**ဖာဂူဆန်ကို မြတ်နိုးလေးစားဆဲဖြစ်ကြောင်း ဘက်ခမ်းပြောကြား**
(လန်ဒန်၊ နိုဝင်ဘာ ၅)
အယ်လ်အေဂလက်ဆီကစားဒေဗစ်ဘက်ခမ်းက မိမိသည် ဖာဂူဆန်ကို မြတ်နိုးလေးစားနေဆဲဖြစ်ကြောင်း မန်ယူအသင်းကို ကိုင်တွယ်ခဲ့သည့် နည်းပြဖာဂူဆန်၏ ၂၅ နှစ်မြောက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဖာဂူဆန်သည် မန်ယူအသင်းကို စတင်ကိုင်တွယ်သည့် အချိန်မှစ၍ ယခု ၂၅ နှစ်ပြည့်မြောက်သည်အထိ အသင်းအတွက် အောင်မြင်မှုများစွာ ဆောင်ကြဉ်ပေးနိုင်ခဲ့သူဖြစ်သည်။ ထို့ပြင် ဘက်ခမ်း မိမိအား ၂၀၀၃ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းသို့ ပေါင် ၂၅ သန်းဖြင့် ရောင်းထုတ်ခဲ့သော်လည်း မိမိအနေဖြင့်ဖာဂူဆန်အပေါ် အပြစ်မမြင်ကြောင်း၊ မိမိ၏ မိဘများသည်မိမိအား လူလားမြောက်အောင် ပြုစုစောင့်ရှောက်ခဲ့ကြောင်း၊ ထို့အတူ ဖာဂူဆန်သည်လည်း မိမိအား ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာအောင်မြေတောင်မြှောက်ပေးခဲ့ကြောင်း၊ ထို့ကြောင့် မိမိ၏ မိဘများနှင့်ဆရာဟောင်း ဖာဂူဆန်မှာ မိမိ၏ ကျေးဇူးရှင်များဖြစ်ကြကြောင်း၊ ယင်းအတွက်ကြောင့် ဖာဂူဆန်အပေါ် ချစ်ခင်လေးစားနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ (အင်တာနက်)
**ဆရာဝန်မလေးအဖြစ် ရှုစားရဦးမှာလား ဆိုယောင်း**
ဆိုယောင်း၏ အနုပညာရေးရာအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ဆိုယောင်းသာ ဤရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ဖြစ်မည်ဆိုလျှင် ကားပြိုင်ပွဲအသင်းတစ်သင်း၏ ဆရာဝန်မလေးတစ်ဦးအဖြစ် သရုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ ရုပ်သံဇာတ်လမ်းတွဲတွင် ပထမဆုံးအကြိမ် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခွင့်ရမည်ဖြစ်ဖြစ်ကြောင်း၊ ရုပ်သံဇာတ်လမ်းတွဲ၏ အမည်မှာ Speed ဟု ခေါင်းစဉ်ပေးထားကြောင်း ထုတ်ဖော်ပြောကြားသည်။

ယခုလောလောဆယ်ဆိုယောင်းသည် သူမ၏ Girls’s Generation အဖွဲ့ဝင်ကိုးဦးနှင့်အတူ ၄င်းတို့၏ တတိယမြောက် တေးအယ်လ်ဘမ် The Boys ကို လွန်ခဲ့သည့်နှစ်ပတ်က ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ဖျော်ဖြေရေး စင်မြင့်ထက်တွင် သွက်လက်ချက်ချာရင်ခုန်စရာကောင်း လှသည့်ကကွက်ကဟန်မျာဖြင့် ဖျော်ဖြေတင်ဆက်လေ့ရှိသည့် ကိုရီးယားလှပျိုဖြူလေး ဆိုယောင်းကို ဆရာဝန်မလေးအဖြစ် မြင်တွေ့ရဦးမည်လား စောင့်ကြည့်ရမည်ဖြစ်သည်။ (အင်တာနက်)
**ဘောလုံးအားကစားသတင်း**
**ပရီမီယားလိဂ်ပွဲစဉ် (၁၁) ရလဒ်များ**
နယူးကာဆယ် ၂ - ၁ အဲဗာတန်
အာဆင်နယ် ၃ - ၀ ၀က်စ်ဘရွန်း
ဗီလာ ၃ - ၂ နော်ဝစ်ခ်ျ
ဘလက်ဘန်း ၀ - ၁ ချယ်လ်ဆီး
လီဗာပူး ၀ - ၀ ဆွမ်ဆီး
မန်ယူ ၁ - ၀ ဆန်းဒါးလန်း
**အောက်တိုဘာလ အတွက် အကောင်းဆုံး ကစားသမားနှင့် အသင်းနည်းပြ**

အာဆင်နယ်တိုက်စစ်မှူး ရော်ဘန်ဗန်ပါစီသည် အောက်တိုဘာလအတွက် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့သည်။ ၄င်းသည် ၃ဂိုး - ၅ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချယ်လ်ဆီးနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူခဲ့ပြီး အခြားပွဲများတွင်လည်း ၇ဂိုးသွင်းယူခြေစွမ်းပြကစားခဲ့သည့်အတွက် ယခုကဲ့သို့ ရွေးချယ်ခံရခြင်းဖြစ်သည်။ မန်စီးတီးအသင်းနည်းပြ မန်စီနီသည် အောက်တိုဘာလအတွက် အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည်။

မန်စီနီသည် အီတာလျံနည်းပြတစ်ဦးဖြစ်ပြီး အိုးထရက်ဖို့ဒ်တွင် မန်ယူအသင်းအား ၁ဂိုး - ၆ဂိုး ဖြင့် အနိုင်ရရှိရန် စွမ်းဆောင်ပြသနိုင်ခဲ့ပြီး မန်စီးတီးအသင်းကို အမှတ်ပေးဇယားတွင် ဦးဆောင်စေနိုင်ခဲ့သူဖြစ်သည်။ (အင်တာနက်)
**အေစီမီလန်ကြယ်ပွင့် ကက်ဆာနို၏ နှလုံးခွဲစိတ်မှုအောင်မြင်**
(မီလန်၊ နိုဝင်ဘာ ၅)
နှလုံးရောဂါကြောင့် အသေးစားခွဲစိတ်မှုပြုလုပ်ခဲ့ရသည့် အေစီမီလန်ကြယ်ပွင့်အန်တိုနီယိုကက်ဆာနို၏ ခွဲစိတ်မှု အောင်မြင်ခဲ့ကြောင်း သိရသည်။ ကတ်ဆာနိုသည် ယခုချိန်တွင် ကျန်းကျန်းမာမာရှိနေပြီး ရက်အနည်းငယ်အတွင်း ဆေးရုံမှဆင်ရတော့မည်ဖြစ်ကြောင်း ဆန်စီရိုမြို့ အခြေစိုက်သတင်းဌာနများ၏ အဆိုအရသိရသည်။ အေစီမီလန်သင်း၏ ဒုတိယ ဥက္ကဌအက်ဒရီယာနို ဂယ်လီယာနီက ကက်ဆာနိုမှာ နောက်ထပ်လေးလမှ ခြောက်လအထိ ဘောလုံးကစားခြင်းမှ အနားယူရဦးမည်ဖြစ်ကြောင်း ပြောကြားသည်။

အသက် (၂၉) နှစ်ရှိ ကက်ဆာနိုသည် အောက်တိုဘာ ၂၉ ရက်က ရိုးမားအသင်းအား ၃ - ၂ ဖြင့် အနိုင်ရရှပြီးနောက် အသင်း၏လေယာဉ်ဖြင့် ပြန်လာစဉ်ဖျားနာခဲ့၍ ဆေးစစ်မှုခံယူခဲ့ရာ နလုံးပုံမှန်အလုပ်မလုပ်သဖြင့် ဦးနှောက်သို့ သွေးစီးဆင်းမှုကို အားနည်းစေသည့် ရောဂါခံစားနေရသဖြင့် ယင်းကဲ့သို့ ဆေးရုံတက်ကာ ခွဲစိတ်ကသမှုခံယူခဲ့ရခြင်း ဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:
Post a Comment