>
-ကျောင်းစိမ်းအင်္ကျီလေး-
အချိန်က ညနေငါးနာရီခန့် ဖြစ်သည်။ သူငယ်ချင်းတစ်ယောက်က ၀ယ်စရာရှိ၍ စူပါမားကတ်တစ်ခုသို့ အဖော်အဖြစ် လိုက်ပါခဲ့သည်။ ကျောင်းပြန်ဖွင့်ချိန် နီးသောကြောင့် စူပါမားကတ်ရှေ့တွင် ကျောင်းဝတ်စုံ၊ ရေဘူး၊ ကွန်ပါဘူး၊ ထီး၊ မိုးကာ၊ ဦးထုပ်၊ ဖိနပ်၊ ကျောပိုးအိတ် စသည်တို့ကို ခြင်းကြီးများနှင့် ထည့်ကာ အထူးဈေးဖြင့် ရောင်းချနေသည်ကို တွေ့ရသည်။ ထိုရှေ့တွင် အမျိုးသမီး ကြီး/ငယ်တို့သည် ကြိတ်ကြိတ်တိုး ၀င်ရောက် ကြည့်ရှု ၀ယ်ယူနေကြသည်။
သူငယ်ချင်းဖြစ်သူက သူလိုချင်သည့် ပစ္စည်းကို စူပါမားကတ်အတွင်း တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ရှာဖွေ ၀ယ်ယူနေသည်ကို သူ့နောက်က စိတ်မပါ့တပါဖြင့် ဟိုငေးဒီငေး လိုက်ကြည့်ရင်း အချိန်ဖြုန်းနေမိသည်။ သူငယ်ချင်းကလည်း ဟိုပစ္စည်းယူရ ကောင်းနိုးနိုး၊ ဒီပစ္စည်းယူရ ကောင်းနိုးနိုးနှင့် ရွေးချယ်၍ စိတ်တိုင်း မကျ နိုင် ဖြစ်နေသည်။ အချိန်အတော်ကြာ လှည့်ပတ်ကြည့်ရှုပြီးသည့်နောက် သူငယ်ချင်းက သူလိုချင်သော ပစ္စည်း ၀ယ်ယူပြီးနောက် စူပါမားကတ်အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။
အပေါက်ဝက ထွက်ထွက်ချင်းတွင် ဆိုခဲ့သော ခြင်းကြီးများဖြင့် ရောင်းချနေသည့် ဈေးတန်းကလေး ရှိသည်။ ထိုဈေးတန်းကလေးမှ ရှေ့ဆက်လျှောက်သွားလျှင် မလှမ်းမကမ်း၌ သူငယ်ချင်းစီးရမည့် ကားမှတ်တိုင် ရှိ သည်။ ထို့ကြောင့် သူငယ်ချင်းကို ပြန်ပို့ရန်အတွက် ထိုကားမှတ်တိုင်သို့ လျှောက်ခဲ့သည်။ မှတ်တိုင်တွင် ကားစောင့်နေရင်း ဘာရယ်မဟုတ် စူပါမားကတ်ရှေ့က ဈေးတန်းကလေးတွင် လူတွေ တိုးကြိတ်ဝယ်ယူ နေသည်ကို ကြည့်နေမိသည်။
ထိုစဉ်မှာပင် အသံတစ်ခုက ကျွန်မနားထဲ တိုးဝင်လာသည်။ အသံရှင်ကို စူးစမ်းမိတော့ လုံခြုံရေးဝန်ထမ်း တစ်ဦးက တိုးဝှေ့ဝယ်ယူနေသူများထဲကို ကြည့်ကာ "အေးပါ၊ ရောင်းပေးမှာပါ၊ ခဏပဲ စောင့်၊ ဟုတ်ပြီလား" ဟု တစ်ဖုံ၊ "အေး ရမယ်... ရမယ်၊ ၀ယ်ရမယ်၊ စိတ်ချ၊ အပေါ်ကို အကြောင်းကြားထားတယ်၊ အခု ခဏစောင့်" ဟု တစ်နည်း ပြောဆိုနေသည်။ စိတ်ထဲတွင် ထူးဆန်းသလို ဖြစ်မိသောကြောင့် အခြေအနေကို စောင့် ကြည့်နေမိသည်။ မကြာခင်မှာပဲ သူငယ်ချင်းဖြစ်သူ စီးရမည့် ကားလာသောကြောင့် သူငယ်ချင်း ပြန်သွား သည်။ ကျွန်မလည်း ပြန်ရမည့် ကားမှတ်တိုင်ရှိရာသို့ သွားရန် ထိုဈေးတန်းလေး ရှေ့မှ ဖြတ်လျှောက် လိုက်သည်။
ဈေးတန်းကလေး ရှေ့သို့အရောက် စပ်စုချင်စိတ်က တားမရသဖြင့် လူများ ၀ိုင်းအုံကြည့်ရှုနေသည့်အကြား တိုးဝင်၍ ဟိုဟိုသည်သည် ကြည့်မိသည်။ ပစ္စည်းတွေ ထည့်ထားသည့် ခြင်းရှေ့သို့အရောက် ကျွန်မရှေ့၌ အသက် ခုနစ်နှစ်ခန့်အရွယ် ကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုကလေးမှာ အ၀တ်အစား ခပ်နွမ်း နွမ်း ၀တ်ဆင်ထားပြီး ပစ္စည်းတွေ ထည့်ထားသောခြင်း၏ ရှေ့တွင် ရပ်လျက်ရှိသည်။ သူ့မျက်လုံးများမှာ လုံခြုံရေးဝန်ထမ်း အမျိုးသားဆီသို့ မမှိတ်မသုန် ငေးကြည့်နေသည်။ သူ့ကို သေသေချာချာ ကြည့်မိတော့ သူ့ပုံစံမှာ ဉာဏ်ရည်ချို့တဲ့နေသူဟု သိလိုက်ရသည်။ ကျွန်မ စိတ်ဝင်တစား ဖြစ်သွားပြီး သူဘာလာလုပ် သလဲဆိုသည်ကို မသိမသာ အကဲခတ်နေမိသည်။
ထိုစဉ်မှာပင် ထိုကလေးငယ်သည် လက်တစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်ပြီး ပါးစပ်မှ ၀ူးဝူးဝါးဝါး အသံ တချို့ ပြုလိုက်သည်။ သူ့အသံကြောင့် လုံခြုံရေးဝန်ထမ်းက သူ့ကိုငုံ့ကြည့်ပြီး ကျွန်မကြားခဲ့သော စကားကို ထပ်ပြောလိုက်ပြန်သည်။ "အေးပါ၊ မင်း ၀ယ်ရမယ်နော်။ ခဏလေးစောင့်။ ငါ အပေါ်ကို အကြောင်းကြား ထားတယ်၊ မင်းကို ရောင်းမှာပါ။ စိတ်မပူနဲ့နော်။ ဟုတ်လား" ဟု ပြောလိုက်သည်။ ထိုအခါမှ ကျွန်မ သူက ဘာကိုဝယ်ချင်တာပါလိမ့်ဟု စပ်စုမိတော့ သူကိုင်ထားတဲ့ ပစ္စည်းလေးကို မြင်လိုက်ရချိန်မှာ ကျွန်မရင်ထဲ ဆို့နင့်သွားပါတော့သည်။
ထိုကလေးငယ်သည် ဘယ်ဘက်လက်ထဲတွင် အဖြူအစိမ်းဂါဝန် ခပ်သေးသေးတစ်ထည်ကို ကိုင်ထားပြီး ညာဘက်လက်ထဲမှာတော့ နွမ်းကြေနေသော တစ်ထောင်တန်တစ်ရွက်နှင့် နှစ်ရာတန်အနွမ်းလေးတစ်ရွက် ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခြင်း ဖြစ်ပါသည်။ အင်္ကျီလေးရဲ့တန်ဖိုးမှာ နှစ်ထောင့်နှစ်ရာဟု ရေးထား ပါသည်။ သို့သော်လည်း ဤကလေးမှာ သူ့တွင်ရှိသမျှ ပိုက်ဆံလေးနှင့် အင်္ကျီလေးကို ၀ယ်ယူဖို့ ကြိုးစားနေ ခြင်းဖြစ်ကြောင်း သိလိုက်ရပါသည်။ ပို၍ ထူးခြားသည်မှာ ထိုကလေးသည် မိန်းကလေး မဟုတ်ပါ။ ယောက်ျားလေး ဖြစ်ပါသည်။
ကျွန်မ၏ အတွေးတွေ တစ်ခဏချင်း ဆူဝေသွားရပါသည်။ ထိုကလေးငယ်သည် အဆင်ပြေသော မိသားစုမှ ဟုတ်ပုံမရပါ။ သူဝယ်သော အင်္ကျီလေးမှာလည်း သူဝတ်ဖို့ရာ မဟုတ်မှန်း သိသာနေပါသည်။ သို့ဖြစ်လျှင် သူ သည်းကြီးမည်းကြီး ၀ယ်ယူလိုသော ကျောင်းစိမ်းဂါဝန်လေးသည် သူ့ညီမလေးအတွက်သာ ဖြစ်ရပေမည်။ ညီမလေးကို ကျောင်းတက်စေချင်လွန်းသောကြောင့် သူ့ခွန်အားလေးနှင့် ရှာဖွေထားသော ငွေဖြင့် ကျောင်း စိမ်းအင်္ကျီကို ၀ယ်ပေးခြင်း ဖြစ်နိုင်မည်။ ထိုသို့ တွေးမိသောအခါ ကျွန်မရင်ထဲတွင် နင့်နင့်နဲနဲ ခံစားလိုက်ရ သည်။ ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်၏ ရင်ထဲတွင် ဖြူစင်ရိုးသားမှုနှင့်အတူ မိသားစုစိတ်ဓာတ် ပီသ မှုကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။
ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ခပ်မြန်မြန် ချလိုက်သည်။ ဈေးရောင်းသူကို ကလေးငယ် လိုချင်သော အင်္ကျီ ကလေး၏ တန်ဖိုးအတွက် ကျွန်မ ပေးချေပါမည်ဟု ပြောလိုက်သည်။ ထိုအခါ ထိုကလေးငယ်က လက်ဟန် ခြေဟန်ဖြင့် ၀ူးဝူးဝါးဝါး ပြောသည်။ သူ့ဆန္ဒက သူပိုင်ငွေဖြင့်သာ ဂါဝန်လေးကို ၀ယ်ယူလိုသည်။ ထို့ကြောင့် ကျွန်မက လိုနေသော ငွေတစ်ထောင်ကို စိုက်ပေးမည်ဟု ပြောဆိုနေစဉ်မှာပင် ထိုစူပါမားကတ်မှ ၀န်ထမ်း အမျိုးသမီးလေးတစ်ဦးက ကတ္ထူစက္ကူပုံး အလတ်စားတစ်ခုကို မ၍ ကျွန်မတို့နား ရောက်လာသည်။ သူမက ကလေးငယ်အကြောင်း အထက်လူကြီးများထံ ပြောပြသောကြောင့် ကလေးငယ်အား ချီးကျူးဂုဏ်ပြုသည့် အနေဖြင့် သူမတို့ စူပါမားကတ်မှ ကလေးအသုံးအဆောင် အချို့ကို ပေးလိုက်မည်ဖြစ်ကြောင်း ပြောပြပါ သည်။
ကလေးငယ်၏ ၀မ်းပန်းတသာ မျက်လုံးများကို ကျွန်မ ရင်ထဲ ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်တော့ပါ။ သူ့မျက်ဝန်းထဲတွင် ပျော်ရွှင်ကြည်နူးမှုနှင့်အတူ ဘ၀ကို သတ္တိရှိရှိ ရင်ဆိုင်ရဲသည့် ရဲရင့်တောက်ပသည့် အရိပ်အယောင်များ လွှမ်းခြုံနေသည်ကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ရပါသည်။
ကျွန်မရဲ့ အိမ်အပြန်လမ်းတစ်လျှောက်တွင်တော့ ထိုကလေးငယ်၏ ရဲရင့်သော သတ္တိ၊ သွေးသားရင်းချာ အပေါ် နွေးထွေးသော စောင့်ရှောက်မှု၊ ကြင်နာသော မိသားစုစိတ်ဓာတ်နှင့် တတ်နိုင်သည့် အတိုင်းအတာ အလျောက် တာဝန်ယူတတ်မှုတို့ကို တစိမ့်စိမ့် တွေးရင်း ရင်ထဲတွင် ဖော်မပြနိုင်သော ဝေဒနာတစ်မျိုးကို ခံစားခဲ့ရပါသည်။ ကျွန်မတို့ ပတ်ဝန်းကျင်ရှိ အချို့သော စာရိတ္တချို့တဲ့၍ သူများပစ္စည်းကို အချောင်လိုချင် စိတ် ရှိကြသူ၊ အလွယ်လမ်း လိုက်ကြသူများသာ ဤကလေးငယ်လို စိတ်ထားမျိုး၊ အမူအကျင့်မျိုးနှင့် ရိုးဂုဏ် မျိုး ရှိခဲ့ပါလျှင် ကျွန်မတို့ရဲ့ လူ့လောကကြီးမှာ ပို၍ သာယာချမ်းမြေ့နေလိမ့်မည်ဟု ယုံကြည်နေမိပါသည်။
**မြ၀တီဇော်**

No comments:
Post a Comment