ယိမ်းထိုးတဲ့ စိတ်ဓာတ်ကို နားဖားကြိုးထိုးပြီး
ချောက်ထဲကျနေတဲ့လူကို ချောက်ထဲဆက်ပြီး တွန်းချဖို့ မလိုတော့ပါ.....။
ကံကြမ္မာကို တန်းစီ ညာညှိပြီး
ကမ္ဘာမကြေတေးများ ဒုက္ခတွေ သံပြိုင် ဟစ်ကြွေး
မြီုသိပ်ထားတဲ့ မွန်းကြပ်ခြင်းများ
အစုလိုက် အပြုံလိုက် လမ်းမပေါ် ပြည့်လျှံထွက်ကျလာတယ်..။
သောကတောင်တန်းတွေ အထပ်ထပ်မှာ
ဖုန်တထောင်းထောင်းထနေတဲ့ အိမ်မက်ဟောင်းများ
အတွေးများ ထပ်မံ နွေးထွေးမလာမဲ့
အကြွေးများ ဆပ်ရန် မွေးဖွားလာခဲ့တာတော့ မဟုတ်ဘူး ....။
လှေနံ ဓားထစ် ခေါင်းပေါင်းဝတ်များ
ဆင်ကန်းတောတိုးလိုက် ဆင်သေကောင်ပေါ်က ငှက်ဖြစ်လိုက်..
အတိတ် တောင်ကတုံးပေါ်မှာ မဆင်မခြင် ဆင်တစ်ကောင်လို မိုက်မဲမှုများကြီးမားခဲ့တယ်..။
အဝေးကို မျှော်ကြည့်ရင်း ပျော်ရွှင်ခြင်းများ မျက်နှာမှာ စိုက်ပျိုးနေခဲ့
အလင်းမဲ့ ညတွေမှာတော့ အမာရွတ်ကိုပဲ စမ်းသပ်ကြည့်နေမိတယ်..။
လွတ်လပ်ခြင်း အသီးအပွင့်တွေ ဝေေ၀ဆာဆာ စားသုံးဖို့
တုံးနေတဲ့ အတွေးအခေါ်သစ်အား မြှားလို ချွန်ထက်
အနာဂတ် ပစ်မှတ်ကို တည့်တည့် ပစ်ခွင်းရဦးမယ်...။
**အောင်ခိုင်မြင့်**

No comments:
Post a Comment