-မေတ္တာအိမ်ကလေးကို အတူတကွ တည်ဆောက်ကြရာဝယ် --
အကောင်းဆုံးကတော့ နှစ်ဦးနှစ်ဖက် နားလည်သည်းခံ ခွင့်လွှတ်ရင်း တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန် ယုံကြည်မှု ရှိနေဖို့ပါပဲ။ ရည်မှန်းချက်ကိုယ်စီနဲ့ ကိုယ်ပိုင်ဘ၀တစ်ခုကို အတူတကွ တည်ဆောက်တဲ့ နေရာမှာ အဓိကကျတာက ကာယကံ ရှင်တွေရဲ့ ခိုင်မာတဲ့ ခံယူဆုံးဖြတ်ချက်ပါ။ ဘယ်လို အခက်အခဲ၊ အတိုက်အခိုက်၊ အနှောင့်အယှက်တွေနဲ့ ကြုံရပေမဲ့ မယိုင်လဲတဲ့ ဇွဲ၊ မဆုတ်မနစ်တဲ့ လုံ့လ ၀ီရိယတွေနဲ့ ကိုယ်ဖြစ်ချင်တဲ့ဘ၀ကို ကိုယ်တိုင်ပဲ ဖန်တီး တည်ဆောက်ယူကြရမှာပါ။ ဒီလို နှစ်ယောက်တစ်ဘ၀ တည် ဆောက်ကြတဲ့အခါမှာ သူ့တာဝန် ကိုယ့်တာဝန် မခွဲခြားဘဲ တက်ညီလက်ညီ၊ စည်းစည်းလုံးလုံး၊ တိုင်တိုင် ပင်ပင် ရှိသင့်ပါတယ်။ တစ်ယောက်ရဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေကို တစ်ယောက်က အရှိအတိုင်း နားလည် လက်ခံပေးပြီး အပြုသဘောဆောင်တဲ့ အပြောအဆိုတွေနဲ့ ကြင်ကြင်နာနာ ဖေးမ ကူညီသင့် ပါတယ်။ နှစ်ယောက်အတူ ဘ၀ကိုရင်ဆိုင်ဖို့ လက်တွဲခဲ့ကြပြီဆိုမှ မာနဆိုတာလည်း နှစ်ဦးသားကြားမှာ မစိုက်ပျိုးအပ်တဲ့ အဆိပ်ပင်ပါပဲ။ မလိုလားအပ်တဲ့ မာနတွေကြောင့် မပြိုလဲသင့်ဘဲ ပြိုလဲပျက်စီးသွားခဲ့ရတဲ့ မေတ္တာအိမ်လေးတွေ အများအပြားရှိနေတာကို သတိပြုမိစေချင်ပါတယ်။ အဆင်မပြေမှုတွေ ရှိလာတဲ့အခါမှာလည်း အကျိုးမရှိတဲ့ စကားတွေပြောပြီး တစ်ယောက်ကိုတစ်ယောက် ငြူစူ အပြစ်တင်နေမယ့် အစား ကြုံလာတဲ့ အခက်အခဲကို ဘယ်လိုအောင်မြင်အောင် ဖြေရှင်းနိုင်မလဲဆိုတဲ့ အပြုသဘောဆောင်တဲ့ စိတ်နဲ့ ပိုပြီး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းရှိဖို့ ကြိုးစားပါ။ တကယ်တော့ ဘ၀ လက်တွဲဖော်ဆိုတာ ရဲဘော်ရဲဘက်စိတ်ထားနဲ့ ဆိုးအတူကောင်းအတူ ခံစား၊ စံစားကြရမယ့် တစ်မိုးတည်း အောက်က အရင်းနှီးဆုံး သူစိမ်းတွေပါ။ ဒါ့အပြင် ကိုယ့်စိတ်ထဲက မပါတဲ့ စကားလုံးတွေသုံးပြီး တစ်ဖက်သား စိတ်ထိခိုက် နာကျင်ဝမ်းနည်းအောင် မပြောသင့်ပါဘူး။ ဒီလိုနည်းလမ်းသုံးပြီး လူတစ်ယောက်ကို ကိုယ် လိုချင်တဲ့ ပုံစံမျိုး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ အခြားသူတစ်ယောက် အတွက် ဒီနည်းလမ်းဟာ အောင်မြင်မှု ရှိကောင်းရှိနိုင်မှာ ဖြစ်ပေမယ့် နောက်ထပ်တစ်ယောက်အတွက်တော့ ဒီအတိုင်း ဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။ ဘာကြောင့်လဲဆိုရင် ပထမအချက်က လူတစ်ဦးနဲ့တစ်ဦး အခြေခံ စိတ်အနေ ကွဲပြားခြားနားလို့ပါပဲ။ ဒုတိယအချက်ကတော့ ဒီလိုစကားမျိုးတွေ ပြောခဲ့ပြီးတဲ့နောက် ပြောသူ ကိုယ်တိုင် စိတ်မကောင်း ဖြစ်ရသလို အပြောခံရသူအတွက်လည်း စိတ်မချမ်းမသာ ဖြစ်ရတာမို့ အကျိုးမရှိတဲ့ စကားတွေကို မဆင်မခြင် လွှတ်ခနဲ မပြောမိဖို့ သတိထားသင့်ပါတယ်။ တကယ်တော့ ဒီလိုစကားမျိုးတွေ ပြောလိုက်ခြင်းဟာ နှစ်ဦးသားကြား မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုး ပြဿနာတွေ ၀င်လာဖို့ လမ်းစပါပဲ။ ဆိုရိုးစကားတစ်ခုရှိတာ ကြားဖူးပါတယ်။ အဲဒါကတော့ "လက်မထပ်ခင်မှာ ကိုယ်ရွေးချယ်မယ့် ဘ၀ လက်တွဲဖော်ကို မျက်လုံးနှစ်လုံး ဖွင့်ပြီး ကြည့်ပါ။ လက်ထပ်ပြီးသွားရင်တော့ ကိုယ့်ဘ၀လက်တွဲဖော်ကို မျက်လုံးတစ်လုံး ပိတ်ပြီး ကြည့်ပါ" ဆိုတာပါပဲ။ ဆိုလိုတာကတော့ လက်ထပ်ဖို့ရည်ရွယ်သူ ရှိပြီဆိုရင် သူနဲ့ပတ်သက်တဲ့အရာမှန်သမျှ (သူ့အရည်အချင်း၊ သူ့အမူအကျင့်၊ သူ့မိဘ အသိုင်း အ၀ိုင်း စသည်တို့) ဟာ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့အမူအကျင့်တွေနဲ့ သဟဇာတ ဖြစ်၊ မဖြစ် စဉ်းစား ချင့်ချိန်ပြီး ရွေးချယ်ပါ။ တကယ်လို့ လက်ထပ်ပြီးသွားပြီဆိုရင်တော့ အဲဒီလို စံနှုန်းသတ်မှတ်ချက် ပေတံတွေ နဲ့ တိုင်းတာနေမယ့်အစား သူ့အားနည်းချက်၊ အားသာချက်တွေကို အရှိအတိုင်း ခွင့်လွှတ်နားလည် လက်ခံ ပေးပြီး နှစ်ဦးနှစ်ဖက် လိုက်လျောညီထွေ နေထိုင်ဖို့ပါပဲ။ ဒီလို တစ်ယောက်နဲ့တစ်ယောက် မြတ်နိုးကြင်နာမှုတွေ၊ စာနာနားလည်မှုတွေ၊ ညှာတာ ယုယမှုတွေနဲ့ အထပ်ထပ် ရစ်ပတ် ဖွဲ့နှောင်ထားတဲ့ မေတ္တာရိပ်မြုံကလေးကို ဘယ်လို အနှောင့်အယှက်၊ အတားအဆီး မျိုးကမှ မဖျက်ဆီးပစ်နိုင်ပါဘူး။ ဒါကြောင့် အတူရှိနေတဲ့အချိန်တွေမှာ ကြည်နူးဆွတ်ပျံ့ဖွယ် အမှတ်တရ လေးတွေကို ဖန်တီးနိုင်ခဲ့မယ်ဆိုရင် တစ်ယောက် တစ်နေရာစီ ဝေးကွာနေတဲ့ အချိန်တွေမှာလည်း ကိုယ်စီ နှလုံးသားလေးတွေ အေးစက်မနေဘဲ အမြဲ နီးကပ်နွေးထွေးနေမှာပါ ဆိုတာ ....။
(တူနှစ်ကိုယ် ဖန်တီးတည်ဆောက်ထားတဲ့ မေတ္တာအိမ်ကလေးမှာ ကြည်နူးဆွတ်ပျံ့ဖွယ် အမှတ်တရ လေးတွေ ထုံမွှမ်းလို့ အပြန်အလှန် နားလည်စာနာ ကြင်နာမှုတွေနဲ့ အေးအတူ ပူအမျှ သက်ဆုံးတိုင် နေထိုင်သွားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။)
** မြ၀တီဇော်**

No comments:
Post a Comment