ဒီနေ့မနက် အိပ်ရာက သူမ နိုးလာတယ်..။ ရိုးရိုးနိုးလာတာ မဟုတ်…။ သင်္ကြန်ဒိုးသံ ဆူဆူညံနဲ့ နိုးလာရတာ..။ ပူးကပ်နေတဲ့ မျက်တောင်လေးတွေကို အားယူဖွင့်ရင်း ပတ်ဝန်းကျင်ကို စောင်ခြုံထဲကနေ စူးစမ်းလိုက်မိတယ်။ စိတ်ထဲ ထင်နေလို့လား မသိ၊ မိုးငွေ့ ယှက်သန်းနေတဲ့ မြေသင်းရနံ့လေးတောင် နှာဝမှာ ရှူရှိုက်မိလိုက်ရသလိုပဲ။ တကယ့်ကို ပိတောက်ပန်းရနံ့ မွှေးမွှေးအီအီကိုပါ ရနေပါရော့လား။ ဖြစ်နေပုံက စိတ်ထဲ အိပ်မက်လိုလို။ ခံစားချက်က ကလေးဘ၀တုန်းက သင်္ကြန်အကြိုနေ့ အိပ်ရာထထချင်း ရင်ခုန် စိတ်လှုပ်ရှားရသလိုမျိုး။
အိပ်ရာဘေးနံရံက ပြက္ခဒိန်ကို လှမ်းကြည့်လိုက်တော့ မတ်လ၂၁ရက်။ သင်္ကြန်ရောက်ဖို့ ရက်၂၀လောက်လိုနေသေးတယ်။ တစ်ဆက်ထဲ နံရံက နာရီကို ကြည့်လိုက်တော့ မနက်၆နာရီခွဲ။ ဒီမနက်မှာမှ ဘာလို့များ သင်္ကြန်ဒိုးသံတွေ ကြားနေရပြီး သင်္ကြန်ပန်းရနံ့တွေ သင်းထုံနေရတာပါလိမ့်။
အိပ်ရာထဲက မထရ မနေနိုင်အောင် သက်မဲ့တွေက သူမကို ဆွဲဆောင်လိုက်ပြီ။ သူမ ခြေလှမ်းတွေက သီချင်းသံကြားရာ အိမ်ရှေ့ဝရန်တာဆီ ရှေ့ရှုလို့။ အိမ်ရှေ့မှာတော့ မြေသားက ရေစိုသိပ်သည်းလို့။ ဒါဆို ညက မိုးရွာထားသည်ပေါ့။ သူမရဲ့ မျက်လုံးအစုံက ခြံထောင့်ကို ရောက်သွားတယ်။ အို….. ပိတောက်တွေ၊ ပိတောက်တွေ လှိုင်လှိုင်ပွင့်နေကြပါရော့လား..။ ၀ါရွှေရည်သွေး တောက်ပနေလိုက်တာများ ။
မြေသင်းရနံ့ မွှေးမြမြနဲ့ ပန်းပိတောက်ရနံ့က သူမ ရင်တွေကို ခုန်လှုပ်လာစေပြန်တယ်။ သူမ နှာခေါင်းက မြေသင်းရနံ့ရောနေတဲ့ ပိတောက်ပန်းရဲ့ မွှေးရနံ့ကို ရှုရှိုက်ခဲ့ပြီးပြီ။ သူမ မျက်ဝန်းအစုံက ပင်လုံးဝေနေတဲ့ ၀ါရွှေရည်သွေး ပန်းအလှကို မြင်တွေ့လိုက်ရပြီးပြီ။ ဒါဆို တစ်ခုကျန်နေသေးတယ်။ သူမ နားက ကြားနေရတဲ့ အသံကရော…။ ဘယ်ကနေ လာနေပါလိမ့်။ သင်္ကြန်နဲ့ဘယ်လိုမှ ခွဲခြားလို့မရပါဘူးဆိုတဲ့ တူးပို့သီချင်းသံလဲ မဟုတ်။ ဒိုးသံနဲ့အညီ စည်းချက်ကျကျ အတိုင်အဖောက် သံပြိုင်ဟစ်ကြွေးနေသံ။ သူမရဲ့ရင်ခုန်သံ မြန်ရာကနေ၊ သွေးတွေပါ ပူနွေးလာသလိုလို။ ခြံထဲကို ဝေ့၀ဲကြည့်လိုက်တော့ ဘာဆို ဘာကိုမှ မတွေ့။ ဟင့်အင်း… မဟုတ်သေးပါဘူး။ သူမရဲ့ နားနဲ့ဆတ်ဆတ် ကြားနေရတုန်းပဲ။ တချို့ စာသားလေးတွေဆို ပီပီသသတောင် ကြားလိုက်ရတယ်။ လက်ခုပ်သံတွေကလဲ ရောယှက်နေလို့ပါလား။
သတိထားမိချိန်မှာ အိမ်တံခါးချက်ကို ဖွင့်လို့ ခြံထဲကို သူမ ဆင်းလာမိပါပြီကော..။ ဖိနပ်ကင်းမဲ့တဲ့ သူမရဲ့ ခြေဖ၀ါးအစုံက မြေသားပေါ်မှာ ရွရွဖိနင်းလို့။ သူမရဲ့ စိတ်တွေ ပေါ့ပါးလာသလိုလို၊ လွတ်လပ်လာသလိုလို။ တစ်ခုခုကို ဟစ်ကြွေးချင်လာသလိုလို။ မည်သူ တစ်ဦး တစ်ယောက်ရဲ့ ဖြားယောင်းမှု၊ သွေးဆောင်မှုမှ မပါတဲ့ သူမရဲ့ ဦးတည်ရာက ခြံထောင့်က ပိတောက်ပင်ကြီး ဆီသို့။ ပိတောက်ပင်ကြီးနဲ့ တဖြည်းဖြည်း နီးလာလေလေ၊ သင်္ကြန်ဒိုးသံတွေက သူမ နားထဲ အလုံးအရင်း လှိမ့်ဝင်လာလေလေ။ လူအစုအဝေးရဲ့ ကြိတ်ကြိတ်တိုး အားပေးသံတွေ။ သိချင်စိတ်တွေ ထိမ်းမရတော့။ အဲ့ဒီအသံတွေက လူတစ်ယောက်သော်မျှ မရှိလေတဲ့ ပိတောက်ပင်ဆီက ထွက်ပေါ်နေတာ။ အံ့သြစရာပါလား။ သိချင်စိတ်တွေက သူမ ခြေလှမ်းတွေကို ပိတောက်ပင် ခြေရင်းဆီ တွန်းပို့လို့နေတယ်။
ပိတောက်ပင်အောက်မှာ ခြေအစုံရပ်ရင်း ဘေးဘီဝဲယာကို ကြည့်မိတယ်။ ဒိုးသံတွေက ပိုလို့ ဆူဆူ ညံလာတယ်။ အတိုင်အဖောက် ညီညီညာညာနဲ့ ရွတ်ဆိုနေတဲ့ သံချပ်သံတွေက သူမစိတ်တွေကို ပွက်ပွက် ဆူလာစေပြီ။ သူမရဲ့ လက်ခုပ်နှစ်ဘက်က ကိုယ်တိုင် မသိလိုက်ခင်မှာပဲ စည်းချက်ကျကျ တီးကာ အားပေးနေမိပြီ။ ဒီအသံတွေ မကြားခဲ့ရတာ ကြာလှပါပေါ့။ သူမ မျက်ဝန်းထဲ ပြိုင်ပွဲဝင် အလှပြကားတွေ၊ လက်သီးလက်မောင်းတန်းလို့ သံပြိုင်ညီညီ ရွတ်ဆိုနေကြတဲ့ တူညီဝတ်စုံနဲ့ လူတွေ။ ခက်တာက လူတစ်ဦး တစ်ယောက်သော်မျှ မတွေ့ရပဲ ကြားနေရတဲ့ အသံတွေ။ သူမ တစ်ကိုယ်လုံး တဖျဉ်းဖျဉ်းဖြစ်လာပြန်တယ်။
လေအေးအေးလေးတစ်ချက် ဝေ့ခနဲ တိုက်လိုက်ချိန် သူမရဲ့ လက်ဖျံပေါ် တစ်စုံတစ်ခု ကျလာတယ်။ မြေကြီးပေါ် မကျရလေအောင် သူမ အမိအရ ဖမ်းယူလိုက်မိတယ်။ သူမရဲ့ လက်ဖ၀ါးလေးကို ဖွင့်ကြည့်လိုက်တော့… အလို သူမသိချင်တဲ့ ပဟေဠိက ပိတောက်ပွင့်လေးဆီက ပါလား။ သူမ စိတ်လှုပ်ရှားစွာနဲ့ ပိတောက်ပွင့်လေးကို သူမရဲ့ နားဆီကို ကပ်ယူလို့ နားထောင်မိလိုက်တယ်။ အို…………..။ သူမ ရင်ထဲသိမ့်ခနဲဖြစ်သွားတယ်။ ၀မ်းသာစိတ်နဲ့ မျက်ရည်ကြည်တွေတောင် မျက်ဝန်းမှာ အိုင်ထွန်းလာသလိုဘဲ။
သူမ ကြားနေရတဲ့ သံချပ်တိုင်သံတွေ၊ မြူးကြွတဲ့ သင်္ကြန်ဒိုးသံတွေ၊ လက်ခုပ်တီး အားပေးသံတွေက သူမလက်ခုပ်ထဲက ပိတောက်ပွင့်လေးဆီက၊ နောက်.. သူမရဲ့ ခေါင်းပေါ်မှာ ထိန်ထိန်ပွင့်နေကြတဲ့ ပိတောက်ဖူးတွေ၊ ပိတောက်ပွင့်တွေဆီက ထွက်ပေါ် လာနေတာပါလား။ ပိတောက်တွေ သံချပ်တိုင်လို့၊ ပိတောက်တွေက သင်္ကြန်ဒိုးကို တီးလို့၊ ပိတောက်တွေက သောင်းသောင်းဖျဖျ လက်ခုပ်တီး အားပေးလို့ပါလား။ ပိတောက်တွေက သက်ရှိလူသားတွေလို သက်ဝင် လှုပ်ရှားနေတာပါလား။
လက်ခုပ်ထဲက ပိတောက်ပန်းပွင့်လေးကို ငုံ့မွှေးရင်း သူမ မျက်ဝန်းအစုံက တစ်ဖက်ခြံက ပိတောက်ပင်ကြီးဆီ ရောက်သွားပြန်တယ်။ ထင်လိုက်သလိုပါဘဲ၊ တစ်ဖက်ခြံက ပိတောက်ပွင့်တွေလဲ သင်္ကြန်ဒိုးနဲ့အတူ လေယူရာ ယိမ်းလို့ သံပြိုင်ဟစ်ကြွေးနေပြီပဲ။ ဒါဆိုရင် ပိတောက်ပင်တိုင်းက ပိတောက်ဖူး ပိတောက်ပွင့်တွေ အားလုံး သင်္ကြန်သံချပ်တွေ ညီညာဖျဖျ သီဆိုနေကြပြီပေါ့။
သူမ သိပ်နှစ်သက်ခဲ့တဲ့ ဒီအသံတွေ မကြားခဲ့ရတာ ဘယ်လောက်များတောင် ကြာခဲ့ပြီလဲ။ အခုတော့ ပိတောက်ပွင့်တွေဆီက အံထွက်လာတဲ့ ဆန္ဒတွေက သူမကို ကြည်နူး ၀မ်းမြောက်စေတယ်။ အားတက် ရွှင်လန်းစေတယ်။ မျှော်လင့်ချက်တွေ ပြည့်ဝစေသလို၊ စိတ်ကျေနပ်မှုကိုလဲ ရစေပြန်တယ်။ စကားပြောတဲ့ ပိတောက်တွေရဲ့ အသံစစ်စစ်ကို သူမ သက်ရှိထင်ရှား ရှိချိန် နားနဲ့ဆတ်ဆတ် ကြားသိခွင့်ရလိုက်တယ်။
သူမ ပိတောက်ပင်ကြီးအောက်မှာ ရှိနေစဉ်မှာဘဲ အခြားသော ပိတောက်ပွင့်လေးက သူမဘေးနားကို ဖြုတ်ခနဲ ခုန်ချလာပြန်တယ်။ အဲ့ဒီ ပိတောက်ပွင့်ကြွေလေးကို မြေပေါ်မကျခင် အချိန်မီ ကောက်ယူလိုက်ပြန်ရင်း စိတ်တွင်းက နှမြောတသဖြစ်လို့ နေပြန်တယ်။ မကြွေပါနဲ့.. မြေပြင်ပေါ်ကို မဆင်းလာပါနဲ့လား ပန်းကလေးတို့ရယ်..၊ မင်းတို့ကို အပင် အမြင့်ထက်မှာသာ လှပတင့်တယ်ဝေဆာစွာနဲ့ ရှိစေချင်ပါတယ်။ ဘယ်အပွင့်လေးတွေကိုမှ မြေပြင်ပေါ် မကြွေဆင်းစေချင်တာက သူမရဲ့ အပြင်းပြဆုံးသော ဆန္ဒ။ ပင်မြင့်ထက်ကနေသာ သင်္ကြန်သံချပ်တွေ ညီညီညာညာ သီဆိုကြပါနော်…လို့ သူမ တိုးဖွဖွလေး တောင်းဆိုလိုက်မိတယ်။

အဲ့ဒီအခါမှာ အေးမြနေတဲ့ သင်္ကြန်မိုးဖွဲဖွဲက ပိတောက်ပင်အောက်က သူမကို ရွှဲရွှဲစိုစေလို့ ကြိုဆိုလိုက်တယ်။
လန့်နိုးလာချိန်မှာတော့ သူမ တစ်ကိုယ်လုံး ချွေးတွေနဲ့ ရွှဲနစ်နေတယ်။ သူမရဲ့ ခေါင်းအုံးလေး နဘေးမှာတော့ ပိတောက်ပွင့်ကြွေလေးတွေ…။ သြော်.. အိပ်မက်လေး အသက်ဝင်လာစေချင်စမ်းပါဘိ။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
** မြသွေးနီ**

No comments:
Post a Comment