လူအများနဲ့ စည်ကားနေတတ်တဲ့ နေရာတစ်ခုကို ပြပါဆိုရင်၊ ပစ်မလွဲ လက်ညှိုး ထိုးပြမိမှာက ဘတ်(စ)ကား မှတ်တိုင်များ။ အထူးသဖြင့် ရုံးဆင်းရုံးတက်ချိန် ဆိုရင်ဖြင့် ကားမှတ်တိုင်တိုင်းမှာ ခရီးသည်တွေက စည်စည်ကားကားနဲ့ ကြိတ်ကြိတ်တိုးဝှေ့နေကြပြီ။ မှတ်တိုင်တွေမှာ တာဝန်ရှိသူတွေက ဘတ်(စ)ကားတွေကို စံနစ်တကျ ရပ်ဖို့ ၀ီစီကို တတွီတွီနဲ့ မှုတ်လို့ ညွှန်ကြားနေပြီ။ ဘတ်(စ)ကားတွေကလဲ တစ်စီးပြီး တစ်စီး မှတ်တိုင်မှာ ရောက်ရှိနေပြီ။ လူသံ၊ ကားသံ၊ ၀ီစီသံ၊ စပယ်ယာသံတွေ သောသောညံ စည်ကားနေတတ်တဲ့ နေရာဟာ ဘတ်(စ)ကားမှတ်တိုင်။
ဘတ်(စ)ကားတွေကလဲ အမျိုးမျိုး။ တချို့ ဘတ်(စ)ကားတွေက အပျော်မောင်းနေသလား မှတ်ရတယ်။ မှတ်တိုင်မှာ ဒီလောက် လူတွေက ပြုံခဲပြီး ကားကို စောင့်နေတာတောင်၊ နောက်ကား လိုက်မမှီအောင် မှတ်တိုင်မှာ မရပ်လေပဲ “ မောင်းဆရာရေ… အဆုံးထိတင်၊ နောက်ကားပါတယ်၊ နောက်မှတ်တိုင်ကြမှ ကြုံးမယ်” ဆိုတဲ့ စပယ်ယာရဲ့ ညွှန်ကြားချက်နဲ့အတူ မြန်နှုံးမြှင့်လို့ ခပ်တင်းတင်းနဲ့ မောင်းပြေးတတ်တယ်။ ခရီးသည်တွေက မှတ်တိုင်ရှေ့ ရောက်လာတဲ့ ဘတ်(စ)ကားနောက်ကို အုပ်လိုက် အပြေးလိုက်ချိန်မှာ ကားက မရပ်ပဲ မောင်းပြေးလေတော့ မေတ္တာပို့သံတွေ ဝေေ၀စီသွားပါရော။ ဆင်းမယ့် ခရီးသည်တွေကိုလဲ မှတ်တိုင် ကျော်တဲ့အထိ ခေါ်သွားပြီး အဆင်ပြေရာ ပလက်ဖောင်းဘေး ကားထိုးပြီး အတင်း တွန်းထိုး ဆင်းခိုင်းပြန်ရော။
တချို့ ဘတ်(စ)ကားများကြပြန်တော့ အင်မတန်မှကို စိတ်ရှည်ပြန်တယ်။ ခရီးသည်တွေက ခုနက ဘတ်(စ)ကားလို မှတ်တိုင်မှာ မရပ်ပဲ မောင်းပြေးမှာ စိုးရိမ်ရှာလေတော့၊ မှတ်တိုင်မှာ ကားစက်တောင် မသပ်သေး၊ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်လို့ နှလုံးသွင်းပြီး အလုအယက် ပြေးတက်ကြတယ်။ အဲ့ဒီမှာ တက်မိတဲ့ ဘတ်(စ)ကားက နောက်ကြောင်း အေးအေးနဲ့ ဘီးလေးဘီးလုံး ကျောက်ချလို့၊ မရွေ့မလှုပ်နဲ့ မှတ်တိုင်မှာ ငုတ်တုတ်မေ့ပြန်တော့မှ ခရီးသည်များလဲ ခြေကျွံသွားပြီဆိုတာ သိရတယ်။ အဲ့ဒီအချိန်မှာ နောက်ကားကို ဘယ်လိုမှ ပြောင်းစီးဖို့ရာ မဖြစ်နိုင်တော့ဘူး။ စပယ်ယာက ကားပေါ်မှာ ငါးသေတ္တာ အဆာသွပ်သလို စံနစ်တကျ အကြားအလပ် မရှိရလေအောင်၊ အဆိုအဆဲ အဟဲလေးတွေနဲ့ ချော့တလှည့် ခြောက်တဖုံနဲ့ ပြည့်ညပ်နေအောင် ခရီးသည်တွေကို ကျောကပ်ရင်ကပ် ကျွမ်းကျွမ်းကျင်ကျင်နဲ့ စိမ်ပြေနပြေ နေရာ ချပေးတတ်ကြတယ်။ “လေးဘီးလုံး ကျောက်ချ၊ နောက်ကြောင်းအေးတယ်၊ ရသလောက် အကုန်ဆွဲစိမယ် ” လို့များ စပယ်ယာက ပြောလိုက်ရင်ပဲ ဒရိုင်ဘာကလဲ အလိုက်တသိ ကားကို လီဗာဖိလို့ ဘရူး… ဘရူးနဲ့ ရှေ့တိုးနောက်ငင်လုပ်၊ ကားထဲက လူတွေက ရှေ့တိုး နောက်ယိုင်နဲ့၊ နှဲ့သလိုဖြစ်ပြီး ဘုရားစူး လပ်ဟာသွားတဲ့ နေရာပိစိလေးမှာ တက်ရင်ကောင်းမလား စဉ်းစားနေတဲ့ ခရီးသည်တွေကို “အထဲမှာ နေရာတွေ တပုံကြီး၊ ဖိုးချစ်တောင် ဇာတ်ကလို့ရတယ်” ဆို အပြောလေးနဲ့ ဖြားယောင်း၊ ခရီးသည်တွေ လှုပ်မရလေတဲ့အထိ အရှင်လိုက် အစာသွပ်ပြန်တယ်။
တချို့ ဘတ်(စ)ကားတွေကျတော့လဲ ခရီးသည်ကို လူရယ်လို့ မမြင်၊ ကားနောက်က သရဲသဘက် လိုက်လာသလို ပုံစံမျိုးနဲ့ မှတ်တိုင် ဆင်းမယ့်သူတွေကို ကြီးသော ငယ်သော၊ ရဟန်းလော ကိုယ်ဝန်ဆောင်လော၊ အသက်ကြီးသူလော ဂရုမထား၊ နောက်ကျောကနေ အတင်းတွန်းချ၊ ဒါတင်မက ကားပေါ်တက်မယ့် လူတွေကိုလဲ ကျောတွေ၊ ခါးတွေကနေ စွေ့ခနဲ မပွေ့ယုံတမည် တွန်းတင်၊ ကားပေါ် အဆင်းအတက် တန်းလန်းရှိသေး “နွဲ့မနေနဲ့ သွက်သွက်လေးလုပ်” ဆို တို့လို့တွဲလောင်းရှိတုန်း ချိုင်းကနေ ပိုင်ပိုင်နိုင်နိုင်ဆွဲမ၊ ဆွဲချ၊ စပယ်ယာရဲ့ ပြုသမျှ နုပြီးသကာလ၊ ကားက အူယားဖားယားနဲ့ မောင်းပြေးတတ်ပြန်တယ်။
နာနဂီရိ ဆင်ပြောင်ကြီးကို အရက်ကိုးမောင်း တိုက်ထားသလို စိတ်ကြီးတဲ့ ဒရိုင်ဘာ၊ စပယ်ယာ ဒေါသကုမ္မာရများ မောင်းတဲ့ ကားဆိုရင်တော့၊ ခရီးသည်များ ဘုရားစာတွင်တွင် ရွတ်ဖတ်လို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်၊ ခရီးသွားရင်း ကုသိုလ် ရရပြန်တယ်။ မီးဝါ မီးနီ ဂရုမပြု၊ တစ်လမ်းမောင်း နှစ်လမ်းမောင်း သတိမေ့၊ အရှေ့တည့်တည့် မှန်မှာ ကပ်ထားတဲ့၊ “သင် အိမ်ပြန်အလာကို သင့်ဇနီးမယားနှင့် သင့်သားသမီးများက စောင့်မျှော်နေကြသည်” ဆိုတဲ့ စာတမ်းလဲ မမြင်တော့။ ကျော်တက်သွားတဲ့ ကားနောက် ပီရ၀ါစာ အဆဲအဆိုများနဲ့ ဂမူးရှူးထိုး ကွေ့ကောက် ကျော်တက်မောင်းရင်းက လိုက်ဖိုက်ပါတော့တယ်။ အပေးအယူမျှတဲ့ စပယ်ယာကလဲ မြှောက်ထိုးပင့်ကော်၊ တွန်းတွန်းတိုက်တိုက်နဲ့ အမှီလိုက်ဖိုက်ဖို့ ဒရိုင်ဘာကို သွေးဆူအောင် ဆွပေးပြန်တော့ ခရီးသည်တွေလဲ သူတို့ရဲ့အသက် တစ်သက်ခြင်းစီကို ဒရိုင်ဘာနဲ့ စပယ်ယာရဲ့ လက်ထဲ ၀ကွက်အပ်လို့၊ မပြေးသော်လဲ ကံရာရှိ စိတ်ထားပြီး စီးရပါတယ်။
နိစ္စဓူဝ ဒီလို ဘတ်(စ)ကားတွေရဲ့ဒဏ် ခရီးသည်တွေ မခံနိုင်တော့၊ တခြားနေရာ ချွေတာလိုက်မယ်၊ ဘယ်စီးစီး နှစ်ရာကျပ်ပေးရတဲ့ မတ်တပ်ရပ် စီးစရာမလိုတဲ့ မှန်လုံ အဲယားကွန်း ဘတ်(စ)ကားကို ဇိမ်ရှိရှိနဲ့ စီးလေမဟဲ့ဆိုပြီး နှစ်ရာကျပ်တန်ကား စီးဖို့ ရွေးချယ်ပြန်တော့ ထူးမခြားနား။ အလုပ်မလုပ်တဲ့ အဲယားကွန်း၊ ထိုင်ခုံခရီးသည် အပြည့်အပြင် ဘယ်ညာခုံနှစ်ခုအကြား လူတစ်ခြမ်းစာသာ နေရာရှိတဲ့၊ လူသွားလမ်း အလယ်ခေါင်အပြည့် ခရီးသည်တွေ တင်ပြန်တော့၊ မှတ်တိုင်ရောက်တိုင်း အသက်အောင့်၊ ခန္ဓာကိုယ်ကို ရှုံ့လို့ ဘော်ဒီခြင်း ပွတ်တိုက်တိုးဝှေ့လို့ ထွက်ရပြန်လေတယ်။ ပလက်ဖောင်းနဲ့ ခြေနဲ့ထိမှ အသက်ဝအောင် ပြန်ရှူ၊ တွန့်ကြေနေတဲ့ အိကျီ င်္တွေ ပွတ်သပ်ချပြီး ခန္ဓာကိုယ်ကို ပြန်ဆန့်ထုတ် ရလေတယ်။
အဲ့ဒီ ဘတ်(စ)ကားတွေ၊ အဲ့ဒီ ဒရိုင်ဘာတွေ၊ အဲ့ဒီ စပယ်ယာတွေနဲ့ နေ့စဉ်နေ့တိုင်း တွေ့ကြုံနေကြရတာက အရွယ်သုံးပါး ခရီးသွား ပြည်သူတွေ။ ကားခပေးပြီး အကြွေ ပြန်မအမ်းတဲ့ တော်ယုံ ကိစ္စမျိုးလောက်ကတော့ ခရီးသည်များ အသားကျနေပြီ။ ဒါ့အပြင် နှမသားချင်း မစာနာသူတွေ၊ ခါးပိုက်နှိုက် အတိုအရှိုတွေနဲ့ ကြုံရတာမျိုး ရှိသေး။ တိုးပွားလာတဲ့ ခရီးသည်တွေအတွက် ဘတ်(စ)ကား အရေအတွက်တွေ တိုးချဲ့ ပြေးဆွဲနေတယ်ဆိုပေမယ့် အခုအချိန်အထိကို ခရီးသည်နဲ့ ဘတ်(စ)ကား အရေအတွက် မျှတမှုမရှိသေး။ ကားမှတ်တိုင်တွေမှာ၊ ဘတ်(စ)ကားတွေမှာ ကားတွေ၊ လူတွေ ကြပ်နေဆဲ၊ ထူးရယ်မှ မခြားနား။ မှတ်တိုင်တွေမှာ ကားတွေ အ၀င်အထွက် မှန်အောင် ဂိတ်စခန်းတွေ၊ မှတ်တိုင် ကြီးကြပ်သူတွေ၊ ရှောင်တခင် ယာဉ်ထိမ်းရဲတွေနဲ့ စံနစ်ကျအောင် ဆောင်ရွက်နေသော်ငြားလဲ အထက်ပါ ကိစ္စတွေက ကြုံတွေ့နေရဆဲ။ ဒရိုင်ဘာ၊ စပယ်ယာနဲ့ ယာဉ်ထိမ်းရဲများရဲ့ ညီညွတ်တဲ့ အပေးအယူတွေကိုလဲ ခရီးသည်တွေ အသားတကျ မြင်တွေ့နေရဆဲ။ သြော်… ထူးရယ်မှ မခြားနားပါ။
(Whistle campaign a hit on city buses)

ဟော… အခု ထူးထူးခြားခြား “အမျိုးသမီး သီးသန့်” ယာဉ်လိုင်း စတင် စမ်းသပ် ပြေးဆွဲနေပြီ။ စမ်းသပ်ကာလ ကုန်ဆုံးလို့ အဆင်ပြေခဲ့ရင်ဖြင့် အမြဲတမ်း ပြေးဆွဲသွားမယ်တဲ့။
ခရီးသွား အမျိုးသမီးထု၊ အထူးသဖြင့် ဘတ်(စ)ကားကို မဖြစ်မနေ အသုံးပြုနေရတဲ့ ငယ်ရွယ်သူ မိန်းမပျိုများ၊ ကိုယ်ဝန်ဆောင်များ၊ သီလရှင်များနဲ့ သက်ကြီးရွယ်အို အဖွားများ ၀မ်းသာ သဘောကျနေကြတယ်။ သမီးပျိုများရဲ့ မိဘများက အမြဲတမ်း ပြေးဆွဲဖို့ ၀မ်းပမ်းတသာ ဆုတောင်းကြတယ်။ နှမသားချင်းရှိသူ အစ်ကို မောင်များကလဲ ကြိုဆိုကြတယ်။ ဘတ်(စ)ကား လိုင်းတိုင်း လိုင်းတိုင်းမှာ၊ အခုလို အမျိုးသမီး သီးသန့်ကားတွေ အမြဲ တိုးချဲ့ ပြေးဆွဲပေးရင် ကောင်းမယ်ဆိုတဲ့ ခေတ်သမီးပျိုများရဲ့ အသံတွေလဲ စီစီလောင်လောင် ကြားနေရတယ်။
တစ်ချိန်ထဲမှာပဲ အမျိုးသမီးများ လုံခြုံစိတ်ချစွာ စီးနိုင်ဖို့ အမျိုးသမီး သီးသန့်ယာဉ်လိုင်းတွေ လုပ်မယ်ဆိုတော့၊ ဒီလိုလုပ်တာဟာ မဖြစ်မနေ ဘတ်(စ)ကား စီးနေရတဲ့ အမျိုးသားတွေရဲ့ သိက္ခာကို ထိခိုက်စေတယ်။ ဘတ်(စ)ကားစီးရင် မိန်းကလေးတွေနား ကပ်ရပ်မိမှာတောင် ကြောက်နေရပြီလို့ ယောကျာ်းမာန ထိပါးမခံနိုင်သူတွေ ရှိသလို၊ ချစ်သူစုံတွဲတွေ၊ လင်မယားတွေ ခွဲစီးလို့ ဘယ်ဖြစ်မလဲဆို တစက္ကန့်မျှသော် ကြားလေသွေး အဝေးမခံလိုသူများက စိတ်ပူကြတယ်။ ဒီလိုသာဆို ယောက်ျားရှာ မိန်းမရှာတွေရော စီးလို့ရကြပါ့မလားဆို ပေါက်ပေါက်ရှာရှာ တွေးပူနေသူများလဲ ရှိကြပြီး၊ အခုတလော မှုခင်းဂျာနယ်တွေမှာ မိန်းကလေး ခါးပိုက်နှိုက်တွေ ဖမ်းမိနေတာ၊ အမျိုးသမီး သီးသန့်ကားမှာ အဲ့လို ခါးပိုက်နှိုက်မျိုးပါမှ ဒင်းတို့ ကြည့်ကောင်းမယ် လို့ မေတ္တာပို့သူများလဲ ရှိကြပါတယ်။ အမျိုးသမီး သီးသန့်ကားစစ်မှန်ရင် ဒရိုင်ဘာရော၊ စပယ်ယာပါ မိန်းမတွေ ခန့်လိုက်ပေါ့လို့ ခနဲ့ကြသလို၊ ဒါ.. ကျားမ အဆင့်အတန်း ခွဲခြားတာ၊ မဖြစ်သင့်ဘူးဆိုပြီး အမျိုးမျိုးအဖုံဖုံ အတွေးဆန့်သူများလဲ ရှိကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ အဓိက ကျတဲ့ နေ့စဉ်ဘတ်(စ)ကား စီးနေရတဲ့ ခရီးသွား လုပ်သားပြည်သူ ကျားမ မရွေး စိတ်လက်ချမ်းသာ၊ အဆင်ပြေပြေ သွားလာနိုင်ဖို့ သက်ဆိုင်ရာက အမျိုးသမီး သီးသန့်ပဲဖြစ်ဖြစ်၊ အမျိုးသား သီးသန့်ပဲဖြစ်ဖြစ်၊ အခုလက်ရှိ ပြေးဆွဲနေတဲ့ အမျိုးသား အမျိုးသမီး ရောရာ ဘတ်(စ)ကားများပဲ ဖြစ်ဖြစ်၊ ခရီးသည်များအပေါ် ယိုင်းပင်း စာနာတတ်တဲ့ စပယ်ယာများ၊ ကျွမ်းကျင် အန္တရာယ်ကင်း စိတ်ချစွာနဲ့ လိုရာ မောင်းပေးနိုင်တဲ့ ဒရိုင်ဘာများ၊ မှန်မှန်ကန်ကန် စောင့်ကြည့် ထိမ်းကြောင်းပေးမယ့် ဂိတ်စခန်းများ၊ ကြီးကြပ်သူများနဲ့ တာဝန်ရှိ ယာဉ်ထိမ်းရဲများ၊ ထိုသူများနှင့်တကွ ခရီးသွားပြည်သူ ကျားမ မရွေးအတွက် ချောင်ချောင်ချိချိ စီးနိုင်တဲ့ ခရီးသွား ဘတ်(စ)ကားများသာ ပြည့်စုံလုံလောက်စွာ ပေါ်ထွက်လာမယ်ဆိုရင်ဖြင့် ခရီးသွားပြည်သူအပေါင်း လုံခြုံစိတ်ချစွာ၊ စိတ်လက်ချမ်းသာစွာနဲ့ ခရီးသွားလာနိုင်မှာ မလွဲပါကြောင်း။
(အိမ်ရှင်မဂျာနယ် – The Ladies Journal အတွက် ဖယ်ထားတဲ့ စာမူလေးပါ..)
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
** မြသွေးနီ**

No comments:
Post a Comment