လူမှာ ဂတိ ၊ မင်းမှာ သစ္စာ ၊နေ့ရက်ဟောင်းများမှာ ရှာမတွေ့သောအခါ
ကြွေကျသွားတဲ့ သစ်သီးလို ကြေမွ ပျက်ဆီးကျဆင်းသွားတဲ့ သိက္ခာတရား
လှောင်ချိုင့်ထဲက ငှက်လို မျက်နှာငယ်စဲ အမှန်တရား
ပြက္ခဒိန်တွေ ဆွဲဆုတ်ပြီး စေလိုရာစေ အဆိုးအမှားတွေရေ
ခြေစုံသွားမလား ၊ တလှမ်းချင်း လှမ်းမလား
နှစ်သစ်ရဲ့ ခြေထောက်တွေကို စောင့်ကြည့်နေတယ်.....။
လောကဓံ ခါးခါးမှာ သတ်ပုံမှားတဲ့ ဆုတောင်းများ
ဘ၀လမ်းမှာ တွေ့ဆုံကြုံလည်း မျက်နှာလွှဲသွားခဲ့ မေတ္တာတရား
စာရိတ္တတွေကို မိုးခါးရည်ထဲ မြုပ်နှံရင်း
မာယာ ပရိယာယ်များနဲ့ သိုးရေခြုံထား သစ္စာတရား
မရေရာခြင်းများ မင်းနဲ့အတူ ယူဆောင်သွားတော့ နှစ်ဟောင်းရေ....။
ဆေးခြယ်ထားတဲ့ ဟန်ဆောင်ရိုးသားခြင်းများ
ခြေရာ လက်ရာမပျက် အမွေဆိုးများကြောင့်
မချင့်မရဲ တိတ်တိတ်ကြေကွဲခြင်းတွေ ဗြောင်းဆန်
နလံမထူနိုင်တော့တဲ့ မျှော်လင့်ခြင်းအား
ကံကြမ္မာက စိမ်းစိမ်းကားကားကြည့်နေတယ်.....။
သွေးရင်းသားရင်းလို့ ပြောပြောပြီး
အကြွေးဟောင်းတောင်းသလို စာရင်းရှင်းကြရင်ဖြင့်
သက္ကရာဇ်များသာ ဟောင်းနွမ်း အိုမင်းသွားတယ်
မုသာဝါဒတွေကို ချိုင်းထောက်ထောက်ပြီး ဟန်ရေးပြကောင်းတုန်း ..။
၂၅% လောက်လိမ်နေမှန်းသိလည်း
နှလုံးသားဆန္ဒကို ဦးနှောက်က အချက်ပြ ညှိနိုင်းနေရ
ဒုက္ခသစ်တွေနဲ့ မကြာခဏ နာကျင်သက်ပြင်းချ
မဲမဲမြင်တိုင်း ခေါင်းခါမယ် ဆိုရင်
မဲရုံကိုသွားမလား စစ်တိုက်ထွက်မလား
နှစ်သစ်ကိုပြောင်းတော့မယ် လွှတ်တော်သစ်က တင်းခံနေတယ်....။

မျှော်ကြိုနေမဲ့ အမေအိုကိုလည်း အိပ်ရေး မပျက်လိုတော့
အော်ငိုနေတဲ့ ကလေးတွေ အငိုတိတ်စေချင်
မောကြီးပမ်းကြီး ချွေးလည်း တိတ်လိုပြီ
ငြိမ်းချမ်းရေးကိုတောင် တိတ်တိတ်ပုန်း ချစ်နေရ
စစ်ဝါဒီတွေက ပလီပလာလိုလို တီတီတာတာလိုလို
မြွေအရေခွံလဲသလို အပြောင်းအလဲတွေ ရာဇ၀င်သစ်ကိုလက်ဆွဲနှုတ်ဆက်ချင်ပြီ..။
**အောင်ခိုင်မြင့်**

No comments:
Post a Comment