တိုင်းပြည်၏စီးပွားရေးကို ချောက်ထဲတွန်းပို့နေသည့်အဓိကတရားခံမှာ နှစ်ပေါင်းများစွာ တောက်လောင်နေသော ရေရှည်
ပြည်တွင်းစစ်ဖြစ်သည်ဟု ဆိုလျှင် မည်သူမှ ငြင်းချက်ထုတ် လိမ့်မည် မထင်ပါ၊ လွတ်လပ်ရေးတိုက်ပွဲဝင် ကာလမှသည် ယနေ့အချိန်ထိ တိုင်းပြည်သည် ပြည်တွင်းစစ် ဒဏ်ကို အလူးအလဲခံနေရပြီး ခေတ်အဆက်ဆက်အစိုးရများမှ စစ်အသုံး
စရိတ်အား အဆမတန် သုံးစွဲခဲ့ကြသည် ။စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးမရှိလျှင် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ကိုင်နိုင်မည် မဟုတ်ပါ ။ ထို့ကြောင့် ဦးသိန်းစိန် ဦးဆောင်သော လက်ရှိအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညီရင်းအကို ပမာ ပွင့်ပွင့်လင်းလင်း စားပွဲဝိုင်းတွင်တွေ့ဆုံ ဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ညှိနှိုင်း အဖြေရှာရပေမည် ။ သမ္မတကြီး ဦးသိန်စိန်မိန့်ခွန်းတွင် အလေးအနက်ပြောကြားခဲ့သော လက်နက်ကိုင် တိုင်းရင်းသားလူငယ်များ လက်နက်ကိုင်နေခြင်းမှသည် Laptop ကိုင်ဖို့ မြန်မာပြည်ကို ထာဝရငြိမ်းချမ်းရေး တည်ဆောက်မည့်အဆိုသည် ကောင်းမွန်လှပေသည် ။ ဖြစ်နိုင်လျှင် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးရရှိလာပါက မြန်မာစစ်တပ်ကို လျော့ချပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မြန်မာစစ်သားများ Laptop ကိုင်တာကိုလည်း မြင်ချင်ပါသည် ။ မြန်မာပြည်တွင်
တိုင်းပြည်၏ ဆိုးကျိုးများကို ဖန်တီးနေသော ပြည်တွင်းစစ်မှသည် တိုင်းပြည်အား တိုးတက်ဖွံ့ဖြိုးရေးလမ်းကို ဖော်ဆောင်မည့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်မှသာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ရင်ဆိုင်နေရသော နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး အထွေထွေ အကြပ်အတည်း ဒုက္ခ ပေါင်းစုံမှ လွတ်မြောက်နိုင်ပေမည် ။
တခြားတစ်ဖက်တွင်လည်း တရားဥပဒေ စိုးမိုးရေးအပါအ၀င် ပင်လုံစိတ်ဓာတ်ဖြင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်ချင်သည့် ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အနာဂတ်ငြိမ်းချမ်းရေးလမ်းကို တူညီတာအားတွဲလုပ်လိုသည့် ဦးသိန်းစိန်
အနေဖြင့် အတူတကွ လျှောက်လှမ်းသင့်ပေသည် ။
သို့မှသာ တိုင်းပြည်တွင် စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး နှင့် ဒီမိုကရေစီ ထွန်းကားရေးအတွက် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသော တိုင်းရင်းသား ၊ကျောင်းသားလူငယ်များအနေဖြင့်လည်း တိုင်းပြည်တွင် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးရှိမှသာ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို တတပ်တအားလုပ်ဆောင်နိုင်ပေမည် ။အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာသို့ရောက်ရှိနေကြသော အတိုက်အခံ ဒီမိုကရေစီအင်အားစု တိုင်းရင်းသား ၊ကျောင်းသားလူငယ်များအပါအ၀င် ပြည်တွင်းမှနိုင်ငံရေး အသိနိုးကြားသော လူငယ်များကိုလည်း Laptop ကိုင်နေရာမှ လက်နက်ကိုင် လမ်းစဉ်သို့ တွန်းမပို့သင့်အောင် လက်ရှိပြုပြင် ပြောင်းလဲရေးကို အစိုးရနှင့် အတိုက်အခံ ဒီမိုကရေစီအင်အားစုမှ သတိကြီးစွာထားပြီး ပုံဖော်တည်ဆောက်ရပေမည် ။ ကြားဖြတ်ရွေးကောက်ပွဲပြီးပါက ဦးသန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့မှ တရားဝင် ဥပဒေတရပ် ပြဌာန်းပြီး တရားဝင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးသလို ပြည်ပမှ မြန်မာပြည်သူပြည်သားများကို ပြည်တော်ပြန်ရန်ဖိတ်ခေါ်သင့်သည်ဟု အကောင်းမြင်ဝါဒဖြင့် သုံးသပ်မိပါသည် ။ လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတစွာ ဆောင်ရွက်ပေးရန် အစိုးရတွင် တာဝန်ရှိသလို ကိုမင်းကိုနိုင်ခေါင်းဆောင်သော ၈၈၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ၊ပြည်သူချစ်သောအနုပညာရှင် ကိုကျော်သူ ၊ ကိုဇာဂနာ တို့၏ ပြည်သူ့အကျိုးပြု လူမှုရေးလုပ်ငန်းများကိုဆောင်ရွက်နေသောသူများကိုလည်း လွတ်လပ်စွာ လုပ်ကိုင်နိုင်ရန် အစိုးရမှ လမ်းဖွင့်ပေးရပေမည် ။
မြန်မာနိုင်ငံသည် အမှန်တကယ် ဒီမိုကရေစီလမ်းကို သွားနေခြင်း ရှိမရှိကို ကြားဖြတ် ရွေးကောက်ပွဲ မဲထည့်မှုသာမက မဲဆွယ်စည်းရုံးမှု လွတ်လပ်ခွင့်ကိုပါ ကြည့်ပြီး နိုင်ငံတကာကသတ်မှတ်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုနေခြင်းသည် မလွတ်မလပ်ဖြစ်နေခြင်းကို မီးမောင်းထိုးပြနေပေသည် ။
**အတွေးအခေါ် ပြုပြင်ပြောင်းလဲရေး**
ပြည်တွင်းပြည်ပမှ ဒီမိုကရေစီ လိုလားသော မြန်မာပြည်သူပြည်သားများအနေဖြင့်လည်း လက်ရှိပြုပြင်ပြောင်းလဲရေးကို သံသယဖြင့် စောင့်ကြည့်နေကြသည်ဟု ဦးသိန်းစိန်မိန့်ခွန်းတွင်ပါရှိလေရာ တချို့အချက်အလက်များက ပြည်သူများကိုသံသယသို့ တွန်းပို့နေစဲဖြစ်သောကြောင့်ဖြစ်ပေသည် ။ ယင်းအထဲမှ တချို့အချက်အလက်များမှာ လူထုကို မဲဆွယ်ပြီး စည်းရုံးမည့် ဒေါ်အောင်ဆန်းစုကြည် ၏ တရားဟောမည့် နေရာတချို့တွင် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိခြင်းသည်လည်းတခု အပါအ၀င်ဖြစ်သလို ပုသိမ်တွင် ဒေါ်အောင်တန်းစုကြည်လာမည့်နေ့တွင် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများကို အတင်းအကြပ် စာမေးပွဲစစ်စေခြင်းများ ၊ မန္တလေးတွင် ဗထူးအားအစားကွင်း၌ ဟောပြောခွင့်မပေးသလို ဖျာပုံတွင်လည်း လယ်ကွင်းထဲ ဟောပြောရခြင်းများ၊ စစ်ကိုင်းတွင် တနင်္ဂနွေ၌ အစိုးရ၀န်ထမ်းများကို ရုံးတက် စေခြင်းများက လွတ်လပ်ပြီး တရားမျှတမှုရှိပါ့ မလားဟု လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို သံသယကြီးထွားစေသော အချက်အလက်တချို့ဖြစ်ပေသည် ။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုကိုကြီး၏ စကားကို ကိုးကားပြောရလျှင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့်လမ်းတစ်လျှောက် လူထုများမှသောင်းသောင်းဖျဖျကြိုဆိုနေမှုအပေါ် အာဏာပိုင်များမှ စိုးရိမ်နေမှုအပေါ် ကျနော်တို့ကလည်း စိုးရိမ်နေပါသည် ။ဒီမိုကရေစီ လူ့ဘောင်တည်ဆောက်မည့် အစိုးရနှင့်အတိုက်အခံအင်အားစုများသည် တိုင်းပြည်နှင့် လူထုကောင်းစားရေးအတွက် တူညီမှုများကို အခြေခံပြီးညှိနှိုင်း ပူးတွဲလုပ်ဆောင်မှုများက ယခုလို မလိုလားအပ်သော သံသယများကို တဆင့်စီ တကန့်စီ ဖယ်ရှားနိုင်ပေလိမ့်မည် ။
ယခင် ခေတ်အဆက်ဆက်အစိုးရများသည် သတင်းနှင့် မီဒီယာကို ပိတ်ပင်ထားပြီး လူထုကိုနား ၊ မျက်စိ ပိတ်ထားဖို့ ကြိုးစားလေရာ ယင်းအကျိုးဆက်များက ဆိုးကျိုးများကို ယခုအခါ မသိမသာ ခံစားနေကြရသည် ။ဆိုလိုသည်မှာ သတင်းအမှောင်ချပြီး လူထုကိုနား မျက်စိပိတ်ခဲ့ရာ ဆင်းရဲတွင်းနက်မှ ထိုးဖောက်ထွက်လိုသော လူထုကနားမျက်စိမပိတ်ပဲ အစိုးရ၏ ယန္တယားတခုလုံးမှ ပါတီအဖွဲ့အစည်းဝင်များသည် နား မျက်စိ ပိတ်သလို ဖြစ်ခဲ့ပေသည် ။ယင်း လက်တဆုပ်စာ လူတစုသည် ဖောက်ပြန်သော စနစ်ကို ပြန်လည်ရှင်သန်လိုစိတ်များက လက်ရှိ ကမ္ဘာနှင့် အဆက်အသွယ်ပြတ်ကာ လမ်းကြောင်းမှားပေါ်သို့တွန်းပို့နေသလိုဖြစ်နေပေသည် ။ ဦးသိန်းစိန် မိန့်ခွန်းတွင် ပြောကြားသလို အစိုးရအတွင်း၌ အပျော့နှင့် အမာဆိုပြီး ကွဲနေခြင်းမရှိဟူသော အဆိုသည်မှန်ကောင်းမှန်နိုင်ပြီး အစိုးရအတွင်းတွင် ဂလိုဘယ်လိုက်ဇေးရှင်း ( Globalization ) လက်ရှိကမ္ဘာအပြောင်းအလဲကို နားလည်သော အမြင်ကျယ်သူများနှင့် ခေတ်နောက်ပြန်စွဲနေသူများ၏ အမြင်ကျဉ်းမြောင်းမှုများ၏ အတွေးအခေါ်တိုက်ပွဲများတော့ ရှိကောင်းရှိနိုင်သည်ဟု သံသယတော့ဖြစ်မိပါသည် ။
ကမ္ဘာ့ ဒီမိုကရေစီ မဲဆွယ်ပွဲများတွင် အစိုးရ၏ နိုင်ငံရေးပါတီအပါအ၀င် အတိုက်အခံ နိုင်ငံရေးပါတီများသည် လူထုကို လွတ်လပ်စွာ မဲဆွယ် စည်းရုံးကြသည် ။ ထိုသို့ စည်းရုံးရာတွင် မိမိပါတီသည် ယခု ရွေးကောက်ပွဲ၌ အနိုင်ရပါက လူထုကို တိုးတက်ကောင်းမွန်သော အလုပ်အကိုင်များ ဖန်တီးပေးမည် ၊ အခွန်အကောက်များ လျှော့ကျ ကောက်ခံပြီး စစ်ရေးတွင် အသုံးပြုသော တိုင်းပြည် ၏ငွေကြေးကို လူထုအကျိုးရှိမည့် ပညာရေး ၊ ကျန်းမာရေးတွင် သုံးစွဲမည် ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဘယ်လို ဆွဲဆောင်မည် ၊ ကလေး လူငယ် သက်ကြီးရွယ်အိုများအတွက် ဘယ်လိုခံစားခွင့်များကို ဖန်တီးလုပ်ဆောင်ပေးမည် စသည်ဖြင့် သက်ဆိုင်ရာ နိုင်ငံရေး ပါတီ အသီးသီးမှ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေသည်မှာ တိုင်းပြည်နှင့်လူထုအတွက် ကျေနပ် အားရစရာကောင်းလှသည် ။

မှတ်သားစရာ နောက်တစ်ချက်မှာလည်း ရွေးကောက်ပွဲတွင် ပြောဆိုချက်များနှင့် အာဏာရပြီး ဆောင်ရွက်ချက်များ တထပ်တည်း မဖြစ်ခဲ့လျှင် ယင်းပါတီ ကိုယ်စားလှယ်သည်လည်း မဲခိုးပြီး နောက်တကြိမ် လွှတ်တော်ကိုယ်စားလှယ် မဖြစ်နိုင်ချေ ။ ကျနော် ဆိုလိုသည်မှာ ယခုမြန်မာ့ ရွေးကောက်ပွဲလို အတိုက်အခံ NLD ပါတီခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် စာရွက်စာတမ်းများကို လုပ်ဆောင်နေသူများသည် နား မျက်စိပိတ်ခံထားရသည့် ပြင်ပ ကမ္ဘာနှင့် အဆက်အသွယ်ပြတ်နေသူများ ဖြစ်ဖို့များသည် ။
ထို့ကြောင့် မြန်မာ့လက်ရှိအပြောင်းအလဲကို ကမ္ဘာ့နိုင်ငံ အသီးသီးအပါအ၀င် ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူပြည်သားများက သံသယနှင့် စောင့်ကြည့်နေခြင်းကို ဖြစ်ထွန်းနေပေသည် ။
**ပထ၀ီ နိုင်ငံရေး **
၁၇၇၅-၁၇၇၆ အမေရိကန်တော်လှန်ရေးတွင် အင်္ဂလိပ်စစ်တပ်မှ ပြင်သစ်များကြီးစိုးရာ Montreal မြို့နှင့်Quebec မြို့များကို တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားခဲ့သည် ။သို့သော် ရာသီဥတုပြင်းထန်မှုကြောင့်Quebec မြို့ ကို တိုက်ခိုက်သိမ်းပိုက်ရန် မအောင်မြင်ခဲ့သလို အမေရိကန်စစ်တပ်မှ စစ်ဗိုလ်ချုပ် Major General Richard Montgomery သည်လည်းတိုက်ပွဲတွင် ကျဆုံးခဲ့ရသည် ။အသေးစိတ်အချက်အလက်ကိုတော့ ယခု ၀က်ဆိုက်မှာကြည့်ပါ ( http://www.mcgill.ca/maritimelaw/history/canada/)။
ဒီနေရာတွင် ကျနော်အဓိကထားဆွေးနွေးလိုသည်မှာ အင်္ဂလိပ်နှင့်ပြင်သစ်လူမျိုးကြီး ( ၂ )မျိုးသည် ကိုလိုနီ နယ်ချဲ့လိုမှုအပါအ၀င် လူမျိုးစွဲစိတ်ဓာတ်ဖြင့် အပြင်းအတန်စစ်ခင်းခဲ့ကြသည် ။ သို့သော် တစ်ခါတစ်ရံ (- ၂၀မှသည် -၄၀ စင်တီဂရိတ် )ရေခဲအမှတ်အောက်ရောက်အောင် အေးသည့် ဆိုးဝါးပြင်းထန်သော ရာသီဥတုနှင့် တောခိုစရာ တောတောင် ကောင်းကောင်း မရှိခြင်းများက သူတို့ကို လက်နက်ကိုင်တော်လှန်ရေးမှသည် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို မဖြစ်မနေ တွန်းပို့ခဲ့ပေသည် ။ ထို့နောက်တဆင့်တက်ပြီး အင်္ဂလိပ်နှင့်ပြင်သစ်လူမျိုးများအပါအ၀င် ဒေသခံတိုင်းရင်းသားများကို ဘ၀လုံခြုံမှုပေးနိုင်သော လွတ်လပ်မှု ၊တရားမျှတမှု၊ ငြိမ်းချမ်းမှုကို အခြေခံသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်အား စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေး အဖြေရှာပြီး အတည်ပြု ရေးဆွဲပြဌာန်းကာ ကနေဒါနိုင်ငံအဖြစ် နောင်တွင် ပေါ်ပေါက်လာနိုင်ခဲ့သည် ။
ကျနော်တို့ မြန်မာနိုင်ငံတွင်မူ သမမျှတသော ရာသီဥတု အပါအ၀င် သစ်ရိပ် ၀ါးရိပ်ကောင်းသော တောတောင်များက ၀ါဒစွဲ ၊လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဃစွဲ ပြင်းထန်သောကျနော်တို့ကို ရေရှည်ပြည်တွင်းစစ်ကိုတွန်းပို့နေပေသည် ။ တိုင်းပြည်နှင့် တမျိုးသားလုံးတိုးတက် ကောင်းစားရေးအတွက် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးအစား
တထစ်ရှိလျှင် လက်နက်ကိုင် တော်လှန်ရန်ဆုံးဖြတ်ခဲ့ကြကြောင်း သမိုင်းကိုကြည့်လျှင် သိနိုင်ပါသည် ။ တခြားတဖက်တွင်လည်း တရုတ် ၊ အမေရိကန် အင်အားကြီးနိုင်ငံများ၏ ၀ါးရေးဆိုင်ရာ နိုင်ငံရေး ကစားကွက်တွင် ရေရှည် မျောခဲ့သလို ပြည်တွင်းစစ်မီးကအကြောင်းအမျိုးမျိုးကြောင့် အားကောင်းနေသည်မှာ ယနေ့တိုင်ဖြစ်ပေသည် ။ သာ၍ ဆိုးဝါးသည်မှာ ယခင်စစ်အစိုးရ အဆက်ဆက်က စစ်အာဏာရှင် စနစ်ကို အသက်သွင်းခဲ့ခြင်းက တိုင်းပြည်နှင့်လူမျိုးကို ကြွေးမြီပတ်ပတ်လည်ဝိုင်းနေသော ဆင်းရဲတွင်း ချောက်နက်နက်ထဲ ကန်ချခဲ့ပေသည် ။
အတိတ်ကာလ ပါကစ္စတန်နိုင်ငံလို အနုမြူဗုံးကို လက်ဝယ်ထားပြီး စစ်အာဏာရှင်စနစ်ကို အသက်သွင်းမည့် ခေတ်မမီတော့သည့် စိတ်ကူးကိုလည်း ရပ်တန့်ရပေမည် ။ မြောက်ကိုးရီးယားနိုင်ငံလို ဖိနှိပ်ခံလူထု၏ ဆင်းရဲမွဲတေမှုကို လစ်လျူရှုကာ လက်နက်အားကိုးပြီး ၀ါဒစွဲဖြင့် အာဏာရှင်စနစ်ကိုတည်ဆောက်ခြင်းသည်လည်း ယနေ့တိုးတက်သော ကမ္ဘာနှင့် ဖီလာဆန့်ကျင်နေခြင်းအား သတိပြုရပေမည် ။
ဦးသိန်းစိန်အစိုးရအနေဖြင့် မိန့်ခွန်းထဲတွင် မိန့်ကြားခဲ့သလို တိုင်းပြည်ထာဝရ ငြိမ်းချမ်းရေးကို မည်သည့်အမှောင့် ပယောဂမှ မပါပဲ တိုင်းပြည်နှင့် လူထုကောင်းစားရေးဦးတည်မည့် စိတ်ဓာတ်သည် ကျနော်တို့ ပြည်တွင်းပြည်ပမှ ၈၈၈၈ မျိုးဆက်ကျောင်းသားများအပါပ၀င် ဒီမိုကရေစီလိုလားသော အတိုက်အခံအင်အားစုများ၏ စိတ်ဓာတ်နှင့်ထပ်တူနီးပါးရှိသဖြင့် ကျနော်တို့မှ သံသယတချို့ချေဖျက်ကာ ကြိုဆိုပါသည် ။
**အစိုးရမှ အပြောနှင့် အလုပ် တထပ်တည်းကျရန် လုပ်ဆောင်ရမည့် အနာဂတ်မြန်မာပြည်**
ယေဘူယျ အချက်အလက်များကို သုံးသပ်လျှင် သေချာသည့်အချက်မှာ ဘုံတူညီမှုအနေဖြင့် အစိုးရ ၊ အတိုက်အခံ ၊ ပြည်သူတို့သည် တိုင်းပြည်နှင့်လူမျိုးကို ဆင်းရဲတွင်းနက်မှလွတ်မြောက်လိုပြီး တိုးတက်ကောင်းမွန်သော ပြည်သူ့ဘ၀အား ပိုင်ဆိုင်လိုစိတ်ဖြစ်သည် ။
သို့ဖြစ်ပါ၍ အစိုးရအနေဖြင့် ယနေ့ထက်ကောင်းမွန်သော နိုင်ငံရေး အခင်းအကျဉ်းကို ပုံဖော်တည်ဆောက်ရန် လာမည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတစွာ လုပ်ဆောင်ပေးရုံမက ရွေးကောက်ပွဲကာလတွင်လည်း လွတ်လပ်စွာ လူထုကို စည်းရုံးခွင့်ပြုရပေမည် ။

ထို့ပြင် အစိုးရအနေဖြင့် တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်မှုများ ရပ်တန့်ကာ လူအခွင့်အရေးချိုးဖောက်မှုများ မရှိတော့သော ထာဝရငြိမ်းချမ်းရေးအား အပြောနှင့် အလုပ် တထပ်တည်းကျသော တနေ့တွင် နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများရပ်တန့်ပေမည် ။ ထိုအခါ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှုများ မလွဲမသွေရောက်ရှိလာမည် ဖြစ်ရကား တိုင်းပြည်နှင့်လူထုမှာ အကျိုးဖြစ်ထွန်းနိုင်ပေသည် ။ အနာဂတ်၌ စီးပွားရေး ဆိုင်ရာတရားမျှတသည့်ဥပဒေများပြဌာန်းခြင်းသည် ယခုလို လက်တဆုပ်စာ လူတစ်စုလက်သို့စီးပွားရေးအခွင့်အလမ်းများကို လာဘ်ပေးလာဘ်ယူခြင်းနည်းဖြင့်ရောက်ရှိခြင်းမှ ကာကွယ်နိုင်သလို စီးပွားရေးလုပ်ငန်းရှင်များအား တိကျသောအခွန်အကောက်များလုပ်ဆောင်ကာ တိုင်းပြည်ဘဏ္ဍာကို လူထုအတွက် ဖြည့်ဆည်းပေးရာ ရောက်ပေသည် ။ စီးပွားးရေးပိတ်ဆို့မှုများ ရပ်တန့်ရန် အစိုးရမှ နိုင်ငံတကာ စည်းမျဉ်း စည်းကမ်း ဥပဒေသများနှင့် နေထိုင်ကျင့်ကြံရမှာဖြစ်သလို နိုင်ငံတကာနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရပေမည် ။သို့မှသာ မြန်မာပြည်တွင် ကောင်းမွန်သော စီးပွားရေး အခွင့်အလမ်းများ ပွင့်လာပြီး တိုင်းပြည်၌် တင်ရှိနေသော ကြွေးမြီများအတွက် ပြည်သူများစိတ်အေးရပေမည် ။
ယခုလို နိုင်ငံရေး ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို တိုင်းပြည်နှင့်လူမျိုးကောင်းစားရေးအတွက် စိတ်ရင်းစေတနာထားပြီး လုပ်ဆောင်နိုင်မှသာ ၂၀၁၄ တွင် ထမ်းဆောင်မည့် အနာဂတ် အာဆီယံ ဥက္ကဌရာထူးနှင့်လည်း ထိုက်တန်ပေမည် ။
**လူထုအသံနှင့် ပြည်တွင်းပြည်ပ ကွန်ယက်**
ယနေ့မြန်မာ့နိုင်ငံရေးကို ခြုံငုံ သုံးသပ်ကြည့်လျှင် လွန်ခဲ့သောအတိတ်နှင့်နှိုင်းယှဉ်ကြည့်ပါက သိသိသာသာပြောင်းလဲလာသည်ကို တွေ့ရပေမည် ။သို့သော်အဖက်ဖက်တွင် ပြုပြင်ပြောင်းလဲမှုများကို အစိုးရနှင့်အတိုက်အခံကြား ဟန်ချက်ညီမှုဖြင့် တူညီမှုကို အတိုးအလျော့ဖြင့်လုပ်ဆောင်ရပေဦးမည် ။ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက် မဆုပ်ကိုင်ခြင်းမှသည် အတိတ်မှ ဒီပဲယင်းကိစ္စကို မေ့ပစ်လိုက်ခြင်းတို့သည် အစိုးရကို ထိပ်တိုက်ရင်ဆိုင်မှုအား ရှောင်နိုင်သမျှရှောင်ကာ အနာဂတ်တိုင်းပြည်နှင့်လူထုကောင်းစားရေးကို ဦးစားပေးဆောင်ရွက်မည့်လမ်းကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်ခြင်းဖြစ်ပေသည်။
အစိုးရဖက်မှလည်း လူထုအကျိုးစီးပွားအတွက် မြစ်ဆုံရေကာတာကို ရပ်ဆိုင်းခြင်းမှသည် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းများ လုပ်ဆောင်လာခြင်းသည် အဆိုးထဲမှ အကောင်းဖြစ်ပေသည် ။သို့ရာတွင် နှစ်ဦးနှစ်ဖက်မှ ရှေ့ဆက်ပြီး ထိခိုက် ပွန်းပဲ့လွယ်သော အပြောင်းအလဲကို အသိ သတိကြီးစွာဖြင့် ဂတိအတိုင်း လုပ်ဆောင်ရန်လိုအပ်ပေသည် ။ ကွန်ပြူတာ မရှိသေးသော ခေတ်မှာ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ထက်ကောင်းမွန်သော စာချုပ်ကို သွေးရင်းသားချင်း တိုင်းရင်းသားအားလုံးမှ စုပေါင်းချုပ်ဆိုနိုင်မည်ဟုလည်း အစိုးရ၏ လုပ်ရပ်ပေါ်မူတည်ပြီး သံသယ တစ်ဝက်ဖြင့် ယုံကြည်ပါသည် ။ အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ လွတ်လပ်မှု ၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးကိုအခြေခံသော ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ၊ တန်းတူညီမျှရေးတို့ကိုအားလုံးမှတန်ဖိုးထား လိုက်နာကျင့်သုံးရပေမည် ။
အတိတ်တွင် ၀ါဒစွဲ ၊ အဖွဲ့စွဲ ၊ လူမျိုးစွဲပြင်းထန်မှုများက ရေရှည်ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေကာ ယင်းစစ်၏အကျိုးဆက်ကြောင့် တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုများ အပြည့်အ၀မလုပ်ဆောင်နိုင်မှုကို သင်ခန်းစာယူရပေမည် ။
တခြားတစ်ဖက်တွင်လည်း တိုင်းရင်းသားခေါင်းဆောင်များနှင့်ပြည်သူလူထုအားလုံးမှ ချစ်မြတ်နိုးသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လုပ်နိုင်ကိုင်နိုင်တုန်းအချိန်တွင် ပြည်ထောင်စုသွေးစည်းညီညွတ်ရေး ကိစ္စရပ်များကို အစိုးရမှ လမ်းဖွင့်ပေးရပေမည်။
ဒီမိုကရေစီ၏ အနှစ်သာရအရ အချုပ်အချာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်လာပေရာ
ပြည်တွင်းပြည်ပမှပြည်သူလူထုကို ဆက်သွယ်သော ကွန်ယက်များမှ လူထုအသံကို ဖန်တီးတည်ဆောက်ရပေမည် ။ဆိုလိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံတွင် လူထုကို အကျိုးမဖြစ်ထွန်းမည့်ဥပဒေများကို လူထုအသံ လူထုအားနှင့် ပြုပြင်ပြောင်းလဲရန် လူထုမှာတာဝန်ရှိပေသည် ။
အတိုက်အခံဖက်မှလည်း ပြည်တွင်းပြည်ပ လူထုအသံများကို တည်ဆောက်ပြီး လွှတ်တော်ထဲထိရောက်အောင် လုပ်ဆောင်ရပေမည် ။
အခုလို အကောင်းမြင်ပြီးရေးသားနေချိန်မှာ ဗုံးသံ သေနတ်သံများလည်း ပြည်တွင်း နယ်စပ်ဒေသများတွင်ထွက်ပေါ်နေရာ အခြေအနေဆိုးဖက်သို့လည်း အချိန်မရွေးတွန်းပို့နိုင်ပေသည် ။
သို့ဖြစ်ပါ၍ ကျနော်တို့ဒီမိုကရေစီအင်အားစုများအနေဖြင့် ရေတို ရေရှည်စီမံကိန်းများ ၊ နိုင်ငံရေး အပြောင်းအလဲ၏ အကောင်းအဆိုးပေါ်မူတည်ပြီး Plan A, Plan B, Plan C လုပ်ငန်းစဉ်များကို ပြည်တွင်းပြည်ပတွင် စနစ်တကျ တည်ဆောက်ထားရပေမည် ။
ဦးသိန်းစိန်အစိုးရ မှ တိုင်းပြည် ပြည်သူလူထုနှင့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများအပေါ်အပြုသဘောဆောင်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေး သုံးသပ်သည့် မိန့်ခွန်းသည် ခေတ်အဆက်ဆက်က ပြောကြားခဲ့သော အစိုးရမိန့်ခွန်းးများထက် အနှစ်သာရရှိပြီး အပြောကို အလုပ်နှင့် သက်သေပြရန်သာ လိုအပ်တော့သည်။ ယနေ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို နိုင်ငံတကာအပါအ၀င် ပြည်တွင်းပြည်ပမှ မြန်မာပြည်သူလူထုများမှ စောင့်ကြည့် အကဲခတ်နေကြပါသည် ။
အချုပ်ဆိုရသော် မြန်မာ့နိုင်ငံရေးသမိုင်းတွင် သက်ဦးဆံပိုင် ဘုရင်စနစ်မှသည် ယနေ့မျက်မှောက်ကာလအထိ ရာထူး ၊အာဏာနှင့်ကိုယ်ကျိုးစီးပွားအတွက် အချင်းချင်းဖမ်းဆီး သတ်ဖြတ်မှုများရှိခဲ့ရာ အကောင်းမြင်ဝါဒနှင့် အဆိုးမြင်ဝါဒတို့ဒွန်တွဲကာ ယခုအခြေအနေကိုလည်း သတိကြီးစွာ စောင့်ကြည့်နေပါသည်။ သမ္မတကြီး ဦးသိန်းစိန်အနေဖြင့်
တိုင်းပြည်နှင့်လူထုကောင်းစားရေး အတွက် ပြုပြင်ပြောင်းလဲရေးကို စေတနာမှန်ဖြင့် လုပ်ဆောင်နေယိုးမှန်လျှင် အကယ်၍သာ ခြေချော် လက်ချော် ဖြင့် ကောလဟာလထဲမှ အမာဂိုဏ်းများ၏ဖမ်းဆီးထိမ်းသိမ်းခြင်းခံရလျှင်ပင် ဦးသိန်းစိန်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကို ကြွေးကြော်ရင်း မြန်မာ့ဒီမိုကရေစီ ခရီးကြမ်းကို ဇွဲမလျော့ပဲ ဆက်လက်လျှောက်လှမ်းရမည်မှာ ကျွန်ုပ်တို့၏ သမိုင်းပေးတာဝန်ပင် ဖြစ်ပေသည် ။
**အောင်ခိုင်မြင့်**

No comments:
Post a Comment