Photo: Myat Shu's Collection
ဂီတနှင့် ပတ်သက်လျှင် မြန်မာပြည်၏ ပရက်စလေဟု တင်စားခေါ်ဝေါ်ကြသော၊ ရုပ်ရှင်နှင့် ပတ်သက်လျှင်မူ တရုတ်ဒါရိုက်တာ လူဝီဖေးက အမေရိကန် ခေတ်ဟောင်းရုပ်ရှင်မင်းသား ဂျွန်ဂီးလ်ဘတ်နှင့် တူသည်ဟု မှတ်ချက်ချဖူးသော ရုပ်ရှင်မင်းသားကြီး “၀င်းဦး” မှာ ယခုထက်တိုင် သက်ရှိထင်ရှား ရှိနေမည် ဆိုပါက ၇၇ နှစ် ရှိပေရော့မည်။ ခုတော့ သူ ကွယ်လွန်ခဲ့သည်မှာ ၂၃ နှစ်တိုင်ခဲ့ပါပြီ။ ကွယ်လွန်ချိန်တွင် သူ့အသက်က ၅၄ နှစ်။ တကယ်တော့ မြန်မာပြည်အနေအထားနှင့် ကြည့်လျှင် ထိုအသက်အရွယ်ဆိုပါက လူကြီးတန်းတွင်သာ ဇာတ်ပို့ဇာတ်ရံအဖြစ် ရှိလိမ့်မည်။ သို့ပေမယ့် သူ့ပရိသတ်တွေကတော့ အသေစောသည်ဟုသာ မှတ်ယူကြဆဲပင်။
စာရေးဆရာတစ်စု၏ ဝေဖန်သံကို ကြားဖူးသည်။ တကယ်တော့ သူတို့လည်း ၀င်းဦး ပရိသတ်ပါပဲ။ “၀င်းဦးက သေတာ နောက်ကျတယ်။ သူ သေခါနီး ရိုက်သွားတဲ့ ကားတွေဆိုရင် တော်တော်ကို ချာတာ”။ ကျွန်မကတော့ အမလေး.. ပြောရက်လိုက်ကြတာဟုသာ ရင်ထုမနာ ဖြစ်နေရသည်။ သူတို့ ပြောစကား ဟုတ်ကောင်း ဟုတ်မည်။ ကျွန်မအနေနှင့်က ၀င်းဦးဇာတ်ကားဆိုလျှင် မြန်မာ့ရုပ်မြင်သံကြားက လွှင့်သည့် တချို့တလေသာ ကြည့်ဖူးသည်မို့ သူ၏ နောက်ဆုံးလက်ရာတွေကို မြင်တွေ့ခွင့်မရသေးပါ။ တခုတော့ ရှိသည်။ ၀င်းဦးသည် နဂိုကတည်းက သူ့ကိုယ်သူ အဓိက ဇာတ်ဆောင်ဆိုသည်ထက် ဇာတ်ကို ပို့ပေးရသူအဖြစ် ပိုပြီး ၀ါသနာထုံသည်။ ဥပမာ – “တကျော့နှစ်ကျော့ တေးကိုသီ” တွင် ချိုပြုံးနှင့် တင်တင်မြ၊ “တိမ်လွှာမို့မို့လွင်” တွင် ဖိုးပါကြီးနှင့် ခင်လေးဆွေ၊ “ချစ်သူရွေးမယ် ချစ်ဝဲလည်” တွင် သူနှင့်တွဲသော မင်းသမီးများ အစရှိသဖြင့် ဇာတ်ကားထဲတွင် သူနှင့် တွဲဖက်သရုပ်ဆောင်သူများကို တွဲခေါ်ယူ၊ တင်ပို့ပေးတတ်သူ ဖြစ်သည်။ ဒီတော့ ၀င်းဦး ရှိနေသေးလျှင်တောင် သူကိုယ်တိုင် မင်းသားဆိုသည်ထက် သူရိုက်ကူးသော ဇာတ်ကားများ၊ ဖန်တီးသော စာပေလက်ရာများကိုတော့ မြင်ခွင့်ရနေဦးမည် ဖြစ်သည်။
ဝင်းဦးနှင့် ကျွန်မဆိုလျှင် ရွှေရတုတခုစာမျှ အသက်ကွာပါသည်။ သို့ပေမယ့် ယနေ့တိုင် ၀င်းဦး၏ သရုပ်ဆောင်ချက်များ၊ အညု အတာ အခရာများကို ခံစား၍ ရဆဲဖြစ်သည်။ ကလေးသဘာဝ ငယ်စဉ်က ကြိုက်နှစ်သက်ခဲ့သော မင်းသား၊ မင်းသမီးကို အသက်ကြီးလာသည်နှင့်အမျှ အကြိုက် ပြောင်းလဲဖွယ် ရှိသော်လည်း ၀င်းဦးအပေါ် စွဲလန်းရသည့် ကျွန်မ၏ စိတ်အလျဉ်ကတော့ ဟိုတုန်းကနှင့် မခြားပါပေ။ မှတ်မိပါသေးသည်။ မြန်မာ့ရုပ်ရှင်သံကြားက ၀င်းဦးနှင့် ကလေးသရုပ်ဆောင် စန္ဒာလင်းတို့၏ “အတွယ်အတာ” ဇာတ်ကားပြတုန်းက ဖြစ်သည်။ ဇာတ်ကားထဲမှာ ၀င်းဦးလည်း သေဒဏ်ကျရော တီဗွီရှေ့တွင် အော်ကြီးဟစ်ကျယ် ကြူကြူပါအောင် ငိုလိုက်သည်မှာ အဖေတို့ အမေတို့ ဘယ်လိုချော့ချော့ မတိတ်တော့။ အဲသည်တုန်းက လူက အသက်မှ ၇ နှစ်ရှိသေးတာ။ “သမီး ကြီးလာရင် ၀င်းဦးကို ယူမှာ” ဆိုမိသဖြင့် အဖွားကတောင် “ဟဲ့.. ၀င်းဦးက သေပြီ။ ယူချင်ရင် ၀င်းဦးနဲ့ တူတဲ့သူ ရှာယူ” ဟုပင် ငေါ့ဖူးသည်။ ယနေ့ထက်တိုင် ရုပ်ရှင်လောက၊ ဂီတလောကတွင် သာမက ပြင်ပလောကတွင်ပါ ၀င်းဦးဟန်၊ ၀င်းဦးနှုတ်ခမ်းမွေး၊ ၀င်းဦးအသံ စသဖြင့် တုယူနေကြခြင်းကို ကြည့်ရုံနှင့်ပင် ၀င်းဦးသည် ဆယ်စုနှစ်များစွာတိုင်အောင် သူ့ပရိသတ်အပေါ် သြဇာ လွှမ်းမိုးနေဆဲဟု ကောက်ချက်ချနိုင်ပါသည်။ တကိုယ်ရေ တကာယ အမြင်ဖြင့် ပြောရလျှင် ကျွန်မတို့လို ၀င်းဦး အမာခံပရိသတ်များကတော့ ၀င်းဦးအတုများကို ခံစား၍ မရရုံမက မျက်မုန်းပင် ကျိုးမိသည်ဟု ဘွင်းဘွင်းကြီး ဆိုမိပါလျှင် ပိုရန်ကောဟု စကားတင်းဆိုခံရဖွယ် ရှိပါသည်။
ဝင်းဦး၏ ဘ၀ဇာတ်ကြောင်းကို ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် အလွန်အတက်အကျများပြီး တော်တော် ဇာတ်နာပါသည်။ တက္ကသိုလ်ပါမောက္ခကြီး ချစ်ဒုက္ခဦးဘညွှန့်နှင့် အင်မတန်ဘိုဆန်လှသော ဒိတ်ဒိတ်ကြဲ မင်နီဘခက်တို့၏ တတိယသား မောင်လှမြင့်။ ငယ်စဉ်ဘ၀မှာ မိဘနှစ်ပါးက ညောင်ညိုပင်စခန်းမှာ လမ်းခွဲကြတော့ သူတို့မောင်နှမတွေ မိခင်နှင့်အတူ ကစဥ့်ကလျား ဖြစ်ကျန်ရစ်ပုံ၊ စစ်ကိုင်းကို စစ်ပြေးကြရပုံ၊ နောက် သူ့ငယ်ဘ၀အဖုံဖုံကို ဟိုနားတကွက် သည်နားတကွက် ဆေးရောင်ခြယ်ပြသွားသည့် “ဆယ်စုနှစ် တစ်နှစ်စွန်း မန်းသင်္ကြန်” စာအုပ်တွင် သူ၏ ငယ်စဉ်က စိတ်ဒဏ်ရာတချို့ကိုလည်း ရိပ်ဖမ်းမိနိုင်သည်။
ထူးခြားတာဆိုလို့ သူ့ကို မွေးတုန်းက မျက်နှာဖုံးစွပ် ပါလာသတဲ့။ ငိုကြောအင်မတန်ရှည်ပြီး ပိန်ပိန်လှီလှီနှင့် သူ့အသွင်က မောင်နှမ ငါးယောက်ထဲတွင် မထည်ဝါဆုံး။ ငယ်နာမည် ဘိုနီ ဖြစ်သည်။ စစ်ကိုင်းတောင်မှာ စစ်ရှောင်ရင်း သူ့မိခင်ဆုံးတော့ ဖခင်ကြီးဆီသို့ ပြန်လည် ခိုလှုံရသည်။ စစ်ပြီးတော့ ဆရာကြီး ဦဘ၏ တီတီစီတွင် ကျောင်းနေပြီးမှ ၁၉၄၉ ခုနှစ်တွင် ဆယ်တန်းအောင်ပါသည်။ တက္ကသိုလ်ကျောင်းတော်မှ နတ်ဘုရားမ၏ အချစ်ကို ရအောင်ကြိုးစားဖူးသည့် ကိုယ်ကာယ ညှောင်နာနာနှင့် ကောင်လေးသည် နောက်ဆုံးတော့ သူ့ဖခင်၏ ယောက်ျားပီသစေလိုသော ဆန္ဒဖြင့် တပ်မတော် ဗိုလ်သင်တန်းသို့ အသက် ၁၈ နှစ်တွင် ရောက်ခဲ့ရသည်။ ဗိုလ်လှမြင့် ဘ၀နှင့် ရွှေမြိုင်သူတဦးနှင့် ချစ်ရည်လူးပြီးမှ နဖူးစာ မှင်ရည်ကျဲသဖြင့် ဒုတိယမ္ပိ အသည်းကွဲရပြန်ပါသည်။ အသည်းကို အရက်နှင့် စိမ်လိုက်ရာ သူ့လခ ၄၀၀ မကျော်သော်လည်း တလစာ အရက်ဖိုး ၄၀၀ ကျော်ဖြင့် အကြွေးပတ်လည်ဝိုင်းနေသူတည်း။ နောက်တော့ ဗိုလ်မှူးသန်းညွှန့် (ချီကာဂို)နှင့် အတူ သြစတြေးလျနိုင်ငံသို့ စေလွှတ်ခံရတော့မှ အစားထိုးစရာ တပြည်သူ မရွှေထားနှင့် ဆုံပြီး အချစ်အတွက် ဘ၀ကို တဖန်မွေးဖွားလာခဲ့သူ ဖြစ်လာသည်။ သြစတြေးလျတွင် ဗိုလ်လှမြင့် တယောက် ထူးထူးခြားခြား အနုပညာ ပါရမီကို ထုတ်ပြခဲ့တာဆိုလို့ သူတို့ဆီက ပြဇာတ်တခုတွင် တညလျှင် ၂၅ ပေါင် (ထိုစဉ်က ဗမာငွေ ၃၄၀ခန့်) ဖြင့် ပါဝင် ကပြဖူးခဲ့တာရှိသည်။ မြန်မာပြည် ပြန်ရောက်မှ မမျှော်လင့်ဘဲ ရုပ်ရှင်မင်းသားအဖြစ် “နှစ်ယောက်ထဲ နေချင်တယ်” ဇာတ်ကာဖြင့် ဟုန်းခနဲ တောက်ပလာတော့ အဝေးတနေရာက ချစ်သူဆီကိုလည်း မပြန်ဖြစ်တော့။ နောက်တော့ ကြိုးချင်းထား ကြိုးချင်းညှိပြီး ရုပ်ရှင်လောကက တက်သစ်စ မင်းသမီးတဦးနှင့် ချစ်ကြိုးသွယ်မိပြန်သည်။ အဆိုပါ မင်းသမီးသည် ၀င်းဦး၏ ဖေးကူမှုနှင့် ရုပ်ရှင်နယ်ပယ်တွင် လျှမ်းလျှမ်းတောက် အောင်မြင်လာခဲ့သည်။
အမှန်မှာ ၀င်းဦးသည် ရုပ်ရှင်လောကသို့ ၀င်လာစက သူ စွဲလန်းခဲ့ရသော မင်းသမီးမှာ တခြားတဦးဖြစ်ပါသည်။ သူ့ထက် စီနီယာကျသော ထိုမင်းသမီးကို ထိုစဉ်က ဖက်ရှင်ကျလွန်းသူဟုပင် ရုပ်ရှင်အသိုင်းအ၀ိုင်းက တင်စားဖူးသည်။ ထိုမင်းသမီးနှင့် သူ အလှမ်းဝေးခဲ့ရသော်လည်း သူစွဲလန်းရသူ၏ ပုံရိပ်ကို ဖမ်းဆုပ်နိုင်ခဲ့သူ တက်သစ်စ မင်းသမီးလေးအပေါ် သဒ္ဓါလွန်မိလိုက်ခြင်း ဖြစ်သည်။ ပရိသတ်ကလည်း သူတို့နှစ်ဦး စုံတွဲကို အင်မတန် လိုက်ဖက်သည်ဟူ၍ အားပေးကြသည်။
ဝင်းဦးသည် သူ ထားခဲ့သမျှ ရည်းစားများထဲတွင် အဆိုပါ မင်းသမီးလေးကို တော်တော် သံယောဇဉ်ရှိခဲ့ပုံပေါ်သည်။
“ဆယ်စုနှစ်တစ်နှစ်စွန်း မန်းသင်္ကြန်” တွင် သူ့ချစ်သူ မင်းသမီးနှင့် ပတ်သက်ပြီး ရထားပေါ်တွင် တွေ့လိုက်ရသော သတင်းစာအပိုင်းအစတွင် သူ့ချစ်သူ၏ လက်ထပ်သတင်းကို တွေ့ပြီး ကြေကွဲရပုံ၊ ဘားလမ်းက စန္ဒာပုံနှိပ်တိုက်ပေါ်မှ အခန်းကျဉ်းလေးထဲတွင် သူတယောက်ထဲ သတိတရ ဆွေးနေရပုံကို အသေးစိတ်ရေးထားသည်မှာ အင်မတန် အသည်းနုသူဟူ၍ပင် မချင့်မရဲ ဖြစ်မိပါသည်။
သူ့ချစ်သူ တောင်းဆိုသလို ဓနအင်အား ပြည့်စုံအောင် သူ စုဆောင်းခဲ့ပုံ၊ အဆုံးတွင် သူ ကျန်ရစ်ခဲ့ပုံများကို တသသ ရေးထားပါသည်။ သူ့ပရိသတ်များက ၀င်းဦးဘက်က မခံရပ်နိုင်၍ သူ့ချစ်သူ မင်းသမီးက ၀င်းဦးဆီက စိန်တွေ၊ အဖိုးတန် လက်ဝတ်ရတနာတွေကိုတောင် သဲ့ယူသွားသည်ဟုပင် ဆိုကြသေးသည်။ ဒါကတော့ ငွေရောင်ပိတ်ကားနောက်ကွယ်မှ အရပ်ထဲက စကားများဖြစ်ပါသည်။ တလောက သူ့ချစ်သူ မင်းသမီးကြီးနှင့် မဂ္ဂဇင်းတစောင်၏ အင်တာဗျူးခန်းတွင်တော့ ၀င်းဦးက သူ့အပေါ် အဘယ်မျှ မေတ္တာထားခဲ့ကြောင်းကို မင်းသမီးကြီးက ၀န်ခံဖြေကြားသွားခဲ့ပါသည်။ တခါကလည်း မင်းသမီးငယ်တဦး အ၀တ်အိတ်ဆွဲကာ သူ့အိမ်ပေါ်က ဆင်းလာပြီး ၀င်းဦး အခန်းပေါ် တက်လာလို့ သူ့မှာ မနည်း ချော့မော့ ပြန်လွှတ်လိုက်ရသည်ကိုပင် သတင်းထောက်များ ကြားကာ ပွက်လောရိုက်အောင် ဖွသတင်းလေး ရေးခဲ့ကြသေးသည်။ မန္တလေးက သူဌေးမတဦးနှင့်လည်း ဘာဂလိုတိုတိုဟူ၍ အ၀ါရောင်စာနယ်ဇင်းအတွက် ထမင်းမြိန်စရာ သတင်းဖြစ်ခဲ့ဖူးသည်။
ဝင်းဦးသည် အချစ်ရေး ကံမကောင်းခဲ့သလို မိသားစုရေး၏ အကျိုးခံစားရမှုလည်း နည်းပါးသည်။ ကျောက်ဘီလူး တင်မောင်ဆွေ၏ “တစ်သက်မှာ တစ်ဦး ထူးတဲ့ ကိုဦး” ဆိုသည့် ၀င်းဦး အလွမ်းပြေစာထဲတွင် ဖတ်ဖူးသည်မှာ ညီအကိုမောင်နှမများနှင့် ပတ်သက်လာလျှင် ကောင်းကောင်း ဆိုးဆိုး စောင့်ရှောက်ရမည့် ၀တ္တရားအရ သူ စောင့်ရှောက်သွားမည်၊ သူ့သားချင်းများသည် အရည်အချင်းရှိလျက်နှင့် သူ့အပေါ် အမှီပြုနေကြသည်ကို စိတ်တိုင်းမကျသော်လည်း သူ့လို အောင်မြင်စေရန် အစွမ်းရှိသမျှ သူ ပံ့ပိုးပေးသွားမည် စသဖြင့် ပြောခဲ့သည်များကို ရေးသားထားသည်။ အရက်သောက်လွန်း၊ စန္ဒာမဂ္ဂဇင်းက အရှုံးပေါ်လွန်း၊ အပေးအကမ်း များလွန်း၊ အမြတ်ခွန် ထုထောင်းလွန်း၊ ၀င်သမျှ ငွေအပေါ် အသုံးအစွဲ စနစ်တကျမရှိလွန်း၍ သူ ကွယ်လွန်ချိန်တွင် ဘာဆိုဘာမျှ မကျန်ရစ်ခဲ့ပေ။ သူနှင့် အတွဲများခဲ့သည့် မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်က စာနယ်ဇင်းတစ်ဦးအား ရင်ဖွင့်ဖူးပါသည်။
“ကိုဦးက သနားစပါ။ သူ့ အင်းလျားက အိမ်မှာတုန်းက ပစ္စည်းတွေ ဟိုလူယူ၊ သည်လူယူနဲ့ ငါရောက်သွားတော့ ပစ္စည်းပုံ ဘေးထိုင်ပြီး မမကော ဘာယူမလဲ။ ယူလေတဲ့။ ဟဲ့.. ငါက ယူဖို့လာတာမှ မဟုတ်ဘဲ။ နင့်ကို လာကြည့်တာ ကိုဦးရဲ့လို့ ပြောယူရတယ်။ အဲသည်အထိ…..
သူ အင်္ဂလန်က ပြန်လာတော့ မင်္ဂလာဆောင်တစ်ခုမှာ တွေ့တယ်။ ငါ့မှာ ငိုလိုက်ရတာလေ။ သူက မမ ကျွန်တော် သေသွားတာမှ မဟုတ်ဘဲ ပြန်ရောက်လာပြီလေ။ နေကောင်းနေပါပြီ မမရဲ့ဆိုပြီး မနည်း ချော့ယူရတယ်။ မမနဲ့ သူက ကားရိုက်ခဲ့တာတွေလည်း မနည်းဘူး။ သူက စည်းကမ်းလည်း ကြီးတယ်။ စနစ်လည်း ရှိတယ်။ ဒါပေမယ့်ဟယ် တစ်ခါတုန်းက သူ့အခန်း ရောက်သွားတော့ ထမင်းစားပွဲမှာ ငုတ်တုတ်ကလေး ထိုင်လို့။ စွပ်ကျယ်နဲ့ ဘောင်းဘီတိုလေးနဲ့။ ကိုဦး နင် ဘာလုပ်နေတာလဲ မေးတော့၊ ထမင်း စားမလို့ စဉ်းစားနေတာတဲ့။ သူများ စားပြီးသား အကျန်တွေ၊ ပြီးတော့ ဟင်းတွေ၊ ထမင်းတွေကလည်း အေးစက်လို့။ သူ့ခမျာ ဖြစ်သလို နေသွားရရှာတယ်။ သူ ဆေးရုံတက်နေတုန်းကများ သေတော့မယ်ဆိုတာ သိကြလို့ ထင်ပါရဲ့၊ ခိုးလိုက်ကြတဲ့ အ၀တ်အစားတွေ ကက်ဆက်ကအစ ကမ်းကုန်ရော။
တစ်ခါတုန်းက သူပြန်ရောက်ခါစပေါ့။ မမ ကျွန်တော် လာမယ်ဆိုပြီး ဖုန်းဆက် ရောက်လာတယ်။ သောက်လိုက်တဲ့ အရက်ကလည်း အရမ်းပါပဲ။ ကိုညွှန့်ကိုတောင် တားယူရတယ်။ မောင်နော်… ကိုယ်က လူကြီး၊ ကိုဦးလို လူငယ်နဲ့ ပြိုင်မသောက်နဲ့လို့။ အဲသည်နေ့က ခေါက်ဆွဲ အကြွပ်ကြော် ကျွေးတော့လေ စားလိုက်တာ အရမ်းပဲ။ တစ်ခါမှ မစားဖူးဘူး မမရယ်ဆိုလို့ စိတ်တောင် မကောင်းဘူး”
ကျွန်မမှာ ဒေါ်မြင့်မြင့်ခင်၏ စကားသာမက ၀င်းဦးမှ အိုင်ရင်းတင်လှထံသို့ ရေးသည့် အင်္ဂလန်မှ ပေးစာကို ဖတ်ရတော့ ရင်နင့်ရပြန်သည်။ ၁၉၈၈ ခုနှစ်၊ မေလ ၂ ရက်နေ့မှာ ရေးသည့် စာဖြစ်သည်။
“…….. ဒီက ဆရာဝန်တွေကတော့ အကို့ အခြေအနေကို သိပ်ကျေနပ်ကြတယ်။ နောက်ကို ပြန်မဖြစ်တော့ဘူး၊ ဖြစ်စရာလဲ မလိုတော့ဘူးလို့ ပြောပါတယ်။ အကိုစိတ်ထင်တော့ June လကုန်၊ July လဆန်းလောက် ပြန်ရလိမ့်မယ် ထင်တယ်။ Body Weight လဲ တက်လာလို့ လူတိုင်းက အံ့သြကြရတယ်။
ဆေးရုံ စရိတ်ကတော့ သိပ်ကြီးတာပဲ။ တက်ရတဲ့ ဆေးရုံက အာရပ်စော်ဘွားတွေ တက်တဲ့ ဆေးရုံဆိုတော့ မတန်တဆ ဈေးပေးရတယ။် အစိုးရ ခွင့်ပြုတဲ့ ပိုက်ဆံလည်း ဆေးရုံပေးရတာနဲ့ ကုန်မှာပဲ။
ကျန်တဲ့ ငွေကလေးကိုတော့ အကို ချွေတာပြီး သုံးပါတယ်။
မမတို့မှာတောင် သူတို့ဟာ သူတို့တောင် လောက်ငအောင် စနစ်နဲ့ သုံးနေရတာ မဟုတ်လား။ တော်ပါသေးရဲ့။ ဒီက မိတ်ဆွေတွေက ဖိတ်ကြ လိုက်ပို့ကြ လုပ်ပေလို့ပဲ။ လန်ဒန်မြို့ထဲလဲ အကို မကြာခဏ ရောက်တယ်။ လူက လူကောင်းတယောက်လိုပဲ။ ကျန်းမာနေတော့ လည်ပတ်ရတာပေါ့။ ဆရာဝန်ကလဲ အဲသလို အပြင်များများ ထွက်ပေးလို့ ပြောတယ်။ ရာသီဥတုလဲ နေရောင်ရလာလို့ သွားရလာရ ကောင်းပါတယ်။ Irene လဲ အအေးမိပြီး နေမကောင်းဘူးလို့ သိန်းနိုင်က ပြောတယ်။ ကောင်းသွားပြီလား။
အကိုပြန်ရင် ဆရာကြည်စိုး၊ ဆရာစိုးအောင်မြင့်တို့အတွက် သူတို့ မိန်းမတွေအတွက်ပါ ရှိတဲ့ ပိုက်ဆံကလေးထဲက အမှတ်တရပစ္စည်း ၀ယ်ခဲ့မယ် စိတ်ကူးတယ်။ သိပ်အဖိုးတန်တော့ မတတ်နိုင်ဘူးပေါ့။ သူတို့ ဘာကြိုက်တတ် ဘာသုံးတတ်တယ်ဆိုတာ သိရင် ကောင်းမယ်။ ဥပမာ စီးကရက် သောက်တဲ့သူအတွက်ဆိုရင် မီးခြစ်အလှကလေးလိုဟာမျိုးပေါ့။ Irene စုံစမ်းပြီး အကို့ကို phone နဲ့ ဖြစ်ဖြစ် ပြန်ပြောပါဦး။
Irene ရဲ့ ကျေးဇူး အကို့အပေါ်မှာ ကြီးမားပါတယ်။
သင့်
ဝင်းဦး
ခေတ္တ/လန်ဒန်
စာထဲပါ အကြောင်းအရာနှင့်ပင် ၀င်းဦးသည် သူ့မိတ်ဆွေများအပေါ် မည်မျှ ဂရုတစိုက် တန်ဖိုးထား ဆက်ဆံသည်ကို ခန့်မှန်းနိုင်ပါသည်။ အထူးသဖြင့် စာပေနယ်မှ သူ့မိတ်ဆွေများနှင့် ပတ်သက်လျှင် အတော် သံယောဇဉ်ကြီးသည်။ အထူးသဖြင့် ဆရာနန္ဒသူ (ကြပ်ကလေး) ကျပ်တည်းစဉ်က ဇာတ်ညွှန်း ရေးရအောင် ဖန်တီးပေးခဲ့ပုံ၊ တကယ်က “တစ်ကျော့နှစ်ကျော့ တေးကိုသီ” မှာရော၊ “ချစ်သူရွေးမယ် ချစ်ဝဲလယ်” မှာရော ဆရာကြပ်ကလေး အနေဖြင့် ဘာမှ ဟုတ်တိပတ်တိ အသေးစိတ် မရေးပေးလိုက်ရဘဲ ၀င်းဦးက သူ့ဘာသာ စီစဉ် ရိုက်ကူးသွားကြောင်း၊ ဇာတ်ညွှန်းဆရာအဖြစ် ၀င်ငွေရအောင် တမင် လမ်းခင်းပေးသွားကြောင်း ကြပ်ကလေးကိုယ်တိုင် ၀န်ခံရေးခဲ့ဖူးသည်။ ထို့အတူ ဆရာမောင်ဆွေတင့်နှင့် ဘယ်လိုပင် ပြဿနာအဖုအထစ် ရှိခဲ့ ရှိခဲ့ တခါသားမှာတော့ သူ နိုင်ငံခြားက ပြန်လာတော့ “မောင်ဆွေ.. မင်း ခင်ဦးကို လက်ဆောင်ပေးဖို့ ကိုယ် မင်းအတွက် ပစ္စည်းဆန်းကလေး တစ်ခု ယူလာခဲ့တယ်” ဆိုပြီး ဂရုတစိုက် ရှိခဲ့ပုံ၊ ဆရာ စိန်ခင်မောင်ရီ၏ အမှတ်တရ ကောက်ကြောင်းထဲတွင် ဖြူ နီ ညို ပြာ မဂ္ဂဇင်းထွက်တော့ ၀င်းဦးထံမှ အကူအညီ တော်တော်ယူခဲ့ရကြောင်းများကို ဖတ်ရသည်မှာ လွမ်းစရာကောင်းလှပါ၏။
ရုပ်ရှင်မင်းသားဖြစ်ဖို့ထက် စာရေးဆရာဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့သူ ၀င်းဦးသည် အထက်တန်းကျောင်းသား ဘ၀ကတည်းက ညိုမင်းလွင် အမည်နှင့် စာများကို အစမ်းရေးကြည့်နေပေပြီ။ မဂ္ဂဇင်းတိုက်များသို့ သူ့စာမူများ စပို့သည်ကတော့ တက္ကသိုလ်ရောက်မှရယ်ပါ။ စာရေးဆရာအသိုင်းအ၀ိုင်းထဲမှာ ၀င်ထိုင်ပြီး အငြင်းသန်လွန်းသဖြင့် သူ့ကို “ညိုမင်းလွင်” အစား “သေမင်းငင်” ဟုပင် ကွယ်ရာတွင် နာမည်ပြောင် ပေးခံရဖူးသည်။ စန္ဒာမဂ္ဂဇင်းကို သူ့ခေတ်သူ့အခါက အများထက် တမူထူးသည့် အသွင်အပြင်ဖြင့် အရှုံးခံပြီး ထုတ်ရဲသည့် သူ့စိတ်ဓာတ်ကို ကြည့်ရုံနှင့် သူ၏ စာပေအပေါ်ထားရှိသည့် သံယောဇဉ်အတိမ်အနက်ကို မှန်းဆ နိုင်ပါသည်။
ပတ္တမြားခင် ရေးဖူးသည့် သန္တာစမ်းမှ အလွမ်းစာ၏ ၀င်းဦး အမှတ်တရစာအရဆိုလျှင် “စန္ဒာ” နှင့် ပတ်သက်လျှင် သူသည် အမြဲနောက်ဆံတင်းနေသူတည်း။ သူ့ကို အမေရိကား လာလည်ဖို့ ဖိတ်ခေါ်တော့ ရွှေမင်းသား ပြန်ကြားပုံက “မမခင်ရေ.. မှုံရွှေရည်ထက် ခိုင်မာလာနှင်းဆီကား ပြီးအောင် ရိုက်ဖို့က ရှိနေသေးတယ်။ ဒါ့အပြင် မဂ္ဂဇင်းကိုလဲ စိတ်ချရတဲ့သူနဲ့ လွှဲနိုင်ဖို့ကလဲ လိုဦးမှာ။ သုံးလေးလဆိုပေမယ့် ကိုယ်မရှိတုန်း မဂ္ဂဇင်းက စံချိန်မမီ ဖြစ်လို့ စောင်ရေကျတာမျိုးလဲ ကျွန်တော် မခံနိုင်သေးဘူး။ စန္ဒာဟာ ကျွန်တော့်ရဲ့ သမီး၊ ကျွန်တော့်ရဲ့ အသက်မဟုတ်လား” တဲ့။ ဒါ့အပြင် သူ ဆေးကုဖို့ လန်ဒန်ကို သွားရတော့မည်ဆိုတော့ မသွားခင်က သူ့စန္ဒာအတွက် လစဉ် စာမူမှန်မှန်ပို့ဖို့ တတွတ်တွတ် ဖုံးဆက်မှာသည်အထိ သူမွေးဖွားလိုက်သည့် မဂ္ဂဇင်းကြီးအပေါ် သံယောဇဉ်ကြီးသူ ဖြစ်သည်။
သူ့မွေးနေ့တွင်သာမက အခြေအနေ ပေးလျှင် ပေးသလို စာပေနယ်မှ ထေရ်ကြီး ၀ါကြီးများကို တွေ့ဆုံ အရိုအသေပေးတတ်သူဟု သိရသည်။ အ၀တ်အစားကို သူ့နေရာနှင့် သူ ၀တ်တတ် စားတတ်သူဟု အမှတ်ပေးခံရသူမို့ စာပေဟောပြောပွဲဆိုလျှင် မင်းသားတဦးလို မဟုတ်ဘဲ စာရေးဆရာဟန်ပန်ဖြင့်သာ ၀တ်စားဆင်ယင်ပြီး ဟောပြောတတ်ပုံကိုလည်း ဆရာချစ်ဦးညိုက တခုတ်တရ ရေးခဲ့ဖူးသည်။ မြသန်းတင့်၊ မောင်စွမ်းရည်၊ မင်းကျော်၊ မောင်ဆုရှင်၊ စမ်းစမ်းနွဲ့တို့နှင့်အတူ ဟောရသည့် ရေနံချောင်း ဟောပြောပွဲတွင် ၀င်းဦးက မြို့မငြိမ်း၏ ကသစ်ပန်းအပါအ၀င် တခြား သီချင်း သုံး၊ လေးပုဒ်ကို သင့်သလို ဆိုသွားပြီး ဥပမာအကိုးအကားမျိုးစုံနှင့် မြန်မာစာပေ၊ မြန်မာဘာသာစကားနှင့် ဝေါဟာရတို့ ဘယ်သို့ဘယ်ပုံ ကြွယ်ဝကြောင်း ဟောပြောသွားသည်မှာ နားထောင်၍ မငြီးစရာဟု မှတ်တမ်းတင်ဖူးခဲ့သည်။ တကယ်လည်း ၀င်ဦးသည် မြန်မာစာ အလွန်ပိုင်နိုင်သူဖြစ်ကြောင်း သူ၏ စာပေလက်ရာများမှတဆင့် သိနိုင်ပါသည်။ စကားလုံး အသုံးအနှုန်း အလွန်စနစ်ကျသူဖြစ်သည်။ “ကျွန်တော်မွှေးတဲ့မီး”၊ “မိန်းမလှအမုန်း”၊ “တက္ကသိုလ်ကျောင်းသားတစ်ဦး” တို့သည် အကျော်ကြားဆုံး ၀တ္ထုများဖြစ်ခဲ့သည်။ သူ၏ ၀တ္ထုတိုပေါင်းချုပ်ဖြစ်သော “လွမ်းလေသူ အမိုက်အမဲ” (၁၉၆၂ ခု၊ ဒီဇင်ဘာလ) ထဲမှ ၀တ္ထုတိုများကိုမူ ဖတ်ဖူးသူပင် ရှားပါလိမ့်မည်။
“နွေမိန်ပြောင်းကူး ဟေမာန်ဦးရောက် တက္ကသိုလ် ရှုခင်းဟာ ရွှေအိုရောင် ညစ်ထေးထေးမှာ မြကြောတွေ ပြေးလာသလိုမို့ မျက်စိအေးစရာတွေ တွေ့ရတယ်။ ဘ၀စက်ဝိုင်းကြီး အဖန်ဖန် လည်သလို တက္ကသိုလ် စက်ဝိုင်းကြီး အလည်မပျက်သမို့ ဖွင့်ရာက ပိတ် ပိတ်ရာက တဖန် ဖွင့်တော့မဲ့ စပ်ကူးမတ်ကူးကာလကလေး ဖြစ်လေတော့ သီရိဆောင်ဘက်ကို မျက်လုံးတချက် ၀ဲကြည့်လိုက်တဲ့အခါ လူသံ ဆူသံ ပူညံညံအသံကလေးတွေနဲ့အတူ လှုပ်လှုပ်ရှားရှား သွားသွားလာလာ ပန်းမာလာတို့ကို တွေ့ရပေတယ်… ကျောင်းဖွင့်တော့မယ်၊ စာသင်ကြတော့မယ်၊ ပုထုဇဉ်တို့ဘာဝ ချစ်သူနဲ့ တွေ့ကြဆုံကြ၊ ပျော်ကြပေအုံးမယ်လို့ မဆီမဆိုင် ကိုယ်က မှတ်ချက်ချမိပါတယ်။
အဲ.. တမာပင်စိုစို လမ်းကလေးတွေအောက်မှာ ဖြတ်သန်းလျှောက်လာရာမှာ ပီတိတွေ ပြန့်ကြဲ တရစ်ဝဲ၀ဲ ရှိရာက ရှေ့မှာကာဆီးနေတဲ့ အဆောက်အဦကြီးထဲကို မျက်လုံး ရောက်သွားမိတော့ ကိုယ့်မှာ ဗြုန်းကနဲ ခြေလှမ်းတန့်ပြီး နေရာမှာ မလှုပ်မရှက် ရပ်နေမိတယ်။ မြင်ရတာကတော့ ယုဒသန်မျှော်စင်ကြီးပေပေါ့.. ဝေေ၀”။
အထက်ပါ သူ၏ “သတ္တိမရှိသော ယောက်ျား” ၀တ္ထုတိုမှ အရေးအသားကို ကြည့်လျှင်ပင် ၀င်းဦးသည် သရုပ်ဖော်ရေးသားမှုကို ကျွမ်းကျင်သူဖြစ်ပြီး စာကို ကာရံမိအောင် ရေးနိုင်သူဟု ကောက်ချက်ချမိပါသည်။
သူ့ကို စွယ်စုံရမင်းသားဟုဆိုခြင်းမှာ ရုပ်ရှင်နှင့် စာပေနယ်သာမက ဂီတနယ်တွင်ပါ ခေတ်ဟောင်း၊ ကာလပေါ်အပြင် မြန်မာသံကိုပါ ပိုင်နိုင်အောင် ဆိုနိုင်ခြင်းကြောင့်ဖြစ်သည်။ “ကျွန်တော်က အစတုန်းက ဂီတကို လုံးလုံး ၀ါသနာမပါဘူးဗျ၊ အိမ်မှာက အဖေကစပြီး တမိသားစုလုံး မြူးဇစ်ကယ်ဖင်မလီ ဖြစ်နေတော့ အမြဲတီးကြ ဆိုကြပေါ့၊ ကျွန်တော် တစ်ယောက်သာ ဘာသိဘာသာနေတာ၊ အိမ်မှာ ဆိုဖို့ တီးဖို့ စုကြပြီဆိုရင် ကျွန်တော်လစ်ပြီ၊ ကျွန်တော့် အကျင့်က လူတွေနဲ့ မရောတတ်ဘူး။ နောက်ပြီး ကျွန်တော်က တပ်ထဲ အစောကြီး ၀င်သွားတော့ ဂီတနဲ့ ဝေးသွားတာပေါ့”။ ဒါက စန္ဒရားလှထွတ်ကို သူ ၀န်ခံခဲ့သည့် စကား။ “နှစ်ယောက်ထဲ နေချင်တယ်” တွင် ဆိုခဲ့သည့် မီးပုံပွဲ သီချင်းမှ စ၍ ဘောင်းဘီဖင်ကျပ်ဒီဇိုင်းနှင့် ရုပ်ရှင်နှင့် ဂီတနယ်ပယ်သို့ ၀င်ရောက်လာရာ မြန်မာပြည် ရုပ်ရှင်သီချင်းများ ကော်ပီသံစဉ်ရေစီးကြောင်းသို့ စီးမျောရသည်မှာ ၀င်းဦး၏ ပယောဂမကင်းဟုပင် ဦးလှထွတ်က ဆိုဖူးပါသည်။ နောက်တော့ သူကိုယ်တိုင်ကလည်း ကော်ပီသီချင်းတွေချည်း ဆိုရသည့်ထင်။ ဦးဟန်ပ၊ ဦးဘမောင်၊ ဦးဘသန်းတို့ဆီတွင် စနစ်တကျ သီချင်းတက်ယူခဲ့ပြီး စိန်ကတုံး၊ ဖိုးစိန် ဆိုခဲ့သည့် သီချင်းမှစ၍ မြို့မငြိမ်းသီချင်းများပါမကျန် မြန်မာသံစဉ်စစ်စစ်ကို ဖြောင့်ဖြောင့်ကြီး ဖြူးအောင် ဆိုနိုင်ခဲ့၍ သည်နေ့အထိ သူ့သီချင်းများ တင်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။
ဒါကလည်း တမျိုးကောင်းတာပါပဲ။ အနောက်တိုင်း သံစဉ် ကော်ပီများဆိုလျှင် သူ့အသံက နည်းနည်းနွဲ့ပြီး ညုနေတတ်သည်ဟု ထင်မိသည်။ ဥပမာ.. ဆရာ ရွှေပြည်အေး၏ “မောင်တို့ချယ်ရီမြေ” ဆိုပါစို့။ သေချာနားထောင်ကြည့်လျှင် သိသာသည်။ “အို.. မှောင် နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ…” မောင်မဟုတ်။ မှောင်ဟု ဆိုသွားသလိုမျိုး၊ နောက် “မေခင် ကျွန်တော့်အချစ်တော် ဟေ့ ဟေး စေလျှင်တော့ ပင်မြင့်ပေါ် … ဟေး ဟေ.. မောင်သယ်ပိုးကာ ပို့လာ လှမ်းလင့်ယခု ပေးမနော်… တောင်စွယ်ရိုးမှာ ချိုးစရာ ပန်းပွင့် အနုကလေးအမော် ခင်ပန်ဘို့ရာ မနှေးအတော် သွားရွေးကြစို့ ပျော် ပျော်..” မှာလည်း “ဟေ့ ဟေး” လိုလို “ဟိုင်း ဟိုင်း” လိုလို အသံကို ကြားချပြီး ညုသွားသည်။ မေတ္တာပန်းဥယျာဉ်မှာလည်း “အချစ်ဦးရဲ့ မေတ္တာပန်းဥယျာဉ်.. စိတ်ကူးနဲ့ ရူးခါ နှမ်းသလားထင်.. ညှို့မဆုံးတဲ့ ဖုန်းပျို့ကိုယ် ပိတုန်းလေးပုံအသွင် အင်ဟင်ဟင်ဟင်အင်… လေထဲသို့ လွှင့်လာသော နေ့တွင် မေပုလဲတို့ ခွင့်သာပကောတွေ့မြင်.. အချစ်နန်းရဲ့ မေတ္တာပန်းဥယျာဉ် တခွင် အင်ဟင်ဟင်ဟင်အင်” ဆိုပြီး အနှီ “အင်ဟင်ဟင်ဟင်အင်” ဆိုသည်မှာ မုန်းစရာကောင်းလောက်အောင် နုနွဲ့လွန်းနေသည်။ ထို့ပြင် သင်္ကြန်သီချင်း “ရွှေဝါမြေ” တွင် “(ဒီချိန်ဒီအခါ ရွှေဝါမြေ.. အလှချောတုစရာ တုဿိတာပြည် စတုမဟာဘုံတောင် မန်းမြို့သူတွေ အလှဆုံးပေ..) ၂။ ထင် ထင်သလို စိုပါစေ.. အမကြီးတို့ရေ.. ထင် ထင်သလို စိုပါစေ ညီမလေးတို့ရေ” ကို သေချာနားထောင်ကြည့်လျှင်တောင် “စိုပါစေ” ဆိုသည့်နေရာတွင် အဟင့် အဟင့် အသံထွက်မည့် ခပ်ချွဲချွဲမျိုး လုပ်ဆိုသွားသည်ကို ကြားနိုင်သည်။
သီချင်းနှင့်ပတ်သက်လျှင်လည်း လောဘကြီးသူမို့ သီချင်းကြီးမှစလို့ ကြက်ခြေနီသီချင်း၊ အားကစားသီချင်း၊ သင်္ကြန်သီချင်းအထိ ဆိုခဲ့သူဖြစ်၍ သူနှင့်တွဲဖက် ဆိုခဲ့သူတွေကလည်း ခင်ခင်ရီမှ မေဆွိအထိ ပါခဲ့သည်ဟု ဦးလှထွတ်က ရေးသည်။ ဒါကလည်း သူ့ဖခင် ဦးဘညွှန့်သွေး ပါသောကြောင့်ဟု ပြောရမည်။ ဦးဘညွှန့်တို့ စမ်းချောင်း၊ မြောင်းမြလမ်းတွင် နေတော့ စောင်းဦးဘသန်းတို့နှင့် တလမ်းထဲကျသည်။ ဦးဘသန်းတို့ တီးကြ ဆိုကြလျှင် သူပါ ၀င်ပါပြီး ဟိုတပုဒ် တီးဦးကွာ.. ဟိုတပုဒ် လုပ်စမ်းကွာနှင့် မမောမပန်း အသံမစဲ တယောက်ထဲ ၀င်နွှဲနေသဖြင့် ဦးဘသန်းမှာ သူ့အိမ်ရှေ့မှ ဦးဘညွှန့် ဖြတ်လျှောက်မှာကို အတော်လေး စိုးကြောက်မိသတဲ့။ ဟိုက “ဗျို့ .. ကိုဘသန်း.. အိပ်ပြီလားဗျ” ဟုများ လှမ်းအော်မေးလိုက်လျှင် ခေါင်းနဘမ်းကြီးပြီး အသံမပေးရဲဘဲ ပုနေရသည်အထိတောင် ဖြစ်ရသည်အထိပင်။ မြန်မာသီချင်းတွင် ဦးဘညွှန့်က ဆုထူးရွယ်နှင့် ချစ်ဒုက္ခတို့ဖြင့် အောင်မြင်ခဲ့သလို ၀င်းဦးကလည်း မြို့မသီချင်းများဖြင့် နာမည်ရခဲ့သည်။
၁၉၇၀ နှစ်များဆီက မန္တလေးသကြန်၏ အတိတ်ပုံရိပ်များကို ပြန်ပြောင်းအောက်မေ့ ပြောဆိုလျှင် ၀င်းဦးသည်ကား မပါမဖြစ်။ သူကလည်း လျှမ်းလျှမ်းတောက်ချိန်၊ သူ့ပရိသတ် ပျိုပျို အိုအိုများကလည်း လက်လက်ထလိုက်သည့်ဖြစ်ခြင်း။ တညလုံး ၀င်းဦး တမဏ္ဍပ်ဝင် တမဏ္ဍပ်ထွက် ဆိုသည့်တလျှောက်လုံး နောက်က ဂျစ်ကားများ တန်းစီလိုက်ကာ မိုးလင်းပေါက် အားပေးကြသည်။ နောက်ပိုင်း ၀င်းဦးနှင့် မြို့မ တသီးတခြား ဖြစ်သွားခဲ့ပေမယ့် မန်းလေးပရိသတ်ကတော့ မန်းသင်္ကြန် စည်ကားအောင် အားဖြည့်ပေးခဲ့သည့် သူ့ကို အောက်မေ့နေဆဲဖြစ်ပါသည်။
ရုပ်ရှင်မင်းသားမို့ သူ့ရုပ်ရှင်ကားတွေအကြောင်း ပြောရလျှင် သူသည် မြန်မာမှုပြုရာ၌ အတော်ကျွမ်းကျင်သူဟု ဆိုရမည်။ ရုပ်ရှင်တွင်သာမက သူ့ဝတ္ထုဇာတ်လမ်းတချို့သည်လည်း အမှီးများဖြစ်သည်။ ရုပ်ရှင်တွင် အတွယ်အတာ၊ ဆောင်းအိပ်မက်၊ ကျောက်မဲအကျဉ်းသား တို့အပြင် အောင်လွင်နှင့် ပူးပေါင်းရိုက်ကူးသည့် တိမ်လွှာမို့မို့လွင်သည်ပင်လျှင် မြန်မာမှုပြုထားသော ဇာတ်လမ်းများဖြစ်သည်။ ကျွန်မကတော့ သူ၏ အမျိုးသမီး ပရိသတ်မို့လားမသိ။ သူသရုပ်ဆောင်ရာတွင် မျက်လုံးကို အားပြုသွားသည်ဟု ထင်မိသည်။ မျက်လုံးလေး ဘယ်လို ထောင့်ကပ်ကြည့်သွားသည်၊ နှုတ်ခမ်းလေး ဘယ်လိုတွန့်ကွေး ပြုံးသွားသည် စသဖြင့် အသေးစိတ် မှတ်မိနေတတ်သည်။ မောင်တို့ ချယ်ရီမြေတွင် ခင်သန်းနုကို ကြည့်သည့် အကြည့်မျိုး၊ တိမ်လွှာမို့မို့လွင်တွင် မြင့်မြင့်ခင်ကို မမကေသီ.. မမကေသီဆိုပြီး ဇွတ်အတင်း အချစ်စိတ်မွှန်သည့် လူပျိုရိုင်းကလေး၏ ဟန်ပန်မျိုးကို ကျွန်မ၏ ကြီးတော်ကြီးများ အတော်လေး အသည်းစွဲဖြစ်ကြသည်။
ဝင်းဦးသည် ရုပ်ရှင်နှင့် ပတ်သက်လျှင် သူ့အတွက် ဇာတ်လမ်းမခက်။ စိတ်ကူးနှင့်ပင်လျှင် တထိုင်တည်း လက်တမ်းရုပ်ရှင်ရိုက်နိုင်သူ၏ ဆရာနတ်နွယ်က တင်စားဖူးသည်။ ခိုင်မာလာနှင်းဆီ ဇာတ်ကားနှင့် ပတ်သက်ပြီး ဘယ်လို ရိုက်မည်၊ ဘယ်လို ဇာတ်ကွက်မြှုပ်မည်၊ ဘယ်လို ဇာတ်ရှိန်မြှင့်မည်ဆိုသည်ကို စကားပြောနေရင်း မတ်တပ်က ချက်ချင်း ဇာတ်လမ်းဆင်ပြီး ပါးစပ်နှင့် ရုပ်ရှင်ရိုက်ပြသွားသဖြင့် ဆရာနတ်နွယ်မှာ အံ့သြမိပါသတဲ့။ သူက ဇာတ်ပို့သရုပ်ဆောင်များကိုလည်း ဦးစားပေးပေမယ့် ရုပ်ရှင်တွင် ဖြစ်စေ၊ ဂီတတွင်ဖြစ်စေ လက်တွဲခေါ်ယူဖို့ ၀န်မလေးသော်လည်း သူ့ကို ကျောသလို၊ ကျော်သလို လုပ်လျှင်တော့ ပညာပြတတ်သည်ဟု သူ့အနုပညာမာနနှင့်ပတ်သက်ပြီး သူ၏ ခေတ်ပြိုင်တချို့ထံမှလည်း ကြားသိရဖူးသည်။
သူ၏ တကိုယ်ရေတကာယ ငွေသုံးစွဲမှုမှ လွဲ၍ ဘာလုပ်လုပ် ပြီးစလွယ် မလုပ်ဘဲ စေ့စေ့စပ်စပ် အလုပ်လုပ်တတ်သည်မှာ ထင်ရှားသည်။ ပြည်ထောင်စု ပဒေသာကပွဲတွင် “မြွေမင်းသား” ကဏ္ဍအတွက် မြွေဆေးထိုးပြီး မြွေအလမ္ပာယ် ဆရာနှင့် မြွေအကကို သင်ရုံနှင့် အားမရဘဲ သူ့အိမ်မှာတောင် မြွေဟောက်တွေ မွေးပြီး လေ့ကျင့်တဲ့အထိ သူ့ဘက်က တာဝန်ကျေခဲ့သည်။ ထိုစဉ်က ရွှေပြည်အေရေးပြီး ဂီတလုလင် မောင်ကိုကို တီးပေးခဲ့သည့် မြွေမင်းသားသီချင်းဖြင့် မဟောက်နှစ်ကောင်နှင့်အတူ ကပြခဲ့သော သူ့ကကွက်မှာ ပရိသတ်တွေ အတော်လေး အသည်းယားစရာဖြစ်ခဲ့ကြောင်း၊ အတော်စွန့်စားခဲ့ရကြောင်း အဆိုတော်(ဦး)မင်းနောင်၏ ပြန်ပြောင်းအောက်မေ့ဖွယ်ရာ စကားလက်ဆင့်ကမ်းမှုမှတဆင့် ကြားရဖူးပါသည်။ ပြဇာတ်တော်တော်များများ နွှဲဖြစ်ခဲ့သည့်အပြင် သူလန်ဒန်ကို ဆေးသွားကုတော့ ဂီတလုလင် မောင်ကိုကိုက ပြဇာတ်တွေများများ ကြည့်ခဲ့ပါ၊ အတုယူရအောင်လို့ဟု မှာလိုက်သည်ကို မှတ်ထားပြီး နေကောင်းသည်နှင့် သန်းခေါင်တိုင်အောင် ပြဇာတ်များ လည်ကြည့်ခဲ့ပုံ၊ သူမှတ်သားခဲ့ရသည့် ပြဇာတ်တင်ဆက်ပုံ အကြောင်းများကိုလည်း လေ့လာတတ်လျှင် အသုံးဝင်နိုင်ပါသည်။
အစားအသောက် သောင်းကျန်းသူဖြစ်ပေမယ့် ၀င်းဦးဟာ သူ့ခန္ဓာကိုယ် အထူးသဖြင့် ကာယအလှကို ထိန်းသူရယ်ပါ။ ရုပ်ရှင်ရိုက်လျှင်ပဲဖြစ်ဖြစ်၊ ဓာတ်ပုံအရိုက်ခံလျှင်ပဲဖြစ်ဖြစ် သူ့လက်မောင်းက ကြွက်သားတွေကို ပေါ်လွင်စေသည့် အ၀တ်အစားမျိုးကိုပဲ ရွေးသည်။ လမ်းသွားလျှင် ခြေလှမ်း လေး ငါး ခြောက်လှမ်း လှမ်းပြီးလျှင် ဘေးတဖက်သို့ ခပ်ရို့ရို့စောင်း၍ တခါရပ်ပြီးမှ ရှေ့ဆက်လျှောက်သည်။ မသိလျှင် စင်မြင့်ထက်တွင် ယခုခေတ် မော်ဒယ်လ်ဘွိုင်းများ ဟန်ရေးပြနေသည့်ပုံမျိုးဖြစ်သည်။ အထူးသဖြင့် တိမ်လွှာမို့မို့လွင်တွင် ကမ်းခြေ၌ မြင့်မြင့်ခင်၏ သားကလေး အတာ၏ ယုံကလေးကို ဖမ်းပေးပြီး အတာနှင့်အတူ လမ်းလျှောက်ကာ အလှကမ္ဘာမြေသီချင်း ဆိုသည့်ဇာတ်ဝင်ခန်းနှင့် တကျော့နှစ်ကျော့ တေးကိုသီတွင် ချိုပြုံး ကားပျက်နေခိုက် “မူယာမာယာတွေ ပိုလွန်းတယ်.. ပျူငှာတာတွေရယ် လျှော့ဦးကွယ်” သီချင်းဆိုရင်း နွားနို့ပုလင်းများ ဆွဲပြီး သူရောက်လာသည့် ဇာတ်ဝင်ခန်းများတွင် ထိုပုံစံအတိုင်း လမ်းလျှောက်သွားသည်ကို တွေ့ရသည်။ အလွန် ဟန်များသည့် မင်းသားဖြစ်သည်။ ထို့ပြင် ၀င်းဦးဟန်၊ ၀င်းဦးသဏ္ဍန်ဟူ၍ ပရိသတ် လက်ခံရာတွင် သူ၏ နှုတ်ခမ်းမွေးစစသည်လည်း ထင်ရှားသည့် အမှတ်အသားတခုဖြစ်သည်။ “လှမြင့်က အပေါ်နှုတ်ခမ်းမလှလို့ နှုတ်ခမ်းမွေးထားတာ၊ လူတွေက လိုက်အတုခိုးကြတယ်” ဟု သူ့အဖေ ဦးဘညွှန့် ပြောသလို သေချာသတိထားကြည့်လေတော့မှ ၀င်းဦးသည် အပေါ်နှုတ်ခမ်းအတော်ပါးသူဖြစ်ကြောင်း သတိပြုမိသည်။ သို့ပေမယ့် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လထုတ်၊ အမှတ် ၈ ၊ ရုပ်ရှင်သစ်မဂ္ဂဇင်းတွင် ၀င်းဦး၏ သရုပ်ဆောင်ချက်နှင့် ပတ်သက်၍ သူ့ပရိသတ်များထံမှ စစ်တမ်းကောက်ယူခဲ့ရာ ပရိသတ်အများစုက နှုတ်ခမ်းမွေးမရိတ်ပါနှင့်ဟု အကြံပေးကြ၍ ကျွန်မမှာ ပြုံးမိသေးသည်။
“တခါတရံ စကားပြောလျှင် လုပ်သံနှင့် လေးနေတတ်ပါသည်။ ပြတ်ပြတ်သားသား တည်ကြည်စွာပြောပါ။ စကားပြောရာတွင် မပြောချင် ပြောချင် မလှုပ်တလှုပ် ပြောမှုကို ရှောင်ပါ။ စကားပြောနေစဉ် လက်ဖမိုးနှင့် နှုတ်ခမ်းမွေးကို ပွတ်ခြင်း ရှောင်ပါ။ နှုတ်ခမ်းကလေး စိုနေခြင်း၊ မျက်လုံးကလေး ကြာဆန်ဆန် လှန်ကြည့်ပြီး ပြောပုံ အလွန်ကောင်းပါသည်” တဲ့။ တချို့ကျတော့လည်း သီချင်းဆိုလျှင် မျက်ခုံးပင့်မဆိုပါနဲ့၊ နှာသံပါနေတယ်၊ သတိထားပြီး ပီပီသသဆို၊ လွမ်းခန်းမှာ နှာရည်မကျနဲ့၊ ရယ်ရင် အားရပါးရရယ်၊ ပြုံးထေ့ထေ့ မလုပ်နဲ့၊ မင်းသမီးကို ကြာကြည့်ကြည့်တာတွေ၊ ညုတာတွေ ပိုနေတယ်၊ ရှောင်ပါ။ မင်းသမီးကို ဖက်တာ ကြမ်းတယ်၊ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်နဲ့ ကြာများနေတာ ကြည့်ရဆိုးတယ်၊ ပိတောက်ရိပ်ဝယ်မှာလို နောက်တခါ သရုပ်မဆောင်နဲ့၊ နွဲ့လွန်းတယ်၊ မိတ်ကပ်လိမ်းတဲ့နေရာမှာ သတိထားပါ။ မျက်လုံးထောင့်တွေ ဖြူနေတယ်၊ နှုတ်ခမ်းနီကို မုန့်မေ့ပါနိုင် ဇာတ်ကားထဲက အနေအထားအတိုင်းသာ သင့်ရုံဆိုးပါ၊ မြန်မာဝတ်စုံများလည်း ၀တ်သင့်တယ်။ စပို့ရှပ်ကြပ်ကြပ် မ၀တ်ပါနဲ့၊ အင်္ကျီကြယ်သီးတပ်ပါ စသော ပရိသတ်အသံမျိုးမျိုးကို ၀င်းဦးတယောက် ဘယ်လို မျက်နှာပေးမျိုးနှင့် နားထောင်မလဲဆိုသည်ကို သိချင်စမ်းလှသည်။ သူ့ပရိသတ်တွေ ထောက်ပြသည်ကလည်း ဟုတ်သင့်သလောက် ဟုတ်နေတာကိုး။ ထိုစဉ်က စစ်တမ်းတွင် ပရိသတ်အကြိုက်ဆုံး ဇာတ်ကားမှာ သိကြားစေသက်သေညွှန်းဖြစ်ပြီး၊ အတွဲသင့်ဆုံး မင်းသမီးမှာ ၀ါဝါ၀င်းရွှေဖြစ်သည်။
နောက်ဆုံးတော့လည်း နုပျို ပျိုမြစ်ခြင်းကား အိုနာရခြင်းအဖြစ်သို့သာ တိုင်ခဲ့ရသည်။ မျက်လုံးအကြည့် ညှို့အားကောင်းစေရန် မြွေတွေနှင့် လေ့ကျင့်ခဲ့သော သူ့ခမျာ လန်ဒန်က ပြန်လာသည့်နောက်ပိုင်းတွေ ဝေဒနာပိုဆိုးလာပြီး အကြည့်အားတွေပင် ယုတ်လျော့လာသည်အထိ ဖြစ်ခဲ့သည်။ မနည်းအားယူပြီး စကားပြောနေသောကြောင့် သူ့ကို လူမမာသတင်း လာမေးသူတိုင်းရဲ့ လက်ကို ဆုပ်ကိုင်ပြီး မျက်ရည်ဝဲ ကြည်နူးပြခြင်းဖြင့်သာ အသိအမှတ်ပြုနိုင်တော့သည်။ နှာခေါင်းမှ ပိုက်ဖြင့် ဟောလစ်များ သွင်းနေရပြီး ဗိုက်ထဲမှ ရေများကို တဖန်စုပ်ထုတ်ခံရ၊ လူက ပိန်ချုံးပြီး ဗိုက်ကြီးက ဖောင်းကားကာ လည်ပင်းတွင်လည်း အကြိတ်တွေ တလုံးပြီးတလုံးထွက်လာနှင့် ဝေဒနာကို အံတုခဲ့ရသော သူ၏ နောက်ဆုံးနေ့ရက်များ။ သည်လိုနှင့် ၁၉၈၈ ဒီဇင်ဘာလ ၁၄ ရက်၊ မနက် ၁ နာရီ ၁၀ မိနစ်တွင် ဘတပါးသို့ ကူးပြောင်းသွားသည်။ အကို့ကို အမျှ မဝေရက်ဘူးဟု အိုင်ရင်းက ပြောပြီးငိုသလို ဆရာမောင်သွေးသစ်ကလည်း ရက်လည်တွင် ထိုသို့ ရင်ထဲတွင် ဆို့နစ်ခံစားရကြောင်း ဆိုခဲ့သည်။
သူ သေတော့ “၀င်းဦး” ဆိုသည့် နာမည်မှအပ ဘာမှမကျန်ရစ်ခဲ့ပေ။
**မျက်ရှု**
Published By Myat Shu Team

No comments:
Post a Comment