**မလေးရှားနိုင်ငံတွင် အမျိုးသမီး သီးသန့်တက္ကစီများ စတင်ပြေးဆွဲ**
မလေးရှားနိုင်ငံတွင် အမျိုးသမီးယာဉ်မောင်းများအား ပန်းရောင်လူစီး ဇိမ်ခံကားများနှင့် ဘတ်စ်ကားများတွင် လေ့ကျင့်မောင်းနှင်မှုများပြုလုပ်ပြီးနောက် ကနဦးခြေလှမ်းတစ်ရပ်အနေဖြင့် အမျိုးသမီးသီးသန့် တက္ကစီများ စတင်ပြေးဆွဲနေပြီဖြစ်ပြီး ယင်းသို့ ပြုလုပ်ခြင်းသည် အမျိုးသမီးများအား ခရီးသွားရာတွင် အနှောင့်အယှက်များမှ ကာကွယ်ခြင်းတစ်ရပ်အနေဖြင့် ရည်ရွယ်ကြောင်း နိုဝင်ဘာ ၂၉ ရက်ကထုတ်ပြန်သည့် အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အမျိုးသမီးတက္ကစီယာဉ်မောင်း ၅၀ သည် ကွာလာလမ်ပူမြို့တွင် စတင်ပြေးဆွဲနေပြီဖြစ်ပြီး အစိုးရအနေဖြင့် အထူးတက္ကစီ အရေးအတွက် ၄၀၀ အထိ တိုးချဲ့သွားမည်စု မျှော်လင့်ထားကြောင်း The Star and New Strait Times သတင်းစာက ဖော်ပြခဲ့သည်။ (အင်တာနက်)

**စက်မှုဇုန်သစ်ကြီးနှစ်ခု အင်ဒိုနီးရှားနိုင်ငံ၌ တည်ဆောက်မည်**
အင်ဒိုနီးရှားနိုင်ငံတွင် မလေးရှားနှင့်တရုတ်နိုင်ငံတို့မှ ရင်းနှီးမြှပ်နှံမှုများကို ပိုမိုပြုလုပ်နိုင်ရန်အတွက် စက်မှုဇုန်သစ်ကြီးနှစ်ခုကို ဖော်ထုတ်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်အတွက်လည်းဖြစ်ကြောင်းအင်ဒိုနီးရှားအစိုးရက နိုဝင်ဘာ ၂၉ ရက်၌ပြောကြားသည်။ ယင်းစက်မှုဇုန်သစ်နှစ်ခုမှာ အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမတြားပြည်နယ် ဆိုင်မန်ကီအရပ်တွင် အမေရိကန်ဒေါ်လာ ၆၂၆ သန်းအကုန်ကျခံတည်ဆောက်မည့် စက်မှုဇုန်နှင့်ဘန်တန်ပြည်နယ် ပန်ဒက်လန်မြို့အနီး တန်ဂျန်လီဆန်အရပ်တွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ အကုန်ကျခံတည်ဆောက်မည့် စက်မှုဇုန်တို့ဖြစ်ကြသည်။ အဆိုပါစက်မှုဇုန်များသည် အင်ဒိုနီးရှားနိုင်ငံအတွက် ကမ္ဘာလှည့်ခရီးသွားများအား ရောက်ရှိလာစေရန်လည်း ဆွဲဆောင်မှုတစ်ရပ်အဖြစ် ဒီဇိုင်းပုံဖော်တည်ဆောက်သွားမည်ဖြစ်သည်။ (အင်တာနက်)
**တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းလျောင်နင်းပြည်နယ်တွင် ဒုတိယကမ္ဘာစစ်လက်ကျန် အမြောက်အခွံ
၁၀၀ ခန့် တူးဖော်တွေ့ရှိ**
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်တွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်ဖွဲ့ဝင်များစွန့်ပစ်ခဲ့သည့် အမြောက်အခွံ ၁၀၀ ခန့်ကို ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှ အလုပ်သမားများ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။ အမြောက်အခွံများသည် ရှေးခေတ်ပြောင်းတိုအမြောက်များတွင် ဂျပန်တပ်ဖွဲ့ဝင်များ အသုံးပြုခဲ့ကြခြင်းဖြစ်ကြောင်း၊ ယင်းအမြောက်ခွံများကို လျောင်နင်းပြည်နယ် ရှန်ယန်းမြို့မီးရထားဘူတာအနီး အဆောက်အအုံတစ်လုံးတည်ဆောက်ရာမှ ဆောက်လုပ်ရေးအလုပ်သမားများက တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရှန်ယန်းမြို့ မီးရထားဘူတာရုံ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ (အင်တာနက်)
**လက်ဘနွန်မှ အစ္စရေးနိုင်ငံမြောက်ပိုင်းသို့ ဒုံးကျည်များပစ်ခတ်**
ဘက်ဘနွန်နိုင်ငံတောင်ပိုင်းမှ အစ္စရေးနိုင်ငံမြောက်ပိုင်းသို့ နိုဝင်ဘာ ၂၉ ရက်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးဘက်အရာရှိများက ပြောကြားသည်။ ထိုသို့ ဒုံးကျည်များဖြင့် ပစ်ခတ်မှုကြောင့် အစ္စရေးနိုင်ငံ ဂါလီလီအနောက်ပိုင်းဒေသသို့ ဒုံးကျည်များကျရောက်ပြီး အဆောက်အအုံနှစ်လုံး ထိခိုက်ပျက်စီးခဲ့သော်လည်း တစ်စုံတစ်ဦးမျှ ဒဏ်ရာမရရှိခဲ့ကြောင်း ၄င်းတို့က ပြောကြားသည်။ အစ္စရေးနှင့် ဘက်ဘနွန်နှစ်နိုင်ငံတို့သည် ၂၀၀၉ ခုနှစ်က နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုပထမဆုံးအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - တင်မောင်လွင်
(women only taxi in malaysia)

No comments:
Post a Comment