**ထိုင်းနိုင်ငံ၌ ဆွီဒင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ အကြမ်းဖက်သမားတစ်ဦးဖမ်းဆီးမိ**
(စတော့ဟုန်း၊ ဇန်န၀ါရီ ၁၅)
ထိုင်းရဲတပ်ဖွဲ့ဝင်များက ဗန်ကောက်မြို့တွင် ဆွီဒင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် သံသယဖြစ်ဖွယ်အကြမ်းဖက်သမားတစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်း၊ ထိုင်းနိုင်ငံရှိ ဆွီဒင်သံရုံးကလည်း ၄င်းနိုင်ငံကူးလက်မှတ်မှာအတုဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ဇန်န၀ါရီ ၁၅ ရက်၌ သတင်းထုတ်ပြန်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ အမေရိကန်သံရုံးကို အကြမ်းဖက်တိုက်ခိုက်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားပြီးနောက် လက်ဘနွန်အကြမ်းဖက်သမားနှစ်ဦးကို မကြာသေးမီက စစ်ဆေးတွေ့ရှိကာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ယခုထပ်မံပြီး ဆွီဒင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ သံသယဖြစ်ဖွယ် အကြမ်းဖက်သမားတစ်ဦးအား ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု မီဒီယာများက ဖော်ပြသည်။ (အင်တာနက်)

**လူမျက်နှာနှင့်တူသောငါး အမေရိကန်နိုင်ငံ၌ ဖမ်းမိခဲ့**
(ကယ်ရိုလိုင်းနား၊ ဇန်န၀ါရီ ၁၅)
အမေရိကန်နိုင်ငံ၌ လူမျက်နှာနှင့်သဏ္ဍာန်တူသည့် ငါးမျိုးစိတ်တစ်ကောင်ကို တွေ့ရှိခဲ့သည်ဟု အမေရိကန်အခြေစိုက် သတင်းဌာနတစ်ခုက ဇန်န၀ါရီ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါငါးငယ်ကို အမေရိကန်နိုင်ငံ Hartsville South Carolina ရှိ ရေကန်တစ်ခုအနီး မြေးအဘိုးနှစ်ဦး အပန်းဖြေရင်း ငါးမျှားကြစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အဆိုပါငါး၏ မျက်နှာမှာ လူသားတစ်ဦးကဲ့သို့ပင် နှာခေါင်း၊ ပါးစပ်နှင့် သွားများအပြင် လူမျက်နှာနှင့် ဆင်တူနေသည့်အတွက် သားရိုင်းတိရစ္ဆာန်နှင့် အဏ္ဏ၀ါဗေဒပညာဆိုင်ရာဒေါက်တာ ဂျီအိုရီဟစ်နက်စ်က မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့် ယခုလိုဖြစ်ပွားခြင်း ဖြစ်ကြောင်း မှတ်ချက်ချထားသည်ကို အဆိုပါပြည်နယ် အခြေစိုက်သတင်းဌာနမှ ထုတ်ပြန်ကြေညာထားသည်။ ငါး၏အရွယ်အစားမှာ အရှည်ခုနစ်လက်မခွဲခန့်ရှိပြီးအဆိုပါငါးကို ငါးမျှားတံဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ယခုအခါ အဆိုပါငါးကို ဆက်လက်စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး သိပ္ပံပညာရှင်များက နျူကလီးယားစမ်းသပ်မှုများနှင့် ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းများကြောင့် ယခုကဲ့သို့ ဇီဝပြောင်းလဲသွားခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြသည်။ (အင်တာနက်)
**နိုင်ငံတကာအာကာသယာဉ်စခန်းနှင့် ဂြိုလ်တုအပိုင်းအစ တိုက်လုနီးပါးဖြစ်ခဲ့**
(ဟူစတန်၊ ဇန်န၀ါရီ ၁၅)
နိုင်ငံတကာအာကာသယာဉ်စခန်းတွင် အာကာသယာဉ်မှူးများအလုပ်လုပ်နေကြစဉ် ဇန်န၀ါရီ ၁၄ ရက်နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်ကအရွယ်အစား လေးလက်မခန့်ရှိသော ဆက်သွယ်ရေးဂြိုလ်တုအပိုင်းအစတစ်ခု အရှိန်အဟုန်ပြင်းစွာ ဦးတည်လာနေသည်ကို တွေ့ရှိရသဖြင့် အာကာသယာဉ်မှူးများက နိုင်ငံတကာအာကာသယာဉ်ကို ရှောင်တိမ်းပေးခဲ့ရခြင်းဖြစ်သည်။ ထိုသို့ရှောင်တိမ်းခဲ့သဖြင့် နိုင်ငံတကာအာကာသယာဉ်စခန်းနှင့် ၀.၆ မိုင်ခန့်အကွာမှ ၄င်းအပိုင်းအစဖြတ်သန်းသွားခဲ့သည်။ နိုင်ငံတကာအာကာသယာဉ်တစ်စင်း၊ ဆိုင်ရောက်ရန်ရှိကြောင်း၊ ထိုကြောင့် နိုင်ငံတကာအာကာသယာဉ်စခန်း၏ လက်ရှိတည်ရှိနေမှုအနေအထားကို အပေါ်ဘက်သို့ မြှင့်တင်မည်ဖြစ်ကြောင်း နာဆာက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
**တောင်ကိုရီးယားရေနံတင်ကုန်သင်္ဘောတစ်စင်းမီးလောင်ပေါက်ကွဲမှုဖြစ်ပွား**
(ဆိုးလ်၊ ဇန်န၀ါရီ ၁၅)
တောင်ကိုရီးယားနိုင်ငံအင်ချွမ်းမြို့ဆိပ်ကမ်းအနောက်မြောက်ပိုင်းကမ်းလွန် ပင်လယ်ဝါရေပြင်အတွင်း တောင်ကိုရီးယားရေနံတင်ကုန်သင်္ဘောတစ်စင်း ဇန်န၀ါရီ ၁၅ ရက်နံနက် ၈ နာရီ ၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ သင်္ဘောသားငါးဦးသေဆုံးပြီးရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တောင်ကိုရီးယားမီဒီယားများက ဖော်ပြသည်။ ၄င်းရေနံတင်သင်္ဘောသည် အင်ချွမ်းမြို့ဆိပ်ကမ်းမှထွက်ခွာပြီး မကြာမီဂျာစိုလ်ကျွန်းမြောက်ဘက် သုံးမိုင်ခန့်အကွာရေပြင်ရောက်တွင် မတော်တဆ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - ခင်ရတနာ၊မိုးမြင့်လင်းလက်

No comments:
Post a Comment