-သင့်ရဲ့ စိတ်ပူပန်မှုတွေကို လျှော့ချပေးမယ့် မေးခွန်း (၂)ခု-
မင်္ဂလာပါကျနော် ဒီနေ့ တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။ ဆွီဒင်မှာ ဒီနေ့ည Bruce Springsteen က သီချင်းဆိုမှာလေ။ ဒီနှစ်နွေရဲ့ အကောင်းဆုံးပွဲတစ်ပွဲမို့ ကျနော်တို့ သွားကြည့်ကြမလို့။ အဲဒီပွဲကိုသွားဖို့ ရထားပေါ်မတက်ခင် ကျနော် တစ်ခုခု မျှဝေခဲ့ချင်ပါတယ်။ ကျနော့်ဘ၀ရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးတဲ့နေရာမှာ အမြဲတမ်းပါဝင်တဲ့အရာနဲ့ ပတ်သက်လို့ပေါ့။ အဲဒီအရာကတော့ စိတ်ပူပန်မှုတွေပါပဲ။ အဲဒီ စိတ်ပူပန်မှုတွေကနေ ကျနော့်ကို အဆင်ပြေစေခဲ့တဲ့ နည်းလမ်းလေးတစ်ခုကို အလျင်အမြန်ပဲ မျှဝေချင်ပါတယ်။ အဲဒီနည်းလမ်းကတော့ ကျနော့်ကိုယ် ကျနော်မေးတဲ့ မေးခွန်း (၂)ခုပါပဲ။ စိတ်ပူပန်မှုတွေကို လျှော့ချရမယ့် အခြေအနေတိုင်းမှာ ကျနော်ဟာ ဒီမေးခွန်းနှစ်ခုကို ထပ်ကာထပ်ကာ မေးလေ့ရှိပါတယ်။ အခု အလေ့အကျင့်လိုဖြစ်လာပြီး စိတ်ပူပန်စရာတစ်ခုခုကြုံတိုင်း ဒီမေးခွန်း (၂)ခုက အလိုလို ပေါ်လာပါတယ်။ အဲဒီမေးခွန်း (၂)ခုကတော့ - ဒီအခြေအနေကနေ အဆိုးဆုံး ဘာဖြစ်လာနိုင်သလဲ? သင့်ကို စိတ်ပူပန်မှုတွေ တိုးလာစေမယ့် စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲမှာ သင့်ကိုယ်သင် ပျောက်ဆုံးသွားဖို့ဆိုတာ လွယ်ကူလှပါတယ်။ ဒါပေမယ့် ဒီမေးခွန်းက ကျနော့်ကို လက်ရှိအခြေအနေဆီ ပြန်ခေါ်လာပေးပါတယ်။ ဒီမေးခွန်းအတွက် အချိန်အနည်းငယ်လောက် ယူလိုက်ပါ။ သင်ဟာ တစ်ခုခုနဲ့ ပတ်သက်လို့ စိတ်ပူပန်နေတယ်ဆိုရင်၊ အဲဒီမေးခွန်းကို သင့်ကိုယ်သင် မေးပါ။ သင့်ရဲ့ ခေါင်းထဲမှာ မတည်မငြိမ်ဖြစ်နေသေးရင် စာရွက်တစ်ရွက်နဲ့ ဘောပင်တစ်ချောင်းယူလိုက်ပါ။ ပြီးတော့ အဆိုးဆုံး ဘာဖြစ်လာနိုင်သလဲဆိုတာကို ချရေးပါ။ သင် စိတ်ပူနေတဲ့အရာကနေ အဆိုးဆုံး ဘာဖြစ်လာနိုင်သလဲ။ အဲဒါကို စိတ်ကူးကြည့်ပါ။ ပြီးတော့ အဲဒီအတိုင်း အမှန်တကယ်ဖြစ်လာမယ်ဆိုရင် သင် ဘာလုပ်မလဲဆိုတာကို အစီအစဉ်တစ်ခု ဖန်တီးပါ။ သင်ဟာ အဆိုးဆုံးအခြေအနေကိုလည်း စိတ်ကူးကြည့်ပြီးပြီ၊ ပြီးတော့ အဲဒါကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာကိုလည်း Plan တစ်ခု ရှိပြီဆိုရင် သင့်ကိုယ်သင် ပစ္စုပ္ပန်ဆီကို ပြန်ခေါ်နိုင်လာပါလိမ့်မယ်။ ပုံမှန်အတိုင်း ပြန်လည်နေထိုင်နိုင်ပါလိမ့်မယ်။ ငါ စိတ်ပူခဲ့တဲ့အရာတွေထဲက ဘယ်နှခုများ အမှန်တကယ် ဖြစ်လာခဲ့ဖူးသလဲ? သင်ကြောက်နေတဲ့ အရာအများစုဟာ ဘယ်တော့မှ အမှန်တကယ် ဖြစ်မလာကြတာ များပါတယ်။ အဲဒါတွေဟာ သင့်စိတ်က သင့်ကို ခြောက်လှန့်နေတာပါပဲ။ ပြီးတော့ အဲဒီအရာတွေ အမှန်တကယ်ဖြစ်လာခဲ့ရင်တောင်မှ သင်ထင်ထားသလောက် ဆိုးရွားလေ့ မရှိပါဘူး။ တကယ်တော့ စိတ်ပူတယ်ဆိုတာ အချိန်ဖြုန်းမှုသက်သက်ပါပဲ။ ဟုတ်တာပေါ့။ အဲဒီလိုပြောရတာတော့ လွယ်တာပေါ့။ ဒါပေမယ့် သင့်ရဲ့ဘ၀တစ်လျှောက်လုံးမှာ သင်စိတ်ပူခဲ့သမျှအရာတွေ ဘယ်နှခုများ အမှန်တကယ်ဖြစ်လာခဲ့ဖူးသလဲဆိုတာ သင့်ကိုယ်သင် ပြန်ပြီး သတိပေးမယ်ဆိုရင် သင်ဟာ သင့်ရဲ့အတွေးတွေကနေ ဖန်တီးနေတဲ့ စိတ်ပူပန်မှုတွေကို ပိုပြီး ပိုပြီး လျှော့ချနိုင်လာပါလိမ့်မယ်။ ဒါကြောင့် ကျနော် စိတ်ပူပန်စရာတွေနဲ့ ကြုံတဲ့အခါတိုင်း ကျနော့်ကိုယ်ကျနော် ဒီမေးခွန်းကို မေးပါတယ်၊ ပြီးတော့ နှစ်ပေါင်းများစွာလုံးမှာ ကျနော် စိတ်ပူခဲ့သမျှတွေထဲက နည်းနည်းလောက်သာ အမှန်တကယ် ဖြစ်လာခဲ့ဖူးတယ်ဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုယ် သတိပေးတယ်။ ဒါက ကျနော့်စိတ်ကို တည်ငြိမ်လာစေတယ်၊ ပြီးတော့ ကျနော့်ကို အပြုသဘော ပိုပြီးတွေးတတ်လာစေပါတယ်။ ပျော်ရွှင်စရာ ရက်သတ္တပတ် ဖြစ်ပါစေ။
Ref: One Happiness Tip That Greatly Reduces the Worries in My Life by Henrik Deburg " Like " Your Life Success on Facebook and Join Our Small Community of Incredible People!
**Hlyan Htet Oo **

No comments:
Post a Comment