သင်္ကြန်တဲ့…။ သင်္ကြန်ရုံးပိတ်ရက်ရှည်တွေ နီးလာတိုင်း ကျွန်မလည်း အခြားဝန်ထမ်းတွေလိုပဲ ဒီပိတ်ရက်ရှည်ကြီးကို မျှော်တလင့်လင့်နဲ့ အမြန်ဆုံး ရောက်ချင်မိတယ်။ ငယ်ရွယ်စဉ် ကာလကတော့ သင်္ကြန်ကာလမှာ မိဘမောင်ဘွားတွေနဲ့အတူ ရေပက်ခံထွက်တဲ့အခါ ထွက်၊ အိမ်ရှေ့မှာပဲ အုံးလက်မဏ္ဍပ်လေး ထိုးလို့ ရေပက်ရင်ပက်နဲ့ ပျော်ခဲ့ရတယ်။ အခုနောက်ပိုင်း သင်္ကြန်ပိတ်ရက်တွေကို ၁၀ရက်အထိ တိုးမြှင့်လိုက်တော့ ကိုယ့်ရဲ့အသက်အရွယ်နဲ့ ငယ်စဉ်ကလို ရေပက်ချင်၊ ရေပက်ခံထွက်ချင် စိတ်တွေ မဖြစ်တော့ပဲ ဒီပိတ်ရက်ရှည်မှာ အိမ်ရှင်း၊ စာတွေတစ်ဝကြီးဖတ်၊ ကြည့်ချင်တဲ့အခွေတွေကြည့်၊ တစ်နှစ်ပတ်လုံး မျက်လုံးနှစ်လုံးဖွင့်ထဲက ညအိပ်ချိန်အထိ စက်ရုပ်တစ်ရုပ်လို ပုံသေ အချိန်ဇယားထဲမှာ ပျော်ဝင်နေခဲ့ရတာတွေ အကုန်မေ့ပစ်။ ပြီးရင် ဥပုသ်သီလလေး မရတောင် သင်္ကြန်ဒုလဘ္ဘ ရဟန်းများကို မနက်တန်းဆွမ်းလောင်းလှူလို့ ရတောင့်ရခဲ ကုသိုလ်လေးကို အမိအရ ရယူဖြစ်ခဲ့ပါတယ်။
မနှစ်က သင်္ကြန်ရက်ရှည်တုန်းကတော့ ဆိုင်းမဆင့်၊ ဗုံမဆင့် ပိတ်ရက်မတိုင်ခင် တစ်ည၊ တစ်ထိုင်ထဲ ဆုံးဖြတ်ချက်ချလို့ သီလရှင်၁၀ရက် ၀တ်ခဲ့ဖြစ်သေးတယ်။ ဒီနှစ်သင်္ကြန်ပိတ်ရက် မှာလည်း သီလရှင် မ၀တ်တောင် တရားစခန်းလေးဝင်မလားရယ်လို့ စိတ်ကူးမိပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ခေတ်ပေါ်ဂျပန်တုတ်ကွေးကြောင့် နေမကောင်းဖြစ်နေတဲ့ အဖေ့ကို အိမ်မှာ ထားခဲ့ဖို့ရာ စိတ်မဖြောင့်နိုင်ရှာတာမို့ ဒီနှစ်ရက် ပိတ်ရက်ရှည်တွေကို အိမ်မှာပဲ အနားယူကျော်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့မိတယ်။ အဲ့ဒီလိုချခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့်ပဲ ဒီဆောင်းပါးလေးကို ရေးဖြစ်ခဲ့ရပြန်တယ်။
သင်္ကြန်အကျတစ်ရက် မနက်မှာ တစ်ဝမ်းကွဲအကိုက ဖုန်းလှမ်းဆက်လာတယ်။ ဘာအစီအစဉ် ရှိသလဲ.. တဲ့။ မရှိရင် သူ့ကားနဲ့ ဟိုနားသည်နား လျှောက်ပတ်ရအောင်တဲ့။ အစ်ကိုက သူ့ရဲ့ လိုက်ထရပ်ကားလေး ၀ယ်ထားတာ မကြာလေတော့ မောင်နှမတွေကို သူ့ကားလေးနဲ့ လိုက်ပို့ပေးချင်ပုံရပါတယ်။ ဒီလိုနဲ့ ကျွန်မတို့ မိသားစု၃ယောက်၊ အစ်ကိုရဲ့မိသားစု၃ယောက်၊ အစ်ကို့ညီမ မိသားစု၃ယောက်၊ ကျွန်မရဲ့မောင်လေးမိသားစုက ၄ယောက်၊ စုစုပေါင်း ၁၄ယောက် အစ်ကို့ကားနဲ့ အိမ်က ထွက်လာခဲ့ကြပါတယ်။ အစ်ကိုက ကားကို မောင်းပြီးတော့ ရှေ့ခန်းမှာ အစ်ကို့သားလေး ၂နှစ်အရွယ်ကို အဖွားဖြစ်သူနဲ့အတူ၊ ကျွန်မ မောင်လေးက သူ့သားတော်မောင် ၆လသားဖိုးသည်းကို သူနဲ့ အတူ မှန်အလုံ ပိတ်လျှက်က လိုက်ခဲ့ကြပါတယ်။ ကျွန်မအပါအ၀င် ကျန်သူများကတော့ ကားနောက်ခန်းကနေပဲ မျက်နှာသုတ်ပုဝါကိုယ်စီခြုံလို့ လိုက်ခဲ့ကြပါတယ်။
ဒီလိုနဲ့ ကားလေးက ရန်ကုန်မြို့ထဲကနေ ထွက်လာလိုက်တာ ရွှေဂုံတိုင်၊ မြေနီကုန်း၊ ကြည့်မြင့်တိုင်၊ စမ်းချောင်း၊ တစ်မြို့နယ်ပြီး တစ်မြို့နယ်ကျော်ဖြတ်ခဲ့ပါတယ်။ ဒီနှစ်ရန်ကုန် သင်္ကြန်က မနှစ်တုန်းက ဖြစ်ခဲ့တဲ့ H2O မဏ္ဍပ် အဖြစ်ဆိုးရဲ့ ရိုက်ခတ်မှုကြောင့်လား မသိ၊ နေရာ တော်တော်များများမှာ စည်ကားမှု သိပ်မရှိလှပါဘူး။ လမ်းတစ်လျှောက် အရင်လို ရေပက်ခံမဏ္ဍပ်ကြီးတွေ သိပ်မတွေ့ရပဲ မိသားစုမဏ္ဍပ်လေးတွေ၊ ရေဇလား ရေတိုင်ကီများ ချလျှက် ပက်တာလောက်သာ တွေ့ရပါတယ်။ အစ်ကိုကလည်း လမ်းတစ်လျှောက် သင့်တော်မယ်ထင်တဲ့နေရာမှာ ရေပက်ခံရပ်ပေးပါတယ်။ ရေစိုနေတဲ့ ခန္ဓာကိုယ်က ကျဲကျဲတောက်နေတဲ့ နေအပူရှိန်ရဲ့ ဒဏ်ကို ကာကွယ်ပေးနေတာမို့ နေရတာ အလွန်ကောင်းပြီး ရေပက်ခံမထွက်တာကြာပြီဖြစ်တဲ့ ကျွန်မရဲ့ စိတ်ထဲ သင်္ကြန်ရေ ထိလိုက်တိုင်းမှာ ရွှင်မြူးသလိုလိုတောင် ဖြစ်လာရပါတယ်။
ဒီလိုနဲ့ တက္ကသိုလ်ရိပ်သာ လမ်းအတိုင်း လှည်းတမ်းကနေ ရန်ကင်းဘက်ကိုအလာ ရန်ကင်းမီးပွိုင့် မိနေတုန်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဆီဒိုးနားဘက်ကို ကြည့်လိုက်တော့ ကားတွေက ပြွတ်သိပ်ကြပ်ညပ်လို့။ ဒါနဲ့ အစ်ကို့ကို ကမ္ဘာအေးဘုရားလမ်းဘက် မကွေ့ပဲ တက္ကသိုလ်ရိပ်သာ လမ်းသစ်အတိုင်း ဆက်သွားဖို့ အနောက်ခန်းကနေ အော်ပြောကြတယ်။ ဒါနဲ့ ကျွန်မတို့ ကားလေးက တက္ကသိုလ်ရိပ်သာ လမ်းသစ်ကနေတဆင့် ဘောက်ထော်၊ တောင်ဥက္ကလာ၊ အဲ့ဒီကမှ ပါရမီဘက်ကနေ ပြန်ထွက်လို့ ချော်တွင်းကုန်း မီးပွိုင့်ဘက် ပြန်ရောက်လာခဲ့ပါတယ်။
အဲ့ဒီမှာ အစ်ကိုတစ်ယောက် ဒီမီးပွိုင့်ကနေ ရှစ်မိုင်ဘက်ကို ချိုးကွေ့မလားလို့ ကျွန်မတို့ ထင်လိုက်မိတယ်။ ဒါပေမယ့် အစ်ကိုက သူ့ကားကို ကမ္ဘာအေးဘုရားဘက် ပြန်ချိုး ချလိုက်တယ်။ နောက်မှ အစ်ကိုပြောပြလို့ သိလိုက်ရတာက သူက ဒီကမ္ဘာအေး ဘုရားလမ်းဘက်မှာ တအားစည်တယ်လို့ ကြားရလို့ ကျွန်မတို့ကို ပို့ပေးချင်တာနဲ့ အဲ့ဒီလမ်းကို ရွေးလိုက်တာလို့ ပြောပါတယ်။
ဒီလိုနဲ့ ကျွန်မတို့ ကားလေးလည်း ကမ္ဘာအေးလမ်းတစ်လျှောက် မောင်းလာလိုက်တာ မီကာဆာဟိုတယ်ရှေ့ အရောက်မှာ ရပ်ပြီး ရေပက်ခံကြပါတယ်။ ပြီးတော့ ဆက်ပြီး ထွက်လာလိုက်တာ ကျွန်မတို့ ကားလေးက မသိမသာနဲ့ လမ်းအလည်ခေါင် ယာဉ်ကြောမှာ ပိတ်ညပ်မိလျှက်သား ဖြစ်နေတော့တယ်။ ရေပက်ခံထွက်တဲ့ ကားတွေက ယာယီ တစ်လမ်းမောင်း လုပ်ထားတဲ့ ကမ္ဘာအေးဘုရား လမ်းမကျယ်ကြီးပေါ်မှာ ခြောက်စီးစာ ခြောက်မြှောင်း ရင်ဘောင်တန်းရပ်လို့ အပြည့်အသိပ်ပါဘဲ။ ကားလမ်းမကို ယာယီ တစ်လမ်းမောင်း လုပ်ထားတာမို့ ကဲ… ညပ်နေတော့မှ မထူးတော့ဘူး၊ တဖြည်းဖြည်းသာ ရွေ့ကြတာပေါ့ဆိုပြီး တရွေ့ရွေ့နဲ့ တန်းစီပြီးရွှေ့လိုက်တာ ညနေ ၄နာရီခွဲမှာတော့ လမ်းရဲ့ အလယ်တည့်တည့်၊ တန်းစီနေတဲ့ တတိယမြှောင်းထဲမှာ ပိတ်မိနေတော့တာပါဘဲ။ ကားတွေက မရွေ့သလောက်ကို ဖြစ်နေပြီ။ ရွေ့လို့ ရပြန်တော့လည်း တစ်ဘီးစာစီ လှိမ့်နေရပြီ။ တချို့ကားတွေက စက်ကိုသပ်လို့ ဘီးလေးဘီးလုံးကို ရပ်ထားရတယ်။
ကားမရွေ့တော့တဲ့အဆုံး အနီးပတ်ဝန်းကျင်မှာရှိနေတဲ့ ရေပက်ခံကားတွေကို အပျင်းပြေ လိုက်ကြည့်။ အများစုက လူငယ်တွေ။ သင်္ကြန်ရေနဲ့ လူငယ်ဘာဝ မြူးတူးပျော်ရွှင်နေ လိုက်ကြတာ။ တချို့ကလည်း ကျွန်မတို့လို မိသားစုလိုက် ရေပက်ခံထွက်သူတွေ။ ကားတစ်င်္စီးမှာတော့ အရှေ့တိုင်းသား နိုင်ငံခြားသားများ ပါတဲ့ ကားတစ်စီးက ပါတ်ဝန်းကျင်ကို ဗီဒီယို မှတ်တမ်းတင်လို့။ အဲ့ဒီမှာ ကျွန်မတို့မျက်လုံး ဇကောလောက် ပြူးသွားလောက်စရာ ကြုံရပြန်တယ်။ ကျွန်မတို့ရဲ့ ညာဘက်က ရေပက်ခံကားပေါ်က ခေတ်သမီး တစ်ယောက်က အရက်ကို ပုလင်းလိုက် ကိုင်မော့လိုက်တယ်။
သူ့လက်ထဲက ပုလင်းကို ပြန်လုယူတဲ့ အမျိုးသားရဲ့ ရင်ခွင်ထဲကို ယမကာတန်ခိုးနဲ့ မူးယိုင်ပြိုလဲလို့။ သူတို့ကား အနောက်မှာ ရှိနေတဲ့ ဂျစ်ကားက လူငယ်တွေက ဒီအဖြစ်ကို ကြည့်ပြီး ညာသံပေးနေကြလို့။ ဒီတော့ ကားပေါ်က လူငယ်က အနောက်ကားပေါ်က ညာသံပေးနေတဲ့ သူတွေကို မီးဝင်းဝင်းတောက် မျက်လုံးနဲ့ လှမ်းကြည့်လို့။ ဘုရား..ဘုရား။ ရန်တွေဘာတွေ ထဖြစ်လို့ ပြေးပေါက်မှားနေမှာ တွေးပြီး ကျွန်မတို့အားလုံး ကြက်သီးမွေးညှင်းများတောင် ထမိပါတယ်။
ဒါနဲ့ သူတို့ကို အကြည့်လွှဲလို့ ဘက်ဘက် အနောက်နားမှာ ပိတ်မိနေတဲ့ ကားပေါ်ကို လှမ်းလို့ ကြည့်လိုက်ပြန်တော့ တစ်ကားလုံး ဗိုက်သားဖော်အိကျီ င်္အကျတ်ကို မီနီစကတ် အတိုအကျပ်နဲ့ သူတို့ သူတို့ ရေစိုစိုမှာ ကြွ၊ လှ၊ ရွနေလိုက်ကြတာများ..။ သူတို့…. သူတို့က နဘေးနားက ရေပက်ခံကားက သကောင့်သားတွေ ကမ်းပေးလိုက်တဲ့ အရက်ခွက်ကို တရင်းတနှီး ကျိုက်ခနဲ ယူပြီး တစ်ချက်ထဲ မော့ချလိုက်တာများ။ ဘယ်နှစ်ကြိမ်မှန်း မသိနိုင်တဲ့ ဘုရား… ဘုရားကို ကျွန်မရဲ့ နှုတ်ကနေ တရွရွနဲ့ ရွတ်နေမိပြီ။
ရှေ့ခန်းမှာပါလာတဲ့ ကလေးအငယ် နှစ်ယောက်ကလည်း တအီအီနဲ့ ဂျီကြနေလို့ အနောက်ခန်းကို စိတ်ပြေအောင် လာပို့ထားလို့ ကျွန်မတို့တွေ ချော့မြူနေရပြန်တယ်။ မရှေးမနှောင်းမှာဘဲ အစ်ကိုကလည်း ကားစက်သပ်လို့ ကျွန်မတို့ အနောက်ဖက်ကို ရောက်လာတယ်။ “ ငါတော့ ဒီဘက်လမ်းကို ရွေးမိတာ ငါးပါးတင်မက၊ သံဃာစင်ပါ မှောက်ပြီဟေ့..” လို့ ညည်းတွားရှာပါတယ်။ ပြည့်သိပ်နေတဲ့ ကားတွေက ရှေ့မှာ တစ်မျှော်တစ်ခေါ်။ မူးနေတဲ့ လူငယ်တစ်ဦးက ကားအပြင်ကနေ အပျော်စိတ်နဲ့ ရေခဲရေကို သူ့ဇနီးပခုံးပေါ် တစိမ့်စိမ့်လောင်းရင်း “သင်္ကြန်ရေနော် အစ်ကိုကြီး..” ဆို ပြောင်စပ်စပ် လုပ်နေတာမို့ မျက်ထောက်တွေ နီလာတဲ့ ကျွန်မရဲ့မောင်ကိုလည်း မျက်ရိပ်မျက်ခြေ ပြလို့ သည်းခံစေရပြန်တယ်။
နဘေးက ဂျစ်ကားက မလွတ်တဲ့ နေရာကျဉ်းလေးကို ဖြတ်ပြီးကျော်တက်ဖို့ တာဆူနေတာမို့ အစ်ကိုက ဒေါသတွေ ဖောင်းကြွလာပြန်ရော။ အတူပါလာတဲ့ အမေနဲ့မိန်းမက စိတ်လျှော့၊ စိတ်လျှော့နဲ့ ဖြောင်းဖြနေရပြီ။ ကျွန်မသားတော်မောင်ကလည်း ညနေ သူ့သူငယ်ချင်းတွေနဲ့ လမ်းထဲမှာ ရေကစားဖို့ အချိန်မှီ ပြန်လို့ မရတော့ဘူးဆိုတာ သိတာမို့ ငိုမဲ့မဲ့။ ကျွန်မတူလေးကလည်း ဗိုက်ဆာလာတာမို့ သူအမေကို ဂျီထိုးနေပြီ။ ဒီကြားထဲ အဲ့ဒီ ရပ်ကွက်ထဲက လူတွေနဲ့ ပိတ်မိနေတဲ့ ကားက လူတွေနဲ့ တုတ်တစ်ပျက်၊ ဓားတစ်ပျက်နဲ့ နောင်ဂျိမ်ချပြီး ကျွန်မတို့ ကားကြားထဲ ပြေးဝင်လာတာမို့ ရုတ်ရုတ်သဲသဲတွေ ဖြစ်ပြန်တော့ ကျွန်မတို့မှာ ကားပေါ်ကနေ ခန္ဓာကိုယ်လေးတွေ ပုလို့ သံဗုဒ္ဓေဂါထာသာ လှိုင်လှိုင်ရွတ်နေရတော့တယ်။
ကျွန်မခေါင်းတွေ တစ်ဆစ်ဆစ် ထိုးကိုက်လာပြီ။ ရေစိုအ၀တ်တောင် သွေ့ခြောက်ကာ နီးလာပြီ။ တစ်ကိုယ်လုံးလည်း အေးစိမ့်လို့နေတယ်။ သားပြည့်ကလည်း သမ်းဝေနေပြီး ညနေစောင်း လေအေးအေးကြောင့် ချမ်းလာပုံရတယ်။ ကလေးအငယ်နှစ်ကောင်ကတော့ တစ်ကြော့ပြန် အိပ်နေပြီ။ မှောင်ရီတောင် ပျိုးလာလို့ နာရီကြည့်လိုက်တော့ အချိန်က ၅နာရီခွဲလို့ ၆နာရီနီးပါး ရှိနေချေပြီ။ ဒီနေရာမှာ ကားပိတ်မိနေတာ ဘာလိုလိုနဲ့ ၂နာရီနီးပါး ရှိတော့မှာပါလား။ သေချာတာက ညနေ၆နာရီဆို ရေပက်တာ ရပ်ရမှာမို့ နောက်ထပ် ၄၅မိနစ်လောက်ဆို ဒီ ၀ဋ်ဒုက္ခက လွတ်ပြီ၊ ကျွတ်ပြီ။
၆နာရီ ထိုးကားနီးလောက်မှာ ကားတွေ သိသိသာသာ စတင်ရွေ့လျားလာပြီ။ ကလေးကြီး နှစ်ယောက်က “ ဝေး ” ဆို ၀မ်းသာအားရ ထအော်တယ်။ ကျွန်မတို့ လူကြီးတွေလည်း သူတို့လို ထမအော်ရုံ တမည်ထဲ ၀မ်းသာသွားလိုက်မိတာ။ ဒီလိုနဲ့ ကားလေးက လှိမ့်ကာ..၊ လှိမ့်ကာနဲ့ ထွက်လာလိုက်တာ လမ်းနီလေးဘက်အရောက် ကမ္ဘာအေးဘုရား လမ်းမပေါ်မှာ ရေပက်စင်မြင့် အကြီးကြီး တစ်ခုကို နေညိုတိမ်တိုက်ရဲ့ အောက်မှာ ဘွားခနဲ တွေ့လိုက်ရပါတယ်။ တစ်လမ်းလုံး ကားပိတ်မိလို့ စိတ်တွေ လေနေမိတာ အခုလို စည်စည်ကားကား စင်မြင့်တစ်ခုရှေ့ ရောက်တော့ ကျွန်မတို့တွေ ပျော်သွားမိကြပါတယ်။ စင်မြင့်ပေါ်မှာတော့ လူတော်တော်များများက စည်းချက်နဲ့အညီ ခန္ဓာကိုယ်ကို လှုပ်လို့ ရေပက်သူကပက်၊ ကသူက ကလျှက်နဲ့ မည်းမည်းလှုပ်နေတာကို တွေ့ရပါတယ်။ မည်းမည်းလှုပ်တယ် ပြောရတာက စင်မြင့်ပေါ်က လူတော်တော်များများက ကွဲပြားတဲ့ ခေတ်မှီ၊ ခေတ်လွန်အနက်ရောင် အထက်အောက် ဒီဇိုင်းများ ၀တ်ဆင်ထားကြတယ်။ စင်မြင့်ရှေ့တည့်တည့်နား ရောက်တော့ လေးတန်းကျောင်းသား ကျွန်မရဲ့ သားပြည့်က အလန့်တကြား “ မေမေ.. ဟိုမှာ… ဟိုမှာ…. ” ပြောချိန် တစ်ချိန်ထဲမှာပဲ ကျွန်မရဲ့ ၀မ်းကွဲညီမတော်ကလည်း “ ဟယ်… ကြည့်ပါဦး… ” ဆိုတဲ့ အသံတစ်ပြိုင်နက်ထဲ ထွက်လာတာမို့ ကျန်တဲ့ ကျွန်မတို့ အားလုံး သူတို့ ညွှန်ပြတဲ့ မဏ္ဍပ်ပေါ်ကို ကြည့်လိုက်တော့…. လား…လား.. မည်းမည်းလှုပ်နေတဲ့ စင်မြင့်ရဲ့ ဘယ်ဘက်ခြမ်းမှာ တိုင်တစ်တိုင် စိုက်ထူထားတာ တွေ့ရပြီး အဲ့ဒီတိုင်မှာ ပူးလိမ်၊ တွယ်ကပ်၊ ရစ်ပတ်နေတဲ့ ခန္ဓာကိုယ်နှစ်ခု။
ကျွန်မမျက်စိထဲမှာ နိုင်ငံခြားရုပ်ရှင်ထဲ ပါလာတတ်တဲ့ ဖော်ချွတ်နိုက်ကလပ်တွေမှာ ကချေသည်တွေ တိုင်ကို ရစ်ပတ်မွှေ့ပြီး ကနေတာမျိုးကို မြင်ယောင်လိုက်မိတယ်။ ယိုသူမရှက်၊ မြင်သူရှက် စကားပုံလို အဲ့ဒီ မိန်းကလေးနဲ့ ယောကျာ်းလေးက လူပုံဗိုလ်တစ်ရာ အလယ်မှာ တိုင်ကို တွယ်ဖက်လို့ အမေရိကန်အနမ်းတွေ အတောမသတ်ပေးလို့။ ဒီမဏ္ဍပ်နေရာ ဘာလို့များ လူတွေ ဒီလောက် စည်ကားနေသလဲ၊ ကားတွေ ဘာကြောင့်များ ကြပ်ညပ်ပိတ်နေရသလဲ ဆိုတာ ကျွန်မ ကောင်းကောင်း သဘောပေါက်လိုက်ပြီ။ ကျွန်မတို့လိုပဲ တခြားသူများကလည်း ဆင်ဆာမဲ့ ဒီအဖြစ်ကို တအံ့တသြ ရင်သပ်ရှုမော ကြည့်လို့။ ကာယကံရှင်တွေကတော့ ဘာဆို ဘာမှမသိ၊ ဖွင့်ထားတဲ့ မြူးကြွ အနောက်တိုင်းတေးသွားနဲ့ အတူ လွင့်မျောနေလို့။
ကားမောင်းတဲ့ အစ်ကိုကြီးရဲ့မိန်းမ၊ ကျွန်မရဲ့ ယောင်းမဖြစ်သူက “ဒီနေရာက အမြန် မောင်းထွက်ပါတော့” ဆို အနောက်ကနေ မှန်ကို ထုလို့ သတိပေး၊ အားလုံးသော မျက်လုံးပေါင်း သောင်းခြောက်ထောင်ရဲ့ ရှေ့မှာတော့ တွန့်လိန်ပူးကပ်နေတဲ့ ခန္ဓာကိုယ်နှစ်ခု။ ဘုရား…. ဘုရား…။ မျက်နှာတစ်ခုလုံး ဖိန်းရှိန်းသွားရပြီး ကျွန်မ နားထင်မှာ သွေးတွေ တဒိတ်ဒိတ် တိုးလာတော့တယ်။ ကျွန်မတို့ ကားလေး လွတ်ရာကျွတ်ရာ ရောက်တော့မှ အသက်ကို ၀၀ရှူလို့ ကျွန်မရဲ့ စိတ်ကိုဖြေလျော့ပြီး မျက်စိကို အသာအယာ မှိတ်ထားလိုက်မိတယ်။
မျက်စိကိုသာ မှိတ်ထားလိုက်မိတယ်၊ ကျွန်မရဲ့အတွေးထဲမှာ အတိတ်နဲ့ ပစ္စုပ္ပန်က သူတစ်ပြန်၊ ကိုယ်တစ်ပြန်။ မြနန္ဒာသီချင်းနဲ့ သင်္ကြန်ဒိုးသံ၊ အနောက်တိုင်းဂီတ လွှမ်းနေတဲ့ ဟီးဟီးထစင်မြင့်နဲ့ အုန်းလက်မဏ္ဍပ်လေးရဲ့ အေးမြအရိပ်အာဝါသ၊ မြိုင်ဆိုင်လှတဲ့ သံချပ်တွေနဲ့ ခေတ်ပေါ်ဒီဂျေပွတ်သံ၊ တူးပို့တူးပို့ တေးသံအောက်က ပိတောက်ဝါ တူညီဝတ်စုံများ၊ နှလုံးခုန် တေးဂီတသံပြင်းပြင်းနဲ့ အနက်ရောင် အသားပေါ်၊ အသားကပ် အိကျီင်္များရဲ့ပုံရိပ်၊ နံ့သာရေ သပြေခက်နဲ့ အ၀ါရောင်ယစ်ရွှေရည်။ အားလုံးက ရုန်းရင်းဆန်ခတ်နဲ့ ကျွန်မရဲ့အတွေးအာရုံထဲမှာ..။
သြော်…. “မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲ”ဆိုတဲ့ စကားလုံးရဲ့ ရှေ့မှာ ပုံဖော်နေသူက မြန်မာပြည်က မြန်မာတွေ။ မြန်မာတွေ…..။…………..…တွေ ။ ………………..…တွေ ။
( မနှစ်က သင်္ကြန်အတွေ့အကြုံ ပို့စ်လေးပါ။ ဒီနှစ်သင်္ကြန်တော့ ဘာတွေ ကြုံဦးမလဲမသိ…။)
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
** မြသွေးနီ**

No comments:
Post a Comment