ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, June 22, 2012

>
- ဒေါ်စု မိန့်ခွန်း ( Oxford ဒေါက်တာ ဘွဲ့အပ်နှင်းခြင်း အခမ်းအနားမှ )-
ဒီနေ့ကတော့ကျမရဲ့ ဘ၀အစိတ်အပိုင်းများစွာ ပြန်ပေါင်းစပ်တဲ့နေ့ပါဘဲ............ ။ Oxford တက္ကသိုလ်ကြီးထဲက St.Hugh ကောလိပ်ကျောင်းသူဘ၀နှစ်တွေ....၊ Oxford မြို့လေးက Park Town ရပ်ကွက်မှာ မိခင်တစ်ယောက်၊ ဇနီးတစ်ယောက်အနေနဲ့ နေခဲ့ရတဲ့ နှစ်တွေ .......၊ Oxford တက္ကသိုလ်ကြီးက ကျမဘက်က မဆိုင်းမတွန့် ရပ်တည်ပေးခဲ့တဲ့အကျယ်ချုပ်ကျနှစ်တွေ အားလုံးပါဘဲ ။အဆိုးဝါး အခက်ခဲဆုံး အချိန်တွေမှာ Oxford ရဲ့ အမှတ်ရစရာလေးတွေနဲ့ ကျမ အားတင်းခဲ့တယ် ။ ဒီအမှတ်တရတွေဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားရာမှာ လိုအပ်တဲ့ အရေးပါလှတဲ့ စိတ်ဓါတ်ခွန်အားတွေပါဘဲ .........။ St.Hugh ကောလိပ် တကယ်တော့ ဒီအမှတ်တရတွေဟာ ရိုးရိုးစင်းစင်းလေးတွေပါဘဲ ။ သူငယ်ချင်းတွေနဲ့ ချာဝယ် Cherwell မြစ်ထဲ့ လှေစီးခဲ့ရတာတွေ ၊ စိန့်ဟူးကောလိပ်မြက်ခင်းပေါ်မှာ ထိုင်ပြီး စာဖတ်ခဲ့ရတာလေးတွေ ၊ ဒါမှမဟုတ်ရင်လည်း တက္ကသိုလ်စာကြည့်တိုက်မှာထိုင်ပြီး စာအုပ်ကို မကြည့်မိဘဲ ပြတင်းပေါက်က ငေးကြည့်မိတတ်တာတွေ .........။ ဒါတွေဟာ ရိုးစင်းပေမယ့် အရမ်းကိုလည်း တန်ဖိုးထားရတဲ့ အမှတ်တရတွေပါဘဲ ။ ဘာကြောင့်လဲဆိုတော့ ကျမပျော်ခဲ့ရတယ်လေ ။ ဒီလို ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတဲ့ ဘ၀လေးကဘဲ မြန်မာပြည်က ပျော်ပျော်ရွှင်ရွှင်နေချင်ပေမယ့် ပျော်ရွှင်ခွင့်မရရှာတဲ့ လူငယ်တွေရဲ့ ဘ၀ကို နားလည်စေခဲ့တယ်။ Themes မြစ်ရဲ့ မြစ်လက်တက်ဖြစ်တဲ့ Cherwell မြစ်ကလေး ( Oxford မြို့နားမှာ ) အခုပြန်ပြီး Oxford တက္ကသိုလ်နဲ့ Oxford ကျောင်းသူကျောင်းသားတွေကို မြင်ရတော့ ကျမရဲ့ အပူအပင်ကင်းတဲ့ ပျော်စရာ ကျောင်းသူဘ၀ကို ပြန်မြင်နေရသလိုပါဘဲ ။ မနေ့ကဘဲ စိန့်ဟူးကောလိပ်ကို ရောက်ခဲ့လို့ကျောင်းသူကျောင်းသားတွေကို မြင်ခဲ့ရသေးတယ်။ ကျောင်းသားဘ၀မှာ ကျမတို့တွေဟာ ပျော်ရွှင်စိတ်ချမ်းသာခဲ့ရပါတယ် ။ အခုကျောင်းသူကျောင်းသားတွေလည်း ပျော်ရွှင်ကြတာပါဘဲလေ ။ သူတို့တွေမှာ ပျော်ရွှင်ဖို့၊ စိတ်ချမ်းသာရဖို့ အခွင့်အရေးရှိတာကိုး.......။ Oxford University ပျော်ရွှင်စိတ်ချမ်းမြေ့တယ်ဆိုတာ ရိုးစင်းတဲ့ စကားပေမယ့် အရေးကြီးလှပါတယ်။ ဒီက ကျောင်းသူကျောင်းသားတွေရဲ့ မျက်နှာလေးတွေဟာ များသောအားဖြင့် ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်းရှိကြတယ် ။ ( hidden agenda ဆိုတဲ့ လျှို့လျှို့ဝှက်ဝှက် စဉ်းစားနေရခြင်းတွေ မပွင့်လင်းတဲ့ အကြံအစည်တွေ ၊ ကြောက်ကြောက်လန့်လန့် တွေးနေမိတာတွေ မရှိဘူး ) ။ မနေ့က မြင်ခဲ့ရတဲ့ ကျောင်းသူကျောင်းသားတွေဟာလည်း ပွင့်ပွင့်လင်းလင်းပုံစံလေးတွေပါဘဲ ။ ကျမတို့ကျောင်းသူဘ၀တုန်းက လွတ်လပ် ပွင့်လင်းကြသလိုပေါ့ ။ ဒီလိုနေနိုင်ဖို့ ကျမတို့မှာ အခွင့်အရေးလည်း ရခဲ့တာကိုး ....။ ဘာကိုမှ မကြောက်ခဲ့ရဘူး ။ ဘယ်သူ့ကိုမှလည်း မကြောက်ခဲ့ရဘူး ။ ဒီတော့ ကျမတို့မှာ ကမ္ဘာကြီးကို ရှင်းရှင်း လင်းလင်း မြင်ဖို့ အခွင့်အရေး ရခဲ့တာ မဆန်းပါဘူး ...........။ သေးသေးမွှားမွှားအဖြစ်အပျက်ကလေးတွေကို ကျမ မှတ်မိနေပါသေးတယ်။ မကြာခဏ သတိရမိတတ်တာက ကျမသူငယ်ချင်း Ann Pasternak-Slate နဲ့ Banbury လမ်းပေါ်မှာ ကားအတူစီးခဲ့တာတွေကိုပါ ။ ( Ann Pasternak-Slate မှာ ကိုယ်တိုင်လည်း နာမည်ကြီးစာပေပညာရှင်နှင့်ဘာသာပြန်သူဖြစ်ပြီး အင်္ဂလိပ်လူမျိုးကဗျာဆရာ Craig Raine ရဲ့ ဇနီးလည်း ဖြစ်သည် ) ။ Park Town ရပ်ကွက်ကလေး ကားပေါ်အတူထိုင်ရင်း Ann က ကျမတို့ ၂ ယောက်ရဲ့ ဂျင်းဘာင်းဘီဝတ် ဒူးဂေါင်းတွေကို ကြည့်ရင်း '' ဟင်း...ဒါမတရားဘူးနော်...ဒူးဂေါင်းချင်းတောင် မတူကြဘူး '' လို့ ပြောတတ်တယ် ။ ပြောလည်း ပြောချင်စရာဘဲ ။ ဘယ်လို မတူတာလည်း သေချာမသိပေမယ့် ဒူးတစ်စုံက ချွန်နေပြီး နောက်တစ်စုံက လုံးနေတာတော့ တွေ့တယ် ....( ရယ်သံများ ) ။ ဒါလေးတွေဟာ ကျောင်းသားဘ၀မှာ စိတ်ဝင်တစား သတိပြုမိစရာလေးတွေ၊ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောစရာလေးတွေ ဖြစ်နေတတ်တယ်။ ဟုတ်ပါ့နော် ။ ကျမတို့တွေ ဒူဂေါင်းတောင် မတူရဘူးရယ်လို့ ။
Oxford မြို့မှ Park Town ရပ်ကွက်ကလေး ဒီလိုဘဲ ကမ္ဘာလောကကြီးကလည်း အသွင်မတူတာတွေနဲ့ ဖွဲ့စည်းထားတယ်။ ဒါပေမယ့် ကျမတို့ မကြောက်ခဲ့ပါဘူး ။ ကွဲပြားမှုတွေရှိတယ်ဆိုတာ ကျမတို့တွေ ရင့်ကျက်ခိုင်မာတယ်ဆိုတဲ့သဘောမဟုတ်လား ။ ဒီလိုနဲ့ဘဲ ဘ၀မှာ ဖြစ်လာမယ့် မတူညီတဲ့ပြသာနာတွေကို ရင်ဆိုင်ဖြေရှင်းတတ်ဖို့ ကျမတို့ သင်ယူလေ့လာခဲ့ကြတယ်။ St.Hugh ကောလိပ် ကျမလိုဘဲ ဒီနှစ်မှာ ဒေါက်တာဘွဲ့ရတဲ့ လူတစ်ယောက်ကတော့ စာရေးဆရာ John le Carré ပါဘဲ ။ သူ့ရဲ့ စာအုပ်တွေကလည်း အကျယ်ချုပ်ကျစဉ်ကာလအတွင်းမှာ ကျမကို အတော်အထောက်အပံ့ဖြစ်ခဲ့ပါတယ် ။ စာအုပ်တွေဟာ ထွက်ပေါက်တစ်ခုဘဲ မဟုတ်လား ။ ကျမကတော့ ထွက်ပေါက်ဆိုတာထက် ကျမကမ္ဘာလေးထက် ပိုကျယ်ဝန်းတဲ့ ကမ္ဘာကြီးထဲကို သွားဖို့ ခရီးရှည်ကြီးလို့သာ ဆိုချင်ပါတော့တယ်။ တိုင်းပြည် နိုင်ငံတွေအကြောင်းရေးထားလို့ချည်း ကျယ်ဝန်းတာမဟုတ်ဘဲ အတွေးအခေါ်တွေ စိတ်ကူးစိတ်သန်းတွေပေါ်လည်း အခြေခံထားတယ်လေ ။ ဒီခရီးတွေဟာ ကျမကို '' သြော် ငါဟာ လူ့လောကကြီးနဲ့ လုံးလုံးကြီး အဆက်ပြတ်နေတာ မဟုတ်သေးပါလား '' ဆိုတဲ့ ခံစားမှုကို ပေးခဲ့တယ် ။ ကျမဘယ်တော့မှ အထီးမကျန်ခဲ့ပါဘူး ။ ကျမနေတဲ့ နေရာလေးကနေ ဝေးလံခေါင်သီတဲ့ နေရာတွေကို သွားဖို့ နည်းတွေအများကြီး ရှိနေခဲ့ပါတယ်။ ဒါတွေ ဒါတွေ အားလုံးဟာ Oxford မှာ နေခဲ့ရတဲ့ ကာလတွေကြောင့် ၊ Oxford မှာ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေကြောင့် အဓိကပါဘဲ ။ Oxford ကနေ သင်ပေးလိုက်တာတွေထဲမှာ ကျမအတွက် အရေးအပါဆုံးကတော့ စာအုပ် အထူကြီးတွေဖတ်ပြီး လေ့လာလို့ ရခဲ့ရတာတွေမဟုတ်ဘဲ '' ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကြီးအတွက် အကောင်းဆုံးစံ အရည်အသွေး တွေကို လေးစားလာတတ်ခြင်း '' ဆိုတာပါဘဲ ........... ။ ယဉ်ကျေးတဲ့ လူ့ဘောင်အတွက် အကောင်းဆုံးဆိုတာတွေဟာ Oxford တစ်ခုထဲမှာဘဲ ရှိနေတာမဟုတ်ပါဘူး ။ အလားတူဘဲ မြန်မာပြည်မှာချည်းဘဲလည်း မရှိပါဘူး။ ယဉ်ကျေးတဲ့ လူဘောင်ရဲ့ အကောင်းဆုံးအရည်သွေးတွေဟာ ကမ္ဘာအရပ်ရပ် နေရာအနှံ့ကလာတာပါ၊ ဒါပေမယ့် ကျမအတွက်တော့ အဲဒီ အကောင်းဆုံးအရည်အသွေးတွေကို Oxford ဆိုတဲ့ နေရာတစ်ခုမှာ လေ့လာခွင့်ရခဲ့ပါတယ် ။ ဒီသင်ယူလေ့လာခဲ့တာကဘဲ လူ့အဖွဲ့အစည်းရဲ့ သိပ်မကောင်းတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့ရာမှာ အထောက်အကူပေးခဲ့တယ်လေ ။ အကောင်းဆုံးမဟုတ်ဘူး ဆိုတာတွေဟာ တစ်နေ့တော့ အကောင်းဆုံးဆိုတဲ့ အဆင့်ကို ရောက်လာနိုင်သေးတာဘဲ ။ ပြုပြင်တိုးတက်လို့ ရနိုင်တာဘဲ မဟုတ်လား ။ ဒီအချက်ကဘဲ ကျမကို ''လူသားမျိုးနွယ်ရဲ့ မွေးရာပါ ဥာဏ်ပညာ '' အပေါ်မှာ ယုံကြည်မှုကို ပေးစွမ်းခဲ့တယ်။ ဒီဥာဏ်ပညာဟာ လူတိုင်းမှာတော့ မပါဘူးပေါ့လေ ။ ဒါပေမယ့် တကမ္ဘာလုံးနဲ့ ခွဲဝေသုံးနိုင်လောက်အောင် ၊ တခြားလူများအတွက်ပါ မျှဝေသုံးလို့ရအောင်တော့ လူတော်တော်များများမှာ ပါ ပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်ပြီး မကြာခဏ တွေးမိတဲ့ စိတ်မကောင်းစရာအကောင်းဆုံးတစ်ခုကတော့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေမှာ တက္ကသိုလ်ကျောင်းဝင်းထဲက Campus Life ကို မရတာ ဆယ်စုနှစ်တွေကျော်ခဲ့ပြီဆိုတာပါဘဲ ။ တက္ကသိုလ်ရဲ့ Campus Life ဆိုတာ ကိုယ့်ဘ၀ကိုကိုယ် စိတ်ကြိုက် တည်ဆောက်နိုင်တဲ့ ဘ၀ ၊ ဒါမှ မဟုတ်ရင်လည်း ကမ္ဘာကြီးကို ခါးစောင်းတင်နိုင်တဲ့ဘ၀ကို ဆိုလိုတာပါ ။ ကျောင်းသူကျောင်းသားဘ၀ဆိုတာ ဒီလို လုပ်ဖို့ လွတ်လပ်မှု Freedom ဆိုတာလည်း ရှိတယ် ၊ လုပ်နိုင်တဲ့အခွင့်အရေးပေးတဲ့ Facilities ဆိုတာတွေလည်း ရှိတယ် မဟုတ်လား ။ မြန်မာပြည်က လူငယ်တွေကတော့ ဒီလိုလုပ်ဖို့ လွတ်လပ်ခြင်းမရှိတာ ဆယ်စုနှစ်တွေတောင် သုံးလေးခုနီးပါးလောက်ရှိပြီ ။ ကျောင်းသားတွေကို မျက်စိဒေါက်ထောက်ကြည့်ထားဖို့လိုတယ်ဆိုတာကြီးကြောင့် တက္ကသိုလ်ကျောင်းသူကျောင်းသားဘ၀ဆိုတာ တစစီ ပျက်စီးကြေမွခဲ့ရတယ် ။ တကယ်တော့ ဒါမျိုးလုပ်တာက မဖြစ်နိုင် မထိရောက်ပါဘူး ...ကျောင်းသားတွေကို ထိန်းထားဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စကြီးမှန်း လူတိုင်းသိနေတာဘဲလေ ။ ဒါကြောင့် ဒီသဲထဲရေသွန်ဖြစ်မယ့်၊ မလိုလားအပ်တဲ့ လုပ်ရပ်ကြီးအတွက် ကျမတို့တွေ အချိန်တွေ မကုန်သင့်တော့ပါဘူး ။ ကျမအနေနဲ့ မြန်မာပြည်က တက္ကသိုလ်ကျောင်းသူကျောင်းသားဘ၀ အဆင့်မှီမှီ ပီပီပြင်ပြင် ပြန်လည်ထွန်းကားလာတာကို မြင်ချင်ပါတယ်။ ကျမရဲ့ Oxford ကျောင်းတော်ကြီးက ဒီလို ပြန်ဖြစ်လာအောင် ကူညီပေးမယ်ဆိုရင် ကျမအရမ်းကို ကျေးဇူးတင်မိမှာပါ ။ '' ငါဟာ ကမ္ဘာလောကကြီးအတွက် အကောင်းဆုံး အတတ်နိုင်ဆုံး လုပ်ပေးနိုင်တယ် '' ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှု ၊ '' လောကကြီးကလည်း မိမိဆီက အကောင်းဆုံးကို မျှော်လင့်တယ် '' ဆိုတဲ့ ယုံကြည်မှု အပြည့်အ၀နဲ့လူငယ်ဘ၀ကို အစပြုနိုင်ဖို့ရာ '' ကမ္ဘာကြီးဟာ ကိုယ်နဲ့ အပြန်အလှန် ဆိုင်တယ် '' ဆိုတဲ့ ခံစားချက်ကလေးကို မြန်မာနိုင်ငံက လူငယ်တွေကိုလည်း ခံစားစေချင်ပါတယ် ။ လူသားမျိုးနွယ်ကြီးကို တန်ဖိုးထားတတ်အောင် Oxford က ကျမကို သင်ပေးခဲ့ပါတယ်။ Oxford မှာတက်စဉ် ပထမ ( ၂ ) နှစ်လောက်အတွင်း ကျမက တစ်ဦးတည်းသော မြန်မာကျောင်းသူလေ ။ ကျမသူငယ်ချင်းတွေဟားလုံးက အင်္ဂလိပ်တွေ ချည်းမဟုတ်ဘဲ ဂါနာ၊ အိန္ဒိယ ၊ ထိုင်း ၊ သီရိလင်္ကာ နဲ့ တခြားနိုင်ငံတွေကလည်း ပါကြတယ်။ သူတို့နဲ့ ကွဲပြားတယ်လို့ဘဲ တခါမှ မခံစားမိခဲ့ပါဘူး ။ အားလုံးအတူတူဘဲ ..အားလုံး တက္ကသိုလ်တစ်ခုတည်းက ကျောင်းသူ၊ ကျောင်းသားတွေဘဲ ။ ဒီအချက်ကြောင့်ဘဲ ဘယ်အရာကမှ ကျမတို့ကို ခွဲခြားလို့မရသလို ခံစားရစေတယ်။ ဘာသာ၊ လူမျိုး ၊ နိုင်ငံသား ၊ ကုန်ကုန်ပြောရရင် ကျောင်းပညာဘယ်လောက်တော်သလဲ ဆိုတာကတောင် ကျမတို့ကို ကွဲပြားတယ်လို့ မခံစားရစေဘူး။ Oxford ဟာ တကယ့်ကို စိတ်ဓါတ်ပွင့်လင်းမှုရှိတဲ့ နေရာတစ်ခုပါဘဲ ။ ဘယ်သူကဘယ်သူ့ကိုမှ နင်နဲ့ ငါက မတူဘူး ဆိုပြီး ခွဲခြားဆက်ဆံတယ်ရယ်လို့ မရှိဘူး ။ သူများလောက်မတော်လို့ ခွဲခြားဆက်ဆံခံရတယ်လို့လည်း မရှိဘူး ။ လူတိုင်းလူတိုင်းမှာ သူ့ရဲ့ တန်ဖိုးနဲ့ သိက္ခာ ရှိတယ်လို့ သတ်မှတ်ထားတဲ့နေရာ တစ်ခုပါ ။ ဒါကြောင့်ဘဲ မြန်မာပြည်မှာ လူအခွင့်အရေးအတွက် တိုက်ပွဲဝင်နေစဉ်အတွင်းမှာ '' သြော်..ငါ့တက္ကသိုလ်ကြီးက သဘောကျမယ့်ဟာတစ်ခုကို ငါလုပ်နေတာပါလား'' ရယ်လို့ ကျေနပ်ခံစားမိတယ်။ ကျမနောက်မှာ နှစ်ခြိုက်အားပေးမှု တစ်ခုရှိနေတယ်ဆိုတာ သိရတာ အင်မတန် အားတက်ရပါတယ်။ မြန်မာပြည်ဟာ အခုမှ ခရီးလမ်းတစ်ခုကို စတင်လျောက်လှမ်းရမှာပါ ။ အဲဒီလမ်းက အင်္ဂလန်က လမ်းတွေလိုတော့ ဘယ်ဟုတ်ပါ့မလဲ ။ မချောမွေ့ဘူး ။ ကောင်းကောင်းပြုပြင်ထိန်းသိမ်းထားတဲ့ လမ်းမျိုးမဟုတ်ဘူး။ အဲဒီလောက်ကောင်းတဲ့ လမ်းအဆင့်မျိုး မရောက်သေးပါဘူး ။ အခုမှ ကျမတို့ဖာသာ ကျမတို့ စဖောက်ရမယ့်လမ်း၊ ရှေ့ကို ဆက်သွားရင်းနဲ့ နည်းနည်းချင်း ဖောက်သွားရမယ့် လမ်းမျိုး ဆိုပါတော့ ။ ခုချိန်မှာ များစွာသောလူတွေက မြန်မာပြည်ကို အဆမတန် မျှော်လင့်နေကြတယ် ။ သူတို့တွေထင်တာက မြန်မာပြည်က ကျမတို့ရဲ့ လမ်းဟာ ကျမသွားခဲ့ဖူးတဲ့ London နဲ့ Oxford ဆက်ထားတဲ့ ဟိုင်းဝေးလမ်းမကြီးတစ်ခုလောက် ချောမွေ့နေတယ်လို့ ထင်နေပုံပါဘဲ ။ ကျမဖြင့် ချောလွန်း ဖြောင့်လွန်းလို့ အဲဒီ ဟိုင်းဝေးလမ်းတွေမှာ ကားတောင် မူးမိပါရဲ့ ။ ဒီလောက် ချောမွေ့ဖြောင့်တန်းလွန်းတာကို ကျမမှ ကျင့်သားမရတာကိုး ....။( ရယ်သံများ ) မြန်မာပြည်က ကျမတို့ရဲ့လမ်းကတော့ ခုမှ ကိုယ့်ဟာကို ဖောက်ရမှာပါ ။ ခက်ခက်ခဲခဲ ဖြည်းဖြည်းချင်းပေါ့ ။ ကျမတို့တွေက ဒီလို လမ်းဖောက်နေတုန်း လူကြီးမင်းတို့ကလည်း ကျမတို့နဲ့ အတူ အားပေးရပ်တည်ပေးလိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ် ။ အပြင်မှာ လက်တွေ့မရှိသေးပေမယ့် ကျမတို့ နှလုံးသားနဲ့ စိတ်ထဲမှာ ဒီလမ်းဟာ ရှိပြီးသားဆိုတာ နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ သွားချင်တဲ့ နေရာကို ရောက်ဖို့ လူကြီးမင်းတို့ အကူအညီလည်း လိုဦးမှာပါ ။ ဒါဖြင့် ကျမအနေနဲ့ မြန်မာပြည်ကို ဘယ်လမ်းမျိုး သွားစေချင်သလဲ ဆိုတာ မေးစရာရှိလာပါတယ် ။ ၂၄ နှစ်အတွင်း ကျမရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်က ဒီဥရောပခရီးမဟုတ်ဘဲ ထိုင်းကို သွားခဲ့တာပါ ။ ထိုင်းမှာ ရှန်ဂရီလာဆိုတဲ့ ဟိုတယ်မှာ တည်းခဲ့တော့ '' ပျောက်ဆုံးသွားတဲ့ မိုးကုတ်စက်ဝိုင်း '' ဆိုတဲ့ စာအုပ်ကို သတိရမိပါရဲ့ ။ အဲဒီထဲမှာ ရှန်ဂရီလာကို Oxford သေးသေးလေးနဲ့ တူတယ်လို့ ခိုင်းနှိုင်းထားတာ သိကြမှာပါ ။ ( ရယ်သံများ ) ကျမလည်း မြန်မာပြည်ကို အောက်စဖို့ ရှန်ဂရီလာလေးတစ်ခုလို ဖြစ်စေချင်မိပါတယ်...........။ ( ပျောက်ဆုံးသွားတဲ့ မိုးကုတ်စက်ဝိုင်း Lost Horizon ဆိုတဲ့ ၀တ္တုမှာ.......... စစ်တွေဖြစ်လွန်းလို့ ဒုက္ခတွေ ဝေနေတဲ့ ကမ္ဘာကြီးကို စိတ်ကုန်နေတဲ့ ဇာတ်လိုက်ဟာ တကယ့်မေတ္တာစစ်၊ မေတ္တာမှန်နဲ့ စိတ်၏ချမ်းသာခြင်းကို ရှန်ဂရီလာ ဆိုတဲ့ အရပ်မှာ ရှာတွေ့သွားပါသတဲ့ ။ အဲဒီအရပ်ဟာ ဒုက္ခမရှိ၊ လူမသေတဲ့ စိတ်ချမ်းသာဖွယ် ခိုလှုံရာအရပ် တစ်ခု ( တနည်းအားဖြင့် လောကနိဗာန်တစ်ခု ) ဖြစ်ပါသတဲ့ ။ အဲဒီ လောကနိဗာန်ဟာ တရုပ်ပြည် တိဘက်ဒေသမှ Kunlun တောင်တန်းများကြားမှာ ရှိတယ်လို့ ယူဆကြပြီး တိဘက်လို Shangri-La လို့ ခေါ်တယ်လို့ သိရပါတယ် ။ ၀တ္တုထဲမှာ စာရေးဆရာက ရှန်ဂရီလာကို Oxford မြို့သေးသေးလေးနဲ့ တူတယ်လို့ ခိုင်းနှိုင်းထားတယ်လို့ ဆိုပါတယ် ။ အင်္ဂလိပ်စာရေးဆရာ James Hilton ရဲ့ စိတ်ကူးယဉ်ဇာတ်လမ်း ၀တ္တု ပါ ) ကျမလုပ်ချင်တာကတော့ ကြိုးစားမှု ၊ ဗဟုသုတနဲ့ ခေတ်မှီသုတေသနတွေကို အခြေခံပြီး လက်တွေ့ကျတာမျိုး လုပ်ချင်ပါတယ် ။ ဒီလို လုပ်ဖို့ရာမှာ မ,တည်ဖို့ ငွေ ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး ။ ဒီခေတ်မှာ အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ဆိုရင် ငွေဆိုတာ လိုစမြဲမဟုတ်လား ။ ဒီလိုပြောရတာကတော့ မြန်မာပြည်မှာ လာပြီး ရင်းနှီးမြှုပ်နှံစေချင်လို့ပါ ။ ဒီလို ရင်းနှီးမြုပ်နှံတဲ့နေရာမှာလည်း မှန်မှန်ကန်ကန် တာဝန်ယူရဲတဲ့စိတ်နဲ့ လုပ်ဖို့လိုပါတယ် ။ လာပြီး ရင်းနှီးမြုပ်နှံသူတွေသာမက မြန်မာပြည်သူတွေပါ ဒီရင်းနှီးမြုပ်နှံမှုတွေကနေ အကျိုးရှိရမယ်ဆိုတာ မမေ့သင့်ပါဘူး ။ စီးပွားရေးလုပ်ငန်းတွေ ၊ လူသားအကျိုးပြု လုပ်ငန်းတွေအားလုံးဟာ ရင်းနှီးမြုပ်နှံမှုတွေတွေပါဘဲ ။ ဒီလိုရင်းနှီးမြုပ်နှံရာမှာ ဒီမိုကရေစီနဲ့ လူအခွင့်အရေးကို ဦးစားပေးတဲ့ မြုပ်နှံမှုမျိုး ( democracy-friendly , human-rights-friendly ) ဖြစ်အောင် ကူညီပေးကြပါ ။ လူကြီးမင်းတို့တန်ဖိုးထားရပ်တည်ရတဲ့ စံတွေ တန်ဖိုးတွေ၊ လူကြီးမင်းတို့က ကျမကို Oxford မှာ သင်ပေးလိုက်တဲ့ စံတွေ တန်ဖိုးတွေ မြန်မာပြည်မှာ ရှိလာအောင် ဒီရင်းနှီးမြုပ်နှံမှုတွေက အကူအညီပေးမှာပါ ။ ဒီနေ့ကတော့ ကျမအတွက် အရမ်းကို စိတ်လှုပ်ရှားကြည်နူးရတဲ့နေ့ပါဘဲ ။ ဘာကြောင့်လည်း ဆိုတော့ အမြဲတမ်း ရှိနေတဲ့ ၊ ဘယ်တော့မှ ပျောက်မသွားတဲ့ အတိတ်ကို ပြန်တွေ့ခဲ့ရတယ် ။ အနာဂတ်ကို သွားဖို့ အဲဒီ ပျောက်မသွားတဲ့ အတိတ်ကနေ အကောင်းဆုံးစံ၊ အရည်အသွေးတွေကို ရွေးချယ်အသုံးချလို့ ရပါတယ် ။ စိန်ဟူးကောလိပ်မှာ နေတုန်းက ကာလတွေအားလုံးကို တခုမကျန် သတိရမိတယ် ။ အဆောက်အဦးသစ်တွေ ပေါ်လာပေမယ့် အသစ်တွေဟာ အဟောင်းတွေနဲ့ သဟဇာတဖြစ်ဖြစ် ရောယှက်ပေါင်းစပ်နေတယ်ဆိုတာလည်း တွေ့ရတယ်။ ဒီလို အဆင်ပြေပြေ သဟဇာတဖြစ်ဖြစ် ရပ်တည်နေနိုင်မှုဟာ အနာဂတ်အတွက် အင်မတန်ကောင်းတဲ့ မြင်ကွင်းပါဘဲ ။ Oxford University Museum ကျမတက်ခဲ့တဲ့ ကောလိပ်ကို ပြန်လာရတာ သိပ်ဂုဏ်ယူမိပါတယ် ။ ကျမတို့ အဖွဲ့ကို ကျောင်းအုပ်ဆရာကြီး၊ သူ့မိသားစုနဲ့ ကျောင်းသူကျောင်းသားတွေက နွေးနွေးထွေးထွေး ကြိုဆိုလို့လည်း ပီတီဖြစ်မိပါတယ် ။ ကျောင်းသူကျောင်းသားတွေရဲ့ နွေးထွေးမှုဟာ တကယ်ဘဲ ၀မ်းသာကြည်နူးစရာပါ ။ ကျမ ဟိုးအရင်ကျောင်းသူဘ၀ကို ပြန်ရောက်သွားတယ်လို့ ခံစားရတယ် ။ သူတို့နဲ့ ကွဲပြားတယ်လိုကို တစက်မှ မခံစားရပါဘူး ။ တနည်းအားဖြင့် အခု ကျမဟာ ဟိုးအရင်က Oxford ကျောင်းသူ အောင်ဆန်းစုကြည်ပါဘဲ ။ ဒါပေမယ့် ကျမရင်ဆိုင်ခဲ့ရတဲ့ ဘ၀အတွေ့အကြုံအမျိုးမျိုးကြောင့် တနည်းအားဖြင့်လည်း အရင်က ကျမနဲ့ အခုကျမဟာ ကွဲပြားနေပြန်ပါတယ်..........။ ဒီအတွေ့အကြုံဟောင်းတွေကို အောက်စဖို့ဒ် မှာ အခု ကျမပြန်လည် ခံစားမိပါတယ်။ အတွေ့အကြုံသစ်တွေကို ပေးစွမ်းဖို့၊ သိုမှီးဖို့ ရာလည်း အောက်စဖို့ဒ်ဟာ ကျယ်ပြန့်ကြီးးမားပါပေတယ် ။ ပြောခဲ့သလိုဘဲ ကျမတို့လျှောက်လှမ်းရမယ့် ခရီးလမ်းဟာ လွယ်ကူမှာတော့ မဟုတ်ပါဘူး ။ ဒါပေမယ့်အောက်စဖို့ဒ်က အတတ်နိုင်ဆုံး ကူညီပေးလိမ့်မယ်ဆိုတာ ကျမသိပါတယ်။ ကျမကို ရင်နှစ်သည်းချာတယောက်လို သဘောထားခဲ့တဲ့ Oxford ရဲ့ ကျေးဇူးကြောင့် ရှေ့မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အစွမ်းကုန်ဖြေရှင်းဖို့ အားအင်တွေ ရခဲ့ပါတယ် ဆိုတာ ပြောရင်း နိဂုံးချုပ်ပါတယ် .........။

 Posted By Blogger လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)