သြော်.. မြန်မာသင်္ကြန်အချိန်ပါလားဆိုပြီး လွမ်းလို့ပုံတွေကို ၀င်ကြည့်လိုက်မိတာ.. အံ့သြောစရာတွေမြင်ရပါလား.. ကိုရီးယားရောက်နေလို့များလား နားမလည်လိုက်မမှီနိုင်အောင်ပါလားကွယ်...
ကိုရီးယားမှာကတော့ နွေဦးဝင်လာပေမယ့် ခုထိရာသီဥတုကလည်းအေး အနွေးထည်တွေဝတ်ရတုန်းဆိုတော့ သည်အချိန်ဆို မြန်မာပြည်မှာပူနေပြီ သင်္ကြန်ကျတော့မယ်ဆိုတာကို သတိမထားမိခဲ့ဘူး။ အင်တာနက်ထဲဝင်ကြည့် Facebook ဖွင့်ကြည့်တော့မှ သြော် သင်္ကြန်နီးလာပြီ သင်္ကြန်ကျပြီဆိုတာသိတော့တယ်။ ဒါနဲ့ မေမေတို့ဆီဖုန်းဆက် မေးဖြစ်သေးတယ်။ " မေမေရေ ပိတောက်တွေပွင့်နေလား။ ဘာတွေလုပ်စားသေးလဲ။ ရန်ကုန်သင်္ကြန်ကစည်လားပေါ့"။
ဒါနဲ့ ငယ်ငယ်တုန်းက ကိုယ်သင်္ကြန်ကျခဲ့တာကို သတိရမိလိုက်တယ်။
ကလေးတုန်းကတော့ အိမ်ရှေ့မှာ ရေပုံးလေးချ ရေခွက်ကလေးကိုင်ပြီး လမ်းကလာမယ့်သူကိုစောင့်ရင်း အချင်းချင်းရေပက်ဆော့နေခဲ့ရတာပေါ့။ လူကြီးတွေကမှာထားလို့ ဥပုတ်သည်တို့ အဖိုးကြီးအဖွားကြီးတို့ ကိုယ်ဝန်သည်တို့ဆို ရေမပက်ရဘူးဆိုလို့ အပျိုလူပျိုအကိုအမကြီးတွေကိုလိုက်ရှာပက်ရတာ သူတို့ဖြတ်လျှောက်လာရင် ရေလိုက်လောင်းရတာ သိပ်ပျော်ပဲ။ နောက်နဲနဲကြီးလာတော့ မဏ္ဍပ်တွေလုပ်လာတော့ မဏ္ဍပ်မှာမှရေပက်ချင်တာလေ။
ကျမတို့ ကလေးတုန်းက ရန်ကင်းဆရာအတတ်သင်ကျောင်းမှာ ဖျော်ဖြေရေးမဏ္ဍပ်အကြီးကြီးရှိတယ်။ ရေပက်တဲ့မဏ္ဍပ်လည်းရှိတယ် သိပ်စည်တာ ရေပိုက်ကလည်း အားပြင်းတယ်။ အိမ်နားက ဆရာဦးမောင်မြင့်ဆိုတာ အဲဒီကျောင်းက ကာယဆရာကြီးပေါ့။ ကျမတို့သူ့ကို သိပ်ကြောက်ရတာ သူက၀၀မြင့်မြင့်ကြီး သူက "ဟိတ်" ဆိုတာနဲ့ ကလေးတွေအကုန်အသံတိတ်တာပဲ။ သူက ရေပက်ချင်တဲ့လိုက်ခဲ့ဆို ကျမတို့တွေကို ခေါ်သွားရင် အိမ်ကလည်းဆရာပါတော့ ထည့်လိုက်တယ်။ မဏ္ဍပ်မှာ ရေပက်လိုက်ချင်ရင် ကျောင်းစိမ်းဝတ်စုံဝတ်ရတယ်။ ကလေးဆိုတော့ ထမိန်ကလည်းမနိုင် ရှိလည်းမရှိနဲ့ ကို့ယို့ကားယားနဲ့ သင်္ကြန်မှာ အဖြူအစိမ်းကြီး ဘယ်ဝတ်ချင်ပါ့မလဲ။ ဒါပေမယ့် သွားချင်တာကိုး အဲလိုဝတ်လိုက်ရတာပေါ့။ သင်္ကြန်ဆို အပျိုတွေလိုပဲ ငယ်ငယ်လေးနဲ့လှချင်တာ။ သင်္ကြန်မကျခင်ကထဲက မုန့်ဖိုးစုထားပြီး သင်္ကြန်ဝတ်ဖို့ဝယ်ရတာလေ။ သင်္ကြန်ကျပြီဆို မဏ္ဍပ်မှာရေမပတ်ခင် အလှပြင်ပေးမယ့် မမတွေရှေ့မှာ မျက်လုံးလေးမှိတ်ပြီး မျက်နှာမော့ မိတ်ကပ်လိမ်းခံဖို့စောင့်ရတာအမောပဲ။ ပြီးရင်သူတို့နဲ့အတူလိုက်ထိုင်ပဲများတာပေါ့။
အရင်ကတော့ ရေပက်ရတာသိပ်ကြိုက်တာ ရေပက်ခံရေလည်ခံတော့ ကြောက်တာနဲ့သိပ်မလိုက်ဖြစ်ဖူး တရက်လောက်တော့ လျှောက်ကြည့်ဖြစ်တယ်။ အပျိုအရွယ်ရောက်တော့ သင်္ကြန်နီးပြီဆို အဲလိုမဏ္ဍပ်နဲ့ရေကစားချင်တော့ အကိုတွေက ဆောက်ပေးတယ်။ ပါမစ်တွေလိုက်တင် အုန်းလက်ချိုးနဲ့ ပျော်စရာကောင်းတယ်။ ရေကစားလို့မောတော့လည်း အိမ်နားက ဝေတဲ့မုန့်တွေစား သူတို့မုန့်လုပ်တာကို ဟိုဟာလေးကူသလို ဒီဟာလေးကူသလိုလို့ လိုက်ယောင်တာပေါ့။
အမှန်တော့ သင်္ကြန်ပြီးတာနဲ့ လူလည်း မဲတူးနီရဲ အသားအရေတွေပျက်စီးကုန်ယုံတင်မကဘူး အ၀တ်အစားတွေလည်းပျက်စီးတာပဲ။ ဂျင်းဘောင်းဘီအရောင်နုတာဝတ်မိရင် အပေါ်က အကျီ င်္က ဆေးရောင်ရင့်ရင် ရေတွေနဲ့တတောက်တောက်နဲ့ကျပြီးစွန်းကုန်ရော။ ဖိနပ်ဆိုလည်း ပိုက်ဆံစုဝယ်ထားတဲ့ လေဒီရူးမှစီးချင်တာလေ။ စဉ်းစားသာကြည့် အဲလိုဖိနပ်မျိုးတွေက ရေစိုတော့ ဘယ်ခံမလဲ ပျက်စီးတာပဲ။ ဒါပေမယ့် ငယ်ငယ်ကပျော်စရာအချိန်တွေဟာ တကယ်တော့မမေ့နိုင်စရာပါပဲ။
>ပြောရအုံးမယ် တနှစ်တုန်းကတော့ သင်္ကြန်တွင်းမှာ ရိပ်သာဝင်ဖြစ်တယ်။ ၁၀တန်းဖြေထားတုန်းကထင်တယ်။ ဘေးအိမ်က ကျမနဲ့အတန်းတူသူငယ်ချင်း (သူက သေးသေးလေးမို့ ကျမတို့က သူ့ကို ချစ်စနိုးနဲ့ ပိစိလို့ခေါ်တယ်။ သူက အလှအပသိပ်ကြိုက်တာ)က ယောဂီလုံချည်လာဌားရင်း သူရိပ်သာဝင်မှာကို အတင်းခေါ်တာ။ သူ့အမေကလည်း ကျမကို သိပ်ချစ်တယ်။ ဘယ်သွားသွား ကျမပါရင် စိတ်လည်းချတယ်။ သူ့အမေကလည်း ကျမက ရိပ်သာဝင်ဖူးတော့ ချော့ပြီးအတင်းလိုက်သွားခိုင်းတယ်။ ရေပက်မယ်လုပ်ပြီးမှ ကဲ.. သင်္ကြန်ကို ရိပ်သာမ၀င်ဖူးတာနဲ့ ၀င်လိုက်မယ်ဆိုပြီး လိုက်သွားခဲ့တယ်။ မဟာစည်ခွဲတခုမှာပေါ့။ ဟိုရောက်တော့ လူတွေက ကြိတ်ကြိတ်တိုးပဲ မင်္ဂလာဈေးအဖွဲ့တို့ ဘာတို့အုပ်စုလိုက်ဝင်ကြတာ ကလေးလူကြီး အများကြီးပါပဲ။ အထူးသဖြင့် ၈တန်း ၉တန်း ၁၀တန်းကလေးတွေလည်းရိပ်သာဝင်ကြတယ်။ သူတို့စကားအရ အိမ်တွေက သင်္ကြန်တွင်းကဲမှာစိုးလို့ ၀င်ခိုင်းတာထင်ပါရဲ့။ တချို့ကလည်း စာမေးပွဲအောင်အောင်ဓိဋ္ဌါန်ဝင်တယ်ဆိုလားပဲ။ စုံလို့။ အိပ်ဖို့နေရာတောင်မနဲရှာယူရတာ။ အခန်းရလို့တော်သေးတယ်။ အဲ ရိပ်သာမှာ တရားထိုင်တော့ ကိုယ့်ဘေးမှာကော ရှေ့နောက်မှာပါ ကပ်နေတာ ဘယ်လိုထိုင်လို့ရမှာတုန်း။ တရားထိုင်ရင်း အိပ်ပျော်တဲ့သူ၊ ဟောက်နေတဲ့သူ အတင်းပြောနေတဲ့သူနဲ့ စုံနေတာပဲ။ ရှေ့မှာ လျက်စားပုလင်းချ စားလိုက် အီးပေါက်လိုက် ရီလိုက်နဲ့။ ခါတိုင်းဆို ဆရာတော်က စည်းကမ်းအလွန်ကြီးတယ်။ တရားလာလာစစ်တယ်။ ဖြေရတာသိပ်ကြောက်တာ အာရုံမှမရတာကိုး။ ခုတော့ လာကိုမစစ်တော့ဘူး။ စပီကာကတော့ အသံနဲ့သတိပေးတယ်။ အမယ် ကျမသူငယ်ချင်းက အလှအပ၀ါသနာပါတော့ တရားထိုင် ခန်းမထဲမှာ ဆံပင်တောင်ကျစ်ပေးနေလိုက်သေး။ နောက်တော့ အိပ်နေတယ်။ " ဟဲ့ ဟိုမှာ နင့်အမေတို့လာနေပြီ" ဆိုမှ ကမန်းကတမ်းထထိုင်ပြီးတရားမှတ်ပြ နေလိုက်တာ ရီရတယ်။ ကျမကိုလည်း ပြန်မပြောဖို့ ပြောသေး။ ဘေးက ကောင်မလေးတွေကလည်း ဇင်္ကြန်လျှောက်ရင်း စကားတွေပြောနေကြတာဆူညံနေတာပဲ။ သီလရှင်လေးတွေက ပိုဆိုးသေးတယ်။ ခုန်တောင်နေလိုက်သေးတယ်။ သင်္ကြန်တွင်းရိပ်သာဝင်ရတာ ပျော်စရာ စိတ်ညစ်စရာကတော့ အပြည့်ပဲ။ အိုက်လွန်းလို့ ရေချိုးရတာတောင် အလုအယက်။ ရေချိုးကန်အကြီးကြီးကို ရေကမလောက်နိုင်ဘူး။ လက်ကလေးတဖက်နိုက်နိုင်ရင်ရေတခွက်ရ လောင်းချိုးလုပ်ရတယ်။ ကျမက ပိန်ပိန်သေးသေးလေးဆိုတော့ မနဲတိုးခပ်ရတယ်။ ဆွမ်းစားလည်းဒီအတိုင်းပါပဲ။ တန်းစီစောင့်ရတယ်။ သင်္ကြန်တွင်းဆိုတော့ အလှုကတော့မပြတ်ဘူး။ မနက်အာရုံဆွမ်း ဘာကျွေးမလဲဆိုတာကို ကျမတို့တွေ ဇင်္ကြန်လျှောက်သလိုနဲ့ ဆိုင်းဘုတ်မှာရေးထားတာကို သွားဖတ်ကြည့်ကြသေးတယ်။ ဟင်းကောင်းတော့ ပျော်နေတာပဲ။ (တကယ်တော့ အာရုံဆွမ်းလှုတာတကယ်ကုသိုလ်ရပါတယ်။ အာရုံဆွမ်းစားရတာ ဆာနေတော့ ကောင်းတာလေးစားရရင် အဟာရပြည့်ပြီး တရားထိုင်ကောင်းသလိုပဲ) ကျမအရင်ဝင်တုန်းကတော့ ၀ါတွင်းဆိုတော့ မိုးတွင်းမှာလူသိပ်မရှိဘူး။ အဖိုးကြီးအဖွားကြီးတွေပဲများတယ်။ တချို့ကတော့ ရိပ်သာမှာဆိုပေမယ့် ဆွမ်းစားတာတောင် ကိုယ့်ထဲ ဟင်းတွေအများကြီးခပ်ယူလို့ ကျန်သူ အရိုးသာစားရတဲ့သူရှိတယ်။ ကျမရဲ့အတွေ့အကြုံပါ။ ရိပ်သာကိုလာတာ အရာရှိကြီးကတော်တွေကလည်း မိပ်ကပ်နဲ့ ဇာအကျီ င်္အဖြူ၊ ဖဲထမိန်အညိုနဲ့ တက်တင်းပ၀ါတွေနဲ့ အပြိုင်အဆိုင်ပါပဲ။ တရားရ မရတော့မသိပါဘူး။ ကိုယ်တိုင်လည်း ငယ်သေးတော့ တရားသဘောသိပ်မသိလှသေးပါဘူး။ လူတွေဟာ ဘုန်းကြီးကျောင်းတရားရိပ်သာမှာတောင် အပြိုင်အဆိုင်မာနမကင်းကြပါလားဆိုတာ သိရခဲ့တယ်။ ဒါကတော့ သင်္ကြန်တွင်းမှာ ရိပ်သာဝင်ခဲ့ဖူးတဲ့ အတွေ့အကြုံလေးပါ။ ရေးမယ်ဆို အများကြီးကျန်ပါသေးတယ်။
ကဲ ငယ်ငယ်တုန်းက သင်္ကြန်ကိုဆက်ပြောမယ်နော်
သင်္ကြန်တွင်းဆို မေမေက သာကူတို့ ကြာဇံချက်တို့လုပ်ပြီးကျွေးတယ်။ အိမ်နီးချင်းတွေကိုတော့ ကျမတို့က ဂျိုင့်လေးတွေနဲ့ လိုက်ဝေကြတာတယ်။ သူများဝေတဲ့ မုန့်တွေကိုလည်းစားရ ကိုယ့်အိမ်ကလည်း လုပ်ဆိုတော့ ပျော်စရာကြီးပါပဲ။
နှစ်ဆန်းတရက်နေ့ဆို ဖေဖေက အိမ်ကဘုရားကိုအမြဲရေသပ်ပါယ်တယ်လေ။ အိမ်သန့်ရှင်းရေးလုပ်ကြ ကူကြနဲ့ပေါ့။ သင်္ကြန်ပြီး ၁ရက် ၂ရက်လောက်ဆို ပိတောက်ပန်းကလည်းအမြဲပွင့်နေကျ။ ခုတော့ ပိတောက်ကသစ္စာမရှိတော့ဘူး... အချိန်အခါမဟုတ်လည်းပွင့်နေတော့တာပဲ။ ဒီအချိန်ဆိုဒီမှာတော့ ချယ်ရီတွေပွင့်တာပေါ့။ ပိတောက်ပန်းကို မေမေက သိပ်ကြိုက်တယ်။ ကျမကတော့ အနံ့စူးလို့ မကြိုက်ပေမယ့် အပင်ပေါ်မှာမြင်ရတာ လေတိုက်တိုင်းအပွင့်ဝါ၀ါလေးတွေကြွေကျတာကို သဘောကျမိတယ်။
မြန်မာသင်္ကြန်အကြောင်းထပ်ပြောရရင်တော့ အရင်က နွေရာသီဧပြီလ၀င်ပြီဆိုတာနဲ့ ဒိုးသံကြားရင် အလိုလိုကိုပျော်လာတာ။ သင်္ကြန်ကျဖို့ကိုပဲ လက်ချိုးရေတွက်နေရတယ်။ ပူတဲ့ရာသီမှာ စိတ်ကြည်နူးစရာက ဒါလေးပဲရှိတယ်မဟုတ်လား။ အကြိုနေ့ဆို ၀ီဆီသံ ကားသံ တဒုန်းဒုန်းနဲ့ သံကြပ်သံတွေကြားတော့ အပြင်ထွက်ကြည့်ချင်တာ။ အရင်တုန်းကတော့ အကြိုနေ့ဆို မဏ္ဍပ်တွေကရေမပက်ကြဘူး။ ဘယ်နေရာမှာ မဏ္ဍပ်တွေများလဲလို့ ကားနဲ့လိုက်ကြည့်ကြတယ်။
တကယ်တော့ ရေပက်ခံထွက်ရတာလည်း ကြောက်ကြောက်နဲ့ပါပဲ။ ရေပူပေါင်းနဲ့ပေါက်ခံရမှာ မီးသတ်ပိုက်နဲ့ လေမှုတ်ပိုက်နဲ့လိုက်ထိုးမှာ ကျမဆို သိပ်ကြောက်တာ။ တချို့ရပ်ကွက်တွေက ရိုင်းတာ သင်္ကြန်ဆိုသိရတယ်။ ပြောင်းဖူးရိုးတို့ ဂတ်စ်ဘူးနဲ့ဆပ်ပြာရေလောင်းတာတို့ ခရမ်းချဉ်သီးပုတ်တွေနဲ့ပေါက်တာတွေလုပ်ကြတယ်။ ခုတော့ ဒါတွေပျောက်သွားလို့
အစိုးရကို ကျေးဇူးတင်ရသေးတယ်။ ရေပူပေါင်းကအန္တရယ်များတယ်လေ။
အရက်သောက်ကြတာတော့ စိတ်အပျက်ဆုံးပဲ။ ရေစိုတာအကြောင်းပြပြီး တော်ယုံသောက်တာ တော်သေးတယ် မူးရူးနေကြတာ ကျမကြည့်လို့ကို မရတာ။ ဒီကြားထဲ ကားပေါ်ကို မိန်းကလေးတွေပါခေါ်လာပြီး မဟုတ်တာလုပ်ပြတာ အံ့သြရတယ်။ ခုတော့ မအံ့သြောတော့ပါဘူး။ ဘာပြောရမှန်းတောင် မသိတော့တာ နိုက်ကလပ်ထဲရောက်နေကြသလိုလို.. ပင်လယ်ကမ်းခြေရောက်နေသလိုလို.. ဖြစ်နေကြတာ ၀တ်နေကြတာကိုး။ အင်တာနက်ကနေ သင်္ကြန်ပုံတချို့နဲ့ မြန်မာမင်းသမီးအချို့ပုံကိုကြည့်ပြီး ဒါမြန်မာလား ဒါမြန်မာလားလို့ ရေးနေပြောမနေပါနဲ့တော့ စိတ်ပျက်လို့ပါ။
တခါတုန်းက သင်္ကြန်ဆို ရေပတ်ခံရမှာကြောက်တဲ့ ကိုရီးယားလုပ်အားပေးလေးတွေကို ဗိုလ်ချုပ်ဈေးသင်္ကြန်မြင်ဖူးအောင်ခေါ်သွားတယ်။ သူတို့ဆီကအေးတော့ ရေလည်းကြောက်တယ်ထင်ပါရဲ့ ရောက်ခါစဆိုတော့ သင်္ကြန်ဆို မထွက်ဘူး။ ဟိုရောက်တော့ သူတို့က တအံ့တသြောနဲ့ ၀တ်ထားတာ အဲဒီတုန်းကတောင် ကိုရီးယားထက်ခေတ်မှီသတဲ့။
ကြောက်လို့ နောက်မသွားတော့ဘူးလို့ ကောင်မလေးတွေကပြောတယ်။
သူများနိုင်ငံမှာက ယဉ်ကျေးမူ စီးပွားရေး လူမူရေး အစစ တဖြည်းဖြည်းလိုက်ပြောင်းလဲလာတာ တခြားနိုင်ငံသူတွေက ပိုလို့တောင်ယဉ်ကျေးသူတွေရှိကြပါတယ်။ တချို့သော မြန်မာတွေကတော့ရုတ်တရက် ပြောင်းလဲမူကို နားမလည် မလိုက်တတ်တာလို့ပြောရမလားပဲ။ ပြောင်းလဲခေတ်မှီတာမဟုတ်ပဲ သရုပ်ပျက် ကိုယ်ကျင့်တရားပျက်လာတာပြောရမလိုပဲ.. ရှက်စရာကောင်းလိုက်တာလို့ ခံစားမိတယ်။ ခေတ်နဲ့ နေရာအချိန်အခါကို ကြည့်ဝတ်သင့်ပါတယ်။
ယောက်ကျားလေးတွေမူးရူးနေတဲ့နေရာ ရေစိုနေတဲ့အချိန်မှာ လုံခြုံတာဝတ်သင့်တယ်။ ထမိန်ဝတ်လို့လည်း မသင့်တော်သလို ဆွဲချွတ်ရလွယ်တဲ့ အ၀တ်အစား ရေစိုရင်တအားကပ်မယ့်ဟာမျိုးတွေမ၀တ်သင့်ဘူး။ ဆရာလုပ်တာတော့မဟုတ်ပါဘူး။ ယဉ်ကျေးမူပြောင်းလဲလာတာကို ကိုယ်က ကျန်ခဲ့လို့မရသလို သတိထားပြီးလိုက်ပြောင်းရမယ်လေ။ "ဟဲ့ တို့ငယ်ငယ်က ဒီလိုဝတ်တာ"လို့ အတင်းလိုက်ဝတ်ခိုင်းလို့မရသလို သိပ်အိုဗာဖြစ်နေလွန်းရင်လည်း ကိုယ်ပဲ ဒုက္ခရောက် တနေ့မှာအထင်သေးခံရမယ်မဟုတ်လား။
ထားပါတော့လေ ကျမကတော့ ပုံတွေအထူးအဆန်းမြင်ရတာပေါ့။ အိမ်ထဲမှာပျင်းနေတာဆိုတော့ လျှောက်ဝင်ကြည့်ရင်း ဒါကပဲ တို့မြန်မာပြည်ရဲ့အခြေအနေတရပ်ပေါ့လို့ ခံစားလိုက်တော့တယ်။ ခုတော့ အဝေးကနေ မြန်မာပြည်သင်္ကြန်ပွဲကို သတိတရရှိရင်းနဲ့ သည်စာလေးကိုရေးလိုက်ပါတယ်။
**အင်ကြင်း**
5: 26 pm
14 April 2012.
--
Posted By Blogger လူဗိုလ်

No comments:
Post a Comment