ဒွိဟ…။ ဒွိဟဆိုတာ ဘာများလဲ။ စိတ်နှစ်ခွလား။ လမ်းနှစ်မွှာလား။ မထွေးနိုင် မမျိုနိုင်လား။ ဆီတ၀င်းဝင်း သဲတရှပ်ရှပ်လား။ နှလုံးသားနဲ့ ဦးနှောက်လား။ စဉ်းစားရင်း `ဒွိဟ´ ဟာ ဒွိဟဖြစ်စရာ ဖြစ်လာတယ်။ ဒါဆို `ကျင့်ဝတ်´ ဆိုတာကရော ဘာလဲ။ ငါးပါးသီလလား။ ပဉာတ်တော် ဆယ်ပါလား။ လိုင်းကားပေါ် ဆေးလိပ်မသောက်ရတာလား။ လူတွေစားမယ့် သားငါးတိရိစ္ဆာန်တွေကို အနာအကျင်မရှိအောင် `ပေါ်´ (သတ်ဖြတ်) ရခြင်းလား။ ကျင့်ဝတ်ကို ဘယ်သူတွေက သတ်မှတ်ပြီး ဘယ်သူတွေက အတည်ပြု လက်မှတ်ရေးထိုးထားသလဲ။ ကမ္ဘာဦးကျောက်စာတိုင်ပေါ်မှာ ရေးထွင်းထားပါသလား။ စဉ်းစားရင်း ကျင့်ဝတ်ဟာ ခါးပေါ်က ကွင်းလုံးကျွတ်ကျသွားတယ်။ ဒီလို ခပ်ရှုပ်ရှုပ် အကြောင်းအရာနှစ်ခု သမအောင် ရောမွှေထားတဲ့ `ကျင့်ဝတ်ဆိုင်ရာ ဒွိဟ´ (Moral Dilemma) အကြောင်းကို အနည်းငယ်မျှ တီးခေါက်ကြည့်ပါမယ်။
တစ်ခါတုန်းက ပင်လယ်ပြင်ကြီးမှာ သင်္ဘောတစ်စင်း ရွက်လွှင့်လာခဲ့တယ်။ ကံမကောင်းစွာပဲ သင်္ဘောဟာ ရေခဲတောင်နဲ့ တိုက်မိပြီး ဗိုက်ပေါက်သွားခဲ့ပါတယ်။ ပိုပြီးအဖြစ်ဆိုးတာက လူ (၇) ယောက်သာ တင်ဆောင်နိုင်တဲ့ အသက်ကယ်လှေကလေး တစ်စင်းထဲ ရှိပြီး အသက်ရှင်ကျန်ရစ်သူက (၃၀) ကျော်တောင် ဖြစ်နေခဲ့တယ်။ အဲဒီ လှေကလေးတစ်စင်းပေါ်မှာ လူ (၃၀) ကျော် မဆံ့မပြဲ စုပြုံနေကြပါတယ်။ ရာသီဥတုကလည်း ဆိုးရွားနေလို့ ဆက်လက် ခရီးဆက်နိုင်ဖို့ဆိုရင် အသက်ကယ်လှေကို ပေါ့သွားအောင် လုပ်မှဖြစ်တော့မယ်။ ဒီလိုမှမဟုတ်ရင် အသက်ကယ်လှေပါ နစ်ပြီး ရှိသမျှလူအားလုံး ပင်လယ်အောက် ခေါင်းချရဖို့သာ ရှိတော့တယ်။ အဲဒီအခါမှာ သင်္ဘောမာလိန်မှူးက ဒီလိုအခြေအနေမှာ လုပ်သင့်တဲ့ကိစ္စက လူတချို့ကို လှေပေါ်က ကန်ချဖို့ပဲလို့ ဆင်ခြေပေးပါတယ်။ ဒါဆို ဘယ်သူတွေကို ကန်ချမလဲ။ လူကြီးလူကောင်းတွေပီပီ အမျိုးသမီးတွေနဲ့ ကလေးတွေကို ဦးစားပေး ကန်ချမလား။ ရာသီဥတုက ဆိုးနေတယ်။ လှေဝန်ပေါ့သွားရင်တောင် အားကောင်းမောင်းသန် ယောက်ျားကြီးတွေ ၀ိုင်းလှော်မှ ကယ်သူပေါ်ဖို့ မျှော်လင့်နိုင်မယ့် အခြေအနေမျိုး ဖြစ်နေတယ်။ ဒီလိုသာဆိုရင် ကန်ချခံရတဲ့သူတွေက သနားစရာ ကောင်းမနေဘူးလား။ သူတို့အတွက် မျှတပါ့မလား။ မာလိန်မှူးရဲ့ ဆင်ခြေက ကန်ချခံရတဲ့လူတွေအတွက် မမျှတဘူးလို့ မဆိုနိုင်ပါဘူးတဲ့။ ဘာဖြစ်လို့ဆို သူတို့ဟာ ကန်ချခံရရ၊ မခံရရ သေမှာက သေမှာပဲ ဖြစ်တဲ့အတွက်ကြောင့်ပါတဲ့။ လှေပေါ်ဆက်နေလည်း လှေနစ်ပြီး သေကြရမှာပဲဆိုတော့ သူတို့အနေနဲ့က မထူးခြားလှပါဘူး။ ဆက်တွေးကြည့်ရအောင်။
မာလိန်မှူးအနေနဲ့ ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေခဲ့မယ်ဆိုရင် အသက်ရှင်နိုင်ချေရှိတဲ့ လူတချို့ရဲ့ သေဆုံးမှုအတွက် သူ့မှာ တာဝန်ရှိနေပါတယ်။ လူတချို့ကတော့ မာလိန်မှူးရဲ့ ဆင်ခြေကို ကန့်ကွက်ပါတယ်။ သူတို့အလိုအရ ဒီတိုင်းပဲနေပြီး အားလုံးသေသွားခဲ့ရင် ဒီသေဆုံးမှုအတွက် ဘယ်သူ့မှာမှ တာဝန်မရှိတော့ပါဘူး။ အခြားတစ်ဘက်မှာ အားနွဲ့သူတချို့ကို ရေထဲကန်ချပြီး လူတချို့ကို ကယ်တင်ဖို့ ကြိုးစားခဲ့ရင် သေဆုံးသူတွေအတွက် `တာဝန်ရှိမှု´ (Responsibility) ဟာ မာလိန်မှူးရဲ့ ငယ်ထိပ်ပေါ် ရောက်ရှိလာပါပြီ။ ဒီအခြေအနေဟာ ဘာမှမလုပ်ဘဲ အားလုံးသေသွားတာထက်ကို ပိုဆိုးတယ်လို့ သူတို့က အကြောင်းပြပါတယ်။
မာလိန်မှူးအနေနဲ့ လူတချို့ရဲ့ အသက်ကို `တာဝန်ရှိမှု´ ကို ပေးပြီး ၀ယ်ယူရမယ့် အနေအထား ဖြစ်ပါတယ်။ `အမှန်´ နဲ့ `အကောင်း´ လွန်ဆွဲနေရခြင်း ဖြစ်ပါတယ်။ ထိုမာလိန်မှူးဟာ `အမှန်´ ကို အနိုင်ပေးလိုက်ပြီး လှေပေါ်က အားအနည်းဆုံးလူအချို့ကို ရေထဲကန်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရှေ့ဆက် ရုန်းကန်ရဦးမယ့်ခရီးဟာ ကြမ်းတမ်းတဲ့အတွက် အားကောင်းမောင်းသန်တွေပဲ ကျန်နေမှ အသက်ရှင်ဖို့ မျှော်လင့်နိုင်မှာပါ။ ဒီလိုနဲ့ အမျိုးသမီးနဲ့ ကလေးတွေကို ပလုံစီပြီး စတေးပစ်လိုက်တယ်ဆိုပါတော့။ အခြေအနေအရ မဲလိပ်နှိုက်ပြီး ဆုံးဖြတ်နေရမှာမျိုး မဟုတ်ဘဲကိုး။ နောက်ဆုံးမှာတော့ အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီးထဲ အားသွန်ခွန်စိုက် လှော်ခတ်ရင်း မေခလာမဟုတ်ဘဲ `ဟယ်လီကော်ပတာ´ (Helicopter) [-] လာကယ်လို့ အသက်ချမ်းသာရာရသွားခဲ့တယ်။ ဒါနဲ့တစ်ဆက်တည်း အမှန်တရား မြတ်နိုးသူ မာလိန်မှူးကြီးလည်း လူသတ်တရားခံအဖြစ် တရားရုံးရောက်သွားခဲ့ပါတယ်။ သူကယ်ဆယ်ခဲ့တဲ့ လူတွေအတွက် ပေးဝယ်ခဲ့တဲ့ တာဝန်ရှိမှုကို သူပြန်ပေးဆပ်ရတော့မယ်။
ဒီ ဇာတ်လမ်းလေးဟာ ၁၈၄၂ ခုနှစ်ခုနှစ်က တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် တစ်ခုဖြစ်ပါတယ်။ (မူရင်းမှာတော့ အားအနည်းဆုံးလူများလို့ပဲ ပါပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေ ကို ကျွန်တော်က စိတ်ကူးနဲ့ဖြည့်စွက်ပြီး ကန်ချလိုက်ပါတယ် :P) `ကျင့်ဝတ်ဆိုင်ရာ ဒွိဟ´ နဲ့ပတ်သက်လို့ ဥပမာများစွာရှိတဲ့အထဲက ထင်ရှားလှတဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်။ ကျင့်ဝတ်ဒွိဟအတွက် သာဓကပေါင်းများစွာ ရှိပေမယ့် `ဒွိဟ´ လို့ ဆိုထားတဲ့အတွက် (မှန်ကန်ကောင်းမွန်သော) အဖြေတစ်ခုကိုတော့ တွေ့ရလိမ့်မှာ မဟုတ်ဘူး။ နှလုံးသားနဲ့ ဦးနှောက်၊ အမှန်တရားနဲ့ ကောင်းမြတ်ခြင်းတရားတို့ ထိပ်တိုက်တိုးပြီး သူသေကိုယ်သေ သတ်ရတဲ့ ရက်စက်လှတဲ့ ဗိုလ်လုပွဲတစ်ရပ်သာ ဖြစ်ပါတယ်။ အထက်မှာ ဆိုခဲ့သလို ဒီနေရာမှာ ကျင့်ဝတ်နဲ့ပတ်သက်လို့ လူ့ကျင့်ဝတ်ကို ဘယ်စံနဲ့ တိုင်းထွာမလဲ၊ ဘယ်တရားတော်နဲ့ အခြေတည်ပြီး ဆုံးဖြတ်မလဲ ဆိုတဲ့ မေးခွန်းဟာ အလွန် စဉ်းစားစရာကောင်းပါတယ်။ စာအုပ်တွေထဲမှာပါတဲ့ ကျင့်ဝတ် စံချိန်စံညွှန်းတွေနဲ့ တိုင်းထွာဆုံးဖြတ်လို့ လုံလောက်ပါသလား။ တချို့ကိုကယ်ဖို့ တချို့ကို သေခိုင်းပြီး တာဝန်ယူလိုက်မလား။

ဒါဆိုရင် အကြင်နာတရားကင်းမဲ့သူဘ၀ ရောက်ရမယ်။ ဒါမှမဟုတ် မျှတသွားအောင် အသက်ရှင်မယ့်သူ တချို့ကိုပါ သေစေလိုက်မလား။ တာဝန်တော့ကင်းပါတယ်၊ မှန်ကန်တဲ့လုပ်ရပ်လို့တော့ မဆိုနိုင်တော့ပြန်ဘူး။ [*] ဒီလို `အပေါက်ကျဉ်း´ အခြေအနေမျိုးမှာ ဘယ် ဘုရားဟောတရားကို အားကိုးရပါမလဲ။ အထက်က မာလိန်မှူးရဲ့အမှုကို ဆုံးဖြတ်ရမယ့် ဂျူရီလူကြီးမင်းနေရာမှာဆိုရင် မိတ်ဆွေရော ဘယ်လို ဆုံးဖြတ်မလဲ။ ကျွန်တော့်မှာတော့ ကိုယ့်ကျင့်ဒွိဟအတွက် ကြိုတင်ရွေးချယ်ထားမှုတစ်ခု ရှိမနေဘူး။ ဒါပေမဲ့ ထင်မြင်ချက် တချို့တော့ ရှိတယ်။ (ပုံပြင်အရ ပြောရရင်) အမှန်တရားဘက်တော်သားတွေ ရုံးရောက်ဂတ်ရောက် ဖြစ်တတ်တယ်။ ကောင်းမြတ်ခြင်းတရား လက်ကိုင်ထားရင် ရေနစ်တတ်တယ်။ ဘာပဲဖြစ်ဖြစ်ပေါ့၊ လူ့အသက်ဟာ တန်ဖိုးတစ်စုံတစ်ရာတော့ ရှိနေတယ်လို့ မဆိုနိုင်ဘူးလား…။
**တေဇာ (လရောင်လမ်း)**
Ref: Moral Dilemmas: Overcrowded lifeboat
[-] စကားလှအောင် ရေးထားခြင်းသာ ဖြစ်ပါသည်။ ပထမဦးဆုံး “ဟယ်လီကော်ပတာ” သည် နှစ်ဆယ်ရာစု ဦးပိုင်း (၁၉၀၇, ၁၉၂၄) မှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ Source: About.com
[*] ဒါကို မှန်ကန်ပါတယ်လို့ ဇွတ်ငြင်းချင်သူများ အထက်က ဇာတ်လမ်းလေးကိုပဲ ကမ္ဘာကြီးရေလွှမ်းလို့ လှေကလေးနဲ့ ပြေးရတယ်လို့ သဘောထားပြီး စဉ်းစားကြည့်ပါ။ ကမ္ဘာပေါ် ရှိသမျှလူတွေအားလုံး ရေအောက်ရောက်သွားလို့ လူသားမျိုးနွယ် အသက်ဆက်ဖို့ နောက်ဆုံး အခွင့်အလမ်းလေး ဖြစ်မယ်ဆိုရင်တော့ (အားလုံးသေ လိုက်ခြင်းဟာ) မှန်ကန်ပါတယ်လို့ မျက်စိမှတ် ငြင်းနိုင်တော့မယ် မထင်ဘူး။ ယောက်ျားလေးတွေချည်းပဲ အသက်ရှင်တော့ရော ဘယ်လို လူသားမျိုးနွယ် အသက်ဆက်မလဲလို့ ထပ်မေးရင် ခုနက ရေထဲကန်ချထားတဲ့အထဲက ခပ်တောင့်တောင့် အမျိုးသမီးတစ်ယောက် နှစ်ယောက်လောက် ပြန်ဆယ်ပြီး အခု ငြင်းနေတဲ့သူကိုယ်တိုင် သူရဲကောင်းဆန်ဆန် ရေထဲခုန်ဆင်းလိုက်ပါ လို့ပဲ ဖြေရတော့မယ် :P ။<
/span>

No comments:
Post a Comment