(“ ရတီမဂ္ဂဇင်း၊ ဇန်န၀ါရီလ ၂၀၁၂ခုနှစ်” မဂ္ဂဇင်းသရုပ်ဖော်ပန်းချီ – မမွှေး)
အေးဆုသီ စိတ်ပျက်သည်။ စိတ်ပျက်သည်မှ နေ့စဉ်ရုံးတက်နေရသည့် တစ်ပတ်လျှင် ငါးရက်မျှသော နေ့ရက်တိုင်းကို စိတ်ပျက်မိ၏။ မနက်အိမ်မှ ထွက်လာပြီး ရုံးအောက်သို့ ရောက်သည့်အချိန်နှင့် ညနေရုံးဆင်းသည့်အ ချိန်၊ ထိုအချိန်များကို အေးဆုသီ စိတ်ပျက်လှသည်။ ရှောင်လွှဲ၍ မရသည့် နေ့ရက်များကို ကြိုးစားပမ်းစား ကျော်ဖြတ်နေရ၏။
အေးဆုသီတို့ ယခင်ရုံးနေရာက မြို့ဆင်ခြေဖုံးမှာ ခြံနှင့်ဝင်းနှင့် တစ်ထပ်တိုက်လေးဖြစ်၏။ သီးပင်၊ စားပင်များနှင့် စိမ်းစိုနေသဖြင့် အလုပ်ဆင်းရ အနည်းငယ် ဝေးသည်မှအပ အေးအေးချမ်းချမ်း ရှိလှသည်။ ပြီးခဲ့သည့် နှစ်လက သူမ၏ သူဌေးက လုပ်ငန်းအသစ်တစ်ခု ထပ်မံတိုးချဲ့လိုက်ပြီး မြို့လည်ခေါင် အချက်အချာကျသည့် ယခု လက်ရှိ ကွန်ဒိုနိုမီယံ အသစ်တစ်ခု၏ ဆယ့်တစ်ထပ်တွင် ရှိသော အခန်းကို ကျပ်သိန်းပေါင်းများစွာ ပေး၍ ၀ယ်ယူလိုက်သည်။ အဲ့သည်နောက် ရုံးခန်းအသစ် စတင် ဖွင့်သည့်နေ့မှ စ၍ အိမ်မှ နာရီဝက်သာသာ လမ်းလျှောက်လာချိန် ရှိသည့် ရုံးခန်းအသစ်တွင် သူမ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရ၏။
ရုံးခန်းအသစ်၏ နေရာက လုပ်ငန်း၏ သဘာဝအရ ဘဏ်၊ ဌာနဆိုင်ရာများသို့ သွားရလွယ်ကူပြီး ရုံးခန်းအတွင်း ခေတ်မှီ ရုံးသုံးပစ္စည်း အပြည့်အစုံ စီစဉ်ပေးထားသဖြင့် အစစအရာရာ အဆင်ပြေသည်ဟု ပြောလျှင် ရသော်လည်း သူမအတွက်မူ စိတ်အပင်ပမ်းဆုံး၊ စိတ်မသက်သာဆုံး အခြေအနေ နှစ်ခုကို ဤရုံးသို့ တက်သည့် နေ့စဉ်နေ့တိုင်း ကြိုးစား ဖြတ်ကျော်နေရလေသည်။
အေးဆုသီတို့ ရုံး၏ ဓာတ်လှေကားက ပထမထပ်က စစီးရ၏။ ရုံးလှေကားမှ တက်လာလျှင် ပထမထပ်သို့ ရောက်သည်နှင့် အမုန်းဆုံးအရာနှစ်ခုက သူမကို စောင့်ကြိုနေလေပြီ။
ဓာတ်လှေကား စီးရခြင်းကို အေးဆုသီ လုံးဝမှ နှစ်ခြိုက်ခြင်း မရှိပါ။ ဓာတ်လှေကားကို မဖြစ်မနေ စီးပြီးမှ ရုံးခန်းရှိရာ ဆယ့်တစ်ထပ်သို့ ရောက်၏။ အကယ်၍များ သူမ၏ ရုံးခန်းသာ လေး၊ ငါးထပ်လောက်တွင် ရှိမည်ဆိုလျှင် လမ်းလျှောက် တက်ခြင်းကိုသာ ရွေးချယ်မိပေလိမ့်မည်။ ရုံးတက်ကာစက ဓာတ်လှေကားကို ရှောင်လိုသဖြင့် ရုံးခန်းရှိရာ ဆယ့်တစ်ထပ်ကို မိုက်မိုက်မဲမဲ လမ်းလျှောက်၍ တက်ခဲ့ဘူးသည်။ အပေါ်ရောက်တော့ ညောင်းချိယုံမျှမက နှလုံးအားနည်း ရောဂါအခံရှိသူ အေးဆုသီအဖို့ အမောဆို့နေခဲဘူးသည်။
ဓာတ်လှေကားနှင့် ပတ်သက်လျှင် အေးဆုသီမှာ စိတ္တဇလို ဖြစ်နေသည်။ အထပ်မြင့် အဆောက်အဦတွေကို မည်မျှပင် ခေတ်မှီသည်ပြောပြော သဘောမကျပါ။ ငယ်စဉ်ကတည်းက အမြင့် ကြောက်တတ်ခဲ့သည့်သူက ဓာတ်လှေကား စီးရသည်ကို မနှစ်ခြိုက်သည်မှာ ဆန်းတော့ မဆန်းပေ။ ဓာတ်လှေကားဆို မည်သည့် ဓာတ်လှေကားကိုမျှ စီးချင်။ ဘုရား၊ စူပါမားကက်၊ ပလာဇာ၊ ဆေးရုံ ဆေးခန်းစသည့် ဓာတ်လှေကားရှိ သမျှ နေရာမှန်သမျှ လှေကားကိုသာ အသုံးပြု၍ အပင်ပမ်းခံ လမ်းလျှောက် တက်လေသည်။ ယုတ်စွအဆုံး ရွေ့လျားဓာတ်လှေကားကအစ သူမ ရှောင်၏။ သူမမှာ ဤသို့ ဓာတ်လှေကားကို မုန်းရသည့် အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိသည်။ အဲ့သည် အကြောင်းပြချက်ကို စဉ်းစားမိပြန်တော့ သူမ၏ မျက်ဝန်းများက စိုစွတ်လို့လာ၏။
သူမ မေ့ထားသည့် လွန်ခဲ့သည့် သုံးနှစ်ခန့်က အကြောင်းအရာများက မနေ့တစ်နေ့ကလို အတွေးထဲ ပြန်လည် သစ်လွင်လို့ လာသည်။ အေးဆုသီ တစ်ယောက် ချစ်သူငယ်ချင်း စောမူကို သတိရလာမိ၏။
စောမူက အေးဆုသီနှင့် ငယ်ပေါင်းမဟုတ်သော်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သော၊ ဘယ်အချိန်မဆို သွက်လက် ဖြတ်လတ်နေတတ်သော၊ မည်သူ့ကိုမဆို အကူအညီပေးဖို့ ၀န်မလေးတတ်သော စောမူကို သူမ ခင်တွယ်မိသည်မှာ မဆန်းပေ။ စောမူက အထည်ချုပ်စက်ရုံ တစ်ခုမှာ အလုပ်လုပ်ပြီး တရုပ်လူမျိုး နိုင်ငံခြားသားတစ်ဦး၏ အတွင်းရေးမှူး ဆိုလည်းဟုတ်၊ စကားပြန်ဆိုလည်းဟုတ်ဟု ပြော၍ ရသည်။ တရုပ်ကရင်ကပြား စောမူက တကယ့်တရုပ်မလေး တစ်ယောက်လို ဖြူဖြူသွယ်သွယ်နှင့် ခေတ်မှီ ၀တ်စားဆင်ယင်မှုများနှင့်၊ အလုပ်မှ ကားကို ကိုယ်တိုင်မောင်းကာ သွားလာနေသူဆိုတော့ မသိသူဆိုလျှင် စောမူကို အရှေ့တိုင်း နိုင်ငံခြားသူ တစ်ယောက်လို့တောင် အထင်မှားနိုင်လေသည်။ အေးဆုသီတို့၏ ကွန်တင်နာ သင်္ဘောလိုင်းမှာ ပစ္စည်းလာတင်ရင်း စောမူနှင့် စတင် သိကျွမ်းခဲ့ရပြီး နောက်ပိုင်းတွင် အလုပ်သဘောအရ သူမ၏ အရင်းနှီးဆုံး ဖောက်သည် ကာစတမ်မာ တစ်ဦးဖြစ်လာခဲ့သည်။
သည့်ထက်ပို၍ ရင်းနှီိးလာစေသည်က အေးဆုသီတက်သော စီမံခန့်ခွဲမှု သင်တန်းတစ်ခုတွင် စောမူနှင့် အမှတ်မထင် ခုံနံပါတ် ဘေးချင်း ကပ်လျှက် အတူထိုင်ခွင့်ရခဲ့သည်။ အဲ့သည်နောက် သူတို့နှစ်ဦး တစ်ပူးတွဲတွဲနှင့် ဖြစ်ခဲ့ရကာ ဘာမဆို နောက်ကျ နှောင့်နှေးတတ်သော၊ ကျန်းမာရေး ချူချာသော သူမမှာ သွက်လက်ဖော်ရွေပြီး ဦးဆောင်စိတ်ရှိသော စောမူကို ခင်မင်ရင်းနှီးခဲ့မိပြီး အားကိုးခဲ့ရလေသည်။
တစ်နေ့မှာ ကံဆိုးမိုးမှောင်က စောမူအပေါ် အငြိုးတကြီး ရွာချလေသည်။ အေးဆုသီ၏ ရုံးမှာ သဘောင်္တင်ရန် လိုအပ်သည့် စာရွက်စာတမ်းများ လာယူသွားအပြီး၊ နောက်ထပ် သဘောင်္လိုင်းတစ်ခုသို့ သွားရောက်ရန် စောမူထွက်သွားခဲ့သည်။ တစ်နာရီခန့်အကြာ စောမူသွားသော သဘောင်္လိုင်း တည်ရှိနေသည့် အဆောက်အဦတစ်ခု၏ ၁၀ထပ်မှ ဓာတ်လှေကား ပျက်ကျသဖြင့် နေရာတွင် မိန်းကလေးတစ်ဦး ပွဲချင်းပြီး ဆုံးသွားသည်ဟူသော သတင်းက အေးဆုသီတို့ ရုံးကို ရောက်လာ၏။ သေဆုံးသူမှာ သူမ ခင်တွယ်လွန်းသော၊ နာရီပိုင်း အတွင်းကမှ နောက်ပြောင် နှုတ်ဆက် ထွက်ခွာသွားသော စောမူဟု သိလိုက်ရချိန်တွင် သူမ ဆောက်တည်ရာမရဖြစ်ရကာ အတိုင်းမသိ ကြေကွဲဝမ်းနည်းခဲ့ရသည်။ ဒီအဖြစ်ဆိုးက သူမကို တစ္ဆေတစ်ကောင်လို အမြဲ ခြောက်လှန့်နေပြီး ဓာတ်လှေကားနှင့် ဆက်နွယ်နေသည့် စိတ္တဇက သူမ၏ စိတ်ထဲ အမြစ်စတွယ် ခဲ့ရ၏။ သံမဏိ ဓာတ်လှေကားတွေ မည်မျှပင် ခေတ်မှီစွာ၊ လုံခြုံစိတ်ချစွာ တတ်ဆင်ထားသည် ဆိုသော်ငြား မည်သည့် ဓာတ်လှေကားကိုမျှ အေးဆုသီ မယုံကြည်တော့ပါ။ ဓာတ်လှေကား စီးရသည်ကို သူမ မုန်းတီးပြီး ကြောက်ရွံ့နေမိပါသည်။
ဓာတ်လှေကားကြောင့် စိတ်မသက်မသာ ဖြစ်နေရသည့်အထဲ ရုံးဆင်းရုံးတက်သည့် အချိန်တိုင်း အေးဆုသီ၏ စိတ်ကို ထပ်မံ၍ လူတစ်ယောက်က အနှောင့်အယှက် ပေးနေပြန်သေးသည်။
အေးဆုသီ ရှစ်တန်းကျောင်းသူဘ၀တွင် အဖေက ငှက်ဖျားပိုး ဦးနှောက်ထဲ ရောက်ကာ ဆုံးပါးသွားခဲ့သည်။ တက္ကသိုလ် ဒုတိယနှစ်တွင် အမေက နောက်အိမ်ထောင် ပြုခဲ့၏။ သူမတို့ မောင်နှမအပေါ် ပထွေးက ကောင်းခဲ့ပေမယ့် နားလည်သိတတ်သော အရွယ်ရောက်နေသည့် သူမအတွက် မည်သို့မျှ ပထွေးကို အဖေ့နေရာတွင် အစားထိုး၍ မရနိုင်ခဲ့ပေ။ သူမဘက်က ပထွေးကြောင့် အမေနှင့်သူမအကြား ဆက်ဆံရေးက အေးခဲသွားသလို ခံစားနေရသည်။ ပထွေးက သမီးလို သဘော ထားယုံမျှမက သူ့၏ တူတော်သူ အသက်လေးဆယ်နီးပါးနှင့် နီးစပ်အောင် နေ့တဓူဝ ပြောနေသည်မို့ တော်တော့်ကို စိတ်ပျက်နေမိ၏။
အေးဆုသီမှာ ချစ်သူရှိခဲ့ဘူးသည်။ တက္ကသိုလ် ပထမနှစ်တွင် မေဂျာတူ နောက်ဆုံးနှစ် ကျောင်းသား တစ်ဦးနှင့် သူမ ချစ်သူဖြစ်ခဲ့သည်။ ချစ်သူဖြစ်ပြီး တစ်နှစ်အကြာ သူက သူမတို့ နှစ်ယောက် ဘ၀ရှေ့ရေးအတွက် နိုင်ငံခြားသို့ အလုပ်သွားလုပ်ခဲ့သည်။ အချစ်ဦးမို့ ချစ်သူတစ်ယောက်လို ချစ်ရသည့်အပြင် အစ်ကို တစ်ယောက်လိုပါ အားကိုးမိခဲ့သော်လည်း ချစ်သူသက်တမ်း နှစ်နှစ်သာသာ ကြာခဲ့ပြီး ဟိုမှာပင် အိမ်ထောင်ပြုကာ အခြေကျနေပြီဟု သိရပြန်တော့ သူမရင်တွေ နာကျင်ခဲ့ရ၏။
အိမ်မှာ ပထွေးက အမေ့အပေါ် သြဇာညောင်း၏။ အေးဆုသီကို သူ့တူနှင့် အတင်း စီစဉ်ချင်လာတာမို့ အမေနှင့် မောင်လေးကို မငဲ့နိုင်တော့ဘဲ အဖွားအိမ်မှာ သွား၍ နေနေရတော့၏။ ကျောင်းအပြီးမှာ သူမ အလုပ်ဝင်ခဲ့သည်။ အလုပ်မှာ သူမ အာရုံနှစ်လိုက်သည်။ ကြိုးစားမှု၏ ရလဒ်အဖြစ် အလုပ်မှာ အရေးပါသူ ၀န်ထမ်း တစ်ယောက်အဖြစ် သတ်မှတ်ခံလာရကာ ကောင်းမွန်သည့် လစာဖြင့် ကိုယ့်ခြေထောက်ပေါ် ရပ်တည်လာနိုင်ခဲ့သည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရလာသော်ငြား ယောကျာ်းများကို မယုံကြည်သည့် စိတ်က ရင်ထဲမှာ ဖြစ်တည်နေဆဲ ဖြစ်၏။ ယောကျာ်းတွေမရှိဘဲ မိန်းမတွေ ဘာလို့ ရပ်တည်လို့ မရနိုင်ရတာလဲဟု စိတ်ထဲ အချဉ်ပေါက် တွေးနေမိတတ်လာ၏။ ဖြတ်သန်း တွေ့ကြုံလာခဲ့ရသည့် ဘ၀အနေအထားအရ ရွယ်တူများထက် လူလတ်ပိုင်း ကျော်လွန်ပြီး သူစိမ်း ယောကျာ်းများဆိုလျှင် ဘာကြောင့်မှန်း မသိ၊ သူမ၏ စိတ်ထဲ စိုးရွံ့မိနေတတ်သည်။ သည့်ထက် ပိုလာရင်တော့ မသဒီသလိုတောင် ခံစားလာရ၏။
လောလောဆည် နေ့စဉ်လိုလို အေးဆုသီ၏ စိတ်ကို အနှောက်အယှက် ပေးနေသလို ခံစားနေရသူ ယောကျာ်းတစ်ဦးရှိ၏။ သူက သူမတို့၏ ရုံးက ဓာတ်လှေကားမောင်းနှင်သူ ဦးလေးကြီးဖြစ်သည်။
သည်ရုံးကို ပထမဆုံးရောက်သည့်နေ့၌ပင် အေးဆုသီ သူ့ကို စပြီး သတိထားမိ၏။ သူမ၏ ရုံးခန်းပြောင်း စာရွက်စာတမ်းများ ထည့်ထားသည့် ကဒ်ထူဘုံးကြီးကို မနိုင်မနင်း သယ်မလာစဉ်၊ ဓာတ်လှေကားအ၀င်တွင် ဦးလေးကြီးက လှမ်းကူသယ်ပေးကာ ရုံးခန်းအ၀ ရောက်သည်အထိ လိုက်ပို့ပေးခဲ့သည်။ သူ့အသက်က ငါးဆယ် ကျော်ကျော်လောက်ဟု ခန့်မှန်းရ၏။ အရပ် ခပ်ပြတ်ပြတ်နှင့်၊ ညိုမောင်းသော အသားအရောင် ရှိသည်။ဆီဝေးနေသည့် ဆံပင်တို့က နေရာ တော်တော်များများမှာ ဖြူနေလေပြီ။ ပွယောင်းယောင်း နီစပ်စပ် မျက်နှာနှင့် ကျောက်ပေါက်မာ သဲ့သဲ့ ရှိသည်။ ရှပ်အိကျီ င်္နွမ်းနွမ်းကို အပေါ်မှ ကုတ်အိကျီ င်္အရောင်လွင့်ဖြင့် အမြဲတစေ တွဲဖက် ၀တ်ဆင်ထား၏။ သူ့၏ ဘယ်ခြေတစ်ဘက်က အနည်းငယ် ဆာနေကာ လမ်းလျှောက်လျှင် ထော့နင်း ထော့နင်းနှင့် ရှိ၏။ ဆယ့်နှစ်လွှာ ရှိသော ဤကွန်ဒို အသစ်တွင် ရောင်းရန် လက်ကျန် အခန်းများ မပြတ်မချင်း ကန်ထရိုက်တာမှ ဓာတ်လှေကား၊ ဂျင်နရေတာ မီးစက် စသည်တို့ကို တာဝန်ယူ စီစဉ်ပေးရပြီး၊ ဓာတ်လှေကား မောင်းပေးသည့် ဦးလေးကြီးသည်လည်း ကန်ထရိုက်တာမှ ယာယီခန့်ထားသူ ဓာတ်လှေကား မောင်းသည့် ၀န်ထမ်းတစ်ဦး ဖြစ်၏။
ဓာတ်လှေကားနှင့် တက်ရမည်ကို တွန့်ချင်နေသည့် စိတ်က ဓာတ်လှေကား မောင်းနှင်ပေးသူတစ်ဦး အမြဲ ရှိနေသည်ကို သိလိုက်ရချိန်၊ စိတ်ထဲ အဖော်တစ်ဦး အတူရှိနေပါလားဆိုသည့် အသိဖြင့် ကြောက်စိတ် လုံခြုံသွားသလို ဖြစ်ခဲ့ရသည်။ သို့သော် နောက်ရက်ပိုင်း အေးဆုသီဘက်က ပုံမှန် ဓာတ်လှေကားကို အသုံးပြုနေသော်လည်း သူ့အပေါ် ထူးထူးခြားခြား ရင်းနှီးပျူငှာလွန်းစွာ ဆက်ဆံတတ်သည့် ဦးလေးကြီး၏ အမူအရာများကြောင့် စိတ်ထဲ အနှောက်အယှက် ဖြစ်သလို ခံစားလာမိ၏။
ဦးလေးကြီးက ပျူငှာဖော်ရွေတတ်သည့် ပုံလည်းမပေါက်။ သို့ပေမယ့် သူမအပေါ် ထူးထူးခြားခြား တရင်းတနှီး ဆက်ဆံနေပုံက ရုံးမှ လုပ်ဖော်ကိုင်ဘက်များပင် ရိပ်စားမိလာချေပြီ။ ဓာတ်လှေကား စီးစဉ် မကြာမကြာ ကြုံတွေ့ရသော ဦးလေးကြီး၏ “ ဒီနေ့ စောသားပဲ ” “ လက်ထဲက ဘာအထုတ်တွေလဲ.. ပေး.. ပေး.. ဦးလေး ကိုင်ပေးထားရမလား ” “ ဒီနေ့ နေအတော် ပူတယ်နော် ” စသည့် ဧည့်ဝတ်စကားများ ပြောလာတိုင်း ခေါင်းညိမ့် ခေါင်းခါသည်က လွဲ၍ အေးဆုသီဘက်က စကားများများ တုန့်ပြန် မပြောဖြစ်ခဲ့ပေ။ သူမ နေမကောင်း၍ ရုံးမှ ခွင့်ယူစဉ် ဦးလေးကြီးက ရုံးမှ လူများကို “ ဟို ကလေးမလေး ဘာလို့ ရုံးမတက်တာလဲ” လို့ မေးသည်ကို ပြန်ကြားသိရတော့ စိတ်ထဲ “ဘာဆိုင်လို့ သူက မေးရတာလဲ.. သူ့နေရာ သူမနေဘူး..” ဟု စိတ်ထဲ ဖျဉ်းကနဲ ဖြစ်ရပြန်၏။ သူမ စိတ်က ထင်နေလို့ပဲလား မသိ၊ ဦးလေးကြီး တစ်ခါတစ်ခါ သူမကို ကြည့်သည့် အကြည့်တွေက စူးရှနေသလိုလို။ ဓာတ်လှေကားကို အသုံးပြုချိန် စကားမရှိ စကားရှာ ပြောတတ်သော ဦးလေးကြီးနှင့် ဓာတ်လှေကားထဲ နှစ်ယောက်ထဲ မဖြစ်စေရန် ဓာတ်လှေကား စီးချိန်တွင် အဖော်တစ်ယောက် ရှိနေစေဖို့ အေးဆုသီ စိတ်ထဲ ကြိတ်၍ ဆုတောင်းနေမိပြီ။
တစ်နေ့ မနက် စောစောစီးစီး ကြားလိုက်ရသည့် သတင်းက သူမ၏ ရင်ထဲ ကတုန်ကရင်ပင် ဖြစ်သွားရ၏။ မနက် ရုံးရောက်ရောက်ချင်း လုပ်ဖော်ကိုင်ဖက် တချို့က သူတို့ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံကို မန်နေဂျာအား တစ်ယောက်တစ်ပေါက် ပြောပြနေခြင်းကို အေးဆုသီ မျက်လုံး အ၀ိုင်းသားဖြင့် နားထောင်နေမိ၏။ ရုံးက ဓာတ်လှေကားကို အသုံးပြု၍ အပေါ်တက်လာနေစဉ် တဂျိမ်းဂျိမ်း အသံမြည်ကာ တုန်လှုပ် ခါရမ်းနေသဖြင့် စီးနေသူများ ထိတ်လန့်ခဲ့ကြရ၏။ သူမတို့ မန်နေဂျာက ဓာတ်လှေကား တစ်စုံတစ်ခု အဆင်မပြေလျှင် ဆက်သွယ် ပြောကြားနိုင်ရန် ဖုန်းနံပါတ်ကို ချက်ချင်းပင် ခေါ်စေလျှက် တာဝန်ရှိသူကို ကိုယ်တိုင် အသိပေး တိုင်ကြားသည်။ တစ်ဖက်မှ ချက်ချင်းပင် သူတို့၏ ပြင်ဆင်ရေးအဖွဲ့ကို စေလွှတ်လျှက် ကြည့်ခိုင်းမည်ဟု အကြောင်းပြန်လေသည်။ သူမကတော့ ကြားရသည့် အခြေအနေကြောင့် လက်ဖျားများပင် အေးစက်လို့ လာခဲ့သည်။
အဲ့သည်နေ့ တစ်နေ့လုံး ဓာတ်လှေကား သတင်းက သူမတို့ ရုံးမှာ သတင်းထူးတစ်ခု ဖြစ်ခဲ့သည်။ တစ်နေ့လုံး ဓာတ်လှေကားကို လိုအပ်သည်များ ပြင်ဆင်နေသည်မို့ ၀န်ထမ်းအားလုံး ရိုးရိုး အုတ်လှေကားကနေသာ အတက်အဆင်း ပြုရသည်။ ဘာဖြစ်မှန်းမသိ။ သူမ၏ စိတ်ထဲ နေ၍ မကောင်းလှချေ။ အလိုလိုနေရင်း ဓာတ်လှေကားစီးရမှာ ကြောက်နေသူ သူမအတွက်၊ ပို၍ စိတ်အနှောက်အယှက် ဖြစ်ရကာ အထပ်မြင့် အဆောက် အဦများနှင့် ဓာတ်လှေကားများကို ပို၍ မုန်းတီးလာမိ၏။ တစ်ချိန်ထဲမှာပင် ဓာတ်လှေကားနှင့် ဆက်စပ်လျှက် သူမ၏ စိတ်ကို ကသိကအောက် ဖြစ်စေသော ဦးလေးကြီးကိုပါ မြင်ယောင်မိရင်း အေးဆုသီတစ်ယောက် စိတ်ပျက်စွာ ခေါင်းကို ကြိတ်၍ ခါယမ်းမိလိုက်တော့၏။
တစ်နေ့မနက် ရုံးအရောက် ဓာတ်လှေကား တံခါးဖွင့်ကာ စောင့်နေသည့် ဦးလေးကြီးကို တွေ့လိုက်ရ၏။ ဆယ့်တစ်ထပ်ကို ခလုပ်နှိပ်အပြီး ဓာတ်လှေကား တအိအိ တက်သွားချိန်မှာ ဦးလေးကြီးက သူ့၏ ကုတ်အိကျီ င်္အိတ်ထဲမှ တစ်စုံတစ်ခုကို နှိုက်ယူလျှက် ““ ကလေး… ခရေပန်း ကြိုက်တယ် မဟုတ်လား.. ရော့… ဒီမှာ ကလေးအတွက်.. မွှေးမှမွှေး ”” ဟုပြောကာ အေးဆုသီ၏ လက်ထဲ ခရေပန်းကုံးများ အတင်းပင် ထည့်ပေးနေ၏။
“ ကျွန်မ ပန်းမကြိုက်ဘူး ”
စိတ်ထဲ အနှောက်အယှက် ဖြစ်သွားလျှက်က ငြင်းလိုက်၏။ ကောင်းကောင်း မွန်မွန်ငြင်းလိုက်လျှင် ရသော်လည်း ဦးလေးကြီး အပေါ်မှာ ရှိနေသည့် ပင်ကိုယ် စိတ်အခံက ကြောက်ကန်ကန်ကာ သူမ၏ မျက်နှာထားနှင့် လေသံက အတော်ပင် တင်းမာသွားရသည်။ ဦးလေးကြီး၏ မျက်နှာ အိုသွားပြီး ခရေပန်းကုံးလေးကို ကုတ်အကျီ င်္အိတ်ထဲသို့ ပြန်ထည့်လိုက်သည်ကို မျက်လုံးထောင့်က မြင်လိုက်မိသည်။ ဓာတ်လှေကားမှ အထပ်ပြ မီးနီလေးကို လှမ်းကြည့်လိုက်တော့ ငါးထပ်ကို ကျော်လို့နေပြီ။ အထပ် နံပါတ်ခြောက်တွင် လူတစ်ယောက် ၀င်လာစဉ် အနောက်ကို လှည့်ပင် မကြည့်တော့ပဲ တချိုးထဲ ထွက်ကာ အုတ်လှေကား ထစ်များအတိုင်း ရုံးခန်းရှိရာ ဆယ့်တစ်ထပ်ဆီသို့ အပြေးလမ်းလျှောက်၍ တက်လာလိုက်တော့၏။
ရုံးခန်းထဲ ရောက်တော့ ဒေါသစိတ်တွေကြောင့် သူမ ရင်တစ်ခုလုံး လှိုက်ဖိုလို့ နေတော့သည်။ ဦးလေးကြီး လုပ်ပုံကို မနှစ်မြို့သည့် စိတ်တွေက ခန္ဒာကိုယ်အနှံ့ ဆူလှိုက်လို့ ပျံ့တက်လာ၏။ ဓာတ်လှေကားထဲ ဦးလေးကြီးနှင့် နှစ်ယောက်ထဲ ကြုံမှာ စိုးထိတ်နေမိပြီ။ ဓာတ်လှေကားစီးတိုင်း ခံစားရသည့် ကြောက်ရွံ့စိတ်နှင့်ဆတူ ဦးလေးကြီးကို အေးဆုသီတစ်ယောက် ထိတ်လန့်လို့ နေလေသည်။
စိတ်ထဲက မေ့ဖျောက်ထားသော်ငြား ဦးလေးကြီးသည် ဓာတ်လှေကားကဲ့သို့ သူမ၏ စိတ်ကို စိုးထိတ်စေကာ လွှမ်းမိုးနေသည်ကို သတိပြုလိုက်မိ၏။ ဓာတ်လှေကားတစ်စင်းနှင့် လူတစ်ယောက်ကို အေးဆုသီ ကြောက်ရွံ့နေမိပြီ။
ဓာတ်လှေကား စီးရမှာ ကြောက်တတ်သူ သူမက၊ တစ်ခုခု ဖြစ်လျှင် အရေးပေါ်သိနိုင်ရန် ဓာတ်လှေကားမှာ ကပ်ထားသည့် စီးသူများ လိုက်နာရမည့် အချက်များကို ဓာတ်လှေကား စီးတိုင်းလိုလို သေချာဖတ်ဖြစ်၏။ မီးပျက်စဉ် ဓာတ်လှေကား ရပ်သွားလျှင်၊ ဓာတ်လှေကားတွင်း ပိတ်မိလျှင် အရေးပေါ် ဖုန်းခေါ်နိုင်သည့် နေရာ၊ ဓာတ်လှေကား အသုံးပြု၍ အဆင်မပြေလျှင် ဆက်သွယ် အကြောင်းကြားနိုင်သည့် ဓာတ်လှေကား တပ်ဆင်သည့် ကုမ္ပဏီမှ ဖုန်းနံပါတ်များ၊ ဓာတ်လှေကား အတွင်းက လက်ကိုင်ရန်နေရာ၊ ခလုပ်များ အားလုံးနီးပါးကို အေးဆုသီ အလွတ်ရနေလေပြီ။ ဤမျှ အလွတ်ရနေသော်ငြား ဓာတ်လှေကားနှင့်သော်၎င်း၊ ဓာတ်လှေကားမောင်းသည့် ကုတ်အိကျီ င်္ဝတ် ဦးလေးကြီးနှင့်သော်၎င်း၊ သူမ ယခုအချိန်အထိ အကျွမ်းတ၀င်စိတ် မဖြစ်မိသေးပေ။
သည်နေ့မနက် ရုံးနောက်ကျနေသဖြင့် ရုံးဓာတ်လှေကားသို့တက်စဉ် အဖော်တစ်ယောက်နှင့် ဆုံပါစေဟု လမ်းတစ်လျှောက် အေးဆုသီ ဆုတောင်းလာခဲ့သည်။ သို့သော် သူမ၏ ဆုတောင်းမှာ မပြည့်ဝခဲ့ပေ။ ဓာတ်လှေကားဆီ ရောက်တော၊့ အတူတက်မည့် အဖော်က တစ်ယောက်မျှပင် မရှိ။ သူမ သက်ပြင်းမောကို ဟူးခနဲ ချလိုက်မိသည်။ ဦးလေးကြီးက ဓာတ်လှေကား မောင်းပေးရန် အသင့် စောင့်နေလေပြီ။ ဦးလေးကြီး၏ လက်ညိုးက အထပ်နံပါတ် တစ်ဆယ့်တစ် ခလုတ်ကို နှိပ်လိုက်စဉ် သံမဏိ တံခါးနှစ်ရွက်က တဖြည်းဖြည်း ပိတ်သွား၏။ ဓာတ်လှေကားက ပုံမှန် တရွေ့ရွေ့ တက်နေပေမယ့် ကြာမြင့်လှသည်ဟု သူမ၏ စိတ်ထဲ ထင်နေမိသည်။ ဓာတ်လှေကား အခန်းကျဉ်းလေးထဲမှာ သူမ၏ စိတ်တွေ အိုက်လှောင် ကျဉ်းကြပ်လာရ၏။ စကားမရှိ စကားရှာ ပြောလာမည့် ဦးလေးကြီးကို စိုးရွံ့သဖြင့် အထပ်ပြောင်းတိုင်း ရွေ့လျားနေသည့် မီးနီလေးကိုသာ မမှိတ်မသုန် ကြည့်နေမိသည်။ မီးနီလေးက နံပါတ်သုံးသို့ ပြနေသည်။
ထိုစဉ် ဂျိမ်းခနဲ မြည်သံနှင့်အတူ ဓာတ်လှေကားက သိမ့်ကနဲ၊ ငြိမ့်ကနဲ ဖြစ်သွား၏။ သူမ၏ ရင်ထဲ ဖိုလှိုက်သွားရကာ ကြောက်ရွံ့စိတ်ကြောင့် နှလုံးသားတစ်ခုလုံး အပြင်သို့ ခုန်ပေါက် ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ရင်ခုန်သံတို့က တစ်ဟုန်ထိုး မြန်လာခဲ့သည်။ မသိလျှင် ငလျှင်များ လှုပ်နေသလိုလို။ ဂျလိမ်းဂျလိမ်း အော်မြည်သံနှင့်အတူ ဓာတ်လှေကားက ဘယ်ညာလှုပ်ရမ်း နေလျှက်က၊ အပေါ်သို့ တရွေ့ရွေ့ ဆက်၍ တက်နေ၏။ အခြားသူများ ကြုံခဲ့ရသလို သူမကိုယ်တိုင် ကြုံနေရလေပြီ။ ဓာတ်လှေကားက ငါးထပ်ကို ကျော်နေပြီ။
သူမ လက်ထဲမှ ထမင်းချိုင့်၊ ခေါက်ထီးနှင့် တိုလီမုတ်စတို့ ထည့်ထားသည့် ကြိမ်ခြင်းတောင်းက ကြမ်းပြင်သို့ မည်သို့ လွတ်ကျသွား လိုက်မှန်းမသိ။ ထမင်းချိုင့်ထဲမှ ဟင်းအဆီအနှစ်များက ကြိမ်ခြင်းထဲမှ ကြမ်းခင်းပေါ်သို့ ယိုစိမ့်ထွက်လာကာခြေရင်းတွင်ပေကျံကုန်သည်။ သူမ၏ လက်အစုံက အလွတ် ကျက်မှတ်ထားသည့် ခန္ဒာကိုယ် အနောက်ဘက်မှ သံမဏိနံရံတွင် ကပ်လျှက် တပ်ဆင်ထားသည့် လက်ကိုင်တန်းကို ချက်ချင်းဆိုသလို ဆုတ်ကိုင်မိလိုက်သည်။ ချွေးစေးတို့က ခန္ဒာကိုယ်အနှံ့ စိမ့်ထွက်လာသည်။ အကြောက်တရား၏ လွှမ်းခြုံမှုက မျက်လုံးအစုံကို စုံမှိတ်စေလျှက် အသက်ကို အလိုလို အောင့်မိလျှက်သားရှိ၏။ ဓာတ်လှေကားက ခွန်နှစ်ထပ်သို့ တဂျိမ်းဂျိမ်းနှင့် ဘယ်ညာလှုပ်ခါရမ်းလျှက် တက်နေဆဲ။
“ စိတ်မပူနဲ့ကလေး..၊ ရောက်တော့မှာ..၊ ရောက်တော့မှာ..”
နားထဲ တိုးဝင်လာသည့် ဦးလေးကြီး၏အသံကြောင့် ကြောက်စိတ်တွင် အော်ဂလီဆန်သည့် စိတ်ကပါ တဖွားဖွား ထပ်တိုးလာ၏။ ဓာတ်လှေကားက ဘယ်ညာလှုပ်ရမ်းနေဆဲ။ အေးဆုသီ နှုတ်မှ သံဗုဒ္ဓေကို အဆက်မပြတ် ရွတ်နေမိ၏။ သတိထားနေလျှက်က ကိုးထပ်သို့ ဓာတ်လှေကား အရောက်တွင် မိုက်ခနဲဖြစ်သွားကာ၊ ဓာတ်လှေကား ကြမ်းပြင်ပေါ်သို့ သူမ ထိုင်လျက်သား ခွေကျသွား၏။ ခေါင်းထဲ မူးဝေ၍ လဲကျသွားသော်ငြား သတိ ရှိနေသေးသည်။ မူးဝေေ၀ အသိတွင် ဦးလေးကြီး ဒူးညွတ် ထိုင်ချလိုက်တာကို သူမ တွေ့လိုက်ရသည်။ ဓာတ်လှေကား ကြမ်းပြင်သို့ ပုံလျက်သား လဲကြကာနီး ကြမ်းရှပြီး တင်းကြပ်သန်မာသည့် ဦးလေးကြီး၏ လက်တစ်ဖက်က သူမ၏ လက်မောင်းကို ဆုတ်ကိုင်ခြင်း ခံလိုက်ရသည်။ ဦးလေးကြီး ကုတ်အိကျီ င်္ထဲ လက်နှိုက်သည်ကို တွေ့လိုက်စဉ် စိတ်ကို အစွမ်းကုန်တင်း၍ ခန္ဓာကိုယ် တစ်ခုလုံးရှိ ခွန်အားများကို စုစည်းကာ ဦးလေးကြီးကို အားကုန် ဆောင့်တွန်းထည့်လိုက်မိ၏။

ထိုအချိန်တွင် လှုပ်ရမ်းတုန်ခါနေသော ဓာတ်လှေကားက ဆယ့်တစ်ထပ်သို့ အရောက် ငြိမ်သက်ကာ တံခါးပွင့်သွား၏။ အေးဆုသီတစ်ယောက် မူးဝေနေလျှက်က ကြမ်းပြင်ပေါ်မှာ ကျနေသည့် ကြိမ်ခြင်းတောင်းကို အမြန်ကောက်ယူလိုက်စဉ် မျက်လုံးထောင့်ထဲ ဦးလေးကြီး၏ လက်ထဲမှ ရှူဆေးဗူးကို မြင်လိုက်ရသည်။ သူမ ရုံးခန်းထဲသို့ အပြေးတစ်ပိုင်းဝင်ခဲ့၏။
နှလုံးအားနည်းအခံရှိသည့် သူမ ရုံးစားပွဲသို့အရောက် မူးဝေသည့် အရှိန်နှင့် ရင်ထဲတလှပ်လှပ် ဖြစ်လာ၏။ စားပွဲပေါ် မျက်နှာမှောက်ကာ ငြိမ်တိတ်စွာနေနေမိစဉ် သူမ၏ နဘေးသို့ လုပ်ဖော်ကိုင်ဘက်များ ၀ိုင်းအုံလာကြသည်။ သည်နေ့အဖို့ သူမ အလုပ်ဆက်လုပ်ရန် မည်သို့မျှ မဖြစ်နိုင်တော့သည့်အတွက် အားလုံး၏ ၀ိုင်းဝန်းအကြံပေးချက်အရ ခွင့်တစ်ရက်တင်ကာ အိမ်သို့ ချက်ချင်း ပြန်လာခဲ့သည်။
အေးဆုသီမသိလိုက်သည်က ဆယ့်တစ်လွှာ၏ အုတ်လှေကားတွင် တံမြက်စည်းလှဲနေသည့် ကွန်ဒို၏ သန့်ရှင်းရေးဝန်ထမ်း ကောင်မလေးသည် သူမ ရုံးခန်းထဲသို့ အပြေးဝင်သွားစဉ်တွင် လှေကား၌ တံမြက်လှည်းနေပြီး သူမဓာတ်လှေကားထဲမှ ထွက်လာစဉ် ခြေဖြင့်တိုက်မိ၍ ငြိပါလာသည့် အပေါစားခေါက်ပိုက်ဆံအိတ် အနွမ်းတစ်လုံးကို ကြမ်းပြင်ပေါ်မှ ကောက်ယူ လိုက်လေသည်။
အေးဆုသီ ရုံးမှ ခွင့်ယူထားသည်မှာ သုံးရက် ရှိနေလေပြီ။ ပြီးခဲ့သည့် ဓာတ်လှေကား ကိစ္စက လန့်ဖျားဖျားယူရသည်အထိ သူမကို ရိုက်ခတ်ခဲ့သည်။ ခြေတဘက် မသန်သည့် လူတစ်ယောက် သူ့အနောက်လိုက်၍ ထွက်ပြေးရသည်ဟု ခြောက်အိပ်မက်တွေတောင် မက်လို့နေခဲ့၏။ ယခုလည်း ရုံးသို့ လာသာလာရသည် စိတ်ထဲ ဓာတ်လှေကားနှင့် ဦးလေးကြီးကို ရင်ဆိုင်ရမည်ကို စိုးတထိတ်ထိတ် ဖြစ်နေမိ၏။ ဓာတ်လှေကားတွင် စီးရန် အဖော်မရှိလျှင် အုတ်လှေကားကို အသုံးပြု၍ှ လမ်းလျှောက်တက်ဖို့ သူမ ဆုံးဖြတ်ထား၏။ ရုံးသို့ရောက်သော် ဓာတ်လှေကားရှေ့တွင် ရုံးမှအဖော်များ သာမက အခြားအထပ်မှ လူများပါ ဓာတ်လှေကား စောင့်နေသည်ကို ကံအားလျော်စွာ တွေ့လိုက်ရ၏။ သူငယ်ချင်းများက ခွင့်ယူရာမှ ရုံးပြန်တက်သည့် သူ့ကို ၀ိုင်း၍ နှုတ်ဆက်ကြ၏။ ထိုစဉ် ဓာတ်လှေကားတံခါး ပွင့်သွားပြီး သူမတွေ့လိုက်ရသည့် ဓာတ်လှေကား မောင်းသူက မျှော်လင့် စိုးထိတ်နေသည့်သူ မဟုတ်ပဲ တခြား လူသစ်တစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ရုံးခန်းထဲရောက်ချိန် သူမ၏ နဘေးစားပွဲမှ သူသူက..
“အေးဆု.. နင်ရုံးက ပြန်သွားတဲ့နေ့ထဲက ဒီကွန်ဒိုက သန့်ရှင်းရေးလုပ်တဲ့ ကောင်မလေးက ခေါက်ပိုက်ဆံအိတ်တစ်လုံး နင့်ဟာဆိုပြီး လာပေးသွားတယ်… ရော့… ဒီမှာ ”
သူသူ့ လက်ထဲ တွေ့လိုက်ရသည့် ပိုက်ဆံအိတ် နွမ်းနွမ်းလေးက ဘယ်လိုနည်းနှင့်မှ သူမ၏ အိတ်မဟုတ်ဟု အေးဆုသီ သိလိုက်သည်။
“ ဟာ… ဒါကြီးက ငါ့ဟာဖြစ်နိုင်ပါ့မလား ”

“ အေးလေ… ငါလည်း နင့်ဟာတော့ မဟုတ်လောက်ဘူးလို့ ထင်မိပါတယ်၊ ဒါပေမယ့် သူက အထဲမှာ နင့်ပုံတွေ့ရတယ်၊ နင့်အိတ်လို့ စွတ်ပြောနေလို့ ငါလည်း ယူထားလိုက်တာ ”
“ ဘာရယ်… ငါ့ပုံက ဒီအိတ်ထဲမှာ.. ဟုတ်လား သူသူ ”
“ အေး… အိတ်ထဲမှာ ဘုရားစာရေးထားတဲ့ စာရွက်ခေါက်တွေရယ်၊ နောက်.. အထဲမှာတွေ့တဲ့ ဓာတ်ပုံလေးကိုကြည့်ပြီး ငါလည်း စိတ်ထဲ ဇဝေဇ၀ါဖြစ်သွားလို့ ဒီပိုက်ဆံအိတ်လေးကို ယူထားလိုက်တာ၊ ပုံလေးက နင်နဲ့ တော်တော်ဆင်တယ်ဟ…”
သူသူ့ လက်ထဲက ပိုက်ဆံအိတ်လေးကို ဆတ်ခနဲ ယူဖွင့်၍ ဓာတ်ပုံကို ထုတ်ကြည့်မိလိုက်တော့ မျက်လုံးလေးများပင် ၀ိုင်းခနဲ ဖြစ်သွားရသည်။
အဖြူအမည်း ပတ်စပို့ဓာတ်ပုံထဲက သူမနှင့် ရွယ်တူခန့် မိန်းကလေး တစ်ယောက်။ သူ့လို မျက်လုံးပြူးပြူး ၀ိုင်းဝိုင်းလေးနှင့် သွယ်လျလျ မျက်နှာကျလေးကို ဘောင်ခတ်ထားသည့် ဆံပင်အုပ်အုပ်လေးနှင့်။ အေးဆုသီ သူ့၏ ဆံပင်အုပ်အုပ်လေးကိုတောင် လွတ်နေသည့် အခြား လက်တစ်ဖက်ဖြင့် ယောင်ယမ်း၍ ကိုင်မိလိုက်သည်။ သူမနှင့် အတော်ပင် ဆင်တူသယောင် ရှိသည့် မိန်းကလေးတစ်ယောက်က ၀ါကျင်ကျင် ဓာတ်ပုံလေးထဲကနေ အေးဆုသီကို ကြည့်လို့နေ၏။ တချိန်ထဲမှာ သူမ၏ မျက်လုံးထဲတွင် မြင်လာသည်က ခြေတဖက် ဆာနေသည့် ပွယောင်းယောင်း ကျောက်ပေါက်မာ မျက်နှာပိုင်ရှင် ဦးလေးကြီး။
အေးဆုသီ ရုံးမှ လက်တိုလက်တောင်း မအေးကို အကူအညီ တောင်း၍ သန့်ရှင်းရေးကာင်မလေးကို လိုက်ရှာစေပြီး သူမဆီ ခေါ်လာခိုင်း လိုက်သည်။ ဆယ်မိနစ်ခန့်အကြာ သန့်ရှင်းရေး ကောင်မလေးက သူမရှေ့ ရောက်လာ၏။ အေးဆုသီက ခေါက်ပိုက်ဆံအိတ်လေးကို ကောင်မလေးသို့ လှမ်းပေးရင်း…
“ အဲ့ဒါ တို့ပိုက်ဆံအိတ် မဟုတ်ဘူး…”
“ ဟင်… မဟုတ်ဘူးလား၊ ကျွန်မက အစ်မဟာထင်လို့..၊ အဲ့ဒီနေ့က အစ်မ ဓာတ်လှေကားထဲက ထွက်လာတော့ ကျကျန်ခဲ့တာဘဲ၊ ကျွန်မလည်း အလုပ်တွေ ပြတ်တာနဲ့ အစ်မဆီလာပို့တော့ အစ်မက ပြန်သွားပြီဆိုလို့ ဒီက အစ်မဆီ ထားခဲ့တာ..၊ အထဲက ပုံက အစ်မနဲ့ တူလိုက်တာနော်…”
သူမ မူးလဲကျသွားတာ၊ သူမ၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်လာသည့် လက်တစ်ဘက်၊ ဆောင့်တွန်းလိုက်ချိန်မှာ လဲကျကျန်ရစ်ခဲ့ သည့် ဦးလေးကြီး၏ လက်ထဲက ရှူဆေးဗူးလေး…။ အေးဆုသီ၏ စိတ်ထဲ လွန်ခဲ့သည့် သုံးရက်က ဓာတ်လှေကားထဲမှာ ဖြစ်ခဲ့သည့် အဖြစ်အပျက်ကို ပြန်မြင်လာမိ၏။ သက်ပြင်းတစ်ချက် ရှိုက်လိုက်ရင်းက…
“ ပုံလေးက တို့နဲ့ ဆင်တယ်…၊ ဒါပေမယ့် တို့လုံးဝမဟုတ်ဘူး…၊ အင်းးးးးးးးး……”
အေးဆုသီက “ အင်း ” ဟု သံရှည်ဆွဲလိုက်ပြီး….
“ ဓာတ်လှေကားမောင်းတဲ့ ဦးလေးကြီးဟာ ဖြစ်မယ်ထင်တယ်၊ သူ့ကို ညီမ မေးကြည့်လိုက်ဦးနော် ”
“ အဲ့ဒီ ဦးလေးကြီး မလာတာ သုံးရက်တောင် ရှိနေပြီ အစ်မရဲ့၊ ကန်ထရိုက်က ကျွန်မတို့တွေကို နေ့စားဝန်ထမ်း ခန့်ထားတာဆိုတော့ တစ်ပါတ်စောင့်လို့မှ မလာရင် အလိုလို အလုပ်ပြုတ်ပြီးသားပဲ၊ ဒါကြောင့် ဦးလေးကြီး အလုပ်ပြုတ်မှာ ကျွန်မတောင် စိတ်ပူနေသေးတယ်၊ လောလောဆည်တော့ ကန်ထရိုက်က ဟိုဘက်ဆိုက်က တစ်ယောက်ကို သူ့အစားတောင် ၀င်ထားခိုင်းပြီးပြီ၊ အစ်မ တက်လာတုန်းက သူ့နေရာမှာ လူအသစ်ကို တွေ့တယ် မဟုတ်လား ”
“ အင်း… တွေ့တယ် ”
“ ဦးလေးကြီးက ဒလဘက်ကမ်းမှာ နေတယ်လို့တော့ ပြောတာဘဲ၊ နီးနီးနားနားဆို ကျွန်မလည်း သွားမေးကြည့်ပါတယ်…၊ သူက သနားစရာ အစ်မရဲ့ ”
သန့်ရှင်းရေးကောင်မလေး ပြောလာသည့် “ သူက သနားစရာ အစ်မရဲ့…” ဆိုသည့် စကားကြောင့် အေးဆုသီ၏ မျက်ဝန်းလေးများက စိတ်ဝင်စားမှု အရှိန်ဖြင့် ၀ိုင်းခနဲဖြစ်သွားရ၏။
“ သူ့ မိန်းမက နောက်အိမ်ထောင်ပြုသွားတယ်တဲ့၊ သမီးအပျိုတစ်ယောက် ရှိတယ်ပြောတယ်၊ သူ့ကို ခရေပန်းရောင်း ရှာကျွေးတာတဲ့၊ သူ့သမီးကိုတော့ တော်တော်ချစ်တဲ့ ပုံရတယ်၊ တစ်နေ့ မနက်စောစော သူ့သမီး ပန်းသွားကောက်နေတုန်း ဈေးကြိုတဲ့ကား ဘရိတ်ပေါက်ပြီး ၀င်တိုက်မိတာ နေရာမှာတင် ပွဲချင်းပြီး သေပါလေရောတဲ့၊ သနားစရာ အစ်မရယ် ”
အေးဆုသီ စိတ်ထဲ နင့်ခနဲဖြစ်သွားရကာ သန့်ရှင်းရေးကောင်မလေး ပြောပြနေသည်ကို နားထောင်နေရင်း ဦးလေးကြီး၏ သူမအပေါ် တရင်းတနှီး ဆက်ဆံပုံ၊ ဓာတ်လှေကား ကြောက်တတ်သူ သူမကို ဂရုတစိုက်ရှိမှု၊ ခရေပန်းကုံးလေး ထုတ်ပေးတုန်းက သူငြင်းလိုက်စဉ် စိတ်မကောင်း ဖြစ်သွားသည့် မျက်နှာ၊ ဓာတ်လှေကားထဲမှာ သူမစောင့်တွန်းလိုက်စဉ် လဲကျသွားသည့် သူ့လက်ထဲက ရှူဆေးဗူးလေး..။ သေဆုံးသွားသည့် သမီးတစ်ယောက်ကို လွမ်းဆွတ်နေမည့် ဖခင်တစ်ယောက်၏ သူ၏သမီးနှင့် ဆင်ဆင်တူသည့် သူမအပေါ် ဂရုတစိုက် ရှိနေမိသည့် အပြုအမူ။ ဘ၀တူ အမိမငဲ့၊ အဖမဲ့သမီး တစ်ယောက်ဖြစ်သည့် အေးဆုသီ၏ စိတ်ထဲတွင် ဦးလေးကြီး အလုပ်မဆင်းနိုင်ခြင်းသည် သူမ၏ ပယောဂမှ ကင်းလေရဲ့လားဟု တွေးမိလာ၏။
အဲ့သည်ညက သူမ တော်တော်နှင့် အိပ်မပျော်ခဲ့ပေ။
သူမ ရုံးလာစဉ် လက်ထဲမှာ အ၀တ်အိတ်တစ်လုံးက မနိုင်မနင်းဖြင့် ပါလာသည်။ ထိုအိတ်ထဲတွင် အဘွားထံမှ ခွင့်တောင်းကာ ယူလာခဲ့သည့် ပရုပ်လုံး ရနံ့သင်းနေသည့် အဘိုးမ၀တ်တော့သည့် အနွေးထည်၊ ရှပ်အိကျီ င်္နှင့် ပုဆိုးအချို့က အိတ်တစ်လုံးနှင့် အပြည့်။ အဘွားထည့်ပေးလိုက်သည့် အ၀တ်တွေက ၀တ်ပြီးသားများ ဖြစ်သော်လည်း အတော့်ကို လတ်သေးသည်။ သည်အ၀တ်များကို သန့်ရှင်းရေးကောင်မလေးမှတဆင့် ဓာတ်လှေကား မောင်းသည့် ဦးလေးကြီး ကိုပေးလိုက်ရန် သူမ ရည်ရွယ်ထားသည်။ တန်ဘိုးမရှိသော်လည်း ဦးလေးကြီး အပေါ် သူမ၏ နားလည်စိတ်ကို တနည်းနည်းဖြင့် ဖော်ပြပေးနိုင်မည်ဟု မျှော်လင့်နေမိ၏။
သို့်သော် သူ့အ၀တ်ထုတ်ကို လက်ခံယူမည့်သူက တစ်ရက်လည်း ပေါ်မလာ၊ နှစ်ရက်လည်း ပေါ်မလာခဲ့ပေ။ သူမ မျက်လုံးများက ရုံးကို ရောက်သည့် နေ့တိုင်း “ ဓာတ်လှေကား ဘယ်သူများ မောင်းနေသလဲ” ဟု တစ်နေ့မပြတ် သတိထားကြည့်နေမိ၏။ သည်လိုနှင့် လက်ခံသူမဲ့ အ၀တ်ထုတ်ကြီးသည် သူမ၏ ရုံးဘီဒိုထောင့်တွင် ရက်အတော်ကြာသည်အထိ ရှိနေခဲ့၏။
တစ်လခန့်အကြာ၊ ရုံးဆင်းချိန်တစ်ရက်တွင် ရုံးဘီဒိုထဲတွင် တပုံ့ပုံ့နှင့် သောင်တင်နေသည့် အ၀တ်ထုတ်ကြီးကို အေးဆုသီ ဆွဲထုတ်ယူလိုက်လေသည်။ အဲ့သည်နောက် အထုတ်ကြီးကို မနိုင်မနင်းပိုက်လျှက် စီးနေကြ ကားမှတ်တိုင်ဆီသို့ တရွေ့ရွေ့ လျောက်လာခဲ့သည်။
လမ်းလျှောက်လာစဉ် သူမ၏ ရင်ထဲ စိတ်မကောင်းသလိုလို ခံစားရကာ နှုံးချိနေမိ၏။ စိတ်ထဲတွင် ဘယ်ဒေသ၊ ဘယ်နေရာ ရောက်နေသည်ကို မသိတော့သည့် ဦးလေးကြီးအပေါ် အားတုန့်အားနာ ဖြစ်မိသလိုလို၊ အပြစ်မကင်းသလိုလို ခံစားနေရသည်။ သည်အထုတ်ကြီးကို အဘွားလက်ထဲ ပြန်အပ်လိုက်လျှင် အဘွားက မည်သို့မေးလာဦးမည်မသိ။ “ သမီးပေးဖို့ ရည်ရွယ်ထားတဲ့သူ မတွေ့တော့လို့ပါ အဘွားရယ်” လို့ ပြန်ပြောလျှင် အဘွားက နားလည်ပေးနိုင်ပါ့မည်လား မသိ။ အဘွားကို သူမ၏ ဓာတ်လှေကားနှင့်ထပ်တူ ယောကျာ်းတွေ အပေါ် ကြောက်ရွံ့နေစိတ်များကို ပြောပြလိုက်လျှင် အဘွားက သူမကို နှစ်သိမ့်မှု တစ်ခုခုတော့ ပေးလိမ့်မည်ဟု အေးဆုသီ မ၀ံ့မရဲ မျှော်လင့်နေမိသည်။
ရုံးဆင်းချိန်ဖြစ်၍ လမ်းမတစ်လျှောက် လူများ၊ ကားများဖြင့် ပျားပန်းခတ်မျှ ရှုပ်ထွေးလျှက်ရှိ၏။ ဤသို့ တရွေ့ရွေ့ လျှောက်လာစဉ် သူမ၏ မျက်လုံးများက ကားမှတ်တိုင်ရှိနေရာ တစ်ဘက်လမ်းဆီမှ လူအုပ်ကြားထဲတွင် ရင်းနှီးခဲ့ဘူးသည့် ခြေလှမ်းဆာတာတာနှင့်၊ ကုတ်အိင်္ကျီနွမ်းနွမ်းတစ်ထည် ၀တ်ဆင်ထားသည့် လူတစ်ယောက်၏ ပုံရိပ်တစွန်းတစကို လှမ်းမြင်လိုက်ရ၏။ သူမကိုယ်တိုင် သတိမထားလိုက်မိခင် အချိန်လေးအတွင်းတွင် ခြေလှမ်းအစုံက ကားများ ရှုတ်ထွေးနေသော လမ်းကို ချက်ချင်းဖြတ် ကူးမိလိုက်၏။ အလျဉ်စလို မောင်းနှင်နေသော ကားများက သူမ၏ဦးတည်ရာ လမ်းကြောင်းကို ချက်ချင်း ဖြတ်ကူးခွင့် မပေးပေ။ လမ်းအလယ် ကားများ ကြားထဲတွင် အ၀တ်ထုတ်ကြီး ပိုက်လျှက် ခဏပိတ်မိနေ လိုက်သေး၏။
တစ်ဘက် ပလက်ဖောင်းသို့ ရောက်လျှင်ရောက်ချင်း သူမ၏မျက်လုံးများက လူစည်ကားနေသည့် ကားမှတ်တိုင်တ၀ိုက်သို့ ကြည့်လိုက်မိ၏။ သို့သော် လူအပြည့်အကြပ်ဖြင့် ထွက်ခွာသွားသည့် ဘတ်စ်ကားတစ်စီးပေါ်သို့ တိုးဝှေ့တက်သွားသော အရောင်မွဲကုတ်အင်္ကျီတစ်ထည်၏ ပုခုံးစွန်းလေးကို လက်မတင်လေးသာ လှမ်းတွေ့လိုက်ရတော့၏။ အေးဆုသီတစ်ယောက် အ၀တ်ထုတ်ကြီးပိုက်လျှက် ကားမှတ်တိုင်မှ တရွေ့ရွေ့ ထွက်ခွာသွားသည့် ဘတ်စ်ကားကြီး၏ နောက်ကျောကို မချင့်မရဲ ကြည့်နေလိုက်မိ၏။
ထိုစဉ် အေးဆုသီ၏ နားထဲသို့ သနားစဖွယ်အသံတစ်ခုက တိုးဝှေ့ဝင်လာ၏။ ကားမှတ်တိုင်နှင့် မနီးမဝေးနေရာတွင် အဘိုးအိုတစ်ဦးက လမ်းသွားလမ်းလာ များထံမှ ပိုက်ဆံအလှူခံနေလေသည်။ သူမ တွေခနဲ ခဏဖြစ်သွားသည်။
အဲ့သည်နောက် သူမ၏ ခြေလှမ်းများက အမှတ်မထင် ထိုအဘိုးအို ရှိရာဆီသို့ ဦးတည်မိလျှက်သားရှိ၏။ လက်ထဲက အ၀တ်ထုတ်ကြီးကို အဘိုးအို၏ လက်ထဲသို့ ဂရုတစိုက် ထည့်ပေးလိုက်သည်။ အံ့သြ၀မ်းသာနေသည့် အဘိုးအို၏ မျက်ဝန်းမှ အရိပ်စစ်များကို သူမကျေနပ်စွာ လက်ခံယူနေမိရင်း အဘွားသူ့ကို ဆုံးမခဲ့ဘူးသည့် စကားတစ်ခွန်းက စိတ်ထဲ ရုတ်ချည်း ထင်ဟပ်လာ၏။
“ အကြွေးတကာ အကြွေးထဲမှာ စိတ်မနောထဲ တင်ကျန်ရစ်နေတဲ့ စိတ်အကြွေးက ပြန်ဆပ်ဖို့ အခက်ခဲဆုံးဘဲ..၊ အသေးအမွှားဆုံးလေးပဲ ဖြစ်ပါစေ အကြွေးမထားပဲ အမြန်ဆုံး ပြန်ဆပ်နိုင်ဖို့ ကြိုးစား မြေးရေ… ”
မိမိ၏ စိတ်မနော သန့်ရှင်းနိုင်မှုသည် အမှန်တကယ်တွင် မိမိကိုယ်ကိုမိမိ ရှင်းရှင်းလင်းလင်း ပြန်လည်၍ သိမြင်နိုင်ခြင်းသာဖြစ်သည်ဟု အခိုက်အတန့် အတွင်းမှာ သူမ သေချာ နားလည်လိုက်မိ၏။ လွန်ခဲ့သည့် ရက်အတန်ကြာကတည်းက သူမ၏ စိတ်ထဲတွင် မတင်မကျ ဖြစ်နေခဲ့သမျှ အရာအားလုံး ယခုမှပင် ပေါ့ပါးရှင်းလင်း သွားတော့၏။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
** မြသွေးနီ**
/span>

No comments:
Post a Comment