-အဆိပ်လူးနှလုံးသား-
အချစ်ရှိရင် အရာရာလှပနေမှာပဲလို့  ကိုယ်က အကြွင်းမဲ့ ယုံကြည်သူ။ အားငယ်နေတဲ့ ချစ်သူကို အားပေးပြုံးပြရင်းလေ။ “မောင်သိပါတယ်… နွယ်တနေ့ ကျရင် မောင့်ကို ထားခဲ့မှာပါ” “ဟင့်အင်း… အဲလို မပြောနဲ့ … နွယ့်အချစ်ကို အဲလို လျော့မတွက်နဲ့ ” “ဒါဆို မောင်နဲ့ ခုလိုက်နိုင်မလားနွယ်… မောင်နွယ့်ကို မခွဲနိုင်တော့ဘူး” မမျှော်လင့်တဲ့ မောင့်စကားကြောင့် ဘာဆက်ပြောရမှန်းမသိ။ အရိပ်တကြည့်ကြည့် ချစ်သည့် ဖေဖေ့မျက်နှာကို ပြေးမြင်မိသည်။ “မစောလွန်းဘူးလားမောင်ရယ်…နွယ်တို့ က ခုမှ ပထမနှစ်ပဲ ရှိသေးတာလေ” “မောင်ကတော့ နွယ်နဲ့ မခွဲချင်တာပဲ သိတယ်… မောင်သိပါတယ်… တကယ်တမ်းကျတော့ နွယ်ဘယ်လိုက်နိုင်မလဲ ” မျက်ရည်ရစ်ဝဲလာသည့် ချစ်သူမျက်ဝန်းတွေတွေ့ တော့ နှလုံးသားတို့  အရေပျော်ကျသွားသည်။ ချစ်သူရဲ့ စိုးရိမ်သောကတွေကို ကိုယ့်အချစ်နဲ့  ပြေပျောက်စေချင်သည်။ “နွယ်လိုက်ခဲ့ပါ့မယ်မောင်” “ပျော်လိုက်တာ နွယ်ရယ်… ကိုယ့်ဘ၀မှာ အပျော်ဆုံးနေ့ ပဲ” *********************************** တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ ရွှေဘုံပေါ်မှာ စံရ ချစ်တာချစ်တာ ပဓာနတဲ့။ မောင်နဲ့ ကိုယ်က မောင့်သူငယ်ချင်း တိုက်ခန်းလေးထဲမှာ ခဏနေကြသည်။ ဘာပဲဖြစ်ဖြစ် ချစ်တာ ပဓာနမို့ ပျော်ပါသည်။ မောင့်အကြင်နာ၊ မောင့်အယုယ၊ မောင့်နွေးထွေးမှုတွေကပဲ ကိုယ့်ဘ၀ပင်။ မောင်က ကိုယ်နွဲ့ ဆိုး ဆိုးသမျှ အကိုကြီးတယောက်ကို အလိုလိုက်သည်။ ဖေဖေ စိတ်ပူမှာ စိုးတော့ ကိုယ့်ကို မနက်ဖြန် လိုက်အပ်ပေးမည်တဲ့။ ခုလဲ ကိုယ်မုန့် ဟင်းခါး ပူဆာတော့ ချိုင့်လေးဆွဲပြီး သွားပြေးဝယ်သည်။ အိမ်ရှေ့ က တံခါးခေါက်သံကြောင့်  မောင်ပြန်လာပြီ အထင်နဲ့  ဖွင့်ပေးလိုက်တော့ အမျိုးသမီးနဲ့ လေးငါးနှစ်အရွယ် ကလေးတယောက်။ “ဒါ မင်းကို နေတဲ့အိမ်လား” “ဟုတ်ပါတယ်… မောင့်အမလားဟင်” အမျိုးသမီးက နွမ်းနယ်တဲ့ အပြုံးနဲ့  ခေါင်းငြိမ့်ပြသည်။ သော့ဖွင့်ပေးတော့ လေးလံတဲ့ ခြေလှမ်းတွေနဲ့  လှမ်းဝင်လာသည်။ “မင်းကိုက သူ့ မှာအမရှိတယ်လို့  ပြောထားတာလား” အမျိုးသမီးက ကိုယ့်ကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး မေးတော့ ခေါင်းငြိမ့်ပြမိသည်။ “ခု သူမရှိဘူးထင်တယ်… အတော်ပဲပေါ့” “ရှင်” “ညီမအိမ်ကတော့ သိပ်စိတ်ပူနေမှာပဲ… လက်မှတ်ထိုးပြီးကြပြီလား” “မထိုးရသေးပါဘူး… မနက်ဖြန်လိုက်အပ်ပေးမယ် ပြောပါတယ်” အမျိုးသမီးက ခပ်ခြောက်ခြောက် ရယ်မောလိုက်တော့ တခုခုကို သံသယ ဖြစ်သွားမိသည်။ “မေမေ… ဖေဖေနဲ့ တွေ့ ရမယ်ဆို… ဖေဖေလဲ မရှိဘူး” ကလေးလေးရဲ့ စကားကြောင့် ထူပူသွားမိသည်။ ဘုရား..ဘုရား။ ဘာတွေလဲ။ “သူ့ အဖေထွက်သွားတာ တပတ်ရှိလို့  တမေးမေးဖြစ်နေတာလေ” “ဒါဆို အမက…” “တို့ က မင်းကိုရဲ့ဇနီး….ဒါက မင်းကိုရဲ့သား… ကြည့်ရတာ မင်းကို ညီမကို လိမ်ထားတယ်ထင်တယ်… တို့ ပဲ အလုပ်လုပ်ရင်း သူ့ ကို ကျောင်းထားပေးနေတာ” မျက်လုံးတွေ ပြာဝေသွားသည်။ ရင်တွေ ဗလောင်ဆူကာ ခြေမကိုင်မိ လက်မကိုင်မိ။ နေရာက လဲကျမသွားအောင် မနဲထိန်းထားရသည်။ ဒါတွေ တကယ်ပဲလား။ လိမ်ညာ အယုံသွင်းပြီး ကိုယ့်ဘ၀ကို နင်းဖျက်ခြေရက်သူ။ ခုတော့ အရာအားလုံးက နောက်ကျခဲ့ပြီ။ တံခါးဝမှာပေါ်လာတဲ့ အရိပ်တခုကြောင့် ကလေးလေးက ဖေဖေလို့  ၀မ်းသာအားရ ပြေးသွားသည်။ တမြတ်တနိုး ကြည့်ခဲ့ဖူးသော မျက်နှာတခုက ခုတော့ ရွံရှာ စက်ဆုတ်ဖွယ်။ ကဲ… ဘာညာဦးမလဲ။ “နွယ်အားလုံးသိပြီးပြီလား… မောင့်ကို ခွင့်လွှတ်ပါနွယ်… မောင်နွယ့်ကိုချစ်လွန်းလို့ ”
“ဖြန်း”
ကိုယ့်ကို ဒီလောက် မိုက်ရိုင်းရ တော်ရောပေါ့။ အချစ်ဆိုတာ အဲဒီလို ယုတ်ညံ့တဲ့ ဖောက်ပြန်မှုမျိုး လိမ်ညာ ကောက်ကျစ်မှုမျိုးကို ခေါ်တာမဟုတ်။ ကိုယ်ကိုယ်လဲ မုန်းလိုက်တာ။ တန်ဖိုးရှိလှတဲ့ အပျိုစင် ဘ၀လေးကို မစူးစမ်း မဆင်ခြင် မစုံစမ်းပဲ လူလိမ်တယောက်ဆီမှာမှ ပုံအပ်ခဲ့မိတာ။ သတိထားမိတဲ့ အချိန်မှာ ဖိနပ်မပါပဲ လမ်းမမှာ အဖေရှိတဲ့ အရပ်ဆီ ပြေးနေမိသည်။ ************************************ “ဒါကတော့ တို့ ဇာတ်လမ်းပေါ့ ဒေါ်လီ… ဒါပေမယ့် မင်းကိုဇာတ်လမ်းတွေက ခုထိမဆုံးသေးဘူး” ဒေါ်လီက ဘာစကားမှ မဆိုနိုင်ပဲ တရှုံ့ ရှံ့ုငိုနေသည်။ သူမျှော်လင့်မထားတဲ့ အရာတွေမိုလား။ သူက ကိုယ့်ထက် အများကြီး ကံကောင်းပါသည်။ လက်မတင်လေးတင်။ “ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပဲ မင်းကိုရဲ့ မိန်းမ တယောက်နဲ့ တွေ့ တယ်… ဖြစ်ချင်တော့ သူက တို့ ရပ်ကွက်ထဲက ကောင်မလေး… တို့ အကြောင်းကို မင်းကိုရဲ့ မိန်းမအကြီးဆုံးဆီက သိတာတဲ့… အဲဒီကောင်မလေးက မင်းကိုရဲ့ ဘယ်နှစ်ယောက်မြောက် မိန်းမဖြစ်မယ်ထင်လဲ ဒေါ်လီ” ဒေါ်လီ ဆီက အသံမဲ့။ အထင်ကြီး လေးစားလိုက်မိတဲ့… နောက်ချစ်လိုက်မိတဲ့ သူတယောက်ရဲ့ အပြစ်အနာအဆာက ကြီးလွန်းတယ် မိုလား။ “အဲဒီကောင်မလေးက မင်းကိုရဲ့ ခြောက်ယောက်မြောက်တဲ့” ဒေါ်လီက မပြောမဆို ကိုယ့်ကို ထိုင်ရှိခိုးသည်။ “မမရယ်… ညီမ မမကို အရမ်းကျေးဇူးတင်ပါတယ်… ညီမဒုက္ခရောက်တော့မလို့ … ညီမဘယ်လောက် မိုက်လဲဆို ညီမရဲ့ ရိုးသားတဲ့ ရီးစားကိုတောင် ဖြတ်ပစ်ခဲ့တာ… သူ့ အပြော..သူ့ အချွှဲတွေထဲမှာ စုံးစုံးမြုပ်ခဲ့တာ… သူဟာ အားကိုးစရာ လူကြီးလူကောင်း တယောက်လို့  အထင်ကြီးခဲ့တာ… ညီမဘ၀ကို မမကယ်လိုက်တာပါ” “ဒီိလိုပါပဲ ဒေါ်လီရယ်… တို့ မိန်းခလေးတွေက ချစ်မိပြီဆို ဘာကိုမှ မမြင်တတ်ကြတာကိုး… တကယ်ဆို လူတယောက်ရဲ့ ရာဇ၀င်ကို သိပြီးမှ ဘ၀တခုလုံး ပုံအပ်သင့်တယ်မိုလား… အဲဒီလို မလိမ္မာ မပါးနပ်ခဲ့လို့  မင်းကိုလို လူတွေ လိမ်နေနိုင်သေးတာပေါ့… ခုကစလို့ လိမ္မာပါးနပ်ပြီး တန်ဖိုးရှိတဲ့ဘ၀လေးကို ပုံအပ်ဖို့  သင့်တော်တဲ့သူကို ရွေးချယ်တတ်အောင် ကိုယ်ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်က မိန်းခလေးတွေပါ လက်တွဲခေါ်ကြပါစို့ နော် ” “ဟုတ်ကဲ့ပါမမ” အပြန်လမ်းမှာ စိတ်လက်တွေ ပေါ့ပါးကြည်လင်သွားသည်။ ဘ၀တခုကိုရင်းခဲ့ရသော ကိုယ် ဘ၀တခုကို ကယ်တင်လိုက်နိုင်ခြင်း အတွက် ကြည်နူးနေမိသည်။ မိန်းခလေးတွေအားလုံး အဆိပ်လူးထားသော နှလုံးသားအတုများကို ရှောင်ရှားနိုင်ကြပါစေလို့  ဆုတောင်းနေမိသည်။
**တန်ခူး**

No comments:
Post a Comment