(Photo: Myat Shu's Collection)
ကျွန်မငယ်ငယ် မြီးကောင်ပေါက်စ အရွယ်တုန်းက အသံလွှင့်တဲ့အခါ မြန်မာ့အသံကနေ တိုက်ရိုက် သီဆိုခဲ့ကြရပါတယ်။ ဘယ်အပျော်တမ်းအဖွဲ့၊ ဘယ်ကြေးစားအဖွဲ့မဆို ခုခေတ်လို စိတ်ကြိုက်အသံသွင်းစေပြီးမှ အသံလွှင့်ခဲ့ကြတာ မဟုတ်ပါဘူး။ ရုပ်ရှင်သီချင်းလည်း ဒီအတိုင်းပါပဲ။ ဇာတ်ကားထဲမှာ ဆိုထားတဲ့ သူတွေကိုယ်တိုင် မြန်မာ့အသံမှာ တိုက်ရိုက် သီဆိုပေးကြရပါတယ်။
တစ်နေ့တော့ ချိုတေးဆက် ကိုအောင်ကိုးအဖွဲ့နဲ့ ရုပ်ရှင်သီချင်း အသံလွှင့်ပေးဖို့ အမှတ် (၂၁) ၀င်ဒါမီယာ ခရက်ဆင့် (အသံလွှင့်ရုံဟောင်းနေရာ) ရဲ့ အပေါ်ထပ် ဧည့်ခန်းမှာ ကျွန်မဆိုလှည့် မရောက်သေးတဲ့အတွက် ထိုင်စောင့်နေခဲ့ပါတယ်။
ဒီအချိန်မှာ သွက်သွက်လက်လက် အပြေးတက်လာတဲ့ သူတစ်ယောက်ကို တွေ့လိုက်ရတယ်လေ။ သူ့ကို ကျွန်မ မသိမမြင်ဖူးပါဘဲနဲ့ ရွှင်နေတဲ့ မျက်နှာပေးနဲ့ ပြုံးပြနှုတ်ဆက်၊ ဘယ်ဘက် ကွေ့ချိုးသွားတယ်။ ဘယ်သူပါလိမ့်မလဲ၊ ဘယ်သူပါလိမ့်မလဲ မျက်စိထဲမှာ တစ်ဝဲ၀ဲရယ်။
မျက်လုံးတွေက ရီလို့ပါလား။ နှုတ်ခမ်းလေးက ထွေးလို့ပါလား။ အရပ်အမောင်းလည်း ကောင်းလိုက်ပါဘိ။ သူ့အကြည့်ကလည်း သူများနဲ့ တခြားစီနော်။ အသားတော်ကလည်း ၀င်းအိ ညက်စိုဝါသလိုလို စိမ်းသလိုလို ဘယ်လို လူကြီးပါလိမ့်၊ အဲဒါ ဘာဖြစ်တာလဲ။ မရူးမရဲနဲ့ အထူးစွဲသွားတယ်ပေါ့။
ကျွန်မလို အရွယ်မှာ သစ်ရွက် လှုပ်တာလေးတောင် ရယ်ချင်ချင် ဖြစ်တတ်တယ်လို့ လူကြီးတွေက ပြောကြတာပဲလေ။ ကျွန်မအတွေးနဲ့ ကျွန်မ ပြုံးနေမိတာပေါ့။ ဟောတော့ ဒီလူကြီး ကျွန်မဆီ ပြန်လျှောက်လာနေပြန်ပြီ။ ကျွန်မ မျက်နှာဟာ တစ်ရှိန်းမြမြနဲ့ ဟဒယ မလုံမလဲ ဖြစ်နေတာ သူသိရင် ဒုက္ခ ဒုက္ခ။
“ဟေ့.. ညီမလေး၊ ညည်းက မာမာအေးဆို ဟုတ်လား”
သူက ကျွန်မကို မေးတယ်။ ကျွန်မလည်း လန့်ဖျတ်ပြီး ခေါင်းပဲ မြန်မြန် ညိတ်လိုက်တယ်။
“ညီမလေးက သိပ်တော်တာကိုး၊ ဗိုလ်ကိုး (ကိုအောင်ကိုး)က ပြောတယ်။ ကိုကို့သီချင်းကို ညည်းလေးဆီမှာ သွားဆိုပြလိုက်တဲ့၊ လိုတာ ဖြည့်ပေးလိမ့်မယ်တဲ့။ ကဲ.. ကိုကို့အတွက် ဆရာမလေး လုပ်ပေးနော်။ ကဲ ဆိုပြီ နားထောင်”
ကျွန်မမှာ အာစေးထည့်ထားသလို ဖြစ်နေတုန်း သူကချည်း ပြောပြောဆိုဆို လုပ်နေတဲ့ လူကြီးချောချောကို ကျွန်မ ငေးကြည့်နေရပါတယ်။ ဂီတသမား နားပါးပါး ရှိလို့တော်တော့တယ်။ သူ့အသံက ချိုနွဲ့နွဲ့လေးပါ။ ဒါပေမယ့် လည်ပင်း အစ်သံလေးတွေ ထွက်နေတယ်။ တစ်ချက်နှစ်ချက် အသံက ဆောင့်ဆောင့်ထွက်တယ်။ သီချင်းသံ မရောက်သေးချင် သူ့သီချင်းသားက ရှေ့ကို နည်းနည်း ရောက်ရောက်နေတယ်ဆိုတာ ကျွန်မ ခံစားမိပါတယ်။ ဒီလို အသံမျိုး ဆိုပုံမျိုး ကြားဖူးတယ်။ ဘယ်သူနဲ့ တူပါလိမ့်လို့လည်း ကျွန်မ စဉ်းစားတယ်။ သူ့သီချင်း ဆုံးသွားတော့ သူ့ကို ကျွန်မ စကားစပြောရတယ်။
“ကိုကိုက ခု အသံလွှင့်မလို့လား”
သူ့ကိုယ်သူ “ကိုကို” ဆိုလို့ ကျွန်မက လိုက်ပြီး ကိုကိုလို့ ခေါ်ရပေမယ့် နှုတ်ကတော့ ခပ်တွန့်တွန့် ဖြစ်မိသား၊ ဒီခေတ်တုန်းက သမုဒယပိုင်ရှင်ကိုသာ “ကိုကို” ခေါ်တတ်ပေသကိုး။ ခုမျက်မှောက်ခေတ်မှာ “ကိုကို” တွေ ခေတ်ထနေသလိုပေါ့။
“ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ ကိုကို့အသံ မကောင်းလို့လား”
“မဟုတ်ဘူးဗျ။ သီချင်းတိုက်တုန်းက ခင်ဗျားကို ကျွန်တော် မတွေ့လို့”
မေးလိုက်ဖြေလိုက် နှစ်ခါလောက် ပြောပြီးတဲ့အခါမှာတော့ ကျွန်မစိတ်ဟာ ပုံမှန်ပြန်ဖြစ်သွားပါပြီ။ သူ့ကိုလည်း နှုတ်မရဲဘဲ ကိုကိုလို့ မခေါ်တော့ဘူး။ ပြောရိုးပြောစဉ် ခင်ဗျား ကျွန်တော်ပဲ ဖြစ်သွားတယ်။
“ဟုတ်တယ်။ အစီအစဉ် မရှိပါဘူး။ ခုမှ ကိစ္စနှစ်ခု ရှိလို့ ရောက်လာတာ.. ကဲ ဘာလိုသေးလဲ။ ပြောစမ်းပါဦး” သူက ကျွန်မ အမေးကို ဖြေလဲ ဖြေတယ်။ မေးလဲမေးတယ်။
“ကျွန်တော်ထင်တာ ပြောရရင်တော့ ခင်ဗျား သီချင်း မကြေသေးဘူး။ ရဲရဲဥာ ဆိုပါဗျာ။ အတီးသံထက် စောပြီး ခင်ဗျားက ရောက်ရောက်နေတာ တစ်ခုပါပဲ။ ခင်ဗျား တစ်ခေါက် ပြန်ဆိုပြဦး။ ဒါမှ လိုတာ ပြောပေးလို့ရမှာ” လို့ သူ့ကို ထပ်ဆိုခိုင်းလိုက်ပါတယ်။ ကျွန်မက ကလေး၊ သူက လူကြီး။ ဒါပေမယ့် သူ ပြန်ဆိုပြပါတယ်။ ကျွန်မကလည်း သူလိုတဲ့နေရာလေးတွေကို ဖြည့်ပေးလိုက်တယ်။ သူဆိုတဲ့ သီချင်းနာမည်ကတော့ “ငါ သို့မဟုတ် အရှုံးစစ်ဘုရင်” တဲ့။ အသံလွှင့်ကြတော့ သူနဲ့ကျွန်မ ရှေ့နောက်ဖြစ်နေလို့ သူဘယ်နာမည်နဲ့ အသံလွှင့်ခဲ့တယ်ဆိုတာ မသိလိုက်တော့ဘူး။ တစ်ဦးသီချင်း ဆုံးကာနီးတော့မှ နောက်တစ်ဦးက အသံလွှင့်ခန်းထဲကို အသံမထွက်စေရအောင် ၀င်ရတာမို့ အသံထိန်းတံခါးဝမှာ ကျွန်မက ရပ်စောင့်နေခဲ့ရလို့ပါပဲ။ ကျွန်မဟာ ဘယ်အခါမဆို နောက်ဆုံးမှ ဆိုရတတ်ပါတယ်။ မျက်နှာအရိပ်အကဲ၊ အမူအရာ အချက်ပြစနစ် သုံးရတာမျိုးမှာ ဆိုတဲ့လူက မပါးရင် အသံလွှင့်ချိန် ကျော်သွားပြီး သီချင်းဖြတ်တာ ခံရတတ်လို့ ဖြစ်ပါတယ်။
ကျွန်မ ဆိုပြီးတဲ့အခါ သူ မရှိတော့ပါဘူး။ ပစ္စည်းသိမ်းကြ၊ ကားပေါ်တက်ကြ လုပ်နေတုန်းမှာ ကိုအောင်ကိုး ကျွန်မအနား ရောက်လာပါတယ်။ ဒီတော့မှ မေးကြည့်လိုက်တော့ ချစ်ဒုက္ခဦးဘညွှန့်ရဲ့သား “ဗိုလ်ကိုဦး” ဆိုပဲ။
“သူ နောက် သီချင်းလာဆိုဦးမှာလား အစ်ကိုအောင်ကိုး” ကျွန်မ မလိုဘဲနဲ့ မေးမိသေးတယ်။
“မဆိုပါဘူးဟာ၊ အခုဟာက တို့မင်းသမီးကို လာပိုးတာလေ။ ပြီးတော့ သူ့သူငယ်ချင်းတွေနဲ့ အလောင်းအစား လုပ်လာလို့တဲ့ဟ” ကိုအောင်ကိုးက ဒီလို ပြောတော့မှ စောစောက သူပြောတဲ့ “ကိစ္စနှစ်ခု ရှိလို့” ဆိုတာကို သဘောပေါက်သွားတယ်။ ဟုတ်မှာပဲ။ ကိုအောင်ကိုး ပြောတဲ့ တို့မင်းသမီးဆိုတာ ကျွန်မတို့ ဂီတအသိုင်းအ၀ိုင်းထဲကကိုး။ အင်မတန် ချစ်စရာကောင်းတယ်။ လှလည်း လှပါတယ်။ သူနဲ့ဆို သိပ်လိုက်တာပေါ့။ သူတို့ ရသွားပါစေလို့ ဆုတောင်းလိုက်မိတယ်။
“ဟေ့ ဘာငြိမ်နေတာလဲ။ နင်လဲ တင့်တင့်တို့အရွယ် ဆိုပြီးတော့ စိတ်ကူးယဉ်နေတာလား”
“စိတ်ကူးမယဉ်ပါဘူးဗျာ၊ လူကြီးက တကယ်ချောတယ်နော် အစ်ကိုအောင်ကိုး၊ ကျွန်တော် သိပ်ကြိုက်တာပဲ”
“ဟာ ဒီသောက်ရူးမ၊ ပြောရမှန်းမသိ၊ မပြောရမှန်းမသိ” ကိုအောင်ကိုးက ပြောပြောဆိုဆို ကျွန်မ ခေါင်းကို ပိတ်ထုလိုက်ပြီး ခွက်ထိုးခွက်လန် ရယ်နေပါတယ်။
“ကျွန်တော်ကြိုက်လို့ ကြိုက်တယ်ပြောတာ ဘာဖြစ်လဲ။ သူ့တစ်ကိုယ်လုံး မကြိုက်စရာ ဘာရှိလို့လဲ” ခေါင်းကို အထုခံရလို့ ဒေါပွသွားတဲ့ ကျွန်မက ကုန်းအော်ပစ်လိုက်တယ်။ လူကြီးတွေ အတော်များများဟာ ကလေးတွေ မကြိုက်တာမှ ပြောတတ်တယ်။ မကျေနပ်အောင်၊ ငိုရအောင်အထိ ကျီစယ်တတ်တဲ့အတိုင်း ကိုအောင်ကိုးကလည်း ဒီအချိန်က ကျွန်မကို ဆက်ပြီး စတော့တာပဲ။
“အေး ကြိုက် ကြိုက်၊ တစ်ကိုယ်လုံးကြိုက်။ နင့်အတွက် ကျောက်ပျဉ်ရွက် စောင့်ခိုင်းထားမယ်လို့တောင် ပြောစရာ မလိုဘူး။ ဟိုက နိုင်ငံခြား ပညာသင် သွားတော့မှာ သိလား။ ပြန်လာမှ ပြန်လာမှ..”
“အို တော်စမ်းပါဗျာ၊ ကျွန်တော် ကြိုက်တယ်ဆိုတာက သူ့ပုံစံနဲ့ သူချောလို့၊ အရုပ်ကလေးတွေ လှတာလေးတွေ ကြိုက်သလို ကြိုက်တာသိရဲ့လား။ သူ့ကို ကြို့်က်လွန်းလို့ ငေးချင်တာမျိုး ကြိုက်တာ။ သူ့ကို ကြည့်ပြီး ကျွန်တော့် အစ်ကိုကြီးများ ဖြစ်ပါစေတော့လို့တောင် ဆုတောင်းချင်တယ်။ ကျွန်တော်တို့ မင်းသမီးလှလှလေးနဲ့လည်း ရပါစေလို့ ဆုတောင်းတယ်သိလား။ ကျွန်တော် ချစ်တာမဟုတ်ဘူး။ ကြိုက်တာဗျ ကြိုက်တာ။ ယူချင်းယူ ကျွန်တော်က မိန်းမဘဲ ယူမယ် ကဲ မှတ်ထား”
………………………………………………..
မိုးသက်လေ နှင်းစက်တွေ သစ်ရွက်ကြွေချိန်တွေ ဘယ်နှစ်ကြိမ်ရှိပြီလဲ၊ မမှတ်မိတော့ပါဘူး။ ဒီအဖြစ်ကလေးကိုတော့ မမေ့ဖြစ်ဘူး။ ကိုကိုဆိုတဲ့ ဒီလူကြီး ဟိုအဝေးခရီးက အဆွေးတွေ ပွေ့ပိုက် ပြန်လာတယ်ဆိုလား။ နားစွန်နားဖျား ကြားလားကြားရဲ့။ ကြားတော့လည်း သနားမိပြန်ရဲ့။ ခင်သာခင် မမြင်ရတော့ မေ့လျော့လျော့ပါပဲ။
အိမ်ထောင်စုနဲ့ ဖြစ်လာတဲ့ ကျွန်မဘ၀မှာ တီတီတာတာ ကြည်သာစရာလေးတွေ ရှိလာပြီး အိမ်ကိစ္စ၊ ရုံးကိစ္စ၊ သားသမီးကိစ္စ၊ သီချင်းဆိုတဲ့ ကိစ္စတွေနဲ့ လွတ်တဲ့အခါ စာပေနဲ့ အပန်းဖြေဖြစ်လာပြီး ကျွန်မ ဖတ်လေ့ရှိတဲ့ ဗန်းမော်တင်အောင်၊ ဒဂုန်တာရာ၊ ခင်နှင်းယု၊ အောင်လင်း၊ နတ်နွယ်၊ တက္ကသိုလ်ဘုန်းနိုင်တို့နဲ့ လိုင်းခွဲလာတဲ့ စာရေးဆရာတစ်ယောက် တွေ့လာတယ်။ “၀င်းဦး” တဲ့။
ဒီစာရေးဆရာ ၀င်းဦးရဲ့ ပရိသတ်အဖြစ်နဲ့ စိတ်ဝင်စားနေတုန်းမှာပဲ စာရေးဆရာဝင်းဦး ရုပ်ရှင်ရိုက်မယ်ဆိုတဲ့ သတင်း ကြားရပါတယ်။ မကြာပါဘူး။ ကြော်ငြာဒီဇိုင်းတွေပေါ်မှာ ဖော်ပြလာလို့ ကြည့်မိတော့ “၀င်းဦး” ဆိုတဲ့သူဟာ “ကိုကို” လို့ ပြောခဲ့တဲ့ “ဗိုလ်ကိုဦး” ပါလား။
“နှစ်ယောက်ထဲ နေချင်တယ်” ဇာတ်ကား ကျွန်မ သွားကြည့်ပါတယ်။ ဇာတ်ကားတွေ အများကြီးမှာ ကျွန်မ ဆိုပေးခဲ့ပေမယ့် ရုံတင်တဲ့အခါ မကြည့်ဖြစ်ပါဘူး။ ရင်းနှီးတဲ့မိတ်ဆွေတွေရဲ့ ရုပ်ရှင် အထူးပွဲတွေကိုတော့ ကြည့်ပါတယ်။ သူ့ကျတော့ ငယ်ငယ်ထဲက ကြိုက်လို့ ကြည့်တာပါ။ ခုတော့လည်း ကြိုက်တယ်၊ သူ့စာလည်း ကြိုကတယ်။ မင်းသားအဖြစ်လည်း ကြိုက်ပြန်ရော။
သူက မင်းသား၊ ကျွန်မက အဆိုတော်၊ အနုပညာ စည်းဝိုင်းထဲမှာပေမယ့် တော်တော်နဲ့ မတွေ့ဖြစ်ကြဘူး။ ဂီတဆည်းဆာပွဲ ကျိုက္ကဆံကွင်းမှာ သူလာနွှဲမှ တွေ့ဖြစ်ပါတယ်။ ဒီအချိန်မှာ သူက နာမည်ကြီးလှပြီ၊ လူဝိုင်းလှပြီပေါ့။
သူကပွဲကို စရောက်လာတဲ့နေ့က ဇာတ်ခုံနောက်မှာ ကြွက်စီကြွက်စီ ရွစိရွစိနဲ့ပါပဲ။ ကျွန်မ သူဝင်လာတာလည်း အဝေးက လှမ်းမြင်ရတယ်။ သူ့ကို ကပ်တော့မယ့်သူတွေကိုလည်း တွေ့သိနေပါတယ်။ ဒါပေမယ့် ကျွန်မမှာ မာနတစ်ခု ရှိပါတယ်။ မျက်နှာလို မျက်နှာရလုပ်ချင်လို့၊ အခွင့်အရေး တစ်ခုခုရချင်လို့၊ နာမည်ကြီး မျက်နှာကြီးမို့ ကပ်တာပါလို့ အထင်ခံရမှာ ရှက်တဲ့မာနပါ။ ဒါကြောင့် ထိုင်ကြည့်နေလိုက်တယ်။ ကျွန်မက စပြီး သူ့ကို မခေါ်ချင်သေးဘူးလေ။
ကျွန်မဟာ ဒီအချိန်က ဂီတကောင်စီ အမှုဆောင်အဖွဲ့ဝင် ဖြစ်နေလို့ ပွဲသိမ်းမှ ပြန်ရပါတယ်။ ညသန်းခေါင်ကျော် ပွဲသိမ်းနေပြီ။ သူ မပြန်သေးဘူး။ ကျွန်မက အိမ်ပြန်ရတော့မယ်။ ပြန်တော့လည်း သူတို့ရှိတဲ့ နေရာကပဲ ဖြတ်သွားမှရမယ်။ ဒီတော့လည်း အနားက ဖြတ်သွားရတော့တယ်။ ကွင်းထဲမှာနေရတဲ့ အမှုဆောင်တွေက ကျွန်မကို ပြန်တော့မှာလား ခဏထိုင်ပါဦးနဲ့ ၀ိုင်းပြောကြတော့ သူ့ရှေ့က ခုံတစ်လုံးမှာ ၀င်ထိုင်လိုက်ရပါတယ်။
“မိတ်ဆက်ပေးရဦးမယ် ခင်မောင်အေးရေ။ ဒီမယ် ကိုဝင်းဦး မာမာအေးဆိုတာ သူပဲလေ။ ကျွန်တော်တို့ အုပ်စုကတော့ သူ့ကို ခင်မောင်အေးလို့ပဲ ခေါ်တယ်” ကိုသန်းလှိုင်က ဒီလိုမိတ်ဆက်ပေးတော့ ကျွန်မ ရယ်ချင်တယ်။ သူကတော့ မင်းသားလေ။ ပြုံးစေ့စေ့ သူ့ပုံစံ ဖမ်းစားတဲ့အတိုင်း မပွင့်တစ်ပွင့်နဲ့ပေါ့။ ကျွန်မစိတ်ထဲမှာ တင်းသွားတယ်။
“သိပြီးသားပါဗျာ၊ ဗိုလ်ကိုဦးဘ၀တုန်းက” လို့ တုံးတိတိပဲ ပြောချလိုက်တယ်။
“အစ်ကိုကလဲ မှတ်မိပါတယ်ဗျာ၊ ခု.. အေးက ငယ်ငယ်တုန်းကလို မ၀တော့ဘူး လှတယ်ကွာ” လို့ အသံအစ်အစ်နဲ့ ပြန်ပြောတယ်။ ပြောပြီဆိုလည်း ထုံးစံအတိုင်း သူချည်းပါပဲ။ ကျွန်မကို သီချင်း သင်ခိုင်းရတဲ့ အကြောင်း၊ သူငယ်ချင်းတွေနဲ့ ပုလင်းကြေးလောင်းပြီး ဆိုဖြစ်သွားတဲ့အကြောင်းက စပြီး သူ့အကြောင်း ကျွန်မ အကြောင်း မေးလိုက်ပြောလိုက်နဲ့ ဂီတဆည်းဆာကနေ နံနက်ဆည်းဆာ ရောက်ပါရော။ သူလဲ “အစ်ကို” ဖြစ်၊ ကျွန်မလဲ “အေး” ဖြစ်သွားတယ်။
ဒီကတည်းက ပြန်တွေ့ကြပြီး သီချင်းဆိုလည်းတွေ့၊ ဂီတပဒေသာလည်းတွေ့၊ အသံလွှင့်ရုံမှာလည်း တွေ့။ ရုပ်ရှင်သီချင်းသွင်းတော့လည်း တွေ့၊ သူ့အိမ်ကိုယ်သွား၊ ကိုယ့်အိမ် သူလာနဲ့ အင်မတန်ကို ရင်းနှီးလာကြပါတယ်။ သူခရီးသွားတိုင်း လက်ဆောင်ပါတယ်။ ကိုယ်ခရီးသွားဖြစ်တော့လည်း လက်ဆောင် ပို့တဲ့အကျင့် ပြန်လုပ်ရတယ်။ လက်ဆောင်ပေးတတ်တဲ့ အလေ့အထက ကျွန်မမှာ မရှိခဲ့ဖူးဘူး။ ကျွန်မရဲ့ ဘ၀ခရီးဖော်ကိုသာ ပေးခဲ့ဖူးတယ်။ ခုကျတော့ သူများပေးတဲ့လက်ဆောင်ကိုချည်း ယူပြီး ၀မ်းသာခင်မင်နေမယ့်အစား ကိုယ့်လိုပဲ လက်ဆောင်ရရင်း ပျော်ရွှင်ခင်မင်စေမယ်လို့ လက်ဆောင်ပါးတတ် နေတော့တယ်။ သူက ကောက်လိုက်၊ ကိုယ်က ကောက်လိုက်တွေလည်း ရှိပါတယ်။ ကျွန်မတို့ ဂီတအသိုင်းအ၀ိုင်းနဲ့ ၀င်းဦးဟာလည်း ရုပ်ရှင်အဖွဲ့တွေထက် ရင်းနှီးပါတယ်။ ၀ိုင်းဝန်းကာကွယ် မြှောက်တင်ပို့ပေးကြပါတယ်။
ကိုဝင်းဦးဟာ အပေါင်းအသင်း ခင်မင်လွန်းတတ်တဲ့ ဥာဉ်ရှိတဲ့အတိုင်း ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ အချိန်မှန်ဆိုတာ မတွေ့မိဘူး။ အပေါင်းအသင်း အသိုင်းအ၀ိုင်း စုံလာတဲ့အခါ ကျွန်မတို့တစ်တွေနဲ့ တဖြည်းဖြည်း ဝေးလာရာက စန္ဒာမဂ္ဂဇင်းထုတ်တဲ့ အချိန်ဦးကစပြီး လုံးဝနီးနီး မတွေ့ဖြစ်တော့ဘူး။ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် ကျွန်မသူ့ကို ကောက်ထားတာ ကြာပါပြီ။ ပြန်ခေါ်တာ သုံး လေးနှစ်လောက်ပဲ ရှိဦးမယ် ထင်ပါရဲ့။
သူနဲ့ကျွန်မ နောက်ဆုံး တွေ့လိုက်တာ ၁၉၈၈ ပြည်ထောင်စုနေ့ ညစာစားပွဲမှာပါ။ သူက ကျွန်မကို တွေ့တာနဲ့ မေးပါတယ်။
“အေး ပိန်သွားလိုက်တာ၊ နေမကောင်းဘူးလား” တဲ့။
“ကောင်းပါတယ်။ ပိန်သွားတာ ခရီးပန်းလို့ပါ။ ပြည်ထောင်စု အလံတော်နားတဲ့ ပေါက်တို့ ရေစကြိုတို့အထိ သွားခဲ့ပြီး ဒီပွဲကို အမီပြန်ရောက်အောင် လာရတော့ အပြေးအလွှားပဲ၊ အေးသာ ပိန်တယ်ပြောနေတယ်။ အစ်ကိုလဲ ပိန်တာပဲ။ ဘာလဲ ၀ိတ်လျှော့နေတာလား” လို့ ကျွန်မ ပြန်မေးတော့ အစာအိမ်ရောဂါ ရနေတယ်။ အရည်ပဲ သောက်နေရလို့တဲ့။
ဒီပွဲပြီးလို့ သိပ်မကြာပါဘူး။ အစာအိမ်ရောဂါ မဟုတ်ကြောင်း၊ နိုင်ငံခြားမှာ ဆေးသွားကုတဲ့အကြောင်းတွေ ကြားလာရတယ်။ အနုပညာ ချစ်မြတ်နိုးသူ ကျွန်မအနေနဲ့ ဘက်စုံတော်တဲ့ ပညာရှင်တစ်ဦး အသက်ရှည်ပါစေလို့ ဆုတောင်းမိတာ အမှန်ပါပဲ။
ပြန်ရောက်ပြီလို့ ကြားတော့လည်း ကျွန်မ မရောက်နိုင်၊ မမေးနိုင်ခင်မှာပဲ မန္တလေး တက်သွားတယ်လို့ ကြားရတယ်။ ကျွန်မက မန္တလေး ရောက်သွားပြန်တော့ သူက ရန်ကုန်ဆင်းသွားပြီ။ စိတ်က ဘ၀င်မကျလို့ မြို့မ အဖွဲ့သားတွေဆီ မေးမိတယ်။ သီချင်းများများ ဆိုနိုင်သေးရဲ့လားလို့။
အဖြေကတော့ သိပ်အားမရဘူး။ သုံးပုဒ်လောက်ပဲ ဆိုနိုင်သတဲ့။ ဒါဆို မဟုတ်သေးဘူးဆိုတာ ကျွန်မ ခံစားလို့ ရပါတယ်။ ကိုဝင်းဦးဟာ တစ်ခါဆိုရင် ဆယ်ပုဒ်လောက် ဆိုချင်တဲ့သူပါ။ သိပ်ကို လောဘတကြီး ဆိုတတ်ပါတယ်။ သူ့အသံက ကြာကြာဆိုလည်း မကျတတ်ပါဘူး။
ရန်ကုန်ကို ကျွန်မ ပြန်ရောက်တော့ သူပြန်လဲနေပြီ။ လွန်နေပြီဆိုတာ ကြားရတယ်။ ဒါကြောင့် ကျွန်မတို့ အရင်းနှီးဆုံး ဂီတအုပ်စုတစ်စုလုံး သွားဖို့ စီစဉ်ကြတယ်။ လူမစုံလို့ နောက်နေ့ညနေပိုင်း သွားကြဖို့ စီစဉ်လိုက်တယ်။ ဒီလို နောက်နေ့ဆက်ချိန်းတာကို မသိလိုက်လို့ ရောက်သွားတဲ့ သူငယ်ချင်း မြင့်ငွေက ကျွန်မဆီ ဖုန်းဆက်တယ်။
“ခင်မောင်အေး မင်း သွားမကြည့်ပါနဲ့တော့ကွာ။ ကျသွားလိုက်တာ မမှတ်မိစရာဘဲ။ မင်းမှာလဲ ရောဂါနဲ့မို့လား။ မသွားပါနဲ့တော့ကွာ” တဲ့။
“ဘာဖြစ်ဖြစ်ကွာ၊ သွားကြည့်ရမယ်။ တို့အားလုံး စုသွားကြဖို့ ချိန်းပြီးသား၊ တော်ကြာ ကိုသန်းလှိုင်တုန်းကလို မတွေ့လိုက်ရလေခြင်းလို့ ငါ ထပ်ခံစားနေရဦးမယ်” လို့ ပြန်ပြောလိုက်တယ်။ နောက်နေ့မှာကလည်း ကျွန်မ စီးရီးတစ်ခု အသံထပ်ဖို့အတွက် စတူဒီယိုက ချိန်းပြီးနေတာကြောင့် ညနေမှ လူစုသွားကြဖို့ စီစဉ်ထားတယ်။
နောက်နေ့မနက် (၈) နာရီလောက် ဖုန်းဝင်လာတယ်။
“ဆုံးရှာပြီ သူငယ်ချင်းရေ” တဲ့။
“အင်း ဒါဆိုလဲ ပြီးရောပေါ့ကွာ။ ပို့တော့မှပဲ သွားရတော့မှာပေါ့။ တို့တစ်တွေ ဘယ်လိုစုပြီး ပို့ရမလဲဆိုတာသာ စီစဉ်လိုက်ကြတော့။ ညနေ မလာတော့ဘူး” လို့ ဖုန်းပြောခဲ့ပြီး စတူဒီယိုကို ထွက်ခဲ့တယ်။ အဲ့ဒီ စတူဒီယိုကလည်း ဖြုတ်တော့မှာမို့ မလုပ်လို့က မရ။ ဖုန်းလည်း ဖြုတ်ထားတော့ ဘာမှ နောက်ထပ် မသိရတော့ပါဘူး။
ညနေ အိမ်ပြန်ရောက်တော့ အိမ်က ဆီးပြောတယ်။ သူ သူ မသေဘူးတဲ့။ တကယ် မသေဘူး။ သတင်းမှားတာပါဆိုတဲ့ဖုန်း ပြန်ဝင်လာတော့ ကျွန်မက အလုပ်ထွက်သွား၊ ပြန်ရောက်လို့ အမှန်သိရတော့လည်း အချိန်က ည အပြင်ပြန်ထွက်လို့ မရ၊ မတွေ့လိုက်ရချင်လို့ပါပဲလေ။ နောက်တစ်နေ့မှာတော့ တကယ်အမှန် ခရစ်တော်မှာ အိပ်ပျော်လေရှာသတဲ့။
အိုလေ လွဲမယ့်လွဲတော့လည်း အားလုံးပါပဲ။ သူ့နောက်ဆုံးနေ့မှာ ကျွန်မတို့တစ်တွေ ဘားလမ်း အိမ်ရှေ့မှာ ဆုံကြတယ်။ အချိန်တန်လို့ ကားတွေ တန်းစီထွက်ကြတော့ ကျွန်မစီးလာတဲ့ကားက ဟတ်ဘောကွဲလို့ နောက်ကျကျန်ခဲ့ပါရော။ ဖြည်းဖြည်း မောင်းလိုက်သွားရတော့ ကားတွေ ဘယ်ဆီသွားမှန်း မသိရလို့ ကြံတောလိုက်သွား၊ အဲဒီရောက်တော့လည်း ဘုရားရှိခိုးကျောင်းထဲမှာပဲ ရှိသေးသတဲ့။ လူအုပ်ကြီးကြီးက များမှများ၊ အအေးတိုက်ထဲလည်း မ၀င်နိုင်၊ ဂူလုပ်ထားတဲ့နေရာက သွားစောင့်ပြန်တော့လည်း ဘယ်တော့မှ သင်းချိုင်း ပြန်ရောက်မယ် မသိဘူး။ ပရိသတ် များလွန်းလို့တဲ့။
ဒါနဲ့တစ်ခါ အအေးတိုက်ဘက်က ပြန်စောင့်မယ်လေလို့ ပြန်လျှောက်လာတော့ ကားဖြူကြီးကို အအေးတိုက်ထဲ ရောက်နေတာ တွေ့ရတယ်။ လူက တိုးမပေါက်နိုင်ဘူး။ လူနင်းခံရတာပဲ အဖတ်တင်တော့မယ်။ ထွက်လာမယ့် အပေါက်ဝနားက အုတ်တံတိုင်းဘေး ကပ်ပြီး ရပ်နေရတယ်။
သူ ထွက်လာပြီ။ အစ်ကို ထွက်လာပြီ။ ကား အနားတောင် ကျွန်မ မသီနိုင်ဘူး။ အရေးထဲ သူ့ကို ဘယ်လို ဆုတောင်းပေးရမလဲ တွေးကြည့်တယ်။ သူနဲ့ကျွန်မ ဘာသာကွဲနေပြန်ပြီ။ အိုဘာပဲဖြစ်ဖြစ် ကျွန်မက ဗုဒ္ဓဘာသာပဲလေ။ တတ်နိုင်ဘူး။ ပြောတတ်တာပဲ ပြောလိုက်တယ်။
“အစ်ကိုရေ… အမျှ အမျှ အမျှ”
**မာမာအေး**
(စန္ဒာမဂ္ဂဇင်း၊ ၁၉၈၉ ခုနှစ်၊ ဧပြီလထုတ်မှ စာမူကို မျက်ရှုမှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)

No comments:
Post a Comment