မွေးစအရွယ်တည်းက
သမီးမျက်နှာ တစ်စိမ့်စိမ့်ကြည့်
တစ်သိမ့်သိမ်တွေး
နောက်တစ်ယောက်မွေးလာရင်တောင်
ဒီတစ်ယောက် ကိုနှောင်တွယ်သလောက်
ထိထိရောက်ရောက် ချစ်နိုင်ပါတော့မလား စဉ်းစား
ပီတိတွေနဲ့ ချစ်အားပိုခဲ့တာ။
ဖေဖေ
သိတတ်စ ကလေးဘ၀ အရွယ်မှာ
ကျောင်းတက်ချိန်တစ်နေ့လေး
ခဏဝေးရတာကိုတောင် မျက်နှာညို
စိတ်အလိုမကျဖြစ်ခဲ့ရလည်း
သမီးလက်ကိုတွဲ ဘယ်တော့မှမခွဲမယ့်စိတ်ထားနဲ့
မခွဲရက်ရက် အခွဲခက်စွာ
ကျောင်းကို ပို့ခဲ့ရတာ။
ဖေဖေ
ဆယ်ကျော်သက် ရူးမိုက်မိုက် အရွယ်မှာ
ငါသိတယ် တတ်တယ်ဆိုတဲ့ မာနလေးနဲ့
ကိုယ့်ကိုကိုယ် လက်မထောင်
ပြန်အာခံတတ်တဲ့ သမီးကိုတောင်
နားလည်စွာနဲ့ ခွင့်လွတ်
နူးညံ့စွာနဲ့ အပြစ်ကင်းလွတ်စေခဲ့တယ်။
ဖေဖေ
ဘ၀လောကထဲ ခြေချခါစ မလည်မ၀ယ် အရွယ်
အသိမကြွယ်သေးခင်မှာ
စီးပွားရေး ပန်းခင်းထဲလည်း
ဆူးဆိပ်တက်တတ်တယ်ဆိုတာ ပညာပေး
ကျန်းမာရေး တလင်းထဲလည်း
လေအတိုက် မီးတစ်မြှိုက်နဲ့တင်
တစ်ဘ၀စာပေးဆပ်လိုက်ရကြောင်း
တောတစ်ကာတောမှာ လူတောသာအနက်ဆုံး
လူနဲ့လူကြား ချိုသာသောစကားတွေသုံးလို့
ငါ့သမီး လူတောတိုးကြည့်ပါဦးတဲ့
စတဲ့ … စတဲ့ အသိတရား ၀တ်ရုံ
သေသေချာချာပေးခြုံ
ဘ၀ခရီးကိုလုံခြုံစေခဲ့တယ်။
ဖေဖေ ရေ …
ငယ်ငယ်ကတည်းက
ရှိတယ်ဆိုတာသာသိ အထိအတွေ့မရှိခဲ့တဲ့
ဖေဖေနဲ့ သမီးကြား
အရာတိုင်းဟာ သမီးရဲ့စိတ်ကူး
အထူးပြုသက်သက်ဖြစ်ခဲ့လည်း
ဖေဖေ့ကို အရမ်းချစ်တဲ့ သမီးအနား
ဖေဖေ မရှိနိုင်ခဲ့သော်ငြား
သမီးကြောင့် ဖေဖေ စိတ်ဆင်းရဲရမယ်ဆိုရင်
သမီးကြောင့် ဖေဖေ မျက်နှာငယ်ရမယ်ဆိုရင်
သမီးကြောင့် ဖေဖေ အရှက်ရခဲ့မယ်ဆိုရင်
ဆိုရင်…. ဆိုခဲ့ရင်…. ဆိုတာတွေတွေး
သမီးစိတ်ကို သမီးထိန်းချုပ်
ဘယ်သူမှ အုပ်ထိမ်းစရာ မလိုအောင်
အသိတရားနဲ့ ပဲ့ပြင်
အရာရာ အကောင်းမြင်တတ်တဲ့ စိတ်လေးနဲ့
ဖေဖေ ဂုဏ်ယူနိုင်တဲ့ သမီးကောင်းအဖြစ်
ဖေဖေကို သမီးချစ်ပြခဲ့ပါတယ်။
ငယ်ငယ်အတည်းက အဖေနဲ့ ဝေးနေရတဲ့ သမီးတစ်ယောက်ဖြစ်တဲ့ကိုယ် အဖေ့ကို အရမ်းချစ်ခဲ့ပါတယ်။ တစ်ယောက် တစ်နိုင်ငံစီ နေခဲ့ရတဲ့ ဖေဖေနဲ့ ကိုယ့်ရဲ့ အဖြစ်က ကိုယ့်အတွက် တွေးမိတိုင်း ၀မ်းနည်းစရာပါ။ နွေရာသီကျောင်းပိတ် ရက်တွေကို အမြဲမျှော်လင့်တတ်တဲ့ ကိုယ် လိုချင်တာဖေဖေနဲ့ အတူတူနေရဖို့ပါပဲ၊ တစ်နွေပြီး တစ်နွေသာ ကူးပြောင်း သွားခဲ့ပါတယ် ဖေဖေ့နားကိုယ် တစ်ကြိမ်မှ မရောက်ခဲ့တာပါ။ ဖေဖေ့ကိုလွမ်းတိုင်း ကျရတဲ့မျက်ရည်တွေ များခဲ့တာ ကိုယ့်ကိုကိုယ်တောင် သတိမထားမိခဲ့တာ သတိထားမိချိန်မှာ ကိုယ်မငိုတတ်တော့တာပါပဲ၊ ကျောင်းတတ်စဉ် အရွယ်မှာ သူငယ်ချင်းတွေကို သူတို့ဖေဖေတွေ လက်တွဲကျောင်းပိုတာတွေ ကျောပိုးကျောင်းပို့တာတွေမြင်ရင် ငိုချင်စိတ်ကိုမျိုချလို့ လူမရှိတဲ့ ကျောင်းအားကစားကွင်းထဲကိုသွား ဖေဖေရေဆိုပြီး လည်ချောင်းကွဲအောင် အကြိမ်ကြိမ် အခါခါအော်ခေါ် ဖြစ်တာ၊ အသက်လေးနဲနဲရလာတော့ သူငယ်ချင်းတစ်ယောက်အိမ်မှာ မမျှော်လင့်ပဲ ထမင်းစားဖြစ်သွားချိန် သူ့ဖေဖေနဲ့ သူ ထမင်းဝိုင်းမှာ သူ့အရာရာကို ထိုင်ပင်ဆွေးနွေးနေတာ မြင်ပြီး ထမင်းတစ်ပန်းကန် ဘယ်လိုမှကုန်အောင် မစားနိုင်ခဲ့တဲ့ ကိုယ့်အဖြစ် အိမ်ပြန်ရောက်တော့ ရေချိုးကြွေဇလုံထဲ မျက်နှာကိုနှစ်လို့ ဖေဖေကိုလွမ်းခဲ့တယ်။ ဖေဖေ့ရဲ့ သွန်သင် ဆုံးမမှုတွေနဲ့ ဝေးနေပြီး ဖေဖေကို အတွေးနဲ့သာ အနေနီးခဲ့ရတဲ့ဘ၀မှာ အဖေတွေအကြောင်း သူငယ်ချင်းတွေ စကားကောင်းနေချိန်မှာ ကိုယ်နှာစီးနေတတ်ခဲ့တာပါ။ ဒါပေမဲ့ ကိုယ့်ကိုပစ်ထားရက်ပါလားလို့ ဖေဖေ့ကို ဘယ်တုန်းကမှ အပြစ် မမြင်ခဲ့ပါဘူး။ ဖုန်းနဲ့သာ ထိတွေ့ခွင့်ရခဲ့ဖူးတဲ့ ဖေဖေပြောတဲ့စကား ခုချိန်ထိ ကိုယ် “ဟင့်အင်း” တစ်ခွန်း မငြင်းခဲ့ ဖူးပါဘူး။ ဖေဖေအသက်ရလာတော့ ကိုယ့်ကို သူ့အနားခေါ်ထားချိန်မှာ ဖေဖေကို စိတ်ချမ်းသာစေချင်တဲ့ ဆန္ဒလေးတစ်ခု ကြောင့် ကိုယ်ဖေဖေ့နား ပြန်လာနေချိန်မှာ ဖေဖေ့ရဲ့ နားလည်ပေးနိုင်တတ်တဲ့ စိတ်ထားကြောင့် ကိုယ်ပိုလို့ အဖေကို လေးစားချစ်ခဲ့တယ်။
ဖေဖေရေ …………….. ဖေဖေရေ ………… ဖေဖေရေ …………… ဖေဖေနဲ့ ဝေးနေချိန်တွေတုန်းက ကိုယ်တမ်းတမ်းတတ ခေါ်ခဲ့တာတွေကို၊ ကိုယ့်အနား ဖေဖေ ရောက်မလာနိုင်တာ ကလွဲလို့ ဖခင်တစ်ယောက်ရဲ့ ရင်နဲ့ ဖေဖေကြားခဲ့တယ်ဆိုတာ ကိုယ်နားလည်လိုက်ရချိန်မှာတော့၊ ကိုယ့်ဖေဖေ လို အဖေတစ်ယောက် ကိုယ်ရရှိခဲ့တာကို ကိုယ်ဂုဏ်ယူမဆုံးတော့ပါဘူး။ နောင်ဘ၀ဆိုတာများရှိသေးခဲ့ရင်လည်း ကိုယ် ... ကိုယ့်ဖေဖေရဲ့ သမီးကောင်းတစ်ယောက် ဖြစ်ချင်ပါသေးတယ်။
တစ်လောကလုံးက အဖေတွေအတွက် အထူးသဖြင့် ကိုယ့်ဖေဖေအတွက်ပါ။
ရှင်းကြယ်:

No comments:
Post a Comment