♫ ♫ ♫ လူတွေနဲ့ ဝေး…ဝေး…ဝေးတဲ့ နယ်မြေ…♫ ♫ ♫ အတူတူ သွား…သွား… သွားကြမယ်လေ…♫ ♫ ♫… နက်ရှိုင်းတဲ့ တောရဲ့ ရင်ခွင်မှာ ပျော်နေ…♫ ♫ ♫ သဘာဝရဲ့ ရင်သွေးငယ်တွေ…ဟေ…သဘာဝရဲ့ ရင်သွေးငယ်တွေ…♫ ♫ ♫
ကားဒက်ရှ်ဘုတ်ထဲက စိုင်းထီးဆိုင် အခွေကို ဖွင့်လိုက်တယ်။ ကားကက်ဆက်ကို အသံမြှင့်လိုက်တော့မှ မျက်လုံးက နည်းနည်းကျယ်သလို ဖြစ်သွားတယ်။ ခေါင်းကို ခါယမ်း၊ မျက်လုံးကို ပွတ်လိုက်ပြီး ခါးကို မတ်မတ်ထိုင်လိုက်မှ အိပ်ငိုက်ချင်သလိုလို ဖြစ်နေတာလေး ပြန်ပျောက်သွားတယ်။ ကားဒက်ရှ်ဘုတ်က နာရီက မီးစုန်းအစိမ်းရောင်လေးကို ကြည့်လိုက်တော့ ည ၁၂နာရီ ၅၅မိနစ်။ အချိန်က မနည်းတော့ဘူးပဲ။ သန်းခေါင်ကျော်ပြီးလို့ နောက်တစ်နေ့တောင် ကူးနေပါရော့လား။
ဒီနေ့ ကျုပ် တွက်ချေ မကိုက်သေးဘူး။ ဒီိညအတွက် ကားစထွက်ထဲက အသက် ၆၅နှစ်လောက် အဘ တစ်ယောက်ကို မြောက်ဥက္ကလာ၊ ကျောက်ရေတွင်းကို လိုက်ပို့ခဲ့တာ။ အဘက သူသွားရမယ့် လိပ်စာကို ကျောက်ရေတွင်းဆိုတာက လွဲပြီး အတိအကျ မပြောနိုင်။ ကိုယ်ကလည်း သက်ကြီးရွယ်အိုဆို သနားတတ်သူ ဆိုတော့ နာရီဝက်နဲ့ ပြီးရမယ့် ခရီးက တစ်နာရီ နီးပါးလောက် တိုင်ပတ်သွားတယ်။ လူကြီးဆိုတော့ ကားခလည်း ပို မယူချင်တော့။ အဲ့ဒီလို ဒီနေ့ ဈေးဦးစပေါက်ထဲက အဆင်မပြေခဲ့တာ။ နောက်ထပ်ရတဲ့ ခရီးသည်တွေကလည်း ၂၅၀၀တန်၊ ၃၀၀၀ကျပ်တန် ခရီးကို ထက်ဝက်လောက် လျှော့ဈေးဆစ်ချင်သေး။ သူများတွေ အိပ်ကောင်းချိန် ညဘက် တက္ကစီမောင်းတယ်ဆိုပါမှ ဈေးက ပုံမှန်ထက် ပိုပေးရမှာကို မပြောပဲ သိကြဖို့ ကောင်းတာပေါ့။
ကျုပ်က အသက်နှစ်ဆယ်ထဲက ကားမောင်းစားလာခဲ့တာ။ အခု အသက်၅၀ နီးလာတဲ့အထိ ကားမောင်းတဲ့ အလုပ်ကလွဲလို့ တခြားဘာမှ မလုပ်တတ်ဘူး။ ငယ်စဉ်တုန်းကတော့ လိုင်းကား၊ ကုန်ကား၊ ဈေးကြိုကားက စလို့ ကုမ္ပဏီကားတွေအထိ မောင်းခဲ့ဘူးတယ်။ အခု အသက်ကြီးလာတော့ နားအေးပါးအေးပဲ မောင်းချင်တော့လို့ ကျောင်းကားဘက် လိုင်းပြောင်းခဲ့တာ။ ဒီကားလေးက ကျောင်းကား အုံနာရဲ့ နေ့ဘက်ချထားတဲ့ တက္ကစီ ကားလေး၊ ညပိုင်း အားတယ်ဆိုလို့ ခွင့်တောင်းပြီး မောင်းနေခဲ့တာပါ။ စုထားတဲ့ ငွေလေး တစ်နေ့နေ့ ပြည့်ရင်တော့ အောက်ကားလေး တစ်စီးလောက်တော့ ၀ယ်မောင်းဦးမယ်လို့ ကြိမ်းဝါးထားတာမို့ အခုလို သူများတွေ အိပ်ချိန်မှာ အိပ်ရေးအပျက်ခံ၊ အပင်ပမ်းခံပြီး ကားမောင်းနေရတာပေါ့။
အရင်က သိမ်ကြီးဈေး ညကလပ်ဘက် ဂိတ်ထိုးသေးတယ်။ တစ်ခါ ကလပ်က မူးမူးနဲ့ ပြန်လာတဲ့ ကောင်မလေးတစ်ယောက်နဲ့ လူလတ်ပိုင်းတစ်ယောက်၊ ကားခလေး ခပ်မြက်မြက် ရပြီဆို ၀မ်းသာမလို့ ရှိသေး၊ အနောက်ခန်းမှာ ဘယ်လိုက ဘယ်လို စဖြစ်သလဲမသိ။ ဟိုလူကလည်း မူးမူးနဲ့ ဘာတွေ လုပ်လိုက်သလဲ မသိ၊ ကောင်မလေးကလည်း မူးမူးနဲ့ ကားကို ကုန်းအော်ပြီး ရပ်ခိုင်း၊ ဟိုလူက ကားကို ဆက်မောင်းခိုင်းနဲ့ သူတို့ နှစ်ယောက်ကြား တော်တော် ဦးနှောက်စားခဲ့ရဘူးတယ်။ နောက်ဆုံး ပွဲက တော်တော် မလှမပ ဖြစ်လာလို့၊ သောက်ညင်ကပ်ကပ်နဲ့ နှစ်ယောက်လုံး ကားပေါ်က ဆွဲချပြီး ထားပစ်ခဲ့လိုက်တယ်။ ခရီးတစ်ဝက်ကျိုး ရောက်ခဲ့ပေမယ့် ကားခမပြောနဲ့ အန်ဖတ်တွေ ညကြီးမင်းကြီး ရေဆေးချလိုက်ရတာပဲ အဖတ်တင်တယ်။ ညကလပ်တွေ၊ ကေတီဗွီတွေက လာတဲ့ ခရီးသည်တွေက မသန့်တော့ အဲ့ဒီကထဲက အဲ့ဒီနေရာတွေဆို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်တော့တယ်။ ဘူတာဘက် ဂိတ်ထိုးပြန်တော့ သူ့ဂိတ်နဲ့ သူ့ရွှေကြိုနဲ့၊ ဈေးကွက် ခွဲပေးရတယ်လို့များ ထင်နေလားမသိ၊ မကြည်ရှိုးတွေ ခဏခဏ အရှိုးခံနေရတော့ စိတ်ထဲ သိပ်မတွေ့တာနဲ့ နောက် မသွားတော့ဘူး။ အခုလည်း သမ္မတ ရုပ်ရှင်ရုံဘက် ခဏခွေနေတုန်း နောက်ဆုံးပွဲ လွှတ်ချိန် မိသားစုတစ်စုကို မင်္ဂလာတောင်ညွန့် စက်ဆန်းဘက်ကို လိုက်ပို့ပြီး ပြန်လာခဲ့တာ။
ကားမီးရောင်အောက်မှာ ခပ်လှမ်းလှမ်း လူလေးငါးယောက် စုရုံးစုရုံးနဲ့ လမ်းမပေါ်တွေ့လို့ ကားကို အရှိန်လျှော့ရင်း ညာဘက်ကို အသာချ မောင်းလိုက်တယ်။ အနားရောက်လို့ ကားဘီးလှိမ့်ရင်း စပ်စုကြည့်တော့ လူတစ်ယောက် ဆိုင်ကယ် ဘရိတ်ပေါက်ပြီး လမ်းအလယ်က ဓာတ်တိုင် ၀င်ကျုံးတာဆိုပဲ။ လမ်းတစ်ဖက်ခြမ်းမှာ လဲကျနေတဲ့ ပိန်လိမ်နေတဲ့ ဆိုက်ကယ်ကို တွေ့တာနဲ့ ဒီလူတော့ အခြေအနေ မကောင်းလောက်ဘူးဆိုတာ မှန်းလိုက်မိတယ်။ လူကိုတော့ အခုပဲ ဆေးရုံခေါ်သွားပြီဆို ပြောနေကြတယ်။ ကျုပ်တို့လို ညပိုင်း ကားမောင်းသူတွေ အန္တရာယ်ကို အရမ်း သတိထားရတယ်။ အထူးသဖြင့် ညဖက် လူရှင်းတယ်ဆိုပြီး ဇွတ်တင် မောင်းကြတာ များတယ်။ ကိုယ်က လမ်းမှန်ကမ်းမှန် မောင်းလည်း တဘက်က ကိုယ့်ကို ၀င်အောင်းမိနိုင်တယ်။ အခုလို မတော်တဆမှုတွေက အဲ့ဒါမျိုးတွေက အခြေခံပြီး ဖြစ်တာများတယ်။
ကျုပ်အခု မောင်းတဲ့ ကားရဲ့ အုံနာက ကားကို ညဘက် အိမ်မှာ သိပ်ခွင့်ပေးထားပြီး မနက် ကျောင်းကားအတွက် သွားမှ ပြန်ယူသွားယုံမို့ ကျုပ်အတွက် အတော် အဆင်ပြေတယ်။ ကျုပ်အိမ်က စမ်းချောင်းမှာဆိုတော့ ဒီညအတွက် ကားသိမ်းလိုက်တော့မယ် စိတ်ကူးရင်း ပုဇွန်တောင် ကြက်တန်းဘက်ကနေ ကားလေးကို ဗိုလ်တထောင်ဘက် ကွေ့ချလိုက်တယ်။
အဲ့ဒီအချိန်မှာ လူတစ်ယောက် အရှေ့ မီးပွိုင့် မရောက်ခင် လမ်းထောင့်ကနေ ကားလှမ်းတားလို့ အရှိန်လျှော့ရင်း “ဘယ်သွားချင်တာလဲ” လို့ မေးမိတယ်။ “ ကြည့်မြင်တိုင်၊ သီရိမင်္ဂလာဈေးနား” ဆိုလို့ အိမ်အပြန် ကားလမ်းသင့်တာနဲ့ ဈေးပြောပြီး အဆင်ပြေလို့ ခေါ်တင်ခဲ့တယ်။ နောက်ခန်းတံခါးဖွင့် ၀င်ထိုင်ရင်း “ ဒီအချိန် ကားငှားဖို့ မလွယ်လို့ ရမှ ရပါ့မလား စိတ်ပူနေတာဗျ” လို့ ခရီးသည်က နောက်ခန်းကနေ လှမ်းပြောတယ်။ “ညပိုင်းဆွဲတဲ့ ကားတွေ ရှိတတ်ပါတယ်၊ နည်းနည်း ညဥ့်နက်ရင်တော့ ရှားတာပေါ့၊ ကျုပ်လည်း ကားသိမ်းတော့မလို့၊ လမ်းသင့်လို့သာ တင်လာတာ ”
ခရီးသည်ဆီက အဖိုးတန် ယမကာရနံ့က လေအဝေ့မှာ ကျုပ်နှာဝဆီ ပျံ့လွင့်လာတယ်။ ယမကာရနံ့တွေနဲ့ ညဖက်မောင်းတဲ့ တက္ကစီသမား ယဉ်ပါးနေတာ မဆန်းပါဘူးဗျာ။ ကျုပ်က နဂိုထဲက စကားနည်းသူမို့ တချို့ တက္ကစီကားသမားတွေလို ခရီးသည်နဲ့ ဖောင်ဖွဲ့ စကားပြောခဲပါတယ်။ အခုလည်း မေးလို့သာ ပြောလိုက်ရတာပါ။ မီးပွိုင့်တစ်ခုမှာ မီးနီလို့ အရှိန်လျှော့ ကားရပ်လိုက်တုန်း ခရီးသည်က အနောက်ခန်းကနေ မေးလာပြန်ပါတယ်။
“ နောင်ကြီး ညပိုင်း ကားမောင်းတော့ ထူးခြားတဲ့ အဖြစ်အပျက်တွေ ကြုံဖူးမှာပဲနော်… ”
ခရီးသည်လည်း ကားထဲမှာ ပျင်းလို့ စကားစပုံရတယ်။ ကျုပ်လည်း တခြားပြောလာရင် ထုံးစံအတိုင်း နှုတ်နည်းသူမို့ စကားဖြတ်မလို့ ပြင်ထားပေမယ့် သူမေးလာတဲ့ မေးခွန်းကိုက ကျုပ်ကိုယ်တိုင် ပြန်ဖြေချင်တဲ့ မေးခွန်းဖြစ်နေတယ်။ ဟုတ်တယ်။ ကျုပ် သိပ်မကြာသေးခင်က ထူးထူးခြားခြား ကြုံခဲ့တဲ့ အဖြစ်အပျက်ကို သတိရလိုက်တော့ ကျောချမ်းတဲ့ ကြားက ပြောပြချင်လာမိတယ်။
“ အေးဗျ… ထူးခြားတာထက် ကျောချမ်းစရာပါဗျာ.. ကျုပ် ကားမောင်းသက် နှစ်၃၀အတွင်းမှာ ရှားရှားပါးပါး ကိုယ်တွေ့ ကြုံရတာပေါ့ဗျာ..၊ ခင်ဗျားက မေးလို့ ပြောပြဦးမယ်၊ တစ်ည.. အချိန်က ည ၁၁နာရီခွဲလောက်ပေါ့..။ ကျုပ်လည်း ခရီးသည်ရှာရင်း ပုဂ္ဂလိက ဆေးရုံတစ်ရုံဘက်ကို ရောက်သွားတယ်။ ဆေးရုံရှေ့ ရောက်ခါနီးမှာ မိန်းကလေးတစ်ယောက် ကားကို လှမ်းတားတယ်ဗျ..”
တစ်ည..၊ အချိန်က ည ၁၁နာရီခွဲလောက်ပေါ့..။ ကျုပ်လည်း ခရီးသည်ရှာရင်း ပုဂ္ဂလိက ဆေးရုံတစ်ရုံဘက်ကို ရောက်သွားတယ်။ ဆေးရုံရှေ့ ရောက်ခါနီးမှာ မိန်းကလေးတစ်ယောက် ကားကို လှမ်းတားတယ်။
ကားလည်း ရပ်လိုက်ရော မိန်းကလေးက ကားအနား ရောက်လာတယ်။ မိန်းကလေးက ဖြုဖြူသန့်သန့်လေးပဲ။ ကျောလည်လောက် ဆံပင်ကို သပ်သပ်ရပ်ရပ် စည်းနှောင်ထားတယ်။ ပြီးတော့ “ ရွာသာကြီးဘက်ကို သွားချင်လို့ပါ ” လို့ ပြောတယ်။
အဲ့ဒီဘက်ကို ကျုပ်ခရီးသည် ပို့ဘူးပေမယ့် ဒီလိုအချိန်၊ ဒီလို နေရာမျိုးက အပြန်ခရီးသည်လဲ မရနိုင်တာရယ်၊ အချိန်မတော်ကြီး အဲ့ဒီလောက် အဝေးကြီး မလိုက်ချင်တာရယ်နဲ့ ကျုပ်လည်း စိတ်ပေါက်ပေါက်နဲ့ လန်ထွက်သွားအောင် ကားခကို ပုံမှန်ထက် ငါးဆလောက် တင်ပြောလိုက်တယ်။ ကျုပ် ထင်တောင် မထင်မိဘူး။ ကောင်မလေးက ဈေးတောင် မဆစ်ပဲ ရှောရှောရှူရှူနဲ့ လက်ခံလိုက်တယ်။ ကျုပ်လည်း ဒီညတော့ မျိုးမျိုးမြက်မြက်လေး ရလိုက်ပြီလို့ အောင့်မေ့မိတယ်။ မိန်းကလေးက “ ရတယ်၊ ပေးပါ့မယ်၊ ဆေးရုံရဲ့ ညာဘက်က ပေါ်တီကိုကို ၀င်သွားလိုက်ပါ၊ လိုက်မယ့်သူတွေ စောင့်နေပါတယ်၊ မေးလိုက်နော်… ” လို့ ပြောပြီး ဆေးရုံဘယ်ဘက်အခြမ်းထဲ ၀င်သွားတယ်။ သူ့ကို ကြည့်ရတာ ဒီဆေးရုံက သူနာပြုလား၊ ဒါမှမဟုတ် ညစောင့်လားလို့ ကျုပ်ထင်လိုက်တယ်။
ဒါနဲ့ ကျုပ်လည်း ကားကို သူပြောတဲ့အတိုင်း သွားလိုက်တော့ ဆေးရုံအလုပ်သမား တစ်ယောက်တွေ့တယ်။ ဒါနဲ့ ရွာသာကြီးသွားမယ့် လူရှိတယ်ဆိုလို့ ပြောတော့ “ ဟုတ်တယ်အစ်ကို၊ ခဏစောင့်၊ ခဏစောင့်၊ သွားခေါ်ပေးမယ်” ပြောပြီး အထဲ ၀င်သွားတယ်။ တအောင့်နေတော့ ကျုပ်တို့အရွယ် အမျိုးသားကြီးနဲ့ အမျိုးသမီးကြီးရယ်၊ ပုဝါကို ခေါင်းပေါ် အုပ်ခြုံထားတဲ့ မိန်းကလေးတစ်ယောက်ရယ်၊ နောက်.. လူလတ်ပိုင်း အမျိုးသားတစ်ယောက်ရယ် အထုတ်အပိုးတွေနဲ့ ဆင်းလာတယ်။ ဒါနဲ့ ကျုပ်လည်း “ ရွာသာကြီး သွားမယ့် အဖွဲ့လား” လို့ မေးကြည့်တော့ “ ဟုတ်တယ်၊ ဟုတ်တယ် ” တဲ့။ ဈေးတည့်ထားတဲ့ ကားခကို ပြောပြတော့လည်း “ ရတယ်.. ပေးမယ် ” ဆို အဖိုးကြီးနဲ့ အဖွားကြီးက မိန်းကလေးကို တစ်ဖက်တစ်ချက် တွဲလို့ နောက်ခန်းထဲ ၀င်ထိုင်လေတယ်။ ကျန်တဲ့ အမျိုးသားကတော့ ဆွဲခြင်းတောင်း၊ အိပ်ရာလိပ်၊ ခရီးဆောင်အိတ်စတဲ့ တိုလီမုတ်စတွေကို ကျုပ်နဲ့အတူ ကားနောက်ဖုံးထဲ ထည့်တယ်။ “ မနက်ဖြန် အရေးပေါ် ကိစ္စပေါ်လာလို့ အခုလို ကောက်ခါငင်ကာ ထပြန်ရတာဗျာ ” လို့ ပြောပြီး သူက ရှေ့ခန်းက ကျွန်တော့်နံဘေးမှာ ၀င်ထိုင်တယ်။
ဆေးရုံထဲက ကားလည်း ထွက်ရော နဘေးက ကိုယ့်လူက သူ့ဘေးက ကားပြူတင်းမှန်ကို အဆုံးအထိ ဆွဲတင်လိုက်ပြီး “ ကျွန်တော် တမှေးမှ မရသေးဘူး၊ မနက် ပြန်လာရမှာဆိုတော့ အချိန်ရတုန်းလေး တမှေးလောက် မှေးလိုက်ဦးမယ် ” လို့ ပြောပြီး ကားပြူတင်းမှန်ကို ခေါင်းမှီလို့၊ အိပ်ပြီး လိုက်ခဲ့တယ်။ အနောက်ခန်းက အဖွားကြီးက “ အိပ်…အိပ်..မင်းလည်း ငါတို့အတွက် ပင်ပန်းလှပြီ” လို့ ပြောလို့ ကျုပ် ရသမျှ အလင်းရောင်လေးနဲ့ နောက်ကြည့်မှန်ကနေ အနောက်ခန်းကို လှမ်းကြည့်လိုက်တော့၊ ကွမ်းတမြုံ့မြုံ့ဝါးနေတဲ့ အဖိုးကြီးရဲ့ ပုခုံးပေါ်မှာ ကောင်မလေးက မှေးအိပ်နေတာ တွေ့ရတယ်။ ကျုပ်ကလည်း စပ်စုတတ်သူမဟုတ်၊ နားအေးပါးအေး ကားမောင်းချင်သူဆိုတော့ အတော်ပဲ ဖြစ်နေတာပေါ့။ ညဥ့်အချိန်ဆိုတော့ လူကြီးတွေ လမ်းတလျှောက် နားအေးပါးအေး အိပ်လို့ရအောင် သီချင်းတောင် ဖွင့်နားထောင် မနေတော့ပါဘူး။ အဖွားကြီးကလည်း ပါးစပ်တလှုပ်လှုပ်နဲ့ ဘုရားစာ ရွတ်နေတာလားမသိ။ ဆေးရုံက ထွက်လာပြီး ၁၀မိနစ်လောက်လည်း ကြာရော၊ ကားတစ်စီးလုံး လေတိုးသံက လွဲလို့ တိတ်ဆိတ်နေတော့တယ်။
လမ်းတလျှောက် ရှင်းနေတာမို့ ကားကို အန္တရာယ် မဖြစ်ယုံ အရှိန်မြှင့်ပြီး မောင်းလာခဲ့တယ်။ ကားလေးက တာမွေကို ဖြတ်ခဲ့ပြီ။ လမ်းမှာ ညလုံးပေါက်ဖွင့်တဲ့ ဆိုင်တွေက လွဲလို့ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ သုဝဏ္ဏ အားကစားကွင်း ကျော်ဖြတ်လာချိန်မှာ လျှပ်စီးတွေ တဖျတ်ဖျတ် လက်လာတယ်။ မိုးချုန်းသံသဲ့သဲ့က လျှပ်စီးနောက်ကနေ ပါလာတယ်။ မကြာခင် မိုးရွာချမယ့်ပုံ ရှိတယ်။ ကျုပ်က မိုးမရွာစေချင်သေးဘူး။ ညအချိန် မိုးရွာတုန်း ကားမောင်းရတာ ကျုပ် မနှစ်သက်ဘူး။ ရန်ကုန်မိုးက အခုလိုပဲ မထင်ပဲ ရွာချတတ်တယ်။
သင်္ကန်းကျွန်း၊ စံပြဈေးကို ကားက ဖြတ်ကျော်လာပြီး ဒဂုံတောင်/မြောက်လမ်းဆုံကို ဦးတည်ပြီး မောင်းလာခဲ့တယ်။ လျှပ်စီးလက်တာ စိပ်လာပြီး မိုးပေါက်လေးတွေပါ ကျလာတယ်။ ကားတစ်ကားလုံး တိတ်ဆိတ်နေတာပါပဲ။ ညလေ တ၀ူးဝူးက တိုးနေတာမို့ အေးစိမ့်လာတယ်။ မိုးငွေ့အေးအေးကြောင့် ကားမောင်းရင်း အိပ်ငိုက်ချင်နေတာတောင် ပျောက်သွားတယ်။ ဒီည အိကျီ င်္လက်ရှည် ၀တ်လာမိတာ တော်သေးတာပေါ့လို့ တွေးမိတယ်။ အအေး လျှော့လိုလျှော့ငြား ရှပ်ကော်လာကို ထောင်ထားလိုက်တယ်။ ဒီလို မိုးရွာမယ်မှန်းသိရင် ဒီခရီးကို ကျုပ် ငြင်းလိုက်မိပါရဲ့။
ကားက တောင်/မြောက် လမ်းဆုံကနေ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းဘက် ဦးတည်နေချိန်မှာတော့ လေရော၊ မိုးပါ သည်းလာတယ်။ ကားကို အရှိန်ပြန်လျှော့လို့ ကားမှန်တင်လိုက်ရင်း အနောက်ခန်းကို “ဘေးမှန်တွေ ပိတ်ထားနော် ” လို့ လှမ်းပြောလိုက်တယ်။ မိုးစက်မိုးပေါက်တွေနဲ့ မြင်ကွင်းက မကွဲပြားတော့လို့ ကားအရှေ့မှန် ရေသုတ်ဖို့ ၀ိုက်ပါကို ဖွင့်လိုက်တယ်။ ရေသုတ်တံက တကျွီကျွီနဲ့ အချက်ကျကျ မြည်နေသံက တိတ်တိတ်ဆိတ်ဆိတ် ကားမောင်းနေရတာထက် ကျုပ်အတွက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတာပေါ့။ ဘေးက ကာလနဂါးကတော့ ဆင်အော်တောင် နိုးမယ့်ပုံ မရှိဘူး။
ကားမောင်းနေရင်း ကျုပ်အတွေးတွေက ဟိုရောက်၊ သည်ရောက်ပေါ့။ အမှန် ကျုပ်တို့လို ညပိုင်း ကားမောင်းသူတွေက အဖော်တစ်ယောက်လောက် ခေါ်ပြီးမှ ဒီလို ခရီးဝေးမျိုး လိုက်သင့်တာ။ အခုနောက်ပိုင်း တက္ကစီကားတွေမှာ လုယက်မှုတွေ၊ သတ်ဖြတ်မှုတွေက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ မကြာခဏ ဖြစ်နေလေတော့ ကားသမားကလည်း ခရီးသည်ဆို မယုံချင်၊ ခရီးသည်ကလည်း အိမ်က လူပိုပါလာရင် စိုးရိမ်စိတ်နဲ့ မလိုက်ချင် ဖြစ်နေကြတာ။ အရင်ကဆို အိမ်က သားကြီးကို ကျုပ် အဖော်ခေါ် မောင်းခဲ့ဘူးပေမယ့်၊ နောက်ပိုင်းတော့ သူပါရင် လူခေါ်လို့ မရတာနဲ့ ပြန်ထားခဲ့ရတာပါဘဲ။ ကိုယ်ပိုင် တက္ကစီမောင်းတဲ့ ကျုပ် ယောက်ဖ တစ်ယောက်ဆို လည်လှီးခံခဲ့ရဘူးတယ်။ ကားပြန်ရခဲ့ပေမယ့် အသက်ဆုံးရှုံးသွားခဲ့ရတယ်။ ကျုပ်လည်း ဒီအလုပ်က လွဲလို့ ဘာမှ မလုပ်တတ်လို့သာ လုပ်နေရာတာပါ။ နှစ်ပေါင်းများစွာ လုပ်လာခဲ့တဲ့ ဒီအလုပ်ကို တစ်ခါတစ်ခါတော့ ညည်းငွေ့မိသား။
မိုးက သည်းရာကနေ တဖြည်းဖြည်း စဲသွားလို့ ကားမောင်းရတာ စိတ်သက်သာရာ ပြန်ရလာရတယ်။ လမ်းနံဘေး တစ်ဘက်တစ်ချက်မှာ အိပ်ပျော်နေတဲ့ အိမ်တချို့ကို တွေ့နေရတယ်။ ကားလေးက မောင်းရင်း ရွာသာကြီးထဲ ရောက်လာပြီ။ ပို့ရမယ့် ခရီးပန်းတိုင် ဆုံးတော့မှာမို့ ကျုပ် ကားမောင်းရတာ ပိုအရသာ တွေ့လာတယ်။ အနောက်က လူကြီးတွေကို မမေးချင်တာနဲ့ စီးပွားရေးတက္ကသိုလ်လည်း ကျော်ရော ဘေးက အိပ်နေတဲ့ လူကို ပုတ်နှိုးလိုက်ပြီး “ ရွာသာကြီး ရောက်ပြီ… သွားမယ့် အိမ်ကို လမ်းညွှန်ပေးဦး” လို့ ပြောလိုက်တယ်။ ဟိုလူလည်း မျက်လုံးတွေ ပွတ် နိုးလာပြီး “ အတော် အိပ်မောကျသွားခဲ့တာပဲ” ဆို ကျုပ်ကို လမ်းညွှန်ပေးတယ်။ သူပြောတဲ့အတိုင်း ဘယ်ကွေ့၊ ညာချိုးနဲ့ မောင်းလိုက်တာ နောက်ဆုံး ခြံဝင်းလေးတစ်ခုရှေ့မှာ ကားကို ရပ်လိုက်ရတယ်။
ရေနံချေးဝနေတဲ့ အုတ်ခံ ပျဉ်ထောင်အိမ်လေးက မီးထိန်ထိန်လင်းနေတယ်။ ကားရပ်သံ ကြားလို့လားမသိ၊ အိမ်ထဲက လူသုံးယောက် ဆင်းလာတယ်။ အိမ်ပြူတင်းပေါက်မှာ ရပ်ကြည့်နေတဲ့ သူတွေကိုလည်း တွေ့ရတယ်။ ညအချိန်မတော် နှစ်နာရီဝန်းကျင်လောက်မှာ မည်းမည်းမှောင်နေတဲ့ ပတ်ဝန်းကျင်မှာ ဒီအိမ်တစ်လုံးထဲ ကွက်ပြီး မီးတွေ လင်းထိန်နေတယ်၊ နောက်ပြီး ညအချိန် လာတဲ့ လူတွေကို စောင့်ကြိုနေကြတာ ထူးခြားတယ်လို့ ကျုပ်စိတ်ထဲ ခရီးတလျှောက် ပထမဆုံးအကြိမ် ထင့်ခနဲ ဖြစ်သွားရတယ်။ ကားအနားကို ရောက်လာတဲ့ လူတွေရော၊ ကားပေါ်က ပါလာတဲ့ လူတွေပါ စကားတစ်လုံးမှ မဟကြပဲ တိတ်တိတ်ဆိတ်ဆိတ် လုပ်ကိုင်နေကြတာက ကျုပ်စိတ်ကို ဒုတိယံမ္ပိ ထင့်ခနဲ ဖြစ်စေပြန်တယ်။
ကားနောက်ဖုံးထဲက ပစ္စည်းတွေ အောက်ကို ကူညီချပေးအပြီးမှာ ပါလာတဲ့ အဖိုးကြီးနဲ့၊ အဖွားကြီးကို အိမ်ထဲက လူတွေက အိမ်ထဲကို အရင် တွဲခေါ်သွားတယ်။ ကျန်ခဲ့တဲ့ မိန်းကလေးက ဘာဖြစ်လို့လဲ မသိ၊ ရှေ့ခန်းမှာ ထိုင်တဲ့ လူရယ်၊ အိမ်ထဲက နောက်တစ်ယောက်ရယ်က သူ့ကို ပွေ့ထုတ်ကြတယ်။ ကားထဲက မိန်းကလေးတစ်ယောက်ကို အပြင်ထွက်နိုင်ဖို့ အဲ့ဒီလောက် ကူညီဖို့ လိုလို့လား။ သူတို့ အခက်အခဲဖြစ်နေလို့ ကျုပ်ပါ ၀င်ပြီး မိန်းကလေးရဲ့ ခြေထောက်တွေကို ကားအပြင် ထွက်နိုင်အောင် ကူပြီး ရွှေ့ပေးလိုက်တယ်။ အဲ့ဒီမှာ ကျုပ်လက်ထဲ အေးစက်တောင့်တင်းတဲ့ အတွေ့နဲ့အတူ၊ တတိယအကြိမ်မြောက် ထင့်ခနဲ ဖြစ်သွားရတယ်။ မိန်းကလေးရဲ့ ခြေထောက်က ပုံမှန်ထက် လေးပင်နေတဲ့ အဖြစ်ကို သတိထားမိတဲ့အချိန်မှာပဲ ကားအပြင်ရောက်လာတဲ့ သူ့ရဲ့ ခေါင်းပေါ်က ခြုံထည်ပုဝါလေးက ကျုပ် ခြေထောက်ပေါ်ကို လျောခနဲ ကျလာတယ်။ ကျုပ် အကြည့်က ပုဝါခြုံမဲ့သွားတဲ့ မိန်းကလေးရဲ့ မျက်နှာဆီ ရောက်သွားတယ်။
အဲ့ဒီအချိန်မှာ ထိတ်လန့်စိတ်နဲ့ ကျုပ်ရဲ့ နှလုံးသားတစ်ခုလုံး အပြင်ကို ခုန်ပေါက်ထွက်သွားသလား ထင်လိုက်ရတယ်။ ခင်ဗျားသိလား… မိန်းကလေးက ဆေးရုံရှေ့မှာ ကျုပ်ဆီက ကားကို ငှားပေးခဲ့တဲ့ မိန်းကလေး။ အဖြစ်အပျက်ကို ရိပ်မိသလို ရှိလိုက်တော့ ရင်ခုန်သံတွေက မတရား မြန်လာတယ်။ ဒီမိန်းကလေးနဲ့ လမ်းတလျှောက်လုံး အတူ ရှိခဲ့တာပါလား။ နောက်ဆုံး ကျုပ်ရဲ့ ခြေထောက်တွေ ဘယ်လိုမှ ကြွလို့ မရတော့ပဲ ယောကျာ်းကြီးတန်မယ့် နေရာမှာ ပျော့ခွေကြသွားတာပဲ သိလိုက်ရတယ်။
သတိပြန်ဝင်လာချိန်မှာ အိမ်ထဲက ပက်လက်ကုလားထိုင်တစ်လုံးပေါ်မှာ ကျုပ်ရောက်နေတယ်။ ကျုပ်ကို သူတို့ ဘယ်လိုခေါ်လာလို့ ကျုပ် အိမ်ထဲ ရောက်ခဲ့တယ်ဆိုတာတောင် မစဉ်းစားတတ်တော့ဘူး။ ကျုပ်ဘေးမှာ ကားရှေ့ခန်းက ထိုင်ခဲ့တဲ့ လူရယ်၊ နောက် မိန်းကလေးရဲ့ အစ်ကိုဆိုသူရယ် ထိုင်ပြီး ယပ်ခပ်ပေးနေကြတယ်။
“ အခုပဲ မနက်သုံးနာရီ ရှိနေပြီ၊ ဒီမှာပဲ နားပြီး မနက်လင်းမှ ပြန်ပါလား”
ကျုပ်ကို အားနာတဲ့ မျက်နှာနဲ့ အဖွားကြီးက ၀င်ပြောကြတယ်။ မလှမ်းမကမ်းက ကြမ်းပြင်ပေါ်မှာ ပြင်ဆင်ထားတာက ခုနက မိန်းကလေးရဲ့ ရုပ်အလောင်း။ နံဘေးမှာတော့ အငိုမျက်နှာများနဲ့ မိသားစုဝင်တွေ။ အမွှေးတိုင်နံ့တွေက တစ်ခန်းလုံး ထုံအီလို့ နေတယ်။
မိန်းကလေးရဲ့ အစ်ကိုဖြစ်သူက ဇာတ်ကြောင်းကို ပြောပြတယ်။
“ မိန်းကလေးရဲ့ ခင်ပွန်းက ပြည်ပမှာ၊ မိန်းကလေးက ခြေထောက် သွပ်ပြားရှတဲ့ ဒါဏ်ရာကနေ မေးခိုင်ပိုးဝင်လို့ မနိုင်တဲ့ အဆုံး ဆေးရုံတင်ထားလိုက်တာ၊ ဆေးရုံရောက်ချိန်မှာ အတော် နောက်ကျနေပြီလေ၊ သုံးရက်မြောက်နေ့မှာ ဆရာဝန်တွေက မရတော့ဘူး၊ လက်လွှတ်လိုက်ပြီလို့ ပြောတယ်၊ လူနာက နောက်ဆုံး သတိလက်ကျန် ရှိနေချိန် “သူသေရင် အိမ်မှာပဲ ပြန်သေချင်တယ်၊ သူ့နောက်ဆုံး ခရီးကို ဖြစ်အောင်လုပ်ပေးပါ ” လို့ ပြောလို့ မျောနေချိန်မှာ အိမ်ကို ပြန်ခေါ်ဖို့ လုပ်ရတာပါ.. ”
အဲ့ဒီမှာ ရှေ့ခန်းမှာ ထိုင်လာတဲ့ လူက ၀င်ပြောပြန်တယ်။
“ စပြီး မျောသွားတဲ့ ည ကိုးနာရီခွဲလောက်ထဲက ကားငှားတာ ဘယ်လိုမှ ငှားမရတဲ့ အဆုံး၊ အမေဖြစ်သူက “သမီးရေ.. သမီးဆန္ဒကို အမေဖြည့်ပေးချင်ပေမယ့် အဆင်မပြေဘူး” ဆို ပြောပြီး ငိုနေတာကို ဆေးရုံက အလုပ်သမားက ကြားပြီး “ ပြန်ချင်ရင် ကိုယ်တိုင် လိုက်ငှားပေးလိုက်လေ၊ ဒါမှ ရမှပေါ့ ” လို့ ဆိုပြီး မျောနေတဲ့ လူနာကို ပုတ်ပြီး ပြောလိုက်တယ်၊ မဟုတ်လို့ ဆေးရုံမှာ ဆုံးရင် ရေခဲတိုက်ကို တန်းပို့ရမှာလေ၊ သိပ်မကြာခင် ဆေးရုံအလုပ်သမားက ကားတစ်စီးတော့ ရှားရှားပါးပါး ရလာပြီ၊ ဈေးဆစ်မနေပဲ လိုက်သွားလိုက်တော့ဆို လာပြောတာ။ ကျွန်တော်က သူ့ကို ကားငှားပေးခ လက်ဖက်ရည်ဖိုးတောင် ပေးလိုက်သေးတယ်။ တကယ်က ပြန်သယ်လာထဲက အသက်က ငွေ့ငွေ့ပဲ ကျန်တော့တာ၊ နားလည်မှုနဲ့ ပြန်သယ်လာရတာပေါ့ဗျာ၊ အသက်ကတော့ လမ်းတ၀က်မှာတင် ပါသွားပုံရတယ်..”
သူတို့ ပြောတာ နားထောင်ရင်း ကျုပ်တကိုယ်လုံး ချွေးတွေနဲ့ နင့်လာတယ်။ ကျုပ် စိတ်တွေ မတရား ကျဉ်းကြပ်လာတယ်။ ကျုပ်ကားကို ဒီမိန်းကလေးကိုယ်တိုင် လာငှားပေးတာပါလို့ ကျုပ် ပြောပြမနေချင်တော့ပါဘူး။ ဖြစ်နိုင်ရင် ကျုပ် ချက်ချင်းကို ထ ပြန်လိုက်ချင်ပြီ။ ကျုပ် အိမ်ကိုပဲ အမြန်ဆုံး ပြန်ချင်နေခဲ့တာ။ စိတ်ထဲ မိုးမြန်မြန်လင်းဖို့ နေရာက မရွေ့ရဲပဲ ကြိတ်ဆုတောင်းနေမိတယ်။ တုန်လှုပ်တဲ့အရှိန် မပြေတဲ့ စိတ်နဲ့ မနက် အလင်းရောင် ရလျှင်ရခြင်းပဲ နှုတ်ဆက် ပြန်လာခဲ့တယ်။ ကောင်မလေး ရှိရာနေရာကို ယောင်လို့တောင် ကျုပ် မကြည့်လိုက်မိတော့ပါဘူး။ သူတို့ ချကျွေးတဲ့ ကော်ဖီတွေ၊ မုန့်တွေကိုလည်း တို့တောင် မတို့မိခဲ့ပါဘူး။
“ မျောနေတဲ့ လူနာကို အသိမပေးပဲ ခေါ်လာခဲ့မိတာ နားလည်ပေးပါဗျာ..၊ ဒီက အစ်ကိုရဲ့ကား ရှိလို့ ကျွန်တော်တို့ အခုလို ကွယ်လွန်သူရဲ့ နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်းခွင့်ရလိုက်တာပါ၊ ကျေးဇူး တကယ် မမေ့ပါဘူးဗျာ…”
ပြန်ခါနီး ကျုပ်ကို တစ်အိမ်လုံး ကျေးဇူးတင်ကြောင်း တဖွဖွနဲ့ ၀ိုင်းပြောကြတယ်။ ပြင်ပမှာ သေလွန်ပြီးသွားတဲ့ ရုပ်ခန္ဓာကို ရပ်ကွက်ထဲ အ၀င်မခံတဲ့ ဓလေ့ကြောင့် ဒီအဖြစ်အပျက်မှာ ကျုပ်ကိုယ်တိုင် မသိလိုက်ပဲ ပါဝင် ကပြ ဖြစ်ခဲ့ရတာပေါ့ဗျာ။ သူတို့ဆီက သဘောတူထားတဲ့ ကားခထက် ပိုလို့တောင် ထပ်ရခဲ့ပေမယ့် ဒီအဖြစ်မျိုး ဘယ်တော့မှ ထပ်မကြုံချင်တော့ပါဘူး။
စကားတပြောပြောနဲ့ မောင်းလာလိုက်တာ ကျုပ်စကား အဆုံးသပ်ချိန်မှာ ကားက အေးရှားဝေါလ် ဆိပ်ကမ်းနားတောင် ရောက်တော့မယ်။ ကျုပ် ပြောသမျှ စကားထောက်ရင်း တစ်လမ်းလုံး နားထောင်နေခဲ့တဲ့ အနောက်ခန်းက လူက…
“ အေးဗျ..၊ ခင်ဗျား ကိုယ်တွေ့မို့သာ ယုံရတယ်၊ သူများပြောရင် ယုံနိုင်စရာတောင် မရှိဘူး၊ ဒါမျိုးတွေက ကိုယ်တွေ့မှ လက်ခံကြတာဗျ၊ မဟုတ်ရင် ဇာတ်လမ်းဆင်တယ် ထင်နေတတ်ကြတာမျိုး”
“ ဟုတ်ပဗျာ…၊ ကျုပ်လဲ မှတ်သွားတယ်၊ နောက်ဆို ငွေမက်ပြီး ခရီးဝေးဆို ဘယ်တော့မှ မလိုက်တော့ဘူးလို့ သံန္နိဋ္ဌာန် ချထားလိုက်တယ် ”
ကျုပ်စကားလည်း ဆုံးရော၊ တဟားဟားနဲ့ ကျုပ်တို့ နှစ်ယောက်လုံး ရယ်လိုက်မိကြတယ်။
တအောင့်နေတော့ ကားက သီရိမင်္ဂလာဈေးနား ရောက်လာတယ်။ ကားကို အရှိန်လျှော့ရင်း နောက်ကြည့်မှန်ကနေ…
“ ခင်ဗျားဆင်းမယ့် နေရာ လမ်းညွှန်ဦး ”
“ အရှေ့ရောက်ရင် ညာချိုးလိုက်၊ ပြီးရင် ပထမဆုံးတွေ့တဲ့ ဘယ်ဘက်က လမ်းကို ကွေ့ ”
“ ကြည့်မြင်တိုင်ဘက်က မျက်စေ့လည်တတ်တယ်ဗျ၊ ကျုပ်တို့လို ကားမောင်းနေကြ လူတောင် တစ်ခါတစ်ခါ လမ်းတွေ ရောနေတယ်”
“ ဘယ်ဘက် ကွေ့ပြီး သုံးအိမ်ကျော်ရင် ဟိုးးးး မှာတွေ့လား… ခင်ဗျားဘက် အခြမ်းမှာ… အုန်းပင်ပုလေးတစ်ပင်၊ အဲ့ဒီအရှေ့ ရပ်ပေးဗျာ… ”
ကားမီးရောင်အောက် လှမ်းမြင်နေရတဲ့ အုန်းပင်အနား ရပ်ဖို့ ကျုပ် ကားလေးကို အရှိန်လျှော့လိုက်တယ်။ ကားရပ်လိုက်တော့ အုန်းပင်နားက အိမ်အောက်ထပ်မှာ လူတွေ စုရုံးစုရုံးဖြစ်နေတယ်။ ဒါနဲ့ ကျုပ် နောက်ခန်းက လူကို တစ်ချက်လှမ်းကြည့်လိုက်တော့ ကျုပ်ခြေထောက်တွေက ဘရိတ်ကို အလိုလို နင်းမိရက်သား ဖြစ်သွားပြီး ကားက တုန့်ခနဲ ရပ်သွားတယ်။ ဗုဒ္ဓေါ…. ဟိုလူ မရှိတော့ပါလား။ ခေါင်းနဘမ်း ချက်ချင်း ကြီးလာပြီး ကားအောက်ကို ဘယ်လိုက ဘယ်လို ကျုပ် ရောက်သွားလိုက်တယ် မသိဘူး။
“ အတော်ပဲ… တက္ကစီကားပါလား … ဆေးရုံကြီး အရေးပေါ်ကို သွားချင်လို့ပါ”
“ အရေးပေါ်ကို ဘာအတွက် သွားမှာလဲ”
တုန်နေတဲ့ အသံကို ထိန်းလို့ ကျုပ် မေးမိရက်သား ဖြစ်သွားတယ်။
“ ဆိုင်ကယ် အက်ဆီးဒင့်ဖြစ်လို့ ဆေးရုံက အခုပဲ အကြောင်းကြားလို့ပါ ”
ကျုပ် တကိုယ်လုံး ဖျဉ်းခနဲ သိမ့်ခနဲ ကြက်သီးတဖြန်းဖြန်း ထသွားရတယ်။ ကျုပ် မနေနိုင်တော့ပဲ မေးလိုက်မိတယ်။
“ အက်ဆီးဒင့်က နတ်ချောင်း မရောက်ခင် အကွေ့မှာ ဖြစ်တာမဟုတ်လား ”
“ ဟင်.. ခင်ဗျားက ဘယ်လိုသိလဲ ”
ကျုပ် ခြေထောက်တွေ မတ်မတ် မရပ်နိုင်တော့ပြန်ဘူး။
“ စိတ်…စိတ်မရှိနဲ့ဗျာ…၊ ကျုပ်… ကျုပ်… ကားပြန်သိမ်းရတော့မှာမို့ပါ…”
ဆူဆူညံညံ သူတို့ကို ချန်ထားခဲ့ပြီး ကားကို တရှိန်ထိုး မောင်းထွက်လာခဲ့မိတယ်။ ညဥ့်အချိန် နောက်ခန်းမီးဖွင့်ပြီး မောင်းနေတဲ့ ကားတစ်စီးနဲ့ ကျုပ်ကို မြင်သူတွေက ဘယ်လို ထင်ကြမလဲ မသိဘူး။ အခုအချိန်မှာ ကျုပ် ဘယ်သူ့ကိုမှ ဂရုမစိုက်ချင်နေတော့ဘူး။
အနီးဆုံးတွေ့တဲ့ ညလုံးပေါက် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရဲ့ အရှေ့ ကျုပ်ရဲ့ ကားကို ကျွိခနဲနေအောင် ထိုးရပ်ချပစ်လိုက်ရတယ်။ နောက်ကြောင်းကို မကြည့်တော့ပဲ ဆိုင်ထဲကို ကျောချမ်းချမ်းနဲ့ တဟုန်ထိုး ၀င်လိုက်ချိန်မှာတော့ ကျုပ်မျက်စိထဲ မြင်လိုက်မိတာက စောစောက လမ်းမှာ တွေ့ခဲ့တဲ့ တွန့်လိန်နေတဲ့ ဆိုင်ကယ်အပျက်ကြီး။
ကျုပ်ရဲ့ ခြေထောက်တွေက ကျုပ်ကို လက်ဖက်ရည်ဆိုင်ထဲ ဆွဲခေါ်လာခဲ့တယ်။ စားပွဲတစ်ခုမှာ လမ်းမကို ကျောပေးလို့ ကျုပ် ၀င်ထိုင်လိုက်တယ်။ စားပွဲထိုးလေးက “ ဘာမှာမလဲ ဦးလေး” လို့ မေးတာကို ပြန် မဖြေနိုင်ခဲ့ဘူး။ ကျုပ် ပါးစပ်တွေက အာစေးထည့်ထားသလို တင်းတင်းစေ့နေမိတယ်။ ဆိုင်ထဲမှာ ရှိနေတဲ့ လူတွေ အားလုံးကို မသကာင်္စိတ်နဲ့ တစ်ယောက်စီ လိုက်ကြည့်နေမိတယ်။
သေချာတာက နှလုံးခုန် မြန်ရင်းက၊ ဇောချွေးတွေ ရွှဲနင့်နေအောင် ထွက်နေရင်းက ဒီဆိုင်မှာ ကျုပ် မနက်မိုးလင်းရတော့မယ် ဆိုတာကိုပဲ။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျကြပါစေ။
** မြသွေးနီ**

No comments:
Post a Comment