ကချင်ပြည်နယ်၏ အချက်အချာကျသောမြို့မဟုတ်ပေမဲ့ သမိုင်းဝင်မြို့တစ်မြို့ဖြစ်သော ဗန်းမော်မြို့သည် အေးချမ်းပြီး နေလို့ကောင်းလှပါသည်။ထိုမြို့တွင် snack bar နှစ်ခုသာရှိပါသည်။တစ်ခုမှာ friendship ဟိုတယ်မြေညီထပ်တွင် တည်ရှိပြီး နောက်တစ်ခုမှာ ပြည်သူ့ဆေးရုံ၏ အရှေ့ဖက်တွင် တည်ရှိပါသည်။ထိုဆိုင်များတွင် လူပေါင်းစုံစားသောက်ကြသည်။တစ်ချို့က ပျော်ရွှင်စွာ၊တစ်ချို့က အလုပ်ကိစ္စကြောင့် ထိုထိုသောကိစ္စများနှင့် ၀င်ရောက်စားသောက်နေကြသည်။
နေ့လည်ခင်း နေပူပူကျဲကျဲအချိန် ဆိုင်အတွင်း လူရှင်းနေလျက်ရှိသည်။ထိုဆိုင်ထဲသို့ တည်ကြည်သောအမျိုးသမီးတစ်ယောက်ဝင်လာသည်။ထို့နောက် သိပ်မကြာခင်မှာပင် လူတစ်ယောက်ထပ်ဝင်လာသည်။သူတို့နှစ်ယောက် အချိန်အနည်းငယ်ကြာအောင် စကားပြောဆိုကြပြီးနောက် သူမသည် ထိုသူက ပန်းသီးတစ်လုံးပေးကာ ထွက်ခွါသွားလေသည်။သူသည်လည်း ပန်းသီးကို သေချာကြည့်ကာ ပြန်ထွက်သွားလေသည်။ထိုဖြစ်ရပ်ကို မြင်တွေ့သူတိုင်း အံ့သြစွာ ကျန်ရစ်ခဲ့လေသည်။
ကျွန်မသည် ဗန်းမော်မြို့သို့ တာဝန်ကျသည့်အခါ ဆေးရုံရှေ့က snack bar လေးကိုသဘောကျသည်။ကျွန်မနေသော ၀န်ထမ်းတိုက်ခန်းနှင့်လည်း သိပ်မဝေးပဲ အေးအေးချမ်းချမ်းရှိလှသော ထိုဆိုင်လေးကို သဘောကျသည်မှာ မဆန်းပေ။ထိုဆိုင်လေးကို တာဝန်ကျစကတည်းက နေ့စဉ်အချိန်အားလျှင် အားသလိုထိုင်လေ့ရှိသောကြောင့် ထိုဆိုင်ကလူတွေပင် ကျွန်မကို မှတ်မိနေလေသည်။
အလုပ်နားရက် တစ်ခုသော ညနေခင်းတွင် ကျွန်မသည် ထိုဆိုင်လေးကို လာကာကော်ဖီသောက်ရင်း စာအုပ်ထိုင်ဖတ်နေလေသည်။ပန်းသီးတစ်လုံးကိုလည်း အလုံးလိုက်ကိုက်စားကာ ပတ်ဝန်းကျင်နှင့် ကျွန်မလက်ရှိရပ်တည်မှုကိုမေ့လျော့ကာ အေးအေးချမ်းချမ်းစာအုပ်ထိုင်ဖတ်ရင်း လွတ်လွတ်လပ်လပ်ပြုံးရယ်နေမိသည်။
ထောင့်ကျကျနေရာတစ်ခုတွင် ထိုင်ကာ အားရပါးရ ပန်းသီးကိုက်စားနေသော ထိုအမျိုးသမီးကို သူစိတ်ဝင်စားမိသည်။တစ်ချက်ချက်တွင် အသံမထွက်ပဲရယ်ကာ ပြုံးနေသော သူမ၏အမူအရာက ဆွဲဆောင်မှုရှိလှပေ။သူလည်း လောကကြီးကိုခေတ္တမေ့ထားကာ သူမကိုစိတ်လွတ်လက်လွတ်ပင် ငေးနေလိုက်သည်။
တစ်စုံတစ်ယောက်ကကြည့်နေလျှင် အလိုလိုသိနေတတ်သော ကျွန်မ၏ပင်ကိုခံစားမှုကြောင့် ပတ်ဝန်းကျင်ကိုခေတ္တအကဲခတ်လိုက်သည်။ကျွန်မကို ပြူးကြောင်ကြောင်ကြည့်နေသော လူတစ်ယောက်ကြောင့် ကျွန်မစိတ်လေသွားသည်။ကျွန်မ၏ပုံစုံကပဲ လူစိတ်ဝင်စားစရာ ဖြစ်နေလားဟု တွေးကာဆိုင်ကို လှမ်းကြည့်တော့ ဘယ်သူ့မှ ကျွန်မကို စိတ်မ၀င်စားကြပေ။(ထိုသူက လွဲလို့)တမင်တကာကြည့်နေမှန်းသိသော်လည်း အေးစက်စက်အကျင့်ကြောင့် ဘာမှမခံစားရသလို စာအုပ်ကိုပဲ ဆက်ဖတ်နေလိုက်သည်။
အချိန်တော်တော်လင့်သွားသောအခါ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တော့ လူတွေတောင် ကျဲနေပြီ။ထိုမှ ကျွန်မဆိုင်ထဲက ထွက်ကာ ဆိုင်ကယ်စီးပြီး ပြန်ခဲ့လေသည်။
သူမနောက်သို့ တိတ်တိတ်လေး လိုက်ခဲ့သည်ကို သူမကမသိပေ။သူမ၀င်သွားသောနေရာက ဆိုင်းဘုတ်တစ်ခုကို မော့ဖတ်ကြည့်လိုက်တော့ ဒေါက်တာ မွန်းပြည့်အောင် ဟူသော နာမည်နှင့် ဘွဲ့တွေရေးထားသည်ကို တွေ့ရလေသည်။ဘာရယ်မဟုတ်ပေမဲ့ သူ့အတွက် အလုပ်တစ်ခုရသွားလေသည်။

မနက်ခင်းဆိုလျှင် ၈နာရီဂျူတီဆင်းရသောကြောင့် အလုပ်သွားရန် အောက်ထပ်သို့ဆင်းကာ တံခါးအဖွင့် သံဘန်းတံခါးတွင် ချိတ်ထားသော ပို့စကတ်ကြောင့် လန့်သွားသည်။`မ အတွက် ´ဟုရေးထားသော ခပ်သော့သော့စာကြောင့် မဆီမဆိုင် မျက်ဝန်းကိုယ်တော်ကို သွားသတိရလိုက်သေးသည်။တစ်ဖက်ကလည်း ဒီစာနေ့တိုင်းရောက်ကာ သူများတွေသိသွားလျှင် မကောင်းဘူးဆိုသော အသိကလည်း ၀င်ရောက်လာလေသည်။နံနက်ခင်းဆိုလျှင် ရောက်လာတတ်သော ပို့စကတ်အခုရေမှာ ၃၀ ရှိလေပြီ။ဘယ်သူဘယ်ဝါမှန်းမသိသော်လည်း တစ်လလုံးလုံး မနက်တိုင်း လာထားနိုင်သည့် လူကို သိချင်မိသော်လည်း စောင့်ကြည့်ရန်လည်း စိတ်မ၀င်စားပေ။
တစ်ညလုံး ခွဲခန်းဝင်ထားရသောကြောင့် တစ်ကိုယ်လုံးနွမ်းလျနေသည်။မနက်ခင်းစောစော တိုက်ခန်းသို့ပြန်အလာ တံခါးသံဘန်းတွင် ပို့စကတ်လာချိတ်သော သူ့ကို မထင်မှတ်ပဲ သိသွားလေသည်။သူကလည်း ရုတ်တရက် ကျွန်မကို မြင်လိုက်ရတော့ လန့်သွားပုံရသည်။ကျွန်မပဲ မမြင်ဟန်ဆောင်က သွားလိုက်ရတော့မလိုလိုနှင့် ဘာလုပ်ရမှန်းမသိတော့ပေ။နောက်မှ သူလည်း သတိရကာ ထွက်သွားလေသည်။ကျွန်မသည် အသံထွက်အောင် ဟတ်ခနဲ တစ်ချက်သာရယ်လိုက်ပြီး ပို့စကတ်လေးကို အသာဖြုတ်ယူလိုက်သည။
အလုပ်များလွန်း၍ မထိုင်တာကြာနေသော ကော်ဖီဆိုင်လေးကို ခြေဦးလှည့်မိသည်။ထုံးစံအတိုင်း ကော်ဖီမှာကာ စာအုပ်ဖတ်ရင်း ပန်းသီးထိုင်စားနေလိုက်သည်။ကော်ဖီ ဘယ်အချိန်လာချသွားမှန်းမသိသော်လည်း ကော်ဖီသောက်ရန်ပြင်လိုက်ချိန်တွင် ပန်းသီးတစ်လုံးနှင့် စာတစ်စောင် ပါလာသည်ကို တွေ့ရလေသည်။`မကို ချစ်တယ်´ ဟု ခပ်သော့သော့ရေးထားသော စာလေးကိုဖတ်ကာ ရင်ထဲမှာ နွေးသွားသည်။စာအုပ်သာ ခပ်တည်တည်နှင့် မူမပျက်ဖတ်နေသော်လည်း တကယ်တမ်းရင်ခုန်နေလေသည်။
နံနက်တိုင်း လာထားသော ပို့စကတ်ရယ် စာတစ်စောင်ရယ် ကို အမှတ်တရသိမ်းထားရင်း ကျွန်မထိုကောင်လေးကို ချစ်မိသွားပြီလားဟု တွေးမိသည်။တရားဝင်ချစ်တယ်ဟု စာပေးပြီးနောက်တွင် ထိုသူသည် ကျွန်မကို စကားလာပြောတတ်လာသည်။သူ၏အကြောင်း တစ်ခွန်းစ နှစ်ခွန်းစပြောတတ်သော သူ့ပုံစံကလည်း စွဲမက်ဖွယ်ကောင်းသည်။သူနှင့် ခင်မင်ရင်းနှီးလာရင်းနဲ့ပင် သူ့ကို ကျွန်မချစ်နေမိပြီဆိုတာ သေချာသွားလေသည်။
သူ မကိုထိုင်စောင့်နေသည်မှာ နာရီဝက်ခန့်ရှိပြီ ဖြစ်သည်။သို့သော် မကို မတွေ့ရသေးပေ။သူမ ဒီနေ့ ဒီအချိန် ကော်ဖီလာသောက်မည်မှန်း သေချာပါလျက်နှင့် ဘာကြောင့်နောက်ကျနေရသနည်း။စိတ်မရှည်စွာပင် စာပွဲထိုးကိုခေါ်ကာ ကော်ဖီတစ်ခွက် ထပ်မှာလိုက်လေသည်။ကော်ဖီနှင့် ပန်းသီးတစ်လုံးနှင့် စားသေးသေးလေးတစ်ခု ပါလာလေသည်။`I love U ´ ဟုရေးထားသော စာနှင့်အတူ သူချစ်သော မ၏ ဆိုင်းကိုတွေ့ရလေသည်။
ကျွန်မတို့ ချစ်သူဖြစ်ကြသည်မှာ တစ်နှစ်ပြည့်လေပြီ။မောင်၏အိမ်သည် မန်းလေးမှာဖြစ်ပြီး ဗန်းမော်ရှိ ဦးလေးထံတွင် လာနေ နေခြင်းဖြစ်သည်။မောင် သည် ကျွန်မထက် ၄နှစ် ငယ်လေသည်။မောင်သည် တစ်ခါတရံ ကျွန်မချစ်သူတစ်ယောက်ဖြစ်သော်လည်း တစ်ခါတရံ မောင်တစ်ယောက်တဖွယ်သာဖြစ်သည်။ကလေးဆန်တတ်သော မောင့်တွင် အိမ်က ရည်ရွယ်ထားတဲ့သူ မောင်နှင့်စေ့စပ်ထားတဲ့သူရှိမှန်း ကျွန်မ မသိခဲ့ပါလေ။
ကျွန်မ မြစ်ကြီးနားသို့ transfer ကျလာတော့ မောင့်အတွက် ကျွန်မစိတ်မကောင်းဖြစ်မိသည်။ဟိုအရင်ကလို အမြဲတမ်းတွေ့ရန် မလွယ်တော့ပေ။ကျွန်မကလည်း အလုပ်ပစ်ကာ မောင့်ကိုလာတွေ့ရန် မဖြစ်နိုင်ပေ။မောင်ကတော့ ကျွန်မကို လာတွေ့မည်ဟု ပြောသော်လည်း အားတော့ သိပ်မပါတော့ချေ။ကျွန်မပြောင်းခါနီးတွင် မန်းလေးရောက်နေသော သူငယ်ချင်းတစ်ယောက်က ဗန်းမော်ပြန်လာကာ ကျွန်မကို လာတွေ့လေသည်။အေးအေးဆေးဆေးစကားပြောလို့ရအောင် ကော်ဖီဆိုင်ကိုပဲ ခေါ်သွားလိုက်မိသည်။ကျွန်မ လာနေကျ အချိန်မဟုတ်သောကြောင့် မောင်လည်းရှိနေမည်မဟုတ်ဟုပဲ ထင်ထားလိုက်သည်။သူမနှင့်စကားပြောနေစဉ် မောင်နှင့် သူငယ်ချင်းတစ်စု ကော်ဖီဆိုင်ထဲကို ၀င်လာသည်။ဧည့်သည်နှင့်မို့မောင့်ကို သတိမထား နှုတ်မဆက်မိပေ။သူငယ်ချင်းက `ခုနက ၀င်လာတဲ့ကောင်လေးကို ငါသိတယ်´ ဟုအစပျိုးကာ မောင့်ကိုရည်ညွှန်းပြီးပြောလေည်။`ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ ညီမလေးနဲ့ စေ့စပ်ထားတယ်။မန်းလေးရဲ့လူချမ်းသာ စာရင်းဝင်တွေပဲ။´ဟု ပြောပြနေစဉ် ကျွန်မရင်တစ်ခုလုံးဗြောင်းဆန်သွားသည်။
အပူရှိန်လျော့သွားပြီ ဖြစ်သော ညနေခင်းတစ်ခုတွင် မောင်နှင့်ကျွန်မထိပ်တိုက်တွေ့ကြသည်။`မောင့်မှာ စေ့စပ်ထားတဲ့သူတို့ မိဘသဘောတူထားတဲ့သူတို့ မရှိဘူးလား ´ဟု ကျွန်မအမေးကို မောင်က ကော်ဖီတွေပင်သီးကုန်သည်။`မဘယ်လို သိတာလဲ´ဟု ပြန်မေးပြီး ရှင်းပြပေမဲ့ ကျွန်မဘယ်လိုဆုံးဖြတ်ရမှန်းမသိပေ။`မောင်က မကို တကယ်ချစ်တာ။မ ကိုပဲယူမှာနော်။တကယ်ပြောတာ။မာမီတို့ စီစဉ်တဲ့ကိစ္စ မောင်နဲ့ ဘာမှမဆိုင်ဘူး´ ဟုကလေးဆန်စွာပြောနေသောမောင့်ကို ဘယ်လိုပြန်ပြောရမယ်မှန်းတောင်မသိပေ။ကျွန်မနှင့်မတွေ့ခင်ကတည်းက ဖြစ်ခဲ့သော ကိစ္စတစ်ခု။ကျွန်မ မောင်နှင့်ပတ်သတ်ပြီး အချိန်ယူစဉ်းစားမည် ဟုသာ ပြောနိုင်ခဲ့သည်။
မနက်ဖြန်တွင် ကျွန်မ ဗန်းမော်မြို့က ပြောင်းတော့မည်။မောင်နှင့် ဒီနေ့တွေ့ကာ အပြတ်ပြောရတော့မည်။ကျွန်မဘ၀တွင် တစ်ခါသာဖြစ်ခဲ့သော ရင်ခုန်မှု၏ အဆုံးသတ်ကတော့...............။
နေပူကျဲကျဲ အချိန်တွင် မောင်နှင့်ကော်ဖီဆိုင်တွင် ချိန်းလိုက်သည်။မောင်ကတော့ တတ်နိုင်သမျှ အချိန်ဆွဲလို၍နောက်ကျမှ ရောက်လာသည်။သို့သော် အဖြေကတော့ ပြောင်းလဲတော့မည်မဟုတ်ပေ။`မတို့ လမ်းခွဲကြရအောင်။´ဟု ပြောသော ကျွန်မစကားကို မောင်က မကျေနပ်စွာ ငြင်းချက်ထုတ်ဖို့ပြင်သည်။`ဆုံးအောင် နားထောင်ဦး။မ က နောက်မှတွေ့တဲ့လူ။သေချာစဉ်းစားကြည့်ပါ။မ နဲ့မတွေ့ချင်ကတည်းက မောင် မှာ့က ပိုင်ဆိုင်မဲ့သူ ရှိပြီးသာ။ဒါကို ဘယ်လိုမှ ငြင်းလို့မရဘူး။ဘယ်အနေအထားက ကြည့်ကြည့် မ က မောင့်အကြောင်း သေချာမသိပဲ အဖြေမပေးသင့်ဘူး။နောက်ဆုံးအနေနဲ့ပြောမယ်ဆိုရင် အားလုံးကို ငဲ့ပြီး မ တို့ လမ်းခွဲမှဖြစ်မယ်´ ဟု ပြောလိုက်သည်။ထို့နောက် ပန်းသီးတစ်လုံးကို မောင့်ကို ထုတ်ပေးကာ ` မ ဒီအသက်အရွယ်ထိ မောင်ကလွဲပြီး ဘယ်ယောက်ျားလေးကို မှ မချစ်ခဲ့ဖူဘူး။မောင်နဲ့ ချစ်ခဲ့ပေမဲ့ ပေါင်းစပ်လို့ မရတော့ဘူးလေ။ဒါဟာ အနာပါတဲ့ ပန်းသီးလိုပဲ တစ်သက်လုံးဖျောက်လို့မရတဲ့ မောင်နဲ့ပတ်သတ်တဲ့အနာလေးတစ်ခုက မမှာ ကျန်နေခဲ့မှာပါ´ ဟုပြောကာ ထွက်ခွါခဲ့လေသည်။
အနာလေးပါနေသော ပန်းသီးလေးတစ်လုံး။အနာလေးကို ဖယ်လိုက်ပေမဲ့ ပန်းသီးအကောင်းတစ်လုံးလို ပြန်ပြီးမဖြစ်သွားနိုင်တော့ပေ။ဖဲ့ထုတ်လိုက်သောနေရာလေးတွင် အနာလေးရှိခဲ့ကြောင်း သက်သေအချိုင့်လေးကျန်ခဲ့ဦးမည်။ထို့အတူ ကျွန်မမောင့်ကို ချစ်ခဲ့သော ချစ်နေသော အချစ်သည်လည်း အနာပါနေသော ပန်းသီးလိုပင် အမြဲတမ်းကျန်ရှိနေဦးမည် ဖြစ်ပါသည်။
မောင့်ကို ပေးခဲ့သော ပန်းသီးလေးတွင် အနာလေးပါနေသည်ကို ကျွန်မချစ်သော မောင်တစ်ယောက်သိမှ သိပါလေစ။
စာရေးသူ - ပန်းရင့်ရောင်~

No comments:
Post a Comment