ရွာ၏နွေရာသီက ပူပြင်းခြောက်ကပ်လွန်းသည်။ အဝေးမှ တစ်ချက်တစ်ချက် ပျံ့လွှင့်လာသော ပုဇဉ်းရင်ကွဲသံက ပျင်းကြောကို ဆွဲဆန့်လိုက်သည့်နှယ် တဗျစ်ဗျစ်မြည်နေသည်။ အရိပ်ကောင်းသော သစ်ပင်အောက်တွင် လူတချို့ဆန်မှုန့်ထောင်းနေကြသည်။ တစ်ချက်တစ်ချက် ဝှေ့ခနဲ့တိုက်လိုက်သော နွေဦး၏ လေရူးကြောင့် ဖုန်နှင့်အတူ ဆန်မှုန့်အချို့ ဖွာခနဲထသွားသည်။ နွေဦးနှင့်အတူ နှစ်သစ်တစ်သစ်ကို ကြိုဆိုဖို့ လူအများ အလုပ်ရှုပ်နေကြပြီ။
မိဆိုးတစ်ယောက် အိမ်ရှေ့သရက်ပင်ကိုမှီပြီး ဒီနှစ်သင်္ကြန်အတွက် ပူစီဖောင်းတွေဝယ်ဖို့ အကြံထုတ်နေသည်။ ကျောင်းဖွင့်ရက်များတွင် တစ်နေ့ တစ်မတ်သာရသောမုန့်ဖိုးကို အမေက ဘာဗီတိုအာဏာမှ မသုံးဘဲ နွေကျောင်းပိတ်ရက်ကို အကြောင်းပြပြီး ပြန်သိမ်းသွားခဲ့သည်။ ဘုရားစင်ပေါ်တွင် အဖေတင်ထားတတ်သော ငွေအကြွေထဲက အဖေအလစ်တွင် ငါးပြား၊ ဆယ်ပြား နှိုက်ယူပြီး မိဆိုးစုနေသည်မှာ တစ်ကျပ်ပင် ပြည့်တော့မည်။ သင်္ကြန်အကြိုနေ့ အမေ့ဆီက မုန့်ဖိုးငွေတစ်မတ် မရရအောင် တောင်းလိုက်လျှင် ဒီနှစ် သင်္ကြန်အတွက် ပူစီဖောင်း လုံလောက်ပြီ။
(၁) သင်္ကြန်ပေါက်စ
မနက်လင်းတာနှင့် မိဆိုးတစ်ယောက် တက်ကြွနေသည်။ ရေပူဖောင်း အပြည့်ထည့်ထားသော လွယ်အိတ်ကို စလွယ်သိုင်း၊ ပုံးငယ်တစ်လုံးကို ဆွဲပြီး ဘေးတစ်အိမ်ကျော်က သူငယ်ချင်း ပြုံးတင်တို့ဆီ မိဆိုးထွက်လာခဲ့သည်။ ပြုံးတင်တို့တောင် ချပ်ဝတ်တန်ဆာနှင့် အဆင်သင့်ဖြစ်နေပြီ။ ပြုံးတင်တို့အိမ်ရှေ့ လမ်းတစ်ဖက်တစ်ချက်စီမှာ မိဆိုးတို့ အသင့်နေရာယူကြပြီး ဖြတ်သွားသမျှ လူရော ကားပါမကျန် ပူစီဖောင်းစာ ကျွေးတော့သည်။ အသွားတွင် ရေလောင်းခွင့်မပေးသော ဘုရားဒယိ၊ ဒယာကာမတွေကို အပြန်တွင် ပူစီဖောင်းနှင့် ၀ိုင်းပစ်ရသည်မှာ အရသာရှိလှသည်။
ရွာ၏နေက ပူပြင်းလွန်းသည်။ ကားသွားကားလာ ကျဲပါးသော သင်္ကြန်တွင်းချိန်ခါတွင် ကားတစ်စီးကို ရေလောင်းဖို့ အတော်စောင့်ယူရသည်။ ဖြတ်သွားသော ကားများမှာလည်း ကျွန်းတင်ကား၊ ကုန်ကားကြီးတွေ များသောကြောင့် မိဆိုးတို့ ပတ်ဝန်းကျင်တွင် မဲမဲမြင်သမျှ အကုန်ပက်တော့သည်။ ဘုရားကျောင်းသွား ကုသိုလ်ယူသူတွေကိုလည်း အလွတ်မပေး။ “မိုးခေါင်တတ်တယ် မပက်ရဘူး” ဆိုသော ဗိုက်ကြီးသည်ကိုပါ မကျန်။ နောက်ဆုံး ဘေးကဖြတ်သွားတဲ့ ကျွဲ၊ နွား၊ ခွေးတွေကိုပင် အလွတ်မပေးခဲ့။ ပက်စရာမရှိလျှင် အချင်းချင်း ၀ိုင်းပက်ကြသည်။ ရွာတောင်ပိုင်းက အယ်သားတို့အဖွဲ့နှင့်ဆုံလျှင် ပူစီဖောင်းစစ် ခင်းတတ်ကြသေးသည်။
အယ်သားတို့အဖွဲ့က တောင့်သည်။ သူတို့တွင် ပူစီဖောင်းသာမက ပိုးသတ်ဆေးဖျန်းသည့် ပိုက်ပါ ပါတတ်သည်။ ပိုးသတ်ဆေးဖျန်းသည့်ပိုက်က ရေထွက်အားကောင်းသည်။ အနီးကပ် ပက်လျှင် အသားစပ်အောင် နာသည်။ ရေပုံးကို ကျောမှာလွယ်ပြီး အားရပါးရ လိုက်ပက်လို့ရသည်။ မိဆိုးတို့သုံးသော ၀ါးရေပြွန်က ရေတစ်ခါပက် တစ်ခါစုပ်ယူရသလို ရေထွက်အားက ရူးပေါက်တာလောက်ပင် အရာအထင်ပေ။ အယ်သားတို့အဖွဲ့နှင့် ဆုံလျှင် မိဆိုးတို့ အုပ်စုက ကြက်ရေနစ်ထားသလို ခံကြရသည်။ ရေစင်အောင် ဆေးထားသော်လည်း ပိုးသတ်ဆေးဖျန်းပိုက်နှင့် အပက်ခံရလျှင် လူတစ်ကိုယ်လုံး ပိုးသတ်ဆေးနံ့ စွဲကျန်ရစ်ခဲ့တတ်သေးသည်။
(၂) သင်္ကြန်ပျို
သင်္ကြန်ခါတွင်း ပူစီဖောင်းများ မသုံးရ။ တွေ့ရှိက ဒဏ်ငွေ xxxx ပလပ် .. ပလပ် စသောအမိန့်ကြောင့် ဒီနှစ်သင်္ကြန်မှာ မိဆိုးတစ်ယောက် ရေပုံးနှင့်ရေခွက်ပဲ ဆွဲပြီး ထွက်လာခဲ့သည်။ ခါတိုင်း ရေအတူလောင်းနေကျ ပြုံးတင်ကလည်း ဒီနှစ်မှာ ဆွေမျိုးရှိရာ အင်းထဲ အလည်သွားနေသည့်အတွက် ဝေးဝေးသွားလို့မဖြစ်။ မတော် အယ်သားတို့ အုပ်စုနှင့်တွေ့လျှင် တစ်စစီဖြစ်သွားနိုင်သည်။
အိမ်ရှေ့သရက်ပင်အောက်တွင် မိဆိုးထိုင်နေသည်။ လမ်းသွားလမ်းလာတွေကို ရေလောင်းဖို့စောင့်ရင်း မိဆိုးပျင်းရိနေမိသည်။ ရွာ၏ နွေက ခြောက်ကပ်လွန်းသည်။ လေသင့်ရာဖက် တစ်ချက်တစ်ချက် လွင့်ပါလာတတ်သော ရွာဦးကျောင်းက ပဌာန်းရွတ်သံက မိဆိုးကို ချော့သိပ်နေသည့်နှယ် ရွာ၏နွေက ငိုက်မြည်းလှသည်။
တတ်နိုင်သူအချို့က တောင်ကြီး၊ ရွှေညောင်၊ အင်းလေးဖက်သွားပြီး သင်္ကြန်တွင်း ပျော်ပါးနေချိန်မှာ မိဆိုးတစ်ယောက် တူးပို့သံလည်း မကြားဖူး။ ပိတောက်ပန်းဆိုလည်း မမြင်ဖူးခဲ့။ ငွေငန်း၊ မြို့မဆိုတာ ဘာကိုခေါ်မှန်းမသိအောင် ရွာ၏နွေက အဓိပ္ပါယ်မဲ့လွန်းလှသည်။
(၃) သင်္ကြန်ရင်ခုန်
သရက်ပင်အောက်တွင် ထိုင်ရင်း ဝှေ့ခနဲ့တိုက်လိုက်သော လေပွေကြောင့် မိဆိုးရင် သိမ့်ခနဲ့ခုန်သွားမိသည်။ ဘာကြောင့်ရယ်မသိ ဒီနှစ်နွေမှာ မြင်မြင်သမျှအရာကို မိဆိုး စိတ်ကူးယဉ်ချင်နေမိသည်။ လေထဲ သစ်ရွက်ဝဲပျံတာကို ကြည့်ပြီး စိတ်ထဲက ငိုချင်သလိုလို၊ ရယ်ချင်သလိုလို ဖြစ်နေမိသည်။ နောက်နှစ်ကျောင်းဖွင့်ရင် ထမိန်ပဲဝတ်ခဲ့ရမယ်နော်လို့ မှာလိုက်တဲ့ ကျောင်းအုပ်ကြီးကိုလည်း ရယ်ချင်နေမိသည်။ လေနဲ့အတူ ဝဲကြွေလာသော သရက်ပွင့်တွေကို မိဆိုး အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိသည်။
“အား...”
ကျောမှ ခါးအထိ စီးဆင်းသွားသော အေးစက်စက်ရေကြောင့် မိဆိုးထိုင်ရာမှ ၀ုန်းခနဲ ထရပ်လိုက်မိသည်။ နောက်ဖက်ဆီ ဖျတ်ခနဲလှည့်ကြည့်တော့ ရေခွက်တစ်ဖက်၊ ငုဝါပန်းတစ်ဖက်နှင့် ပြုံးစိစိ ရပ်နေသော အယ်သားကို တွေ့မိသည်။ တစ်ကိုယ်လုံး ရွဲစိုသွားသော မိဆိုးကို စိုက်ကြည့်ပြီး ငုဝါကို လှမ်းပေးနေသော အယ်သားကို ဘာမှပြန်မပြောမနေဘဲ ခွက်ထဲကရေနှင့် မိဆိုးပက်ထည့်လိုက်ပြီး နေရာမှ ချာခနဲ လှည့်ထွက်လာခဲ့သည်။ ရေပုံးကို နေရာမှာ ပြန်ထားတော့ ဘယ်တုန်းက ပုံးထဲရောက်နေမှန်း မသိတဲ့ ငုဝါပန်းတစ်ချို့က မိဆိုးကို ယိမ်းနွဲ့ပြနေသည်။
(၄) သင်္ကြန်အလွမ်း
ကြိုးမဲ့ကွန်ပြူတာ၊ ကြိုးမဲ့ကီးဘုတ်၊ ကြိုးမဲ့မောက်စ်နှင့် ဆယ်နှစ်ကျော်ကြာ အဆက်အသွယ်မဲ့နေသော မွေးရပ်မြေမှ နှစ်သစ်အတာသင်္ကြန်ကို ကြိုးမဲ့ဝါယာမှတစ်ဆင့် အင်တာနက်ပေါ်တွင် မိဆိုးလိုက်ရှာကြည့်နေမိသည်။ မွေးရပ်မြေမှာ ပိတောက်တွေ လှိုင်လှိုင်ပွင့်နေပြီလား? တူးပို့သံတွေ ညံနေပြီလား? မြို့မရဲ့ တေးသွားနဲ့အညီ လှပျိုဖြူတွေ ယိမ်းကနေပြီလား? အယ်သားရော ငုဝါနဲ့အတူ မိဆိုးကို လွမ်းနေမလား?
“ဥသြ.. ဥသြ” လို့သာ တစ်ခွန်းတည်း အော်တတ်သော ဥသြငှက်၏ လွမ်းတေးလို့ပင် အေးစက်စက် အခန်းထဲတွင် တစ်ယောက်တည်း ထိုင်ရင်း တစ်ဝက်တစ်ပျက်သာရတဲ့ သီချင်းတစ်ပုဒ်ကိုပဲ မိဆိုးထပ်သလဲလဲ ဆိုညည်းနေမိတော့သည်။
“ငါမြို့ကိုပြောင်းတော့ နင်မှာဖူးခဲ့တယ်.. ရွာဦးက ကုက္ကိုပင်နားမှာ .. ချစ်သူငယ်ချင်း xxxxရယ် ငါ့ကိုလွမ်းလို့ ကြိုနေမယ်.. ငါ့ကိုစောင့်လို့ ကြိုနေမှာ.. xxxx ရယ် ငါအရောက်ပြန်ခဲ့မှာ.....”
**နိုင်းနိုင်းစနေ**
(Wednesday, April 09, 2008)
--
Posted By Bloggerလူဗိုလ်

No comments:
Post a Comment