**Public Health**
"ငှက်ပျောသီး မစားနဲ့၊ စမ်းရေ မသောက်နဲ့" စသော စကားများသည် ငှက်ဖျားပိုး ရှိ၍ ကျန်းမာရေး အသိပညာ အားနည်းသော ဒေသများတွင် အစဉ်လိုလို ကြားနေရသော စကားများ ဖြစ်ပါသည်။ အမှန်တော့ ငှက်ဖျားသည် ငှက်ဖျားပိုး ပါသော ခြင်ကိုက်ခံရခြင်းနှင့် ငှက်ဖျားပိုး ပါသော သွေးသွင်းမိခြင်းတို့ကြောင့် ကူးစက်ခံရခြင်း ဖြစ်ပါသည်။ သို့ရာတွင် ဤကဲ့သို့သော ကျန်းမာရေး အယူအဆ အလွဲအမှားများသည် ယခုထက်တိုင် ရှိနေသေးသည်မှာ ကျွန်ုပ်တို့ ကျန်းမာရေး ဝန်ထမ်းများ သတိချပ်စရာပင် ဖြစ်ပါသည်။
အမှန်တော့ ငှက်ဖျားရောဂါသည် -
(1) Plasmodium Falciparum
(2) Plasmodium Vivax
(3) Plasmodium Ovale
(4) Plasmodium Malariae ဟူ၍ Parasite တို့ကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါသည်။ ထို Parasite တို့ကို သယ်ဆောင်သူမှာ Anopheline ဟု ခေါ်သော ခြင် အမျိုးအစားပင် ဖြစ်ပါသည်။ ထို့ကြောင့် အရှင်းဆုံး ပြောရလျှင် အထက်ဖော်ပြပါ Parasite (၄) ခုထဲမှ တစ်ခုခု ခန္ဓာကိုယ် အတွင်းသို့ ဝင်မှသာ ငှက်ဖျားရောဂါ ဖြစ်မည် ဖြစ်ပါသည်။ ထိုပိုးများကို သယ်ဆောင်သည်မှာလည်း ခြင်နှင့်သွေး (၂) မျိုးသာ ရှိပါသည်။ ထို့ကြောင့် ငှက်ဖျားပိုး ပါသော ခြင်ကိုက်ခံရခြင်းနှင့် ငှက်ဖျားပိုး ပါသော သွေးသွင်းမိခြင်းတို့မှ ငှက်ဖျား ဖြစ်စရာ အကြောင်းရင်း မရှိသည်ကို လက်ခံရပါမည်။
ငှက်ဖျားရောဂါ ဖြစ်လျှင် -
(၁) ငှက်ဖျားပိုး ကူးစက်ခံရသော သွေးနီဥများ ပေါက်မည်။ ပျက်စီးမည်။
(၂) ငှက်ဖျားပိုး ကူးစက်ခံရသော သွေးနီဥများသည် သွေးကြောမျှင်များကို တွယ်ကပ်မည်။
သွေးနီဥများ ပေါက်ကွဲ၊ ပျက်စီးခြင်းမှ တစ်ဆင့် သွေးအားနည်း ရောဂါ ရနိုင်သည်။ သွေးအားနည်း ရောဂါကို ပိုဆိုးစေသော အချက်များမှာ သွေးနီဥ တည်ဆောက်မှု ဖြစ်စဉ် ပုံမှန် မဟုတ်တော့ခြင်း၊ ဘေလုံးကြီး၍ ထိုဘေလုံးက သွေးနီဥများကို ဖျက်စီးပစ်ခြင်း စသည်တို့ ဖြစ်ပါသည်။ သွေးနီဥများ ပျက်စီးခြင်းသည် Plasmodium Falciparum တွင် ပိုပြင်းထန်လေ့ ရှိပါသည်။ ငှက်ဖျားပိုး ပါသော သွေးနီဥများသည် ဦးနှောက်၊ ကျောက်ကပ်၊ အသည်း၊ အဆုတ်နှင့် အူလမ်းကြောင်း ဆိုင်ရာ သွေးကြောများသို့ သွားရောက် ကပ်ငြိပြီး များလာပါက ထိုသိုးကြောများတွင် ငှက်ဖျားပိုးပါသော သွေးနီဥများဖြင့်လည်း အောက်ဆီဂျင် လုံလုံလောက်လောက် မရတော့ခြင်းနှင့် ပျက်စီးခြင်းတို့ ဖြစ်ပွားနိုင်ပါသည်။ ထိုငှက်ဖျားပိုးများသည် ပျက်စီးသွားပါကလည်း အဆိပ်အတောက်များကို ထုတ်ပြန်သဖြင့် ကလီစာများကို ပို၍ ပျက်စီးပေလိမ့်မည်။
ရောဂါ လက္ခဏာများမှာ အစောပိုင်း ဖြစ်စတွင် မအီမသာ ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း တို့ကို တွေ့ရနိုင်ပါသည်။ ထိုအချိန်အခါမျိုးတွင် တုပ်ကွေးနှင့် မှားနိုင်ပါသည်။ ချောင်းအနည်းငယ် ဆိုးခြင်း၊ ဝမ်းအနည်းငယ် ပျက်ခြင်းတို့ကိုလည်း တွေ့ရနိုင်ပါသည်။ အဖျားတက်လာမည်။ သွေးနီဥများ ပျက်စီးခြင်းနှင့် အသည်း ထိခိုက်ခံရခြင်းတို့ကြောင့် အသားများ ဝါလာမည်။ အသည်းနှင့် ဘေလုံးသည် ကြီး၍ ရောင်ရမ်းနေပေလိမ့်မည်။ သွေးအားနည်း ရောဂါသည် အချိန်တိုအတွင်း လျင်မြန်စွာ ဖြစ်ပေါ်လာပေလိမ့်မည်။ Plasmodium Falciparum ကြောင့် ဖြစ်ပါက အမြင်တွင် ဝေဒနာ မပြင်းထန်သော်လည်း အလွန် ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ကို သတိပြုသင့်ပါသည်။
(Cerebral Malaria)
ကယောင်ကတမ်း ပြောခြင်း၊ သတိလစ်ခြင်းတို့ဖြင့် သိနိုင်သော ဦးနှောက်အတွင်းသို့ ငှက်ဖျားပိုး ဝင်ခြင်း (Cerebral Malaria) သည် အပြင်းထန်ဆုံးသော နောက်ဆက်တွဲ ဆိုးကျိုး တစ်ခုပင် ဖြစ်ပါသည်။
ကလေးများတွင်မူ အဖျားတက်ခြင်းမှ လွဲ၍ ကျန်သည့် ပြင်းထန်သော ဝေဒနာ လက္ခဏာများ မပေါ်ဘဲ လျင်မြန်စွာ အသက် ဆုံးရှုံးသွားနိုင်ပါသည်။ ထိုအချက်သည် အထူး သတိပြုသင့်သော အချက်ပင် ဖြစ်ပါသည်။ အဖျား အလွန်ကြီး၍ ချမ်းတုန်ခြင်း၊ နာရီ အနည်းငယ် အတွင်း အဖျားကျကာ လူကောင်းပကတိ အတိုင်း ပြန်ဖြစ်သွားခြင်း စသည်တို့ကိုလည်း ငှက်ဖျား၏ ဝိသေသများပင် ဖြစ်ပါသည်။ ငှက်ဖျားရောဂါသည် ၄၈ နာရီခြား တစ်ခါ တစ်ပတ်လည်လေ့ ရှိပါသည်။ ထို့ကြောင့် ၄၈ နာရီခြား တစ်ခါ အဖျားတက်လေ့ ရှိပါသည်။ ဓာတ်ခွဲ စမ်းသပ်မှုများ အနေဖြင့် Trick and Train Blood Flu ဟုခေါ်သော သွေးစစ်ခြင်း လုပ်နိုင်ပါသည်။ တန်ဖိုးကြီးသော အခြား သွေးစစ်ဆေးခြင်းများလည်း ရှိပါသည်။ ကုသမှု အနေဖြင့် Plasmodium Falciparum သည် ယခုအခါ Chloroquine ကို ဆေးယဉ်ပါးနေပြီ ဖြစ်သဖြင့် Quinine သည် ပထမ ဦးစားပေး ဖြစ်လာပြီ ဖြစ်သည်။ Quinine 600 mg Salt ကို ၈ နာရီခြား ၁ ကြိမ် ၅ ရက်ခန့် သောက်ရပါမည်။ အကယ်၍ Quinine အဆိပ်အတောက် ဖြစ်လာပါက ၁၂ နာရီခြား ၁ ကြိမ်သို့ လျှော့ရပါမည်။
အထက်ပါအတိုင်း သောက်ပြီးပါက Sulfadoxine 1.5 g နှင့် Pyrimethamine 75 mg တို့ကို ၁ ကြိမ် သောက်ရပါမည်။ အကယ်၍ Sulphonamide မသုံးချင်ပါက Doxycycline အား တစ်နေ့လျှင် 100 mg ဖြင့် ၇ ရက် သောက်ရပါမည်။ သို့သော် ယခုအခါ ထိုင်း-မြန်မာ နယ်စပ်တွင်လည်း Quinine ယဉ်ပါးမှုကို တွေ့ရပြီဟု သိရပါသည်။ ထို့ကြောင့် Quinine and Fanride မသုံးချင်ပါက -
(၁) Atovaquone 250 mg နှင့် Proguanil (Malariae) 100 mg တို့ကို တစ်နေ့လျှင် ၄ ပြားနှုန်းဖြင့် ၃ ရက် သောက်နိုင်ပါသည်။
(၂) Artemether အား တစ်နေ့လျှင် 200 mg ဖြင့် ၅ ရက် သောက်နိုင်ပါသည်။
(၃) Mefloquine လည်း သောက်နိုင်ပါသည်။
သို့သော် Mefloquine သည် ဘေးထွက်ဆိုးကျိုး များသဖြင့် ရှောင်သင့်ပြီး Artemether သည် အလွန် အစွမ်းထက်ပါသည်။ ပြင်းထန်သော ငှက်ဖျားရောဂါကို ကုသမည် ဆိုလျှင် Quinine သုံးမည် ဆိုပါက အကြောထဲသို့ Infusion နည်းဖြင့် 20 mg/kg နှုန်းဖြင့် ပေးရပါမည်။ ၈ နာရီမှ ၁၂ နာရီ ကြာပြီးလျှင် 10 mg/kg နှုန်းသို့ လျှော့ရပါမည်။ လူနာမှ ဆေးသောက်နိုင်သည် အထိ ၈ နာရီမှ ၁၂ နာရီခြား တစ်ကြိမ်ခန့် ဆေးသွင်းပေးနေရပါမည်။ သို့သော် သတိထားသင့်သည်မှာ ပြီးခဲ့သော ၂၄ နာရီ အတွင်း Quinine, Quinidine, Mefloquine တစ်ခုခု သောက်ထားပါက 20 mg/kg ပမာဏကို မပေးသင့်ပါ။ Artemether အမျိုးအနွယ်ဝင်များလည်း သုံးနိုင်ပါသည်။ Artesunate ကို 2.4 mg/kg နှုန်းဖြင့် စစချင်း ထိုးပြီး ၁၂ နာရီခြား တစ်ကြိမ် 1.2 mg/kg ဆက်လက် ထိုးရပါမည်။ 600 mg ပမာဏ ရောက်သည်အထိ ပေးနိုင်ပါသည်။ ( mg/kg ဆိုသည်မှာ mg သည် ဆေးပမာဏ ဖြစ်ပြီး kg သည် ခန္ဓာကိုယ် အလေးချိန် ဖြစ်ပါသည်။ ဥပမာ 10 mg/kg ဆိုလျှင် 1kg ရှိသူသည် 10 mg သောက်ရမည်ဟု ဆိုခြင်းဖြစ်ပါသည်။ 40kg ရှိသူ ဆိုပါက 400 mg သောက်ရမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။) Artemether ကို သုံးမည်ဆိုပါက 3.2 mg/kg နှုန်းဖြင့် အသားဆေးသာ ထိုးရပါမည်။ ထို့နောက် 1.6 mg/kg နှုန်းဖြင့် တစ်နေ့ တစ်ကြိမ်နှုန်းဖြင့် 640 mg ထိ ရောက်အောင် ပေးနိုင်ပါသည်။ ( Artemether သည် အဆီဖြစ်ပြီး အကြောထဲသို့ လုံးဝ (လုံးဝ) မထိုးရပါ။ အသားဆေးသာ ထိုးရပါသည်။) ထို့နောက်တွင်မှ သောက်ဆေးအဖြစ် ဆက်သောက်ခိုင်းရပါမည်။ ဤနေရာတွင် ပြင်းထန်သော ငှက်ဖျားရောဂါ ကုထုံး၌ Mefloquine ကို ထည့်သွင်း မစဉ်းစားသင့်ပါ။ အကြောင်းမှာ Meflequine သည် ထိုးဆေး ပုံစံဖြင့် မလာသောကြောင့် ဖြစ်ပါသည်။ Artemiginin အမျိုးအနွယ်များသည် အင်မတန်မှ အစွမ်းထက်သည်ကို သိထားသင့်ပါသည်။
Falciparum Malaria ၏ နောက်ဆက်တွဲ ဆိုးကျိုးများ အနေဖြင့် -
၁။ ဦးနှောက်တွင်းသို့ ငှက်ဖျားပိုး ဝင်ခြင်း (Cerebral Malaria)
၂။ အပူ (အဖျား) ကြီးခြင်း (Hyperpyrexia)
၃။ တက်ခြင်း၊ သတိလစ်ခြင်း
၎။ သွေးအတွင်း အချိုဓာတ် ကျဆင်းခြင်း (Hypoglycemia)
၅။ ပြင်းထန်သော သွေးအားနည်းရောဂါ ရခြင်း (Severe Anaemia)
၆။ ကျောက်ကပ် ပျက်စီးခြင်း (Acute Renal Failure)
၇။ သွေးယိုခြင်း (Spontaneous Bleeding and Coagulopathy)
၈။ Shock ရခြင်း (Shock ၏ အဓိပ္ပါယ်ကို ပြီးခဲ့သည့် လထုတ် သွေးလွန်တုပ်ကွေး ဆောင်းပါးတွင် ဖော်ပြပြီး ဖြစ်ပါသည်။)
၉။ Parasite များ သွေးလှည့်ပတ်မှု စနစ်အတွင်း အလွန်အမင်း များပြားမင်းမူခြင်း စသည်တို့ကို တွေ့နိုင်ပါသည်။ (ဤနေရာတွင် ၎င်းရောဂါများ၏ ကုထုံးများကို မရေးတော့ပါ။ အကြောင်းမှာ ထိုရောဂါများသည် ဆေးရုံသို့ တက်ရောက်၍ ကုသမှု ခံယူရမည့် အပြင် ကျယ်ပြန့်သောကြောင့် ဖြစ်ပါသည်။)
ပြင်းထန်သော ငှက်ဖျားရောဂါတွင် ထိခိုက်ခံရသော ကလီစာများမှာ -
၁။ ဦးနှောက် - အာရုံစုစည်းမှု လျော့ကျခြင်း၊ သတိလစ်ခြင်း
၂။ မျက်စိ - မျက်စိများ ဝါခြင်း
၃။ အဆုတ် - အဆုတ် ပျက်စီးခြင်း
၎။ အသည်း - အသည်းကြီးခြင်း
၅။ ဘေလုံး - ဘေလုံးကြီးခြင်း
၆။ ကျောက်ကပ် - ကျောက်ကပ် ပျက်စီးခြင်း စသည်တို့ ဖြစ်ပါသည်။
အဆုံးသတ် အနေဖြင့် ငှက်ဖျားရောဂါသည် လွဲမှားသော အယူအဆများ၊ လွဲမှားသော ဆေးနှင့် သောက်သုံးပုံတို့ကြောင့် လည်းကောင်း ယခုအခါ အတန်ငယ် ပြန်လည်၍ ခေါင်းထောင်လာနေသည်ဟု သိရပါသည်။ အမှန်ဆိုလျှင် ယခုခေတ်ကာလကဲ့သို့ တိုးတက်သော အခြေအနေမျိုးတွင် ငှက်ဖျားရောဂါကြောင့် သေဆုံးရသည်များသည် အင်မတန်မှ နှမြောဖို့ ကောင်းသည်ဟု စာရေးသူ ယူဆပါသည်။ အကြောင်းမှာ ငှက်ဖျားပျောက်ဆေးသည် ရက်တိုသာ သောက်ရန် လိုအပ်ပြီး ဆေးနှင့် ပမာဏ၊ အချိန်မှန်ပါက သေချာပေါက် ပျောက်ကင်းပါသည်။ ထို့ကြောင့် ပြည်သူများ အနေဖြင့် လွဲမှားသော အယူအဆများကို အချိန်မီ ဖယ်ရှားပစ်ပြီး ငှက်ဖျားရောဂါကို ပူးပေါင်း ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့ဟု ဤဆောင်းပါးဖြင့် တိုက်တွန်းလိုက်ပါသည်။ ။
**ဒေါက်တာ ကောင်းမြတ်**
မြဝတီ ရသစုံ မဂ္ဂဇင်း
Posted by lu bo

No comments:
Post a Comment