ဒီနားမှာ ဂျာနယ်ဆိုင်လေး ၃ဆိုင်ရှိတယ်။ နေ့စဉ်ထုတ်ဂျာနယ်မျိုးစုံကို ပုံမှန်ရောင်းတယ်။ ဈေးနီး၊ ကားဂိတ်နီး အချက်အချာကျတဲ့ နေရာဆိုတော့ ပုံမှန်ရောင်းနေရတာပါပဲ။
ဒါပေမယ့် ဒီနေ့ကတော့ ထူးတယ်။ ဘာလို့လည်းဆိုတော့ မနေ့ညကပဲ ၂၀၁၀ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲကြီး ကျင်းပထားတယ်။ ဒါကြောင့် ဒီနေ့ မနက်ထွက်တဲ့ ဂျာနယ်တိုင်းလိုလိုမှာ အကယ်ဒမီသတင်းတွေက ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ အချပ်ပိုတွေနဲ့ ပလူပျံထွက်လာတယ်။
စောစောကပြောတဲ့ ဆိုင်၃ဆိုင်မှာလည်း ဒီနေ့မနက်ထွက်တဲ့ ဂျာနယ်အားလုံးကို ကိုယ်စီ တင်ထားကြတယ်။
မနက် ၁၁နာရီဝန်းကျင်မှာတော့ အသက်အကြီးဆုံးလူ၊ သူရောင်းတဲ့ဆိုင်မှာ အမျိုးသမီးတစ်ယောက်က ဂျာနယ်လာဝယ်တယ်။ အမျိုးသမီးက ဟိုဟိုဒီဒီ လှန်လှောကြည့်ရင်း ..
“ အကယ်ဒမီ သတင်းပါတဲ့ ဂျာနယ်ကောင်းကောင်းလေး တစ်စောင်လောက်၊ ဘယ်ဂျာနယ် ကောင်းမလဲ မသိဘူးနော် ”
“ အစ်မ ကြိုက်တာဝယ်ပါ၊ တစ်စောင်မှ ၅၀၀ကျပ်ပဲ ”
“ ဓာတ်ပုံတွေ ပိုများပြီး ဖတ်လို့ အကောင်းဆုံး၊ အရောင်းရဆုံး ဂျာနယ် ရွေးပေးပါလား။ ကျွန်မ နှစ်စောင်တောင်ယူမှာ “
“ အဲ… ဒါဆိုရင်တော့ ဒီဂျာနယ်ကိုယူ။ သူက စာရွက်သားလည်း ပိုကောင်းတယ်။ စာရွက် အရေအတွက်လဲ ပိုများတယ်။ ဓာတ်ပုံတွေကလဲ တခြားဂျာနယ်တွေထက်ကို စုံတယ်။ အင်တာဗျုးထားတာများ ကောင်းမှကောင်းဗျာ။ အကယ်ဒမီမင်းသား အကြောင်းများ၊ ရေးထား မေးထား လိုက်တာများဗျာ.. တကယ့်ကို နှိုက်နှိုက်ချွတ်ချွတ်၊ အကယ်ဒမီမှန်းထားပြီး မရလိုက်တဲ့ မင်းသား မျက်နှာများ သေချာကို အမိအရ ရိုက်ထားတာဗျ၊ ရောင်းမလောက်လို့ စောင်ရေအပို ကြိုမှာ ထားရတာ၊ ဒါပေမယ့် သူက တစ်စောင်ကို ၆၀၀ကျပ်နော် ”
အမျိုးသမီးလည်း ဂျာနယ်ရောင်းသူ အပြောကောင်းတာကြောင့် ဂျာနယ်ကို လှန်လှောလို့တောင် မကြည့်တော့ပါဘူး။ ငွေ၁၂၀၀ကျပ်ပေးပြီး ဂျာနယ်၂စောင် ၀ယ်သွားလေရဲ့။
အမျိုးသမီးလည်း ထွက်သွားရော ညာဘက်ဘေးဆိုင်က ဂျာနယ်ရောင်းသူ ကောင်လေးက..
“ အကိုကြီး.. ခင်ဗျားက တယ်ဟုတ်ပါလား၊ ဒီဂျာနယ်က ထွက်သမျှတွေထဲမှာ မစွံဆုံး ဂျာနယ်လေဗျာ။ သတင်းတွေ ဓာတ်ပုံတွေကလဲ ထူးမခြား နားတွေပါဘဲဗျာ၊ ခင်ဗျားတောင် မနက်က ဖတ်ပြီး လုပ်စားထားတဲ့ ဂျာနယ်ကြီး၊ ငါတော့ အစောင်အရေတွက် ပိုယူမိတာ မှားပြီလို့ ညည်းပြီးတော့”
ဘယ်ဘက်ဘေးဆိုင်က ဂျာနယ်ရောင်းသူကလဲ ..
“ အေးလေ.. ပုံမှန်ရောင်းဈေး ၅၀၀ကျပ်ပဲဟာ၊ အခု ခင်ဗျားက ၆၀၀ကျပ်တောင် တင်ရောင်းလိုက်သေး ”
ဒီတော့… ခုနရောင်းလိုက်သူက..
“ အဲ့ဒါ မင်းတို့ မှတ်ထားကွ၊ ငါ့လက်ထဲမှာ တခြား ဂျာနယ်အစောင်တွေက ၂စောင်လောက်ဘဲ ကျန်တော့တယ်၊ ဒီဂျာနယ်က အခု ဒီအချိန်ရှိတာတောင် ၁၀စောင်လောက် ကျန်နေသေးတယ်၊ ဒီလိုမှ မရောင်းရင် ကုန်မှာ မဟုတ်တော့ဘူး၊ လူတွေရဲ့စိတ်က ဒီလိုဘဲ၊ အပြောကောင်း ကောင်းလေး နဲ့ပြော၊ ဈေးပိုပေးရတယ်ဆိုရင် ပိုကောင်းတယ် ထင်တတ်တာ သဘာဝဘဲကွ၊ အထဲက စာတွေ အရည်အသွေး ကောင်းမကောင်း သူတို့ ဂရုမစိုက်တော့ဘူး၊ မယုံရင်ကြည့်.. သူအိမ်ရောက်ရင် သူဝယ်လာတဲ့ ဂျာနယ်က ပိုစုံတယ်၊ ပိုကောင်းတယ်ဆိုပြီး မပြောရင် ငါ့ဇက်လာဖြတ်၊ တန်ဘိုး ကြီးကြီး ပေးရရင် ကောင်းတယ်ထင်တတ်တဲ့ လူတွေရဲ့ စိတ်ကို ငါက အသုံးချပြီး ဒီဂျာနယ်ကို ရောင်းထုတ်လိုက်တာကွ၊ မယုံရင် မင်းတို့လဲ စမ်းကြည့်၊ အေး.. ဒါပေမယ့် အပြောလေးနဲ့ ရုပ်ခံကတော့ အကယ်ဒမီရှော့ ဖြစ်နေရမယ်နော် ”
ဒီတော့ သူ့ရဲ့ ရောင်းဖော်တွေက သူ့ကို အခုလိုပြောလိုက်တယ်။
“ ဟုတ်တယ်.. ဒီနှစ် ဇာတ်ဆောင်မင်းသားအတွက် အကယ်ဒမီက ဟိုမင်းသားမဟုတ်ပဲ ခင်ဗျား ရရမှာ.. ”
———————
( “ အိပ်မက်ကောက်ကြောင်း၊ ၂၀၁၀ ခုနှစ်၊ ဧပြီလ” မှာထည့်ခဲ့ဘူးတဲ့ ပို့စ်အဟောင်းလေးပါ။ လူရဲ့ ပင်ကိုယ်စိတ်ကိုက အကောင်း ကြိုက်တတ်ကြတယ်။ ဈေးပိုပေးရရင် ကောင်းတယ် ထင်တတ်တယ်။ အပေါ်ယံ အရှိန်အ၀ါနဲ ဟိတ်ဟန်တွေကို ကြည့်ပြီး မှင်မောင်းကောင်းကာင်းနဲ့ ပြောရင်တော့ ကျသွားပြီသာမှတ်။ သွားရင်းလာရင်း ပို့စ်လေး တစ်ပုဒ်လက်ဆောင်ပေးတဲ့ ဂျာနယ်ရောင်းသူကို ကျွန်မ ကျေးဇူးတင်နေမိတယ်။ ဒီနှစ်အကယ်ဒမီဆုရှင်တွေက ပရိသတ်ဆန္ဒနဲ့ တစ်ထပ်ထဲမို့ ၀မ်းသာမိရပါတယ်။ )
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
**မြသွေးနီ**

No comments:
Post a Comment