ဆရာကြီးဒဂုန်တာရာသည် ထိုခေတ်က အတိုက်အခံများကို သူ၏ပြဇာတ်ထဲတွင် ငြိမ်းချမ်းပျော်ရွှင်စွာ ဆုံတွေ့ပေးခဲ့၏။ ပျော်ရွှင်စွာ ဇာတ်သိမ်းခဲ့၏။ ငြိမ်းချမ်းရေးကို လို လားသူတိုင်း ယင်းပြဇာတ်ကို ဖတ်ရှုပြီး ဖရဏာ ပီတိဂွမ်းဆီထိမည်မှာ သေချာသည်။
ထို့ကြောင့် ယင်းပြဇာတ်ကို စာမျက်နှာ ၁၉ တွင် ပြန်လည်ဖော်ပြလိုက်ရပါကြောင်း။
အယ်ဒီတာအဖွဲ့
နေရာ။ ။ ဝင်ဒါမီယာရပ်ကွက်ရှိ ဝန်ကြီးချုပ်အိမ်။
အချိန်။ ။ ဝါကျင့်ကျင့် ရောင် ခြည်သည် သစ်ပင်စိမ်းများပေါ်သို့ ထိုးလျက် မြရောင်၊ ရွှေရောင်သန်းစ နံနက်ချိန်
ဇာတ်ဆောင်သူများ
ဝန်ကြီးချုပ် ဦးနု
ကွန်မြူနစ်ခေါင်းဆောင် သခင် သန်းထွန်း
ဒုတိယဝန်ကြီးချုပ်ဟောင်း ဗိုလ်လက်ျာ
ဝန်ကြီးချုပ်အပါးတော်မြဲ ဒေါ် ခင်စု
ဝန်ကြီးချုပ်ကတော် ဒေါ်မြရီ
ဒုဝန်ကြီးချုပ် ဦးဘဆွေ
ဒုဝန်ကြီးချုပ် သခင်တင်
ဆရာကြီးသခင်ကိုယ်တော် မှိုင်း
ဝန်ကြီးချုပ် အကြံပေးအရာရှိ ဦးအုန်း
(ဇာတ်ခုံမှာ အခန်းနှစ်ခန်းကို ထောင့်ချိုးထား၍ ပြင်ထားသည်။ လက်ယာဘက် အလုပ်ခန်းရှိ လိမ္မော်ရောင် ပန်းပွင့်ဖော်ထားသည့် ခန်းဆီးပါးပါးကြားမှ ကံ့ကော်ပန်း များ ဝေနေသည့် ကြည်ညိုဖွယ် ဘုရားစင်ကို လှမ်းမြင်နေရသည်။ ဤဘုရား ဆောင်ခန်းမှ ထွက်လိုက်လျှင် အပေါ်ထပ် ဧည့်ခန်းတွင်းသို့ ရောက်လေသည်။ ဧည့်ခန်းတွင် ကုလားထိုင် အပုတစ်စုံ ခင်းထားသည်။ ဇာတ်စင်ထောင့် ဧည့်ခန်းအစပ်၌ အောက်ထပ်မှ လှေကားလက်ရမ်းကို တွေ့ရသည်။ ကန့်လန့်ကာ ဖွင့်လိုက်လျှင် ကြေးစည်သံ ကြား၏။ ခန်းဆီးကြားမှ ဘုရားဆောင်ရှိ ဝန်ကြီးချုပ်ကို မြင်နေရသည်။)
နု။ ။ သုခိအတ္ထာနံပရိဟရန္တတု၊
(ဝန်ကြီးချုပ် အပါးတော်မြဲသည် လှေကားထိပ်၌ ပေါ်လာကာ ဘုရားဆောင်သို့ လှမ်းကြည့်လိုက်သည်။ ကြေးစည်သံမှာ ကြားမြဲကြားနေရသည်။ အပါးတော်မြဲသည် အသာလျှောက်လာကာ ဘုရားဆောင်အဝသို့ ရောက်လာသည်။ ဝန်ကြီးချုပ်က သူ့ကို မြင်လိုက်သည်။)
နု။ ။ ဘာလဲဟေ့…
မြဲ။ ။ အောက်မှာ ဧည့်သည်တွေ ရောက်နေပါတယ်။
နု။ ။ (ပုတီးကို အိတ်ထဲထည့်ကာ) ဒီကနေ့ မနက် အမျိုးသား ကာကွယ်ရေးကောင်စီ အစည်းအဝေးရှိတယ် မဟုတ်လား။ ဘယ်အချိန် စမယ်တဲ့လဲ။
မြဲ။ ။ အစည်းအဝေးက ၉ နာရီမှာ ရှိပါတယ်။ ဒါပေမဲ့ ဧည့်သည်က…
နု။ ။ ဘယ်သူတွေလဲ။
မြဲ။ ။ ဗိုလ်လက်ျာနဲ့
နု။ ။ ဗိုလ်လက်ျာလား
မြဲ။ ။ ဟုတ်ပါတယ်။
နု။ ။ ဘာကိစ္စများပါလိမ့်။ ခါတိုင်း ဆိုရင် တယ်လီဖုန်းနဲ့ ပြောတတ်ပါ တယ်။
မြဲ။ ။ သိပ်အရေးကြီးတယ် ပြောပါ တယ်။
နု။ ။ ကဲ…အပေါ်ကို ခေါ်လိုက်ပါ။
(အပါးတော်မြဲ ပြန်ဆင်းသွား ပြီး မကြာခင်ပင် လှေကားထိပ်မှ သနပ်ခါးရောင် ဟာဝေယံရှပ်နှင့် ဗိုလ်လက်ျာပေါ်လာသည်။ သူနှင့်အတူ မျက်မှန်အနက် တပ်ထားသော အသားညိုညို လူတစ်ယောက် ပါလာသည်။ ရှည်ရှည်ဖားဖား ရှပ်စကင်အပေါ်ဖုံးအဖြူ၊ ဘန်ကောက်လုံချည် ဖက်ဖူးရောင်နှင့် ဖြစ်သည်။ သူ၏ ဆံပင်များမှာ ကောက်လျက်၊ သူ၏ အသားမှာ ရာသီဥတုဒဏ်ကြောင့် ကြေးနီရောင် ထနေ၏။)
လက်ျာ။ ။ (မထိုင်သေးဘဲ ရပ်လျက် တုန်ယင်လှိုက်လှဲသော အသံဖြင့်) ကိုကြီးနု ဒီဧည့်သည်နဲ့ မိတ်ဆက်ပေးရဦးမယ်။ (အတူပါလာသူအား ကြည့်လျက်) သူက…
နု။ ။ (မျက်စိကိုမှေးစင်းကာ ဧည့် သည်အား လှမ်းကြည့်လျက် ဝေခွဲ မရဟန်ဖြင့် ငေး၍)
ထိုင်ကြပါဦး။
လက်ျာ။ ။ (မထိုင်သေးဘဲ) ကို ကြီးနု ဘယ်သူလဲ ကြည့်စမ်းပါဦး။ (ဧည့်သည်သည် မျက်မှန်အနက်ကို ချွတ်လိုက်သည်။ သူသည် ပြုံးကာ ဦးနုအား ကြည့်နေ၏။)
နု။ ။ (အကြီးအကျယ် အံ့သြကာ ကြောင်သွားပြီး) ဟေး…သခင်သန်းထွန်း (သခင်သန်းထွန်း၏ လက်အားဆုပ်ကိုင်ကာ ပခုံးကိုဖက်လျက်) ဟာ…ကျုပ်နည်းနည်းမှ မထင်ဘူးဗျာ။ ဗိုလ်လက်ျာ လက်ချက်နဲ့ တူတယ်။
လက်ျာ။ ။ (ပြုံးလျက်) ဝှက်ခါ် ရတာပဲ။ (သခင်သန်းထွန်းအား ကြည့်လျက်) အဝတ်အစားတောင် ဆင်ပေးထားတာကြည့်။ (ရယ်လျက်) ကွန်မြူနစ်နဲ့တောင်မတူဘူး။
သန်း။ ။ သခင်နုက ဝနေပါ လား။
နု။ ။ (ပြုံးကြည့်လျက်) သခင် သန်းထွန်းကတော့ ပိန်သွားတယ်နော်။
သန်း။ ။ အောင်မာဃကြောင့် ပြေးနေရတာကိုးဗျ။
နု။ ။ ဒါတွေ ပြောမနေကြပါနဲ့ဗျာ။ ခင်ဗျားပဲ ဒီရောက်လာပြီ။ ကျွန် တော်တော့ သိပ်ဝမ်းသာတယ်။ (အတွင်းဘက်ကို ကြည့်လျက်) ရီ ရေ ဒီမှာ ဧည့်သည်ရောက်လာ တယ်ဟေ့။ လာကြည့်စမ်းပါဦး။
လက်ျာ။ ။ မမရီတော့ အံ့သြသွားလိမ့်မယ်။
ရီ။ ။ (တစ်ဖက်မှ ထွက်လာကာ) ဘယ်သူများလဲလို့။ ဗိုလ်လက်ျာများ။
နု။ ။ (စိတ်ပါလက်ပါ ပြုံးလျက်) သေသေချာချာ ကြည့်စမ်းပါဦး။ (သခင်သန်းထွန်းဘက် ပြကာ) ဒါ ဘယ်သူလဲ။
ရီ။ ။(အံ့သြကာ) ဟာ…သခင် သန်းထွန်းပါလား။ ရှင်တို့ ဒီရောက် လာကြပြီ။
နု။ ။ ကျွန်တော်က လာစေချင် တာ ကြာပါပြီဗျာ။ အိုင်ဆေး သခင် သန်းထွန်း ကျွန်တော်တို့ တို့ဗမာ အစည်းအရုံးတုန်းက ပြောတာ မှတ် မိသေးလား။ ကျွန်တော်က အငေး သမား အတွေးသမားပါ။ အိမ်မီး လောင်တာတွေ့ရတော့ ငေးတဲ့ဆီ မရောက်ဘဲ မီးကို အရင်ငြှိမ်းနေ ရတာ။ ခင်ဗျားတို့ ရောက်လာပြီ။ ကျွန်တော် စာပြန်ရေးမယ်။ စာရေး ဆရာပဲ လုပ်တော့မယ်။
သန်း။ ။ ကျွန်တော်တို့ ငြိမ်းချမ်း ရေးလို ချင်ပါတယ်ဗျာ။
နု။ ။ ၅၅ ခုနှစ်က တည်းက မျှော်နေတာပါ။
သန်း။ ။ ကျွန်တော် တစ်ယောက်တည်း အနေနဲ့ မဟုတ်ဘူး။ ပါတီတစ်ခုလုံးနဲ့ လုပ် ရတာမလွယ်ပါဘူး။
နု။ ။ ဟုတ်ပါတယ်။ ကျွန်တော် နားလည်ပါတယ်။ ခင်ဗျားတို့မှာ အခက်အခဲ ရှိနေသလို ကျွန်တော်တို့မှာလည်း အခက်အခဲတွေ ရှိပါတယ်။ (နေရာမှထလျက်) မခင်စုရေ ဘယ်သွားပါလိမ့်။ ကဲ… ရီ သခင်တင်၊ ကိုဘဆွေ၊ ကိုကျော် ငြိမ်းတို့ကို အမြန် လာဖို့ ခေါ်ပေးစမ်းပါ။
လက်ျာ။ ။ ကျွန် တော် အကြောင်းကြားထားတယ်။ အခုပဲ လာကြပါလိမ့်မယ် ကိုကြီးနု။
နု။ ။ ဆရာကြီးလည်း…
သန်း။ ။ ကိုအုန်းနဲ့ လာကြပါလိမ့်မယ်။
နု။ ။ ကဲ…ရီရေ။ တောက ဧည့်သည်တော်ကြီးတို့ (ရယ်မောလျက်) စားစရာလုပ်ပါဦး။ လက်ဖက်ရည် အရင်ပေး။ မနက်စာလည်း ဒီမှာ စားမယ်။ (ဒေါ်မြရီ ထွက်သွား သည်။)
လက်ျာ။ ။ မှတ်မိသေးလား။ ၄၈ ခုနှစ် မတ်လ ၂၇ ရက် ညနေက ကျွန်တော် သခင်သန်းထွန်းဆီကို တယ်လီဖုန်းနဲ့ ဆက်တော့ …
သန်း။ ။ (ပြုံးလျက်) ဌာနချုပ် မှာ တံခါးပိတ်ပြီး အစည်းအဝေး ထိုင်ကြရတယ်လေ။
လက်ျာ။ ။ ဟုတ်ပါတယ်။ ကျွန် တော်ကလည်း ကြားက စေ့စပ်ပေး နေတဲ့လူဆိုတော့ အဖြစ်ကိုပဲ ရှေးရှုနေတာ။ ခင်ဗျားနဲ့ တွေ့ချင်တယ်။ စကားပြောရအောင်။ ပုဂ္ဂိုလ် အနေနဲ့ လာပါပြောတော့…
နု။ ။ (စိတ်ပါလျက်) ဆိုစမ်းပါဦး။
လက်ျာ။ ။ နိုင်ငံရေးမှာ ပုဂ္ဂိုလ် မရှိဘူးတဲ့ဗျာ။ ခင်ဗျားပြောပုံက ကျွန်တော်ဖြင့်…
သန်း။ ။ ဒီလိုဗျာ။ ခင်ဗျားတို့နဲ့ စကားပြောတယ်ဆိုရင် ကျွန်တော် က ပါတီခေါင်းဆောင်အဖြစ်နဲ့ ပြော ရမှာ။ ကျွန်တော်တို့က ဘာဆုံး ဖြတ်ချက်မှ မချရသေးဘူး။ အဲဒီ တော့ ဘာအဖြေမှ ပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် နောက်တစ် နေ့ လင်းအားကြီး ခင်ဗျားတို့ ဗား ကရာ လာဝိုင်းတော့ ကျုပ်တို့လည်း
နု။ ။ (ရယ်မောလျက်) အိုင်ဆေး သခင်သန်းထွန်း ဘာမှမဟုတ်ဘူး။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဝေဖန်စောင့်ကြည့်ကြပြီး၊ အို… တိုင်းပြည်ကောင်းကျိုးသာ အတူ လုပ်ကြစို့။
သန်း။ ။ ပြောစရာရှိသေးတယ် သခင်နု။ ပါတီအနေနဲ့ (အောက်မှ ကားသံများ ကြားကာ လှေကားမှ ဆရာကြီးသခင် ကိုယ်တော်မှိုင်း၊ ဦးအုန်းနှင့် ဦးဘဆွေ၊ သခင်တင်၊ ဦးကျော်ငြိမ်း အစဉ်လိုက် တက်လာ ကြသည်။ အားလုံး မတ်တပ်ရပ် ကြသည်။)
နု။ ။ ဆရာကြီး ဒါ ဘယ်သူလဲ ကြည့်စမ်းပါဦး။
မှိုင်း။ ။ (ကြောင်လျက်) ဟေ…ခွေးမသား သန်းထွန်း အောင်မယ်…အခုမှ ဇာတ်ပေါင်းခန်း ရောက်တယ်ဟေ့။ လာကြဟေ့…မောင်တင်၊ မောင်ဘဆွေ၊ မောင်ကျော်ငြိမ်း။
လက်ျာ။ ။ ဆရာကြီးတပည့်တွေ ကို ပြန်မကွဲအောင် ဆုံးမပါဦး။
မှိုင်း။ ။ (တပည့်များအလယ် ရောက်လျက် ပြုံးကာ) အခုမှ ဆရာ စိတ်အေးတော့တယ်ကွာ။ ဆရာဖြင့် ဒုတိယတစ်ကြိမ် စိတ်အထိခိုက်ဆုံးပဲ။ သီပေါမင်းပါသွား တုန်းက ဝမ်းနည်းရတာ။ အခုတစ် ခါတော့ ဝမ်းမြောက်ရတာ။ သာဓု ကွယ်…အေး…အေး…ခွေးမသားတွေ။ ဒီတစ်ခါတော့ တပဲ့အစစ်၊ နှစ်ပဲ့မဟုတ်တော့ဘူးပေါ့ လကွယ်။ (ကားလိပ်ချ)
ဒဂုန်တာရာ
(တော်လှန်ရေးနေ့ ကြေးမုံသတင်းစာမှ)
၁၉၅၈ ခု၊ ဧပြီလထုတ်၊ ဗမာ့ဒိုင်ဂျက် စာစောင်၊ အတွဲ-(၂)၊ အမှတ်-(၂၁)
[မှတ်ချက်။ ။ ဆရာကြီး ဒဂုန်တာရာ ၉၃ နှစ် မွေးနေ့အကြို အလှူပွဲတွင်ဝေသော လက်ကမ်း စာစောင်မှ ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။]
by Popular Myanmar News Journal on Saturday, 28 January 2012 at 12:52
ငြိမ်းချမ်းရေးကို အထူးလိုလားသော ဆရာကြီး ဒဂုန်တာရာသည် စိတ်ကူးယဉ်ငြိမ်းချမ်းရေး ပြဇာတ်တစ်ပုဒ်ကို ၁၉၅၈ ခုနှစ် မတ်လ ၂၇ ရက်နေ့ထုတ် ကြေးမုံသတင်း စာတွင် ရေးသားခဲ့ဖူးသည်။ သူ့ပြဇာတ်ထဲမှ ဇာတ်ကောင်များမှာ ထိုခေတ်က သက်ရှိထင်ရှားရှိခဲ့ကြသည့် နာမည်ကျော်ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ယခုအခါတွင် မူ ပြဇာတ်ရေးသူမှအပ သူ့ဇာတ်ကောင်တွေ မရှိကြတော့လေပြီ။

No comments:
Post a Comment