**မဟာယာနလှုပ်ရှားမှုကိုလူဥပသကာတို့ကစတင်ခဲ့ကြောင်းအယူအဆ**
မဟာယာနလှုပ်ရှားမှုကိုလူဥပသကာတို့ကစတင်ခဲ့ကြောင်းအယူအဆကို ပြင်သစ်လူမျိုး
ဗုဒ္ဓဘာသာသမိုင်းပညာရှင် အေတျန်းလာမုတ်(Étienne Lamotte) က တင်ပြခဲ့၏။
လာမုတ်၏ အနုမာန အရ ရဟန်းတော်တို့၏ အတိမာန နှင့် ထောင်လွှားမှုကို
လူဥပသကာတို့က တုန်ပြန်ခြင်းအားဖြင့် ပေါ်ပေါက်ခဲ့ သည်ဟုဆိုပါသည်။
ဘုရားရှင်လွန်ပြီးနောက်
နှစ်ပေါင်း ၅၀၀ အတွင်း ဗုဒ္ဓဘာသာသည် တိုးတက်ခဲ့သော်လည်း အတွင်း အပ
အခက်အခဲတွေ ကို ရင်ဆိုင်ခဲ့ရလေသည်။
ပိဋကတ်ကျမ်းစာများအပေါ် အမြင်မတူညီမှု ကျမ်းစာသစ်များ ထပ်တိုးလိုစေခြင်း
ဝိနည်းကို လျှော့စေခြင်း စသော ကွဲပြားမှုများဖြင့် ရုန်းကန်ခဲ့ရာဝယ်
လူဥပသကာတို့က ရဟန်းတော်များ၏ တရားသေ အနက်ဖွင့်ဆိုချက်များကို
ဝေဖန်ဆန်းစစ်ရာမှ မဟာယာနလှုပ်ရှားမှု စတင်ကြောင်း အေတျန်းလာမုတ်က
တွေးဆခဲ့သည်။
စေတီ ထူပါ ကိုးကွယ်မှု ကို အခြေခံပြီး မဟာယာနလှုပ်ရှားမှုကို လူဥပသကာ
တို့ကစတင်ခဲ့ကြောင်းအယူအဆကို ဂျပန်လူမျိုး ဗုဒ္ဓဘာသာသမိုင်းပညာရှင် အကိရ
ဟိရကာဝ (Akira Hirakawa) (1963; cf. Hirakawa 1990: 256–74).က တင်ပြခဲ့
ပါသည်။ ဘုရားရှင်လွန်ပြီးနောက် ကျန်ရစ်သော ဓါတ်တော်မွေတော်များကို စေတီ
ထူပါ များတည်ဆောက် ဋ္ဌာပနာပြီး ကိုးကွယ်ခဲ့ကြသည်။ စေတီ ထူပါ တို့ ကို
လူဥပသကာ ဗုဒ္ဓဘာသာဝင်တို့က စောင့်ရှောက်ခဲ့ကြပြီး စေတီ ထူပါ ကိုးကွယ်မှု
ကို အခြေခံ၍ မဟာယာနဆိုင်ရာ အယူအဆများ တိုးတက်ထွန်းကားလာခဲ့ကြောင်း အကိရ
ဟိရကာဝ က ကောက်ချက်ဆွဲလိုဟန်တူပါသည်။ ထို့အပြင်
နာမည်ကျော်ဝိမလကိတ္တိနိဒ္ဒေသသုတ္တန် မှာ လူဥပသကာဝိမလကိတ္တိ က
အဆင့်မြင့်မားသော မဟာယာနဆိုင်ရာ တရားအသိဥာဏ် ကို ဖေါ်ကျူးခဲ့ပုံကို
ထောက်ရှုပြီး မဟာယာနလှုပ်ရှားမှုကို လူဥပသကာ တို့က ဦးဆောင်မှု ပြုခဲ့ကြောင်း
မှန်းဆကြသည်။
ဘဒ္ဒကာရဗျာကရဏသုတ္တန် မှာ လူဗောဓိသတ္တက မဟာယာနတရားမကျင့်သုံးသော ရဟန်းထက်
ပိုမြင့်မြတ်ကြောင်း ရေးသားထားချက်ကို တွေ့ရလေသည်။ ထူးခြားသော အဖြစ်အပျက်
တစ်ရပ်ကို မှတ်တမ်းပြုထားပုံမှာ အသောကဒတ္တာ ဗျာကရဏသုတ္တန်တွင် အသောကဒတ္တာ
အမည်ရှိ (၁၂) နှစ်အရွယ် ဘုရင့် သမီးတော်လေး က နန်းတောထဲဝင်လာသော
ရဟန်းတော်များကို ရှိခိုးဦးချရန် ငြင်းဆန်ခဲ့ပုံ ခြင်္သေ့ က တောခွေး များ
ကို အရိုအသေပြုရန်မလိုအပ်သလို မဟာယာနလမ်းစဉ်ကို လိုက်နာသူက ဟီနယာန
ရဟန်းများကိုအရိုအသေပြုရန် မလိုအပ်ပါကြောင်း ဖခင် ဘုရင်ကြီးကို
လျှောက်ထားပုံများ ပါဝင်နေသည်ကို ထောက်ချင့်၍ မဟာယာနလှုပ်ရှားမှုကို
လူဥပသကာ တို့က ရဟန်းတော် တို့ကို ဆန့်ကျင်ခဲ့ဟန် ကို တွေ့ရပေသည်။

သို့ရာတွင် ခေတ်ပညာရှင်များက စေတီ ထူပါ ကိုးကွယ်မှု ကို အခြေခံပြီး
မဟာယာနလှုပ်ရှားမှုကို လူဥပသကာ တို့ကစတင်ခဲ့ကြောင်းအယူအဆကို
လက်သင့်မခံလိုကြတော့ချေ။ဂရီဂိုရီ ရှိုပင် (Gregory Schopen) ၏
ဝေဖန်ချက်မှာ ရှေးဟောင်းမဟာယာနသုတ္တန်များတွင် စေတီ ထူပါ ကိုးကွယ်မှု ကို
ပြင်းထန်စွာ ဆန့်ကျင်ထားချက်များကို တွေ့ရသောကြောင့်ဖြစ် လေသည်။ စေတီ
ထူပါ ကိုးကွယ်မှု ထက် မဟာယာနလမ်းစဉ် ကို ဖော်ကျူးထားသောကျမ်းစာများ
ကိုးကွယ်မှု ကို အခြေခံပြီး မဟာယာနလှုပ်ရှားမှုကို စတင်ခဲ့ကြောင်း Gregory
Schopen က ဆိုခဲ့ပါသည်။
**အဇိတသေနဗျာကရဏနိဒ္ဒေသ သုတ္တန်**
ရှေးဟောင်း ဗုဒ္ဓဘာသာဂိုဏ်းတစ်ခုမှ သုတ္တန်တစ်ခုဖြစ်နိုင်သည်ဟုယူဆရသော
အဇိတသေနဗျာကရဏနိဒ္ဒေသ သုတ္တန်တွင် လည်း မဟာယာနဗုဒ္ဓဘာသာဆိုင်ရာ အယူအဆများ၏
အစ ကို တွေ့ရ၏။ ဤသုတ္တန်သည် မဟာယာနဆိုင်ရာ သုတ်တစ်ခု ဆိုသော်လည်း
များစွာရှေးကျဖွယ်ရှိကြောင့် ပညာရှင်တို့ ခန့်မှန်းကြလေသည်။ ဤသုတ္တန်သည်
အာဖဂန်နစ္စတန်နိုင်ငံ ဂီလ်ဂျစ် ဒေသမှ စေတီကုန်းတစ်ခု တူးဖေါ်ရာမှ
တွေ့ရှိသော သက္ကဋသုတ္တန်ဖြစ်ပြီး ၆-၇ ရာစုခန့်က ရေးသားခဲ့ဟု
ခန့်မှန်းကြသည်။ မဟာယာနဆိုင်ရာ သုတ်တစ်ခု နှင့် သိပ်မတူလှပဲ အကြို မဟာယာန
(Proto-Mahayana) ဆိုင်ရာ သုတ်တစ်ခုလို့ဆိုနိုင်သည်။ ဤသုတ္တန်တွင်
လူဥပသကာများ ကို ဒါနပြုကြရန် ရဟန်းတော်များကို
လှူဒါန်းကြရန်သွန်သင်ထားသည်ကို တွေ့ရ၏။ ဒါနပြုခြင်းအားဖြင့်
အနာဂတ်ဘ၀များအတွက် အနုဂါမိကဥစ္စာ မြုပ်နှံကြရန်တိုက်တွန်းထား ပုံမှာ
ယခုခေတ်ကာလ ဘာသာရေး ဟောပြောမှုများနှင့်ခြားနားချက် မရှိလှချေ။
ဤသုတ္တန်တွင်ပါသော ဇာတ်လမ်းမှာ သူတောင်းစားအမေအိုကြီး တစ်ယောက်သည်
ဘုရားရှင်ကို လှူဒါန်းစရာမရှိသော ကြောင့် မိမိကိုယ်ကို
သတ်သေရန်ဆုံးဖြတ်ခဲ့ရာတွင် နတ်ဒေ၀တာတစ်ပါးက သူမကို လှူဒါန်းစရာပေး လေ၏။
ဘုရားရှင်က ဤသို့ လှူဒါန်းသည်မှာ ယခုမှမဟုတ်မူပဲ အတိတ်ကာလကလည်း
ရှေးဘုရားရှင်များကို အခုလို လှူဒါန်းခဲ့ဖူးကြောင်း အတိတ်ကိုဆောင်
ဟောပြောလေသည်။ သူတောင်းစားအမေအိုကြီး အား ဘုရားရှင်က နောင်ပွင့်မည့်
ဘုရားလောင်း အဖြစ် ဗျာဒိတ်ပေးတော်မူခဲ့ သည်ဟု ဆိုပါသည်။
သုတ္တန်ထဲမှ အဓိကကျသော ဇာတ်ဆောင်တစ်ဦးမှာ ဘုရားရှင်၏
မဟာသာဝကတစ်ပါးဖြစ်သော အရှင်နန္ဒိမိတ္တ ဖြစ်၏။ ဘုရားရှင်က အရှင်နန္ဒိမိတ္တ ကို
အဇိတသေနမင်းထံ ကလျာဏမိတ္တ အနေဖြင့်စေလွတ် တရားဟောစေခဲ့ ရာတွင် အရှင်မြတ်က
ဒါနပြုကြရန် ရဟန်းတော်များကို လှူဒါန်းကြရန် ဒါနပြုခြင်းအားဖြင့်
အနာဂတ်ဘ၀များအတွက် အနုဂါမိကဥစ္စာ မြုပ်နှံကြရန်တိုက်တွန်းဟောပြောခဲ့၏။
ထိုအခါမှာ သူတောင်းစားအမေအိုကြီး ကွယ်လွန်ပြီး အဇိတသေနမင်းထံမှာ
သားတော်အဖြစ် ဖြင့် ပြန်လည်မွေးဖွား ခဲ့လေသည်။
နောင်ကာလတွင် အဇိတသေနမင်း နှင့် သားတော် တို့သည် လူဘောင်ကိုစွန့်ခွာပြီး
သာသနာတော်မှာ ရဟန်းပြုကြလေ၏။ ရဟန်းခံနေစဉ်မှာပင် သားတော်သည်
အာသဝေါကုန်ခမ်း ရဟန္တာဖြစ်ခဲ့ များစွာသော သုခ၀တီ နှင့် အဘိရတိ စသော
ဗုဒ္ဓခေတ် (Buddha-Fields) တို့ ကို အဘိညဉ်မျက်စိအားဖြင့် တွေ့မြင်ရ
သည်ဟုဆို၏။
အရှင်နန္ဒိမိတ္တ ကိုလည်း မြတ်စွာဘုရားက
နောင်ပွင့်လာမည့်ဘုရားလောင်းအဖြစ်ဗျာဒိတ်ပေးခဲ့လေ၏။
ဤသုတ္တန်မှာ ထေရ၀ါဒအမြင်နှင့် ခြားနားသော အချက်ကို ထင်ရှားစွာတွေ့ နိုင်
ရဟန္တာဖြစ်ခဲ့ပြီးမှ ဘ၀မချုပ်ငြိမ်းပဲ ဘုရားလောင်းအဖြစ်ဗျာဒိတ်ပေးခံရခြင်း
အယူအဆကို ထူးခြားစွာတွေ့ရပါသည်။ ထို့အပြင် ရှင်တော်ဘုရား၏ တန်ခိုး နှင့်
ဗုဒ္ဓ၏ နာမတော်ကို ရွတ်ဆိုပွားများခြင်းဖြင့် အပယ်မှလွတ်ကင်းနိုင်ပုံ
များကိုပါ ဆက်လက်ဖေါ်ပြထားသည်ကိုတွေ့ရ၏။

မဟာယာနသုတ္တန်များ၏ အစဉ်အလာအတိုင်း ဤသုတ္တန် ကို ဖြန်ဖြူးသူများ
ကောင်းကျိုးခံစားရပုံ ဝေဖန်တိုက်ခိုက်သူများ အပယ်ငရဲသို့ လားရပုံ တို့ပါ
တစ်ဆက်တည်းရေးသား ဖေါ်ပြထားပါသည်။
ဤသုတ္တန်တွင် ရဟန္တာအဖြစ်ထက် ဘုရားအဖြစ်က မြင့်မားသာလွန်ပုံ လူတိုင်း
ဘုရားဆုကို ပန်ဆင်နိုင်ပုံ ကို ဖေါ်ပြခဲ့ သောကြောင့် အဇိတသေနဗျာကရဏနိဒ္ဒေသ
သုတ္တန်သည် မဟာယာန ဝေါဟာရ မပါရှိသော်လည်း မဟာယာန အမြင်သို့
စတင်ကူးပြောင်းလာမှု၏ အစ အဖြစ်တွေ့ရကြောင်း ပညာရှင်တို့ သုံးသပ်ကြသည်။
**စုဆောင်းတင်ပြသူ- လင်းထက်ဆွေ**

No comments:
Post a Comment