဖေးတိုက်ပျက်ကြားသို့ တိုးဝင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။ ဤတိုက်ပျက်ကို ကျော်လွန်လျှင် တစ်ဘက်တွင် လမ်းကျယ်တစ်ခု စောင့်နေပေလိမ့်မည်။
အိမ်ရှေ့မှာတော့ လက်နှိပ်ဓာတ်မီးများ၊ တုတ်များဖြင့် စောင့်နေကြသည့် ကျွတ်စီကျွတ်စီနှင့် လူတစ်အုပ်က ရှိနေဆဲ။ သူခိုး လွတ်မြောက်သွားသော်ငြား စူးမာ၏စိတ်တို့က အတွေးများမှ မလွတ်မြောက်သေးပေ။ ကြောက်လွန်း၍ သူ မအော်မိသည်လား၊ သနားစာနာစိတ်ဖြင့် သူ့နှုတ်တို့ အာစေးမိထားသလို ဆွံ့အနေမိသည်လား စူးမာ ကိုယ်တိုင် မကွဲပြားတော့ပေ။ ပက်ပင်းတိုးလျှက်နှင့် “ သူခိုး ” ဟု မအော်လိုက်မိသည့်အတွက် သူခိုး လွတ်မြောက်သွားရလေ သလား၊ သူ အော်မိလိုက် လျှင်ရော သူခိုးကို သေချာပေါက် ဖမ်းမိသွားနိုင်လေမလား၊ ကိုယ့်ကိုယ်ကို ပြန်မေးနေသည့် မေးခွန်းများက စူးမာ၏ စိတ်ကို ရှုပ်ထွေးနေစေပြီး အပြစ်တစ်ခု ကျူးလွန်မိသူလို ခံစားနေမိစေသည်။
သို့သော် “ သမီးမွေးနေ့မှာ ကောင်းမှုကုသိုလ် ဘာတွေ လုပ်သေးလဲ ” ဟု ညနေက ဖေဖေ မေးခဲ့သည်ကို ပြန်တွေးမိလိုက်ပြန်တော့ စူးမာ၏ ဖိစီးနေသည့် စိတ်တို့ အတန်အသင့် ဖြေလျော့ကျလာရပြန်၏။ အရာအားလုံးသည် ထပ်တူထပ်မျှ ကျချင်မှ ကျပေလိမ့်မည်။ သို့သော် သနားကြင်နာစိတ်၊ တောင်းပန်တိုးလျိုးစိတ်တို့က တဒင်္ဂတွင်း ဖျတ်ခနဲ သွား၍ တူညီကောင်း တူညီနေနိုင်သည်ဟု ယုံကြည်မိသည်။
သူခိုးကတော့ ကံအားလျှော်စွာ လွတ်မြောက်သွားရသည့် အဖြစ်အတွက် ၀မ်းမြောက်ကောင်း ၀မ်းမြောက်နေပေလိမ့်မည်။ စူးမာမှာသာ သူ မအော်မိလိုက်သည့် အဖြစ်အတွက် စိတ်ထဲတွင် အပြစ်တစ်ခုလို ရှုပ်ထွေးကျန်နေခဲ့ရ၏။ နောက်တစ်ပါတ် ဖေဖေနှင့်အွန်လိုင်းတွင်တွေ့လျှင် ကျန်ရှိနေသေးသည့် သူမ၏ စိတ်အရှုပ်အထွေးများကို ဖေဖေ့ကို မေးကာ သူမ၏ လုပ်ရပ် မှားသည်၊ မှန်သည်ကို ကောက်ချက်ချခိုင်း ရပေဦးမည်။ မည်သို့ပင်ဖြစ်ပါစေ၊ ဖေဖေပေးလာမည့် မှတ်ချက်ကို စူးမာ စိတ်ဝင်စားစွာ၊ ကျေနပ်စွာ လက်ခံချင်နေမိတော့သည်။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
** မြသွေးနီ**

No comments:
Post a Comment